ကောင်းကင်ကိုးပါးတွင်တိုက်ခိုက်ခြင်း....
Vol. 13 Ch. 210
" ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်ရဲ့ အော်ရာ..." ကျွင်းတုန်ကျင်း၏ အမူအရာက လေးနက်သွား၏။
သူက ထိုကြောက်လန့်နေကြသော နတ်အသွင်ပြောင်းလဲခြင်းအဆင့်များ၏ ပတ်ဝန်းကျင်မှ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်၏ အော်ရာကို ဝေဝါးစွာ ခံစားမိနေသည်။
ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်။ ယနေ့ခေတ် ကမ္ဘာပေါ်တွင် တာအိုအင်မော်တယ်ဂိုဏ်းတစ်ခုသာ ရှိလေသည်။ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ခွန်အားရှိရုံနှင့် အဆောင်များကို ချန်ထားခဲ့နိုင်မည်မဟုတ်ပေ။ ထိုအဆင့်၏ စွမ်းအားကို ခံနိုင်ရန် အဆောင်များဖန်တီးသည့် အဆောင်သခင်များကလည်း အဆောင်လမ်းစဉ်တွင် မြင့်မားသော အရည်အချင်းရှိရန် လိုအပ်လေသည်။
ထို့အပြင် ကျွင်းတုန်ကျင်းခံစားရသော အော်ရာက တာအိုအင်မော်ဂိုဏ်းမှလာသည်ကို ခံစားရလေသည်။
" အဲ့ဒီ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်က ၂၁ ဆက်မြောက် ဂိုဏ်းချုပ် မုချောင်ကျိုးပိုင်ဆိုင်တာပဲ။ " ကျွင်းတုန်ကျင်းက တိတ်ဆိတ်စွာ တွေးလိုက်သည်။
ရှေးဟောင်းသူတော်စင်တိုင်းက ထူးခြားပြီး အဆောင်များကလည်း သူတို့၏ စွမ်းအားအပြည့် တိုက်ခိုက်မှုတစ်ခု ပါဝင်လေသည်။
ထို့ကြောင့် အဆောင်များ၏ အော်ရာက တာအိုအင်မော်တယ်ဂိုဏ်း၏ အမွေအနှစ်များနှင့် ရှေးဟောင်းသူတော်စင်အဆင့်သို့ ရောက်သွားသော ဂိုဏ်းချုပ်တိုင်းကို တပည့်များက မှတ်သားထားကြလေသည်။
" မုမိသားစုရဲ့ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်..." ကျွင်းတုန်ကျင်းက ခံစားချက်များ ရောထွေးနေသည်။
မုမိသားစုက တာအိုအင်မော်တယ်ဂိုဏ်း၏ အဓိကအင်အားစုများထဲမှ တစ်ခုဖြစ်ပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ဂိုဏ်းချုပ် သုံးယောက်ထက်ပိုထွက်ပေါ်ခဲ့လေသည်။
၂၁ ဆက်မြောက် ဂိုဏ်းချုပ်က မုချောင်ကျိုးဖြစ်၏။ လက်ရှိ ၃၀ မြောက်ဂိုဏ်းချုပ်က မုရှင်းလျိုဖြစ်လေသည်။ နှစ်ယောက်လုံးက မုမိသားစုမှ ဖြစ်ကြသည်။
ကျွင်းတုန်ကျင်းက အရူးမဟုတ်ပေ။
မန်ရာတောင်တန်းက ဝေးလံခေါင်သီသော နေရာတစ်ခု ဖြစ်လေသည်။ ထိုနေရာသို့ သွားနိုင်သော လမ်းတွင် နတ်အသွင်ပြောင်းလဲခြင်းအဆင့်များက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်ကို ကိုင်ပြီး ခြုံခိုတိုက်ခိုက်ရန် ပုန်းကွယ်နေကြသည်။
" ဂိုဏ်းချုပ်..." ကျွင်းတုန်ကျင်းက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုလူများက ဂိုဏ်းချုပ် စီစဉ်ထားခြင်းမဟုတ်မှန်း သူသိလေသည်။
ဂိုဏ်းချုပ်သာ သူ့ကို သတ်ချင်လျှင် ထိုမျှ ဒုက္ခခံစရာမလိုဘဲ ထိုက်ဟောက်အင်မော်တယ်ကြေးမုံကိုသာ အသုံးပြုရန် လိုအပ်ပြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်ကို ဖြုန်းတီးရန် မလိုအပ်ပေ။
