သိုင်းတာအိုကို ဖြန့်ကျက်ခြင်း.....
Vol. 13 Ch. 203
လင်းယွမ်က စကားပြောပြီးသောအခါ ပိုင်ယုကျွန်းအထက်မှ ပျောက်ကွယ်သွားသည်။ မရေတွက်နိုင်သော ကျင့်ကြံသူများက စတင်ဆွေးနွေးလိုက်ကြသည်။
" ယွမ်ယန် ဒါဆို အဲ့ဒီဆန်းကျယ်တဲ့ စွမ်းအားရှင်ရဲ့ နာမည်က ယွမ်ယန်ပေါ့။ "
" မင်းတို့ကြားလိုက်လား။ မင်းတို့ စမ်းသပ်မှုအောက်မြင်ရင် ပိုင်ယုခန်းမကို ဝင်ပြီး ပိုင်ယုကျွန်းရဲ့ အလယ်ပိုင်နယ်မြေကို ဝင်နိုင်တယ်တဲ့။ "
" ငါကတော့ ပိုင်ယုခန်းမကို ဝင်ချင်တယ်။ သခင်ယွမ်ယန်က ကောင်းကင်သခင်တွေကိုတောင် နောက်ဆုတ်သွားစေခဲ့တယ်။ သူ့နောက်ကို လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ။ "
ကျင့်ကြံသူအတော်များများက ဆွဲဆောင်ခံလိုက်ရသည်။ ယွမ်ယန်က စမ်းသပ်မှုဟု ပြောခဲ့သည့်အတွက် လူတိုင်းတော့ ပိုင်ယုခန်းမထဲ ဝင်နိုင်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကြိုးစားခြင်းက အရှုံးမရှိပေ။
လင်းယွမ်က ပိုင်ယုကျွန်းကို သိမ်းပိုက်ပြီး တပည့်များစုဆောင်းရန် ပိုင်ယုခန်းမကို တည်ထောင်လိုက်ခြင်းက အရှေ့ပင်လယ်ကျွန်းစုတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ၎င်းက တာအိုအင်မော်တယ်ဂိုဏ်းကိုပင် ဆွဲဆောင်သွားခဲ့သည်။
အင်မော်တယ်တောင်တန်း။
အဆင့်မြင့်ကျင့်ကြံသူများ စုစည်းနေကြသည်။
ထိပ်ဆုံးထိုင်ခုံတွင် တာအိုအင်မော်တယ်ဂိုဏ်းချုပ်ပေါ်လာသည်။
" ဂိုဏ်းချုပ် " အားလုံးက မတ်တပ်ရပ်ပြီး အရိုအသေပေးလိုက်ကြသည်။
" တိုက်ရိုက်ပြော " ဂိုဏ်းချုပ် မုရှင်းလျိုက အမိန့်ပေးလိုက်သည်။
" ဟေးကျင်းကျွန်းစုကို ဖျက်ဆီးခဲ့တဲ့လူက ပြန်ပေါ်လာပါပြီ။ သူက သူ့ကိုသူ ယွမ်ယန်လို့ပြောတယ်။ သူက ပိုင်ယုကျွန်းကို သိမ်းပိုက်ပြီး တပည့်တွေစုဆောင်းဖို့ ပိုင်ယုခန်းမကို တည်ထောင်ခဲ့တယ်။ " မုမန်ထင်းက ချက်ချင်း တင်ပြလိုက်သည်။
မုမန်ထင်းက သူနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ထားသော ဟေးကျင်းကျွန်းစုက နေ့ချင်းညချင်း ဖျက်ဆီးခံလိုက်ရသောကြောင့် ထိုကိစ္စကို အာရုံစိုက်ထားခဲ့သည်။
" အို အရှေ့ပင်လယ်က နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေကလည်း သူလုပ်ချင်တာ လုပ်ခွင့်ပေးထားတာလား။ " ဂိုဏ်းချုပ် မုရှင်းလျိုက မေးလိုက်သည်။
" အဲ့လိုတော့မဟုတ်ဘူး။ " မုမန်ထင်းက တုန့်ဆိုင်းသွားပြီး ဆက်ပြောလိုက်သည်။ " ပိုင်ယုကျွန်း ထွက်ပေါ်လာတဲ့အချိန်မှာ အရှေ့ပင်လယ်က ကောင်းကင်သခင်တွေက ပိုင်ယုကျွန်းကို ခွဲဝေခဲ့ကြပေမယ့် အဆုံးမှာ သူတို့ လက်လျှော့လိုက်ရတယ်။ "
