နေရာပြောင်းရွေ့ခြင်း....
Vol. 13 Ch. 208
တစ်ဖက်တွင် မုမန်ထင်က တာအိုအင်မော်တယ်ဂိုဏ်း၏ နောက်တက်မည့်ဂိုဏ်းချုပ်ဖြစ်လာလျှင် သူက မုမိသားစုမှ ဖြစ်သောကြောင့် ထိုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်မည်မဟုတ်ပေ။
မုမန်ထင်းက တည်ငြိမ်ပြီး သူ၏ အဆင့်နှင့် ဂိုဏ်းချုပ်ဖြစ်လာလျှင် ဘာမှကွာခြားသွားမည်မဟုတ်ပေ။ အရေးကြီးဆုံးအရာမှာ မုမိသားစု၏ စိတ်ဝင်စားမှုကို မည်မျှ ထိန်းသိမ်းနိုင်မည့်အပေါ် မူတည်လေသည်။ ထို့အပြင် မုမန်ထင်းက ကျွင်းတုန်ကျင်းအောက် နိမ့်ကျလေသည်။
တာအိုအင်မော်တယ်ဂိုဏ်းမှ အခြားတပည့်များနှင့် ယှဉ်လျှင်တော့ မုမန်ထင်းက ထိပ်ဆုံးတွင် ရှိလေသည်။ တာအိုအင်မော်တယ်ဂိုဏ်း၏ နှစ်ပေါင်းထောင်ချီအမွေအနှစ်နှင့် မုမန်ထင်းက ဂိုဏ်းချုပ်နေရာ တာဝန်ယူလျှင်တောင် ပြဿနာမရှိပေ။
" တုန်ကျင်း ငါ့ကို အပြစ်မတင်ပါနဲ့။ မင်းက မုမိသားစုက မဟုတ်တာကိုပဲ အပြစ်တင်လိုက်ပါ။ " မုရှင်းလျိုက တွေးလိုက်သည်။
အကယ်၍ နောက်ထပ် ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အတွင်း ကျွင်းတုန်ကျင်းက မုမန်ထင်း၏ အရင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ရောက်ခဲ့လျှင် မုရှင်းလျိုက ကျွင်းတုန်ကျင်းကို ဂိုဏ်းချုပ်ရာထူးပေးရန် သေချာပေါက် စဉ်းစားပေလိမ့်မည်။
ကံမကောင်းစွာပင် အချိန်က ဘယ်သူ့ကိုမှ မစောင့်ပေ။ သူတို့နှစ်ယောက်၏ တိုးတက်မှုက အတူတူဖြစ်နေစဉ် မုရှင်းလျိုက သူ၏ မိသားစုဝင်ကိုသာ ဦးစားပေး စဉ်းစားပေလိမ့်မည်။
သူက မုမန်ထင်းကို အပြည့်အဝ ထောက်ပံ့ရန် ဆုံးဖြတ်ပြီးနောက် မုရှင်းလျိုက ကျွင်းတုန်ကျင်းကို ဖိနှိပ်ရပေလိမ့်မည်။ ဂိုဏ်း၏ ထောက်ပံ့မှုဖြင့် မုမန်ထင်းက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်ရန် ကြိုးစားနေသည်ကို မြင်လျှင် ကျွင်းတုန်ကျင်းက စိတ်မတည်မငြိမ် ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်တွင် သူက ဂိူဏ်းအတွက် ဆုံးရှုံးမည့်အလုပ်များ လုပ်မည်ကို စိုးရိမ်ရလေသည်။
မုရှင်းလျိုက ကျွင်းတုန်ကျင်းကို တာအိုအင်မော်တယ်ဂိုဏ်း၏ အပြင်သို့ အချိန်တစ်ခုအထိ ပို့ထားရန် ဆုံးဖြတ်လိုက်သည်။
" တုန်ကျင်းရဲ့ အရည်အချင်းနဲ့ ဂိုဏ်းရဲ့ အကူအညီမပါရင်တောင် အနာဂတ်မှာ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိနေတုန်းပဲ။ "
" ငါက လူဆိုးလုပ်ပြီး တုန်ကျင်းရဲ့ မိသားစုကို အဝေးကို ပို့ပစ်ရမှာပဲ။ "
