ကဖျက်ယဖျက် လုပ်ခံရသော နှလုံးသား
Vol. 121 Ch. 1685
ရှီမာယူယူ ဖိတ်စာထုတ်လိုက်ရာ အစေခံမိန်းကလေးနှစ်ယောက်သည် ချက်ချင်းပင် မျက်နှာထားပြောင်းသွားကာ အလိုလိုပင် လေးစားသောပုံစံဖြစ် သွားလေသည်။
သူမ၏ ဖိတ်စာထဲတွင် သူတို့ အကြီးဆုံးသခင်မလေး၏ အမှတ်တံဆိပ်ပါ နေရာ ထိုအဓိပ္ပာယ်သည် အကြီးဆုံးသခင်မလေးမှ ကိုယ်တိုင်ပေးပို့လိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့လူမျိုးကို ပွဲအခမ်းအနားတွင် တခြားသောအရည်အချင်းရှိ နောက်ခံရှိသော ဧည့်သည်များနှင့် ခွဲခြားထားသည်။
ဒီလိုမျိုး သီးသန့်ဧည့်သည်မျိုးက ဘယ်လိုလုပ် အစေခံတစ်ယောက်မှ တောင် ခေါ်မလာတာလဲ။ သူတို့သည် စိတ်ထဲမှ မြည်တွန်တောက်တီးနေ သော်လည်း အပြင်ပန်းတွင်တော့ အပြုံးပန်းဆင်ထားကြသည်။
“သခင်မလေးရှီမာယူယူ ဖြစ်နေတာကိုး… အကြီးဆုံးသခင်မလေးက စောင့်နေတာကြာပါပြီ ကျွန်မနဲ့လိုက်ခဲ့ပေးပါ” အစေခံမိန်းကလေးသည် ရှီမာယူယူကို အရိုအသေပေးပြီးနောက် နောက်ခြံဝန်းတစ်ခုဆီသို့ ခေါ်သွားလေ သည်။
ရှီမာယူယူ၏ မျက်နှာမကောင်းလှ၍လားမသိပေ… အစေခံမိန်းကလေး သည် လမ်းတစ်လျှောက်ဘာမှမပြောဘဲ ယန်ယွိချုံကိုသွားတွေ့ရန်ကိုသာ ဦးဆောင်သွားလေသည်။
“အကြီးဆုံးသခင်မလေး မိန်းကလေးယူယူရောက်ပါပြီ” အစေခံ မိန်းကလေး အကြောင်းကြားလိုက်သည်။
“ဝင်လာပါ” အဖြေမှာ အနည်းငယ် အေးစက်သည်။
ရှီမာယူယူ ဝင်သွားရာ အဖြူရောင်ဝတ်ထားသော မိန်းကလေးတစ် ယောက်သည် ခေါင်းငုံ့ကာ ပန်းချီဆွဲနေသည်ကို တွေ့လိုက်ရသည်။ သူမဘေး တွင် ခစားနေသူ တစ်ယောက်မှမရှိပေ။ လှုပ်ရှားသံကြားသောအခါ သူမ ခေါင်းမော့ကြည့်ရာ ရှီမာယူယူကို မြင်လိုက်ချိန်တွင် ခေတ္တမျှ မှင်တက်သွားမိ လေသည်။
“ယူယူ အကြီးဆုံးယန်သခင်မလေးကို တွေ့ပါတယ်” ရှီမာယူယူသည် သူမကို အရင် ဦးညွှတ်လိုက်သည်။
ယန်ယွိချုံသည် အသိပြန်ဝင်လာကာ ရှီမာယူယူအား ပြုံးပြီးပြောလိုက် သည် “မင်းက ယူယူလား ပြီးခဲ့တဲ့ရက်တွေတုန်းက နေရတာအသားကျရဲ့လား”
“အရမ်းအဆင်ပြေပါတယ်” ရှီမာယူယူသည် သဲ့သဲ့ပြုံးလိုက်သည် “ယူယူ့ကို ဂရုစိုက်ပေးလို့ အကြီးဆုံးသခင်မလေးယန်ကို ကျေးဇူးတင်ပါတယ်”