သို့သော် ဂိုဏ်းချုပ်မဟုတ်လျှင် မုမိသားစုမှ လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုအပြင် ဘိုးဘေးများ၏ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်ကို ယူနိုင်သောကြောင့် မိသားစုထဲတွင် အဆင့်အတန်းမြင့်သော လူတစ်ယောက် ဖြစ်ပေလိမ့်မည်။
" မုမန်ထင်းက ငါ့ကို အမြစ်ပြတ် သတ်ဖြတ်ချင်နေတာလား။ " ကျွင်းတုန်ကျင်းက စိတ်ပျက်သွား၏။
သူနှင့် မုမန်ထင်းကြားတွင် ပြိုင်ဆိုင်မှုများရှိခဲ့ပြီး မကြာခန ထိပ်တိုက်တွေ့ဆုံခဲ့သည်ကို သူဝန်ခံလေသည်။ သို့သော် အားလုံးက ပွင့်ပွင့်လင်းလင်းသာဖြစ်သည်။ တာအိုအင်မော်တယ်ဂိုဏ်း၏ တပည့်များကြားတွင် သဘောထားကွဲလွဲမှုများ ရှိနိုင်သော်လည်း ယခုမူ မုမန်ထင်းက သူ့ကို သတ်ဖြတ်ချင်နေလေသည်။
ကောင်းကင်အောက်တွင် ထိုက်ဟောက်အင်မော်တယ်ကြေးမုံက်ု အသုံးပြုပြီး ပုံရိပ်ထုတ်လွှတ်ထားသော မုရှင်းလျိုက လင်းယွမ်ကို စိုက်ကြည့်နေသည်။
သူတို့၏ တိုက်ခိုက်မှုအနည်းငယ်ဖြင့် သူ၏ ရှေ့မှ ကြောက်စရာကောင်းသော လူ၏ ခွန်အားမှာ အနည်းဆုံး ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်၏ အထွတ်အထိပ်တွင် ရှိသည်ဟု ခန့်မှန်းလေသည်။
သူ၏ အစစ်အမှန်ခန္ဓာကိုယ် ဆင်းသက်လာခြင်းမဟုတ်သော်လည်း ထိုနေရာက အလယ်ပိုင်းနတ်ဘုရားကုန်းမြေထဲတွင် ရှိပြီး ထိုက်ဟောက်အင်မော်တယ်ကြေးမုံ၏ ဖုံးလွှမ်းမှုထဲတွင် ရှိနေဆဲ ဖြစ်သည်။
ကြေးမုံမှ ဆင်းသက်လာသော ကိုယ်ပွားက အနည်းဆုံး ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်ကို ဆန့်ကျင်တိုက်ခိုက်နိုင်လေသည်။
လင်းယွမ်က သူ၏ တိုက်ခိုက်မှုများကို အလွယ်တကူ တားဆီးသွားသောကြောင့် ဟင်းလင်းပြင်လှိုဏ်ဂူအဆင့်၏ အထွတ်အထိပ်ဖြစ်နိုင်လေသည်။
" မင်းက တကယ်ဘယ်သူလဲ။ " မုရှင်းလျို့က လင်းယွမ်ကို လေ့လာနေပြီး သူနှင့် မိစ္ဆာဘုရင်တို့၏ အော်ရာက တူညီမှုအချို့ရှိသည်ကို တွေ့ရလေသည်။
နှစ်ယောက်လုံးက ထိုက်ယင်စွမ်းအားကို အသုံးပြုကြလေသည်။ သို့သော် မုရှင်းလျိုက ကွဲပြားမှုကို ကောင်းကောင်းခံစားရလေသည်။
မိစ္ဆာဘုရင်နှင့်ယှဉ်လျှင် လင်းယွမ်မှ ထွက်လာသော အော်ရာက ပို၍ သန့်စင်ပြီး အဆုံးမဲ့ထိုက်ယင်စွမ်းအားများဖြင့် ဖန်တီးထားသည်ဟုပင် ထင်ရလေသည်။
" ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ မင်းရဲ့ တာအိုအင်မော်တယ်ဂိုဏ်းမှာ အတွင်းပိုင်းရုန်းကန်မှုတွေ ရှိနေတာ စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က ကြောက်လန့်နေကြသော နတ်အသွင်ပြောင်းလဲခြင်းအဆင့်များနှင့် အဝေးတွင်ရပ်နေသော ကျောက်စိမ်းမြင်းရထားကို ကြည့်လိုက်သည်။
" အတွင်းပိုင်းရုန်းကန်မှုတွေ... " မုရှင်းလျိုက သက်ပြင်းချလိုက်သည်။