" ဂိုဏ်းချုပ် ယွမ်ယန်ရဲ့ အစွမ်းက နတ်အသွင်ပြောင်းလဲခြင်း ပြည့်စုံခြင်းအဆင့် မဟုတ်လောက်ဘူး။ ဟင်းလင်းပြင်သန့်စင်ခြင်း တစ်ဝက်အဆင့် ဖြစ်နိုင်တယ်။ " ရွှေရောင်ဆံပင်နှင့် အကြီးအကဲက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
" ဟင်းလင်းပြင်သန့်စင်ခြင်း တစ်ဝက်အဆင့်လား။ " ဂိုဏ်းချုပ် မုရှင်းလျိုက အတွေးနက်သွား၏။
" မင်းတို့ ဘယ်လိုထင်လဲ။ ငါတို့ အဲ့ဒီ ယွမ်ယန်နဲ့ ပိုင်ယုခန်းမကို ဘယ်လိုကိုင်တွယ်ကြမလဲ။ " မုရှင်းလျိုက မေးလိုက်သည်။
" ဂိုဏ်းချုပ် ဒီလိုသန်မာတဲ့လူကို ဟင်းလင်းပြင်သန့်စင်ခြင်း ရှေးဟောင်းသူတော်စင် မလှုပ်ရှားဘဲနဲ့ ကိုင်တွယ်ဖို့ ခက်ခဲပါလိမ့်မယ်။ " ကျွင်းတုန်ကျင်းက ပြောလိုက်သည်။
ရှေးဟောင်းသူတော်စင် တစ်ဝက်အဆင့်က နတ်အသွင်ပြောင်းလဲခြင်းအဆင့်များထက် သာလွန်ပြီး ရှေးဟောင်းသူတော်စင်တစ်ယောက် မလှုပ်ရှားလျှင် သူတို့က သူ့ကို ရပ်တန့်နိုင်မည်မဟုတ်ပေ။
မိုင်သန်းပေါင်းများစွာ အဝေးသို့ ကိုယ်ပွားတစ်ခု ပို့ပေးနိုင်သော ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို အသုံးပြုလျှင်တောင် သူတို့က သူတော်စင်တစ်ဝက်အဆင့်ကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။
ထို့အပြင် ကြေးမုံမှ ထုတ်လွှတ်သော ကိုယ်ပွားက မူလခန္ဓာကိုယ်ထက် အနည်းငယ် အားနည်းလေသည်။ ယွမ်ယန်က ရှေးဟောင်းသူတော်စင် တစ်ဝက်အဆင့် ဖြစ်သောကြောင့် ရှေးဟောင်းသူတော်စင်ကသာ သူ့ကို ခြိမ်းခြောက်နိုင်ပေလိမ့်မည်။
သို့သော် တာအိုအင်မော်တယ်ဂိုဏ်းတွင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်နေသူမှာ ဂိုဏ်းချုပ်တစ်ယောက်သာ ရှိပြီး သူတို့တွင် အခြေခံအုတ်မြစ်များစွာ ရှိသော်လည်း သူတို့က ခုခံခြင်းနှင့် ကာကွယ်ခြင်းသာ ဖြစ်သည်။
ယွမ်ယန်က အလယ်ပိုင်းနတ်ဘုရားကုန်းမြေသို့ ခြေမချ၍ တာအိုအင်မော်တယ်ဂိုဏ်းက သူ၏ တည်နေရာကို ခန့်မှန်းရန် ခက်ခဲလေသည်။
ဂိုဏ်းချုပ် မုရှင်းလျိုက ဂိုဏ်းရတနာကို ယူပြီး အရှေ့ပင်လယ်သို့ ထွက်သွားလျှင်လည်း တာအိုအင်မော်တယ်ဂိုဏ်း၏ ရန်သူများက ရှိနေသေးသည်။
နတ်ဘုရားကုန်းမြေ၏ မြောက်ဘက်တွင် သွေးနတ်ဆိုးပင်လယ်၊ တောင်ဘက်တွင် မိစ္ဆာနန်းတော်နှင့် အနောက်ဘက်တွင် နတ်ဆိုးသူတော်စင်အသိုက် အားလုံးက အင်မော်တယ်တောင်တန်းကို တိုက်ခိုက်ကြပေလိမ့်မည်။