ယန်ယွိချုံ ဘာကြောင့် မှင်တက်သွားသည်ကို အခုမှပင် သူမ သိသွား သည်။ ရှီမာလျူရျွမ် ပြန်လာပြီးနောက် သူမသည် ယွိခဲ့လော့ပုံတူကို မြင်ဖူးခဲ့ သည်။ သူမနှင့် သူမ၏မိခင်ဖြစ်သူသည် အလွန်ရုပ်တူကာ ဝတ်စားလိုက်ချိန် တွင် ၉၀ ရာခိုင်နှုန်းပင် တူညီသွားလေသည်။ တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်ကြသူများအနေနှင့် သူမကို ယွိခဲ့လော့နှင့် အထင်မှားနိုင်သည်။
ယန်ယွိချုံသည် စားပွဲအနောက်မှထွက်လာပြီး ပြောလိုက်သည် “မင်းက မင်းအမေနဲ့ တော်တော်တူတာပဲ ငါတို့က အရင်တုန်းက ခရီးအတူသွားဖူးကြ တယ် ဒါပေမဲ့ မင်းမိဘတွေက ဒီလိုကံမျိုးနဲ့တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး”
“ကျွန်မအမေက အဖေ့ကိုချစ်ပါတယ် သူတို့က အခုခွဲနေရပေမဲ့ နှစ် ယောက်လုံးက ပျော်နေပါတယ်” ရှီမာယူယူ ပြုံးလိုက်သည်။
“ဟုတ်တယ် အဲတုန်းက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တော်တော်လေးကောင်းတယ်” ယန်ယွိချုံသည် ခံစားချက်ပါပါပြောလေသည် “မင်းအဖေ ပြန်လာပြီလို့ ကြားတယ် သူကဘာလို့မင်းနဲ့အတူ လိုက်မလာတာ လဲ”
ရှီမာယူယူသည် စိတ်ထဲမှ ကျိန်ဆဲမိသည်။ သူမက တကယ်ပဲ ဖခင်ဖြစ်သူ အကြောင်းကို မေးလာတာပဲ။ သို့သော် မျက်နှာမှအပြုံးကို ထိန်းကာ ပြောလိုက် သည် “အကြီးဆုံးယန်သခင်မလေး…”
“အဲတုန်းက မင်းအမေနဲ့ ငါက ညီအစ်မကောင်းတွေဖြစ်ခဲ့ကြတာပါ ငါ့ကို အကြီးဆုံးယန်သခင်မလေးလို့ ခေါ်မနေပါနဲ့ အဒေါ်ချုံလို့ပဲခေါ်ပါ” ယန်ယွိချုံ သည် သူမကို စကားဖြတ်ပြောကာ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွား ရန် ကြိုးစားလေသည်။
“အဒေါ်ချုံ…” ရှီမာယူယူသည် စိတ်ထဲမှ မျက်လုံးလှိမ့်ပြီး ဆက်ပြော လိုက်သည် “အရင်တစ်ခေါက် ကျွန်မတို့ဘိုးဘိုးကြီး မွေးနေ့ပွဲမှာ ရှီမာမိသားစု တိုက်ခိုက်ခံရတာ ရှင်ကြားမှာပါ”
“ဟုတ်တယ် အဲဒီကနေမှ မင်းအဖေပြန်လာတယ်ဆိုတာကို ကြားလိုက် တာပဲ” ယန့်ယွိချုံး ပြန်ဖြေလိုက်သည်။
