← Chapters

အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှစ်ခုပေါင်းစပ်သွားပြီ

Vol. 11 Ch. 144

အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှစ်ခုပေါင်းစပ်သွားပြီ

Vol. 11 Ch. 144

အခန်း (၁၄၄) အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှစ်ခုပေါင်းစပ်သွားပြီ

အနီရင့်ရောင်ပိုက်ကွန်ဖုံးလွှမ်းလျှက် လျှပ်စီးကြောင်းအသွင်ဖြင့် အဝေးသို့ ထွက်ခွာသွားသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကိုကြည့်ရင်း လင်ကျိုး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

လင်ကျိုးက ထူးခြားသူတစ်ယောက်ဖြစ်လေရာ ယခုကဲ့သို့ ဆုံးရှုံးမှုမျိုးဖြင့် ရင်မဆိုင်ရသည်မှာ အချိန်အတန်ကြာပြီ ဖြစ်သည်။

ထို့ကြောင့် ယခုအဖြစ်အပျက်က သူ့စိတ်ထဲမှ မနှစ်မြို့စရာမှတ်ဉာဏ်များကို ပြန်လည်သတိရလာစေသည်။

သို့ပေသိ လင်ကျိုး ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားပြီး လွတ်ထွက်သွားသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းနောက်သို့ လိုက်ပါသွားသည်။

အနီရင့်ရောင်ပိုက်ကွန်က သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည့်အတွက် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစမှာ လျှင်မြန်စွာ မရွေ့လျားနိုင်ဘဲ အနည်းငယ်နှေးကွေးလျှက် ရှိသည်။ သို့ဖြစ်ရာ လင်ကျိုးအနေဖြင့် ထိုပစ္စည်းကို အလွယ်တကူ ခြေရာခံနိုင်လေသည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းနောက်သို့ လျှင်မြန်စွာလိုက်ပါသွားရင်း လင်ကျိုးစိတ်ထဲ အတွေးများဝင်ရောက်လာ၏။

“ဒုတိယ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ ရှိနေတယ်ဆိုတာ ငါလုံးဝမသိခဲ့ဘူး... ၊ ဒါဆိုရင်... ဘာလဲ... ၊ ဟုတ်ပြီ... တာ့ပေဘိုးဘိုးရဲ့ ခေါင်းတလားပေါ်မှာ ချန်ထားခဲ့တဲ့ စာလုံးတွေက လက်စသတ်တော့ ဒီဒုတိယပစ္စည်းနဲ့ ဆက်စပ်နေတာကိုး”

လင်ကျိုး ရုတ်တရက် သဘောပေါက်သွားသည်။

“သူက မိုးကြိုးဧကရာဇ်မျက်လုံးရဲ့ ဒုတိယအပိုင်းအစကိုပါ ရှာတွေ့ခဲ့တာ ဖြစ်ရမယ် ၊ ဒါပေမဲ့ အဲဒါကိုသန့်စင်ပြီး ယဉ်ပါးအောင်ထိန်းသိမ်းနိုင်ဖို့ အချိန်လိုအပ်တယ် ၊ အဲဒီအလုပ်တွေမလုပ်နိုင်ခင် သေရတော့မှာမို့လို့ ဝမ်းနည်းပူဆွေးနေခဲ့တာပဲ”

လင်ကျိုးက သက်ပြင်းချလိုက်ရင်း...