ဖြစ်နိုင်ချေနည်းသည်ဖြစ်စေ ရှေးဟောင်းသူတော်စင် တစ်ဝက်အဆင့် တစ်ယောက်အတွက် အင်မော်တယ်တောင်တန်းကို အန္တရာယ်ဖြစ်စေရန် လုံးဝမထိုက်တန်သေးပေ။ ထို့အပြင် ဂိုဏ်းချုပ်မုရှင်းလျို ရှိနေချိန်ပင် ထိုရှေးဟောင်းသူတော်စင်သုံးယောက်ပူးပေါင်းပြီး လာရောက်တိုက်ခိုက်ခဲ့လျှင် အင်မော်တယ်တောင်တန်းကို ကာကွယ်နိုင်လျှင် ထိုက်တန်သော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။
" စောင့်ကြည့်ကြတာပေါ့။ " တာအိုအင်မော်တယ်ဂိုဏ်းချုပ် မုရှင်းလျို့က ပြောလိုက်သည်။
နှစ်ပေါင်းတစ်သောင်းအတွင်း အလယ်ပိုင်း နတ်ဘုရားကုန်းမြေတွင် ထိုကဲ့သို့ လူများ ပေါ်လာခဲ့သော်လည်း တာအိုအင်မော်တယ်ဂိုဏ်းက ဘာမှလုပ်စရာမလိုဘဲ သမိုင်းထဲတွင်သာ ပျောက်ကွယ်သွားကြသည်။
အချိန်များ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ဆယ်နှစ်ကြာသွားခဲ့သည်။
အရှေ့ပင်လယ် ပိုင်ယုကျွန်းပေါ်ရှိ ကျင့်ကြံခြင်းဂူတစ်လုံးထဲတွင် လင်းယွမ်၏ ယန်စိတ်ဝိညာဉ်က ထိုင်နေသည်။ ဆဋ္ဌမအလွှာသို့ ရောက်ပြီးနောက် လင်းယွမ်၏ ယန်စိတ်ဝိညာဉ်နှင့် ယင်စိတ်ဝိညာဉ်တို့က ရုပ်ခန္ဓာဖြစ်ပေါ်လုနီးပါး ဖြစ်နေကြသည်။ သူသာ အပြင်မထွက်လျှင် သူတို့က မူလစိတ်ဝိညာဉ်ကိုယ်ပွားများ ဖြစ်ကြသည်ကို ဘယ်သူမှ ပြောနိုင်မည်မဟုတ်ပေ။
နေ့တစ်ဝက်ကြာပြီးသောအခါ လင်းယွမ်၏ ကျင့်ကြံခြင်းက ပြီးဆုံးသွားသည်။
ဆယ်နှစ်အတွင်း ပိုင်ယုခန်းမက သိသိသာသာ တိုးတက်လာခဲ့သည်။ လင်းယွမ်ကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်၏ ဦးဆောင်မှုကြောင့် အရှေ့ပင်လယ်တွင် ပြန့်ကြဲနေသော ကျင့်ကြံသူများက ပိုင်ယုခန်းမသို့ ဝင်ရန် စိတ်အားထက်သန်ခဲ့ကြသည်။
အမှန်တွသ် ပိုင်ယုခန်းမကို ဝင်ရန် လိုအပ်ချက်မှာ မည်သည့်ကျင့်စဉ်ကို ကျင့်ကြံထားသည်ဖြစ်စေ သိုင်းတာအိုကို ပြောင်းလဲကျင့်ကြံရမည်ဖြစ်သည်။
ထိုလိုအပ်ချက်က ကျင့်ကြံသူအများစုကို တုန့်ဆိုင်းစေခဲ့သော်လည်း သိုင်းတာအိုကို ပြောင်းလဲကျင့်ကြံချင်သူများကတော့ ရှိနေဆဲ ဖြစ်သည်။
ယနေ့ ပိုင်ယုခန်းမ၏ သိုင်းတာအိုကျင့်ကြံသူ အရေအတွက်မှာ တစ်သိန်းကျော်နေပြီဖြစ်သည်။
သူတို့ကြားတွင် သိုင်းတာအို၏ တတိယအလွှာ ၁၂ ယောက်၊ ဒုတိယအလွှာက ၅၇၃၀ ယောက်နှင့် ပထမအလွှာက ၉၀၀၀၀ ကျော်တို့ ဖြစ်ကြသည်။
ပိုင်ယုကျွန်းပေါ်တွင် စိတ်ဝိညာဉ်စွမ်းအားများ ပေါများပြီး အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၏ တော်ဝင်နယ်မြေများနှင့် ယှဉ်နိုင်လေသည်။ သိုင်းတာအိုက စိတ်ဝိညာဉ်စွမ်းအားပေါ် မမှီခိုသော်လည်း မရှိသည်ထက်တော့ ပိုကောင်းလေသည်။
" ဆရာ " လင်းယွမ် ဂူထဲမှ ထွက်လာစဉ် နူးညံ့သော အသွင်အပြင်နှင့် မိန်းကလေးတစ်ယောက်က ရိုသေစွာ နှုတ်ဆက်လိုက်သည်။