" နောက်ပိုင်း မန်ထင်းဂိုဏ်းချုပ်ဖြစ်တဲ့အချိန်မှာ တုန်ကျင်းကို ပြန်ခေါ်ပြီး အရေးကြီးတဲ့တာဝန်တွေပေးပြီး သူ့ရဲ့ သစ္စာစောင့်သိမှုကို အနိုင်ယူရမယ်။ " မုရှင်းလျိုက စိတ်ထဲမှ တွေးလိုက်သည်။
တာအိုအင်မော်တယ်ဂိုဏ်းတွင် လူတိုင်းက စွမ်းအားကောင်းကြသော်လည်း အင်အားစုတစ်ခုကို ထိန်းချုပ်ရန် ခွန်အားတစ်ခုတည်းနှင့် မလုံလောက်ပေ။
အထူးသဖြင့် တာအိုအင်မော်တယ်ဂိုဏ်းက သွေးနတ်ဆိုးပင်လယ်၊ မိစ္ဆာနန်းတော်နှင့် နတ်ဆိုးသူတော်စင်အသိုက်တို့၏ ခြိမ်းခြောက်မှုကို ခံနေရချိန်တွင် ရှေးဟောင်းသူတော်စင်တစ်ယောက်က အင်မော်တယ်တောင်တန်းတွင် ရှိနေရန် လိုအပ်လေသည်။
မုရှင်းလျို၏ အမြင်တွင် ကျွင်းတုန်ကျင်းက အရည်အချင်းရှိသော လက်အောက်ခံတစ်ယောက်ဖြစ်သည်။ သူက ဂိုဏ်းချုပ်မဖြစ်လျှင်တောင် အကြီးအကဲတစ်ယောက်အနေဖြင့် တာအိုအင်မော်တယ်ဂိုဏ်းကို ကူညီမည်မှာ သေချာလေသည်။
အင်မော်တယ်တောင်းတန်း။
ကျွင်းတုန်ကျင်း၊ မုလျန်အာ၊ ကျွင်းရှောင်ယောင်နှင့် ကျွင်းကျိလျန်တို့က မျက်မှောင်ကြုတ်၍ ထိုင်နေကြသည်။
" အဘိုးက သမီးတို့ကို ဘာလို့မန်ရာတောင်တန်းကို ပို့ရတာလဲ။ အဲ့ဒီနေရာက ဝေးလံခေါင်သီတဲ့နေရာပဲ။ အရင်းအမြစ်တွေလည်း မရှိဘူး။ သမီးတို့က အဲ့ဒီကို ဘာလို့သွားဖို့လိုတာလဲ။ " ကျွင်း
ကျိလန်က မကျေမနပ်ဖြစ်နေသည်။
သူမက စိတ်ဝိညာဉ်စွမ်းအားများ ကြွယ်ဝသော အင်မော်တယ်တောင်တန်းတွင်သာ သက်သောင့်သက်သာ နေခဲ့လေသည်။ မန်ရာတောင်တန်းက အလယ်ပိုင်းနတ်ဘုရားကုန်းမြေထဲတွင် ရှိသော်လည်း အင်မော်တယ်တောင်တန်းနှင့် ယှဉ်လျှင် နိမ့်ကျလေသည်။
" ဂိုဏ်းချုပ်က သူ့အတွေးနဲ့သူ ရှိမှာပေါ့။ မန်ရာတောင်တန်းမှာ ငါတို့မသိနိုင်တဲ့ အရင်းအမြစ်တွေ ရှိကောင်းရှိနိုင်တာပဲ။ " ကျွင်းရှောင်ယောင်က အခြားရှုထောင်းမှ တွေးပြီး ပြောလိုက်သည်။
" ဘာဖြစ်တာလဲဆိုတာ ငါအဖေ့ကို သွားမေးကြည့်မယ်။ " မုလျန်အာက မတ်တပ်ရပ်ပြီး မုရှင်းလျိုဆီသွားရန် ပြင်လိုက်သည်။
သူမ၏ ဖခင်က သူမတို့ မိသားစုကို ဘာကြောင့် ထိုအမိန့်ပေးခဲ့လဲဆိုတာ နားမလည်နိုင်ဖြစ်နေသည်။
ဤနှစ်များတွင် ကျွင်းတုန်ကျင်းက ဂိုဏ်းချုပ်ပေးသော တာဝန်များကို အမှားအယွင်မရှိဘဲ ထမ်းဆောင်ခဲ့ပြီး ထိုကဲ့သို့ အမိန့်ပေးရန် မလိုအပ်ပေ။
" လျန်အာ..." ကျွင်းတုန်ကျင်းက မုလျန်အာကို တားလိုက်သည်။
" ဂိုဏ်းချုပ်က အမိန့်ပေးတာဆိုတော့ သူ့မှာအကြောင်းရင်းရှိမှာပါ။ မင်းသွားပြောရင် သူစိတ်မသက်မသာဖြစ်နေလိမ့်မယ်။ "