“စိတ်မကောင်းစရာက ဘယ်သူမှ ဒါကို သတိမထားမိခဲ့ကြဘူး ၊ တာ့ပေဘိုးဘိုးက အထွတ်ထပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခုကို ပိုင်ဆိုင်ထားပြီး သေတဲ့အထိ လျှို့ဝှက်ပုန်းအောင်းနေခဲ့ရလို့ ဘဝတစ်လျှောက်လုံး ဝမ်းနည်းပူဆွေးနေရတယ်လို့ပဲ ထင်နေမိတာ”

လွတ်ထွက်သွားသည့် လျှပ်စီးကြောင်းများကိုကြည့်ရင်း လင်ကျိုး၏မျက်ဝန်းများ ပိုမိုနက်ရှိုင်းလာသည်။

“ဒီကိစ္စက ငါ့ကိုသင်ခန်းစာပေးလိုက်တာပဲ ၊ ငါက ‘ငါသိတာကိုပဲ သတင်းအချက်အလက်’ ဆိုပြီး အဟုတ်ထင်နေမိတာ ၊ ဒါပေမဲ့ ငါသိထားရမယ့်အချက်အလက်တွေ အများကြီး ရှိနေသေးတယ် ၊ အနာဂတ်မှာ ဖြစ်နိုင်ခြေတွေအကုန်လုံး ဂရုတစိုက်နဲ့ သေသေချာချာ လေ့လာရမယ် ၊ ငါသိသလောက်ကိုပဲ အချက်အလက်ပြည့်စုံပြီလို့ ယူဆလို့မရဘူး ၊ ဒီတိုင်းသာဆက်သွားရင် ငါ တဖြည်းဖြည်း ငတုံးဖြစ်လာမယ်”

“ဒါပေမဲ့ တာ့ပေဘိုးဘိုးက သူ့မှာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစရှိနေတာကို တခြားသူတွေမသိအောင် သေသေချာချာ ဖုံးကွယ်ထားခဲ့တာပဲ ၊ ဂူသင်္ချိုင်းတစ်ခုလုံး ပျက်စီးသွားတာတောင် အဲဒီပစ္စည်းက လုံးဝထွက်ပေါ်မလာခဲ့ဘူး ၊ ဒီတော့ အခု အဲဒီပစ္စည်းထွက်လာအောင် ဘယ်အရာက နှောက်ယှက်လိုက်တာလဲ ၊ ငါက ပထမအထွတ်အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ယူလာလို့ ဖြစ်တာလား ၊ ဒါမှမဟုတ် တိုက်ဆိုင်မှုတစ်ခုခုလား”

လင်ကျိုး၏အကြည့်များ အေးစက်သွားသည်။

“ဒါမှမဟုတ် တစ်ယောက်ယောက် လုပ်လိုက်တာလား”

ထိုခဏတွင် လင်ကျိုး၏ စိတ်အာရုံ၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

သူ့အတွက် အနည်းငယ် ထူးထူးခြားခံစားနေရသော အသွင်အပြင် - “ရန်ကျောက်ကဲ”

“ဂူသင်္ချိုင်းထဲက ဝိညာဉ်စွမ်းအားအစီအရင်ပျက်စီးသွားတာတောင် ဒီကောင်က မသေသေးတာလား ၊ သိုင်းဆရာသခင်တွေတောင် မလွတ်မြောက်နိုင်တဲ့ ချော်ရည်ပင်လယ်ထဲက ဒီကောင်ဘယ်လို လွတ်သွားတာလဲ ၊ သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတွေက အဆင့်နိမ့်မှော်ဝင်ပစ္စည်းတွေပဲ အသုံးပြုကြတာ ၊ အဲဒီလိုပစ္စည်းတွေက သူ့ကို ချော်ရည်ပင်လယ်ထဲကနေ ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး”

“ထင်တဲ့အတိုင်းပဲ ၊ ဒီကောင်က ငါထင်ထားတာထက် အများကြီးပိုပြီး ပြောင်းလဲသွားတယ် ၊ တည်ငြိမ်နေတဲ့ရေကို မွှေနှောက်နေတာတော့ အမှန်ပဲ”

သူ ရရှိထားသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ယခု လွတ်မြောက်ထွက်ပြေးသွားပြီ ဖြစ်သည်။

ထိုအကြောင်းကိုတွေးမိတော့ လင်ကျိုး ခဏမျှ စိတ်ဓာတ်ကျသွားသည်။

“တကယ့်ကို အနှောက်အယှက်ပဲကွာ...”