သူဆင်းသက်လာချိန်တွင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်၏ အော်ရာကို ခံစားမိခဲ့ပြီး အခြေအနေကို နားလည်ခဲ့လေသည်။
မုရှင်းလျိုက မုမန်ထင်းကို ထိုမျှသဘောထားသေးသိမ်လိမ့်မည်ဟု မထင်ခဲ့ပေ။ ကျွင်းတုန်ကျင်း၏ မိသားစုကို ဝေးလံခေါင်သီသော မန်ရာတောင်တန်းသို့ ပို့ခဲ့သော်လည်း မုမန်ထင်းက လမ်းခရီးတွင် ခြုံခိုတိုက်ခိုက်ရန် စီစဉ်ခဲ့လေသည်။
" အဲ့ဒါ တာအိုအင်မော်တယ်ဂိုဏ်းရဲ့ ကိစ္စပဲ။ မင်းနဲ့ဘာမှမဆိုင်ဘူး။ " မုရှင်းလျိုက တည်ငြိမ်စွာ ပြောလိုက်သည်။
အမှန်တော့ မုရှင်းလျိုက ကျွင်းတုန်ကျင်းကို စောင့်ကြည့်နေခဲ့ပြီး နတ်အသွင်ပြောင်းလဲခြင်းအဆင့်များက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အဆောင်ကို အသက်သွင်းပြီး တိုက်ခိုက်ခဲ့လျှင် လင်းယွမ်ဝင်မပါလျှင်တောင် သူက ဝင်ရောက်တားဆီးမည်ဖြစ်သည်။ သူ၏ စိုးရိမ်မှုများက ဂိုဏ်းအပေါ်တွင်သာ ရှိလေသည်။
ကျွင်းတုန်ကျင်းက ရှားပါးသော အရည်အချင်းများကို ပိုင်ဆိုင်ပြီး ဂိုဏ်းချုပ်မဖြစ်ခဲ့လျှင်တောင် ဂိုဏ်းအတွက် ကြီးမားသော အထောက်အကူဖြစ်သောကြောင့် သေလို့မရပေ။
အမှန်တွင် မည်သူဂိုဏ်းချုပ်ဖြစ်လာသည်က အရေးမကြီးပေ။ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ပြီး ဂိုဏ်းရတနာကို ထိန်းချုပ်နိုင်လျှင် ပြိုင်ဘက်ကင်းပေလိမ့်မည်။
ကျွင်းတုန်ကျင်းက မုမန်ထင်းထက် အလားအလာပိုကောင်းလျှင်တောင် ရွေးချယ်မခံခဲ့ရပေ။
မုမန်ထင်းက ကောင်းကင်စိတ်ဝိညာဉ်အမြစ်နှင့် မွေးဖွားခဲ့ပြီး ကောင်းကင်ကိုးပါးကြည်လင်ရေနှင့် အခြားရတနာများ၏ အကူအညီနှင့်ဆိုလျှင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သို့ ရောက်ရန် ပြဿနာမရှိပေ။
မုမန်ထင်း၏ အားသာချက်မှာ မုမိသားစုမှ ဖြစ်နေခြင်းဖြစ်သည်။ အကယ်၍ မုမန်ထင်းသာ မရှိလျှင် အနာဂတ်ဂိုဏ်းချုပ်နေရာက ကျွင်းတုန်ကျင်းအတွက်သာ ဖြစ်ပေလိမ့်မည်။
" ငါ့ရဲ့ တာအိုအင်မော်တယ်ဂိုဏ်း ကိစ္စတွေမှာ ဝင်စွက်ဖက်ရအောင် မင်းမှာ ဘာအကြောင်းပြချက်တွေ ရှိလဲဆိုတာ ငါသိချင်မိတယ်။ " မုရှင်းလျိုက သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် ကြေးမုံတစ်ချပ်၏ အသွင်အပြင်ပေါ်လာသည်။
၎င်းက ဂိုဏ်းရတနာ ထိုက်ဟောက်အင်မော်တယ်ကြေးမုံပင် ဖြစ်သည်။ မုရှင်းလျို၏ မူလခန္ဓာကိုယ်က ကြေးမုံနှင့်အတူ အင်မော်တယ်တောင်ျန်းတွင် ရှိနေခဲ့သော်လည်း ကြေးမုံ၏ အလင်းရောင်နှင့် ကမ္ဘာပေါ်ရှိ မည်သည့်နေရာကိုမဆို ဆင်းသက်နိုင်လေသည်။ အထူးသဖြင့် အလယ်ပိုင်းနတ်ဘုရားကုန်းမြေအတွင်းတွင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် စွမ်းအားကို ထိန်းသိမ်းထားနိုင်လေသည်။
မုရှင်းလျိုက နောက်တစ်ကြိမ် ထပ်ထိုးလိုက်သည်။
" ကောင်းကင်ကိုးပါးကို..."