“အဲတုန်းက ဝိညာဉ်စိမ်းဂိုဏ်းနဲ့ ယီမျိုးနွယ်အပြင် တခြားအင်အားကြီးတဲ့ လူတွေလည်းပါတယ် အဲဒါကြောင့် အဖေတို့က အဲကိစ္စကို စုံစမ်းဖို့နေခဲ့တာပါ”
“မင်းတို့ မိသားစုမှာ ဒီလောက်လူတွေများတာ သူကိုယ်တိုင် စစ်ဆေးဖို့ မလိုပါဘူး ဒီလောက်အဝေးကြီးကို မင်းတစ်ယောက်တည်းလာရလို့ သူ ဘယ်လိုလုပ် စိတ်ချနိုင်မှာလဲ”
“ဘာစိတ်ပူစရာရှိလို့လဲ” ရှီမာယူယူသည် သူမကို ရွှင်လန်းစွာ ပြုံးပြလိုက် သည် “အဲဒီစံတင်တွေကို ကျွန်မပဲ ရှင်းလိက်တာ အဲဒါကြောင့် ကျွန်မကို လုပ်ကြံချင်တဲ့ ဘယ်သူမဆို ကိုယ့်သေတွင်းကိုယ်တူးတာပဲ မဟုတ်ဘူးလား အဲလူတွေ ကျွန်မဆီလာဖို့ ဆုတောင်းနေတာ မဟုတ်တောင် သူတို့ကို ပြန်ပေး ဆပ်ခိုင်းဖို့ ကျွန်မက သွားရှာမလို့”
ယန့်ယွိချုံး၏ မျက်လုံးများသည် မှောင်မိုက်သွားသည်။ စိတ်ထဲတွင် လည်း အနည်းငယ်ပျာယာခတ်သွားသည်။ ရှီမာယူယူ တစ်ယောက်တည်းလာ ခြင်းမဟုတ်ဘဲ သူမ၏ လောကအသေးတွင် ဖန်မျိုးနွယ်ရှိနေသည်ကိုလည်း သူမ သိသည်။
သူမတင်မဟုတ်ဘဲ တိုင်းပြည်တစ်ခုလုံး သိကြသည်။ ဒါပေမဲ့ သူမကို ဘယ်သူက အကောက်ကြံရဲမှာလဲ။ ဖန်မျိုးနွယ်၏ အနာဂတ်လက်စားချေမှုကို မကြောက်ဖို့မဆိုထားနှင့် မည်သူမှ စံတင်အထွဋ်အဆင့်များကို ရင်းပြီး ဖန်မျိုးနွယ်နှင့်ရင်ဆိုင်မည်မဟုတ်ပေ။
စံတင်အထွဋ်အဆင့်ရှိသူများသည် သူတို့ကိုလေးစားသသည့်အပြင် ဝတ်တွားလုနီးပါးပင်ဖြစ်သည်။ ဒါဇင်နှင့်ချီသော စွန့်လွှတ်အနစ်နာခံမှုကို မည်သူမှ ပြုလုပ်မည်မဟုတ်ပေ။
ထို့ကြောင့် သူမသည် လုပ်ချင်သမျှကို ဂရုမစိုက်ဘဲ လုပ်ခွင့်ရှိသူဖြစ်လုနီး ပါးပင်။
“ဒါဆိုရင် မင်းအဖေရော အခုနေကောင်းရဲ့လား ဒီနှစ်တွေမှာ သူ ဘယ်မှာ ရှိခဲ့တာလဲ ငါ သူ့ကိုရှာဖို့ လူလွှတ်သေးတယ် ဒါပေမဲ့ ဘာသတင်းမှမရဘူး”
ရှီမာယူယူသည် ချက်ချင်းပင် ပြောလိုက်ချင်မိသည်…. ဘာကို သခင်မလေးတွေ စုဝေးပွဲလဲ… ဒီအတိုင်း သူမကိုခေါ်ပြီး ရှီမာလျူရွှမ်ရဲ့ အခြေအနေကို ဗြောင်လာမေးနေတာပဲလေ။
“ကျွန်မအဖေ အဆင်ပြေပါတယ် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် တစ်ချိန်လုံး သူ့စိတ်က အမေ့ဆီမှာရောက်နေရုံတင်ပါ ဟူး… သူ့ကို ဖျောင်းဖျရ တာလည်း အသုံးမဝင်ပါဘူး” သူမ စကားဆုံးသည်နှင့် သက်ပြင်းရှည်ချလိုက် သည်။