ထိုမိန်းကလေးနာမည်က လီချင်းဖြစ်ပြီး လွန်ခဲ့သော ဆယ်နှစ်က လင်းယွမ် တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။ သူမက သိုင်းတာအိုတွင် ပါရမီရှိပြီး တတိယအလွှာသို့ ရောက်နေပြီဖြစ်သည်။
" သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ကျက်တာ ဘယ်လိုနေလဲ။ " လင်းယွမ်က မေးလိုက်သည်။
လီချင်းက အရည်အချင်းရှိရုံသာမက ယုံကြည်စိတ်ချရပြီး ကိစ္စရပ်များကို ကိုင်တွယ်ရာတွင်လည်း ကျွမ်းကျင်လေသည်။
" ဆရာ သိုင်းတာအိုရဲ့ ပထမကဏ္ဍကတော့ အရှေ့ပင်လယ်ကျွန်းစုတစ်ခုလုံး ပျံနှံ့သွားပါပြီ။ အဲ့ဒါက အလယ်ပိုင်းနတ်ဘုရားကုန်းမြေ၊ သွေးနတ်ဆိုးပင်လယ်နဲ့ မိစ္ဆာနန်းတော်ထိတောင် ရောက်ရှိသွားပါတယ်။ " လီချင်းက ပြန်ဖြေလိုက်သည်။
" ကောင်းတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ကျက်ရန် ပိုင်ယုကျွန်းနှင့် ပိုင်ယုခန်းမကို မှီခိုခြင်းက မလုံလောက်ပေ။
ယင်းအစား သိုင်းတာအို၏ ကျင့်စဉ်များကို ကမ္ဘာပေါ်တွင် ဖြန့်ကျက်ထားရန် လိုအပ်လေသည်။ သို့မှသာ ပိုင်းယုကျွန်းနှင့် ခန်းမ ပျောက်ကွယ်သွားလျှင်တောင် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ၎င်းက လင်းယွမ်၏ ရည်ရွယ်ချက်ဖြစ်သည်။
တိမ်မြူခိုးတော်ဝင်နယ်မြေ ကျင့်ကြံခြင်းအခန်းတွင် လင်းယွမ်က ငြိမ်သက်စွာ ထိုင်နေပြီး သူ၏ အသက်ရှုသံများက တည်ငြိမ်နေသည်။
ရုတ်တရက် လင်းယွမ်၏ ခန္ဓာကိုယ်မှ အလင်းရောင်များ ထွက်ပေါ်လာသည်။
" ဆဋ္ဌမအလွှာ အဆင့်ငါး " လင်းယွမ်က သူထုတ်လွှတ်သော အော်ရာကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားသည်။
ဆယ်နှစ်ကြာလေ့ကျင့်ပြီးနောက် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆဋ္ဌမအလွှာ အဆင့်ငါးသို့ ရောက်သွားပြီဖြစ်သည်။
သို့သော် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြစ်နိုင်သမျှ ပြီးပြည့်စုံစေသောကြောင့် ရှေ့ဆက်တိုးလေ ပိုခက်ခဲလေဖြစ်သည်။ ယခု သူက သာမန် ဆဋ္ဌမအလွှာ ကဏ္ဍကို ဖန်တီးချင်လျှင် အားစိုက်ထုတ်ရန်ပင် လိုအပ်မည်မဟုတ်ပေ။
" အခု ငါ ရုပ်ခန္ဓာကျင့်ကြံခြင်းမှာ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ချိုးဖျက်နိုင်သွားပြီ။ "
လင်းယွမ်က ပြုံးလိုက်သည်။ ဆယ်နှစ်အတွင်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တိုးတက်လာသည့်အပြင် ရုပ်ခန္ဓာကျင့်ကြံခြင်းကလည်း နောက်ကျမသွားခဲ့ပေ။
ယခု လင်းယွမ်၏ ရုပ်ခန္ဓာကျင့်ကြံခြင်းအပေါ် နားလည်မှုနှင့် နောက်ဆုံးခြေလှမ်းကို ချိုးဖျက်နိုင်ပြီဖြစ်သည်။