ကျွင်းတုန်ကျင်းက သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။ " လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ ဂိုဏ်းကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ အခု အားလပ်ချိန်ရပြီဆိုတော့ အနားယူဖို့ အခွင့်အရေးပဲ။ "
" မန်ရာတောင်တန်းက သေမျိုးနိုင်ငံတွေ ဝန်းရံထားတယ်လို့ ငါကြားဖူးတယ်။ ငါတို့ရောက်ရင် မင်းတို့ကို လျှောက်ကြည့်ဖို့ ခေါ်သွားပေးမယ်။ "
" အဖေက တကယ်အကောင်းမြင်တာပဲ။ " ကျွင်းကျိလန်က အံ့ဩစွာ ပြောလိုက်သည်။
သို့သော် ကျွင်းတုန်ကျင်းပြောသည်မှာ မှန်လေသည်။ သူတို့မိသားစု၏ နေရာပြောင်းရွေ့ခြင်းက ဂိုဏ်းချုပ်အမိန့်နှင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြောင်းလဲရန် မဖြစ်နိုင်ပေ။ တွန့်ဆုတ်နေလျှင်တောင် အမိန့်နာခံရုံကလွဲ၍ ရွေးချယ်စရာမရှိပေ။ မဟုတ်လျှင် တာအိုအင်မော်တယ်ဂိုဏ်းကို သစ္စာဖောက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
" အဖေက နင့်ရဲ့ စိတ်ကို ထိန်းချုပ်ချင်တာ ဖြစ်နိုင်တယ်။ သူက မကြာခင် နင့်ကို ပြန်ခေါ်လိမ့်မယ်။ " မုလျန်အာက ပြောလိုက်သည်။
မုမိသားစုတောင်ထိပ်တွင် မုမန်ထင်းနှင့် လက်အောက်ငယ်သားအချို့က လျို့ဝှက်အခန်းထဲသို့ ရောက်လာကြသည်။ ထိုနေရာက ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ စောင့်ကြည့်ခြင်းမှ လွတ်မြောက်နိုင်သော နေရာတစ်ခုလည်း ဖြစ်သည်။
" အကိုမန်ထင်း ကြားပြီးပြီလား။ အဲ့ဒီကျွင်းတုန်ကျင်းတို့ မိသားစုအားလုံးက မန်ရာတောင်တန်းကို ပြောင်းရွေ့ခံလိုက်ရတယ်။ " မျက်နှာဝိုင်းနှင့်လူတစ်ယောက်က အသံနိမ့်၍ ပြောလိုက်ပြီး သူ၏ အသံထဲတွင် ပျော်ရွှင်သော အရိပ်အယောင်များ ပါဝင်နေသည်။
ယခင်နှစ်များတွင် မုမန်ထင်းနှင့် ကျွင်းတုန်ကျင်းတို့က ဂိုဏ်းချုပ်ရာထူးအတွက် အကြိမ်များစွာ လျို့ဝှက်ရင်ဆိုင်ခဲ့ကြသည်။
ကျွင်းတုန်ကျင်းက သန္ဓေပြောင်း ကောင်းကင်စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ပြီး ဂိုဏ်းအတွင်း အကြီးအကဲများ၏ သဘောကျခြင်းကို ခံရလေသည်။
ထို့ကြောင့် မုမိသားစု၏ နောက်ခံနှင့်ပင် မုမန်ထင်းက သူ့ကိုသူ နိမ့်ကျသည်ဟု ခံစားခဲ့ရသည်။ သူ၏ လက်အောက်ငယ်သားများက သူထက်ပင် ပို၍ ဒေါသထွက်ကြလေသည်။
ယခု ကျွင်းတုန်ကျင်း၏ မိသားစု ပြောင်းရွေ့ခံလိုက်ရသည်ကို ကြားသောအခါ သူတို့၏ ပျော်ရွှင်မှုကို စိတ်ကူးကြည့်နိုင်လေသည်။ ဂိုဏ်းစည်းမျဉ်းများ မရှိလျှင် သူတို့က ပျော်ပွဲရွှင်ပွဲများပင် ကျင်းပနေပြီဖြစ်သည်။
" ဂိုဏ်းချုပ်က ကျွင်းတုန်ကျင်းရဲ့ မိသားစုကို ဘာလို့အဝေးကို ပို့ချင်တာလဲ။ " မုမန်ထင်းက စဉ်းစားနေသည်။