လင်းယွမ်က ပျောက်ကွယ်သွားပြီး ကောင်းကင်အထက် မီတာတစ်သောင်းကျော်အဝေးတွင် ပြန်ပေါ်လာသည်။
ဤကမ္ဘာရှိ ရှေးဟောင်းသူတော်စင်များက များသောအားဖြင့် ကောင်းကင်ကိုးပါးကို သူတို့၏ တိုက်ပွဲမြေပြင်အဖြစ် ရွေးချယ်ကြလေသည်။ ထိုနေရာက ပို၍ ကျယ်ဝန်းပြီး ရှေးဟောင်းသူတော်စင်များ၏ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်နိုင်လေသည်။
မြောက်ပိုင်းနယ်မြေ။
သွေးနတ်ဆိုးပင်လယ်က တုန်ခါသွားပြီး သွေးရောင်ရေများက လှိုင်းထသွားသည်။
ကျွန်းလေးတစ်ကျွန်းပေါ်တွင် သွေးနတ်ဆိုးသခင်၏ အမူအရာက ပြောင်းလဲသွားသည်။
" ကောင်းကင်ကိုးပါးမှာ ရှေးဟောင်းသူတော်စင်တွေ တိုက်ခိုက်နေကြတာလား။ " သွေးနတ်ဆိုးသခင်က ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။
ရှေးဟောင်းသူတော်စင်နှစ်ယောက်၏ စွမ်းအားများက ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေနိုင်သည်။ အောက်ခြေအဆင့် ကျင့်ကြံသူများက မမြင်နိုင်လျှင်တောင် စွမ်းအားအတက်အကျများကို အာရုံခံနိုင်ပြီး ရှေးဟောင်းသူတော်စင်များ ဖြစ်ကြသည်ကို သိနိုင်လေသည်။
" မိတ်ဆွေဟောင်းကြီး မုရှင်းလျိုလား။ အဲ့ဒါ ကြေးမုံကိုယ်ပွားဖြစ်ရင်တောင် အလယ်ပိုင်းနတ်ဘုရားကုန်းမြေမှာဆိုတော့ ကိုယ်ပွားဖြစ်ရင်တောင် ဟင်းလင်းပြင်လှိုဏ်ဂူအဆင့် စွမ်းအားကို ထုတ်ဖော်နိုင်သေးတယ်။ ဘယ်သူက မုရှင်းလျိုနဲ့ တိုက်ခိုက်ရဲတာလဲ။ " သွေးနတ်ဆိုးသခင်က မယုံကြည်နိုင်ဖြစ်သွား၏။
ပုံမှန်အားဖြင့် မည်သည့်ရှေးဟောင်းသူတော်စင်မှ အလယ်ပိုင်းနတ်ဘုရားကုန်းမြေတွင် မုရှင်းလျိုနှင့် မတိုက်ခိုက်ချင်ကြပေ။
မုရှင်းလျိုက ဂိုဏ်းရတနာနှင့်အတူ သူ၏ တိုက်ခိုက်ရေးနှင့် သတ်ဖြတ်ခြင်းစွမ်းအားများက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ထက် ကျော်လွန်နိုင်လေသည်။ ကြေးမုံမှ ဖန်တီးထားသော ကိုယ်ပွားက အားနည်းနိုင်သော်လည်း ကိုယ်ပွားနှင့် တိုက်ခိုက်သည်မှာ မည်သည့်အဓိပ္ပါယ်မှမရှိပေ။
အနိုင်ရရှိလျှင်တောင် မုရှင်းလျိုက ထိုက်ဟောက်အင်မော်တယ်ကြေးမုံကို အသုံးပြုပြီး နာရီဝက်အတွင်း နောက်ထပ်ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်လေသည်။ အကယ်၍ သူရှုံးနိမ့်ခဲ့လျှင် အမှန်တကယ် သေဆုံးသွားနိုင်လေသည်။
" ဒီအော်ရာ ထိုက်ယင်စွမ်းအား မိစ္ဆာအိုကြီးလား။ "
" မိစ္ဆာဘုရင်က တော်တော်သူရဲဘောကြောင်တဲ့ကောင်ပါ။ ခုမှ ဘယ်ကသတ္တိတွေရလာတာလဲ။ " သွေးနတ်ဆိုးသခင်က အံ့ဩသွားသည်။