ရှည်လျားသည့် အသက်ရှူသံတစ်ချက် ပြုလုပ်လိုက်ပြီးနောက် သူ့တစ်ကိုယ်လုံးတွင် လျှပ်စီးကြောင်းများ တဟုန်းဟုန်း တောက်လောင်လာသည်။

ကောင်းကင်မိုးကြိုးခန်းမ၏သိုင်းပညာက “လျှင်မြန်မှု” ကို အလေးထားသည်။ ထိုသိုင်းပညာကို အခြား ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းကပင် အလေးအမြတ်ပြုကြသည်။

ယခု လင်ကျိုးက ထိုလျှင်မြန်မှုသိုင်းပညာကို ထုတ်ဖော်လိုက်ရာ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လျှပ်စီးအသွင် ပြောင်းလဲသွားပြီး လွတ်မြောက်သွားသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစနောက်သို့ လိုက်ပါသွားတော့၏။

***

အရှေ့နှင်းတောင်တန်းတစ်နေရာ...

နက်ရှိုင်းသည့် မြေအောက်တွင်တော့ သွေးနီရောင်တောက်ပနေသည့် လွန်းပြန်ယာဉ်တစ်စင်းက အရှိန်အဟုန်ဖြင့် ကျောက်သားအလွှာများကို ထိုးခွင်းဖြတ်သန်းလျှက် ရှိသည်။

မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ်ထဲတွင်ရှိနေသည့် ရန်ကျောက်ကဲနှင့် အားဟူက ၎င်းကို ပိုမိုလျှင်မြန်စေရန် ပဲ့ကိုင်ထားသည်။

လွတ်ထွက်သွားသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက သူတို့ရှေ့မှ ကျောက်သားအလွှာများကို အပိုင်းပိုင်းဖြတ်တောက် ထိုးဖောက်သွားသဖြင့် လွန်းပြန်ယာဉ်လှုပ်ရှားရ ပိုမိုလွယ်ကူစေသည်။

အထက်ပိုင်းသို့ရောက်သည်နှင့် ကျောက်သားအလွှာများက မြေကြီးအလွှာအဖြစ် ကူးပြောင်းသွားသည်။

ထို့နောက် မြေပြင်ပေါ်သို့ရောက်လာပြီး လင်းထိန်သည့်နေရောင်က သူတို့မျက်လုံးများရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။

မျက်လုံးကျိန်းစပ်သွားသဖြင့် ရန်ကျောက်ကဲတို့ (၂)ယောက် ခဏမျှ မျက်လုံးမှိတ်လိုက်ကြရပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်လုံးပြန်ဖွင့်လိုက်ကြသည်။

ထိုအခါ လျှပ်စီးများတဖျတ်ဖျတ်တောက်ပနေပြီး လေထဲတွင် ပျံဝဲနေသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို တွေ့မြင်လိုက်ရသည်။

ထိုအချိန်မှာပင်...

အဝေးတစ်နေရာရှိ ကောင်းကင်ထက်တွင် လေကိုထိုးခွင်းကာ သူတို့ဆီသို့ပျံသန်းလာနေသည့် လျှပ်စီးကြောင်းတစ်ခုကို တွေ့လိုက်ရသည်။

ရန်ကျောက်ကဲက မျက်မှောင်ကြုတ်လိုက်ရင်း...

“အဲဒါက တာ့ပေဘိုးဘိုးရဲ့ ဂူသင်္ချိုင်းထဲက ပထမအထွတ်ထိပ်မှော်ဝင်ပစ္စည်းမဟုတ်လား”

သူက ဆက်ပြောသည်။

“ဒုတိယအပိုင်းက ပိုပြီးဆွဲငင်အားကောင်းလို့ မြေအောက်ကမ္ဘာကိုထိုးဖောက်ထွက်လာပြီး ပထမတစ်ခုကို အလိုအလျောက် ဆွဲငင်သွားတာ ဖြစ်ရမယ်”

အားဟူက ဝမ်းသာအားရ ပြုံးလိုက်ရင်း...