ဂိုဏ်းချုပ်မုရှင်းလျိုက သူ့ကို ဂိုဏ်းချုပ်အဖြစ် ရွေးချယ်ပြီး ကျွင်းတုန်ကျင်းအား ပြန်လည်ခေါ်ယူချင်သည်ကို မုမန်ထင်းက မသိသေးပေ။
" တောရိုင်းနယ်မြေမှာ ကြီးမားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်လို့ ငါကြားတယ်။ " ဒုတိယတစ်ယောက်က ပြောလိုက်သည်။ " နတ်ဆိုးသူတော်စင်အသိုက်ရဲ့ မင်းသားကြီးက ရှေးဟောင်းသူတော်စင်တစ်ယောက်ရဲ့ လက်ထဲမှ သေဆုံးသွားခဲ့တယ်။ "
" ငါလည်း အဲ့ဒါကို ကြားတယ်။ " မုမန်ထင်းက ပြောလိုက်သည်။
သို့သော် မည်သည့်ရှေးဟောင်းသူတော်စင်က လှုပ်ရှားခဲ့သည်ကို ဘယ်သူမှမသိကြပေ။ ဂိုဏ်းချုပ်က သိနိုင်သော်လည်း သူမပြောလျှင် ဘယ်သူမှသူ့ကို မမေးရဲပေ။
" အကိုမန်ထင်း အဲ့ကိစ္စနဲ့များ ပက်သက်နေလားမသိဘူး။ "
" မဟုတ်လောက်ဘူး။ "
" ဒါနဲ့ ကျွင်းတုန်ကျင်းက ပြောင်းရွေ့ခံလိုက်ရပေမယ့် ပြန်မလာဘူးလို့ မပြောနိုင်ဘူး။ " တတိယတစ်ယောက်က ပြောလိုက်သည်။
" မင်းဘာကိုဆိုလိုတာလဲ။ မုမန်ထင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" အရင်တုန်းက ကျွင်းတုန်ကျင်းမှာ အပေါင်းအဖော်တွေ ရှိခဲ့တယ်။ ဒါပေမယ့် ဒီတစ်ခါ ဂိုဏ်းချုပ်အမိန့်နဲ့ ကျွင်းတုန်ကျင်းတို့ မိသားစုက မန်ရာတောင်တန်းကို သွားရလိမ့်မယ်။ ကျွင်းတုန်ကျင်းတို့ မိသားစု လမ်းမှာသေသွားခဲ့ရင် ခက်ပြီမဟုတ်လား။ " ထိုလူ၏ အသံက အေးစက်နေသည်။
" ထိုက်ဟောက်အင်မော်တယ်ကြေးမုံက အလယ်ပိုင်းနတ်ဘုရားကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းထားတယ်။ ငါတို့လှုပ်ရှားတာနဲ့ သိသွားလိမ့်မယ်။ " မုမန်ထင်းက သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။
" ထိုက်ဟောက်အင်မော်တယ်ကြေးမုံက သွေးနတ်ဆိုးပင်လယ်၊ မိစ္ဆာနန်းတော်နဲ့ နတ်ဆိုးသူတော်စင်အသိုက်ကလူတွေ အလယ်ပိုင်းနတ်ဘုရားကုန်းမြေကို မဝင်နိုင်အောင် စောင့်ကြည့်နေတာပဲ။ "
" ဂိုဏ်းချုပ်ဟောင်းရဲ့ စွမ်းအားကို အသုံးပြုထားရင် အင်မော်တယ်ကြေးမုံက ရှာတွေ့ရင်တောင် ဘာတုန့်ပြန်မှုမှရှိမှာမဟုတ်ဘူး။ "
" မင်းက ငါ့ကို အရင်ဂိုဏ်းချုပ်ချန်ခဲ့တဲ့ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်ကို အသုံးပြုစေချင်တာလား။ "
လူတစ်ယောက်၏ တိုက်ခိုက်ရေးစွမ်းအားများကို အဆောင်တစ်ခုအတွင်း ထည့်သွင်းထားနိုင်လေသည်။ တစ်စုံတစ်ယောက်က အဆောင်ကို အသက်သွင်းခဲ့လျှင် ထိုစွမ်းအားက ထွက်ပေါ်လာပေလိမ့်မည်။