“မင်းအမေက တစ္ဆေလောကမှာ အဖမ်းခံထားရတာလေ၊ မင်းအမေက သူမကို တွေးနေတုန်းလား ငါဘာမှမပြောလိုပါဘူး ဒါပေမဲ့ သူ့ရဲ့သမီးတစ် ယောက်အနေနဲ့ အဲဒါကိုအရမ်းကြီးစွဲလမ်းမနေဘဲနဲ့ အမြင်မှန်ရအောင် ဖျောင်းဖျပေးပါ”
ထိုစကားကို ကြားသည်နှင့် ရှီမာယူယူ၏ နှုတ်ခမ်းမှာ တွန့်ချိုးသွားသည်။ သူမသည် အော်ငေါက်ပစ်ချင်မိသည် “ဒီလိုပြောဖို့ ရှင့်မှာဘာအခွင့်ရှိလို့လဲ” သို့သော် သူမသည် မျိုသိပ်ကာ ထိုစကားမျှသာပြောလိုက်သည် “အဒေါ်ချုံး ကျွန်မတို့နှစ်ယောက်လုံး ဒီရောက်နေကြတော့ တခြားဧည့်သည်တွေကျရော”
“ငါ့ညီမ ၂ ကတခြားသူတွေကို ဧည့်ခံနေပါတယ် ခဏနေရင် ငါတို့လည်း သွားကြမယ်” ယန့်ယွိချုံး ပြောလိုက်သည်။
သူမ ထိုသို့ပြောလာသဖြင့် ရှီမာယူယူသည် ဘာမှမပြောတော့ဘဲ သူမ နောက်လိုက်ရန်ကိုသာ စောင့်နေလိုက်သည်။
ခဏကြာအောင် စောင့်ပြီးနောက် ယန့်ယွိချုံး ထပ်ပြောလာပြန်သည် “ယူယူ မင်းအဖေက ဒီကိစ္စတွေကို စုံစမ်းနေတာဆိုတော့ သူဘာမှမဖြစ် လောက်ဘူးမလား၊ မင်း တစ်ခုခုလိုတာရှိရင် ငါ့ကိုပြောလေ၊ မင်းမိဘတွေနဲ့ ငါ တို့ကြားက ဆက်ဆံရေးက အရမ်းကောင်းတယ်လေ တစ်ခုခုဖြစ်လာရင် ငါက ဝမ်းပမ်းတသာ ကူညီမှာပါ”
ကျွတ်… ကျွန်မက အကူအညီလိုရင်တောင် ရှင့်ကိုမပြောဘူး ရှီမာယူယူ သည် သူမ စကားများကို နားမခံသာတော့သဖြင့် ပြောလိုက်သည် “အဒေါ်ချုံး ပွဲဆီကိုသွားကြမယ်လေ ကျွန်မ အဲဒီအရည်အချင်းရှိတဲ့သူတွေနဲ့ တွေ့ချင်နေပြီ”
ယန့်ယွိချုံးသည် သူမကို ကြည့်ပြီး စိတ်ထဲမှ မပျော်ရွှင်မှုများကို ချုပ်တည်းကာ ပြောလိုက်သည် “ဟုတ်သားပဲ ပွဲကခဏနေစတော့မှာ သွားကြ မယ်လေ”
ယန့်ယွိချုံးသည် အရှေ့မှလျှောက်ကာ ရှီမာယူယူသည် အနောက်မှ လိုက် လာသည်။ အခုချိန်ထိ ယန့်ယွိချုံးမှ အဆိပ်ခတ်သည် မခတ်သည်ကို မသိသေး ပေ။ သို့သော် သေချာသည်မှာ သူမနှင့် မိခင်ဖြစ်သူ၏ ဆက်ဆံရေးကို အသုံးချ ကာ ဖခင်ဖြစ်သူနှင့် ရင်းနှီးအောင်လုပ်ခဲ့ပြီး ဖခင်