“အဲဒီပစ္စည်းကို လင်ကျိုးယူသွားတာမလား ၊ အခုတော့ သူ အဲဒါကို ထိန်းမထားနိုင်တော့ဘူးထင်တယ် ၊ သိုင်းဆရာသခင်အဆင့်မဟုတ်ဘဲ အထွတ်ထိတ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ထိန်းထားနိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက နဖူးပေါ်လက်တင်ကာ နေရောင်ကိုကာလိုက်ပြီး တောက်ပနေသည့် လျှပ်စီးကြောင်းကို စူးစိုက်ကြည့်လိုက်သည်။ ထိုအခါ လျှပ်စီးကြောင်း ပတ်ပတ်လည်တွင် အနီရင့်ရောင် ပိုက်ကွန်တစ်ခု ရစ်ပတ်နေသည်ကို တွေ့လိုက်ရသည်။

“အဲဒါက သွေးပိုးအိမ်ပိုက်ကွန် မဟုတ်ဘူးလား”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

“ဒီ အပိုင်းအစ နှေး‌ကွေးနေတာ မအံ့သြတော့ပါဘူး”

ထို့နောက် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ (၂)ခု လေထဲတွင် ဆုံတွေ့သွားသည့်အခါ နားများပင်ကန်းလုမတတ်ကျယ်လောင်သော မိုးခြိမ်းသံကြီး ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲနှင့်အားဟူ လိုက်ဖမ်းသည့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက လေထဲတွင် ပျံသန်းနေရင်း “ဝုန်း” ကနဲအသံကြီးတစ်သံ ထွက်ပေါ်လာကာ အနီရင့်ရောင်ပိုက်ကွန်ထဲသို့ တဟုန်ထိုးဝင်ရောက်သွားသည်။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ (၂)ခု ထိခတ်မိသွားပြီး ဒေါမာန်ပြင်းပြင်း တုန်လှုပ်ခြောက်ခြားဖွယ်ရာ လျှပ်စီးများလင်းလက်လာကာ အပိုင်းအစ (၂)ခု ပေါင်းစည်းသွားသည်။

ကြီးမားသည့် အနီရင့်ရောင်ပိုက်ကွန်ထဲတွင် ထိုပစ္စည်းအပိုင်းအစ (၂)ခု ပေါင်းစည်းသွားသည်နှင့် လူတစ်ယောက်၏ လက်သီးဆုပ်အရွယ်ထက် အနည်းငယ်ပိုမိုကြီးမားသည့် အလုံးအဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုအလုံးအဝန်းက ခရမ်းပြာရောင်လျှပ်စီးများဖြင့် ဖုံးအုပ်လျှပ် များပြားစွာသော အဖျက်စွမ်းအားများ ထွက်ပေါ်လာသည်။ ထိုအဖျက်စွမ်းအားများက မွေးဖွားကြီးပြင်း ရင့်ကျက်လာပြီး တစ်ဖန်ပြန်လည် ဆွေးမြေ့သွားသည်။ ထို့နောက် အလုံးအဝန်း အတွင်းထဲတွင် အကြိမ်ပေါင်း ထောင်သောင်းချီ လှည့်ပတ်သွားကာ တစ်ခဏအတွင်း အပြီးတိုင် ငြိမ်သက်သွားသည်။

ထိုအရာကမ္ဘာလောကြီး ဖြစ်တည်ပျက်စီးခြင်းကဲ့သို့ ဖြစ်ပြီး အဆုံးမဲ့ပင်လယ်ကြီး စီးဆင်းနေသည့် ခံစားချက်မျိုး ပေးစွမ်းသည်။ ၎င်းခံစားချက်က မိုးနှင့်မြေ ပြီးပြည့်စုံသည့်အလား ထာဝရတည်မြဲလျှက် ရှိ၏။

အားဟူက လျှပ်စီးများဖုံးလွှမ်းနေသည့် အလုံးအဝန်းကို အကဲခတ်လိုက်ရင်း...

“ကောလဟလတွေအရဆိုရင် ဒီအထွတ်ထိပ်မှော်ဝင်ပစ္စည်းက မဟာကပ်ဘေးမတိုင်ခင်ကတည်းက ရှိခဲ့တာပဲ ၊ မဟာကပ်ဘေးကြီးအတွင်းမှာ ဘေးအန္တရယ်ရင်ဆိုင်ရပြီး အစိတ်စိတ်အမွှာမွှာကွဲထွက်သွားတာလို့ ပြောကြတယ်”

ရန်ကျောက်ကဲက မည်သည့်စကားမှ ပြန်မပြောဘဲ မိုးကြိုးဧကရာဇ်မျက်လုံး အပိုင်းအစကိုကြည့်ရင်း မှင်တက်လျှက် ရှိသည်။

အားဟူ၏ စကားများသည် ကောလဟလသက်သက်မဟုတ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သိသည်။ မိုးကြိုးဧကရာဇ်မျက်လုံးသည် မဟာကပ်ဘေးမတိုင်ခင်က တည်ရှိခဲ့သော အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည်မှာ အမှန်တကယ် ဖြစ်၏။

ထိုပစ္စည်းက အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကြားတွင် ထိပ်တန်းဖြစ်ကြောင်း ထိုစဉ်အချိန်ကတည်းက ရန်ကျောက်ကဲ ကြားသိခဲ့ဖူးသည်။

ထိုပစ္စည်း၏ မူလဇာစ်မြစ်ကိုပင် ရန်ကျောက်ကဲ သိရှိထားသည်။ ထိုအရာက မိုးကြိုးဧကရာဇ်ဆိုသည့် ရှေးဟောင်းတန်းခိုးစွမ်းအားရှင်တစ်ယောက်၏ မျက်လုံးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မိုးကြိုးဧကရာဇ်ဆိုသည်က ထိုစဉ်အချိန်က မီးတောက်မိစ္ဆာဧကရာဇ်နှင့် အဆင့်အတန်းတူညီသူတစ်ယောက် ဖြစ်သည်။

စိတ်မကောင်းစရာမှာ မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ထိုအရာများအားလုံးက အတိတ်တွင် ကျန်ရစ်ခဲ့သည်။

သူ့ရှေ့မှ အထွတ်ထိပ်မှော်ဝင်ပစ္စည်းသည် ယခုကာလတွင် တာ့ပေဘိုးဘိုးက မိုးကြိုးဧကရာဇ်မျက်လုံးဟု နာမည်ပေးခဲ့သော်လည်း မဟာကပ်ဘေးမတိုင်ခင်ကလည်း မိုးကြိုးဧကရာဇ်မျက်လုံးဟုပင် ခေါ်ဆိုသည်။ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်သည့်အထွတ်ထိပ်ပစ္စည်းတစ်ခုပင်။

သို့ပေသိ မိုးကြိုးဧကရာဇ်မျက်လုံးက အစိတ်စိတ်အမွှာမွှာကွဲသွားခဲ့လေရာ အပိုင်းအစ (၂)ခုထက်မက ရှိနိုင်သည်။

ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီး...

“ငါသိသလောက်... လင်ကျိုးက ရှန်းထျန်းအလယ်ဆင့် သိုင်းပညာရှင်တစ်ယောက် မဟုတ်လား ၊ ဒါကြောင့် သူက သွေးပိုးအိမ်ပိုက်ကွန်ကို ဆွဲထိန်းထားလို့ ဒီအထွတ်ထိပ်မှော်ဝင်ပစ္စည်းက လွတ်ထွက်လာပေမယ့် အရှိန်အရမ်း‌နှေးနေတာ ၊ ဒီအတိုင်းဆိုရင် ဘာအတားအဆီးမှမရှိဘဲ လင်ကျိုး အဲဒါကို ရသွားလိမ့်မယ်”

ရန်ကျောက်ကဲက အရှေ့နှင်းတောင်တန်းများဆီသို့ လှမ်းကြည့်လိုက်သည်။ နှင်းပွင့်လွင်ပြင်ထက်တွင် လျှပ်စီးအလား အရှိန်အဟုန်ဖြင့် လွင့်မျောလာသည့် ပုံရိပ်တစ်ခုကို တွေ့မြင်ရသည်။

ထိုသူကလည်း ရန်ကျောက်ကဲနှင့် အားဟူကို သတိပြုမိသွားသည့်အခါ အရှိန်အနည်းငယ် လျှော့လိုက်၏။

ပတ်ဝန်းကျင်မှ လျှပ်စီးများက အနည်းငယ်လျော့ပါးသွားပြီး ချောမောလှပသည့် လူငယ်တစ်ယောက်ကို တွေ့မြင်ကြရသည်။ သူ့မျက်နှာက ရေကဲ့သို့ကြည့်လင်ပြီး မျက်ဝန်းများကတော့ လျှပ်စီးများအလား တောက်ပသည်။

ရန်ကျောက်ကဲနှင့်အားဟူ စီးနင်းလာသည့် မြေအောက်ထိုးခွင်းလွန်းပြန်ယဉ်ကိုတွေ့သည့်အခါ လင်ကျိုးက သက်ပြင်းတစ်ချက်ချရင်းတွေးလိုက်သည်။

“ဒီပစ္စည်းက ဘာလဲဆိုတာ မသိပေမယ့် မြေအောက်မှာခရီးသွားနိုင်တဲ့ ထူးခြားတဲ့ရတနာပစ္စည်းတစ်ခု ဖြစ်ရမယ် ၊ သိုင်းဆရာသခင်အဆင့်မရောက်သေးဘဲ ဒီနှစ်ကောင် ချော်ရည်ပင်လယ်ထဲကလွတ်လာတာ မအံ့သြတော့ပါဘူး”

ရန်ကျောက်ကဲကိုကြည့်ရင်း လင်ကျိုးစိတ်ထဲမှာ မှတ်ဉာဏ်များ လှိုင်းထသွားသည်။ သူ့ရှေ့မှ လူငယ်သည် အပြင်ပန်းသွင်ပြင်နှင့် လှုပ်ရှားမှု မပြောင်းလဲသော်လည်း ကိုယ်ရည်ကိုယ်သွေးနှင့် ပင်ကိုယ်စရိုက်က အမှန်ပင် ပြောင်းလဲသွားသည်။

လင်ကျိုးသာ ထူးခြားသည့်အတွေ့အကြုံများ ပိုင်ဆိုင်မထားလျှင် ရန်ကျောက်ကဲ၏ မူမမှန်ခြင်းများကို လုံးဝ သိမြင်နိုင်မည် မဟုတ်ပေ။

ယခုတော့ သူ့ရှေ့မှ ရန်ကျောက်ကဲသည် သူ့မှတ်ဉာဏ်များထဲမှ ရန်ကျောက်ကဲနှင့် လုံးဝ ချိတ်ဆက်နိုင်ခြင်း မရှိပေ။

ရန်ကျောက်ကဲကလည်း လင်ကျိုးကို အလားတူပင် အကဲဖြတ်နေသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအရ လွန်ခဲ့သည့် (၃)နှစ်က ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် မိုးကြိုးသခင်လေး ‘လင်ကျိုး’ကို တစ်ကြိမ်တွေ့ဆုံဖူးသည်။

ယခုတော့ တစ်ဖက်လူ၏ ပြောင်းလဲမှုက အလွန်ကြီးမားလွန်းသည်ဟု ခံစားရပြီး ထိုအပြောင်းအလဲသည် (၃)နှစ်ဆိုသည့် အချိန်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ပြောင်းလဲခြင်းနှင့် အလွန်တရာ ဝေးကွာလွန်းပေ၏။

All Chapters