တာအိုအင်မော်တယ်ဂိုဏ်းက နှစ်ပေါင်းထောင်ချီသက်တမ်းရှိပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ဂိုဏ်းချုပ်များက သူတို့၏ စွမ်းအားအပြည့်ကို အဆောင်ထဲတွင် သိမ်းဆည်းခဲ့ကြလေသည်။ ထို့အပြင် ယခင် ဂိုဏ်းချုပ်ဟောင်းများက ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ သခင်များ ဖြစ်ခဲ့ကြသည်။ သူတို့၏ စွမ်းအားများ ထွက်ပေါ်လာလျှင် အင်မော်တယ်ကြေးမုံက အချက်ပြမည်မဟုတ်ပေ။
" မဟုတ်ဘူး။ အဲ့အချိန်မတွေ့နိုင်ပေမယ့် နောက်ပိုင်းမှာ ဂိုဏ်းချုပ်က စုံစမ်းခဲ့ရင် အခြေအနေကို ရိပ်မိသွားလိမ့်မယ်။ " မုမန်ထင်းက ခေါင်းခါလိုက်သည်။
ကျွင်းတုန်ကျင်း သေဆုံးသွားလျှင် ဂိုဏ်းချုပ်က သေချာပေါက် စုံစမ်းပေလိမ့်မည်။ ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ ခြေရာခံခြင်းစွမ်းရည်နှင့် သူတို့က အခြေအနေကို ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
" မှန်တယ်။ ဂိုဏ်းချုပ်ကတော့ သေချာပေါက်ရိပ်မိလိမ့်မယ်။ ဒါပေမယ့် ကျွင်းတုန်ကျင်းက သေသွားပြီလေ။ "
" တာအိုအင်မော်တယ်ဂိုဏ်းမှာ အကိုမန်ထင်းတစ်ယောက်ပဲ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံနိုင်စွမ်းရှိတယ်။ "
" တာအိုအင်မော်တယ်ဂိုဏ်းမှာ တပည့်တွေ အများကြီးရှိတယ်။ ပါရမီရှင်တွေလည်းမနည်းဘူး။ ငါ့အပြင် ဂိုဏ်းချုပ်ရာထူးအတွက် ရွေးချယ်နိုင်တဲ့ တပည့်တွေ အများကြီးရှိတယ်။ " မုမန်ထင်းက အနည်းငယ် ချီတုံချတုံဖြစ်နေသည်။
" အကိုမန်ထင်းက ဂိုဏ်းထဲမှာ အကိုရဲ့ ရပ်တည်မှုကို လျှော့တွက်ထားတာပဲ။ "
" တာအိုအင်မော်တယ်ဂိုဏ်းက ကျွင်းတုန်ကျင်းလို့ သန္ဓေပြောင်းကောင်းကင်စိတ်ဝိညာဉ်အမြစ်ပိုင်ရှင်တစ်ယောက်ကို မမွေးထုတ်ပေးနိုင်ရင် အကိုမန်ထင်းက ဂိုဏ်းချုပ်ရာထူးအတွက် အသင့်တော်ဆုံးပဲ။ "
" တာအိုအင်မော်တယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက နှစ်ပေါင်း ၁၅၀၀၀ သက်တမ်းရှိကြတယ်။ အခု ဂိုဏ်းချုပ်ရဲ့ အသက်က နှစ်ပေါင်း ၁၂၀၀၀ နီးပါး ရှိနေပြီယ အကိုမန်ထင်းက ဂိုဏ်းချုပ်ရဲ့ မုမိသားစုက တိုက်ရိုက်ဆင်းသက်လာသူပဲ။ ကျွင်းတုန်ကျင်းမရှိရင်း သူက ဘယ်သူကို ဂိုဏ်းချုပ်ရာထူးပေးမှာလဲ။ "
" ဒါပေမယ့် ကျွင်းတုန်ကျင်းသာ အသက်ရှင်လျှက် ပြန်လာခဲ့ရင် အနာဂတ် ဂိုဏ်းချုပ်ရာထူးက ဘယ်သူ့လက်ထဲရောက်မယ်ဆိုတာ မပြောတတ်ဘူး။ "
မုမန်ထင်း၏ အမူအရာက မှန်းဆမရအောင် ပြောင်းလဲသွားသည်။
" ကောင်းပြီ။ " အချိန်အတော်ကြာပြီးနောက် မုမန်ထင်း၏ မျက်နှာတွင် အေးစက်မှုများ ပေါ်လာပြီးနောက် စကားပြောလိုက်သည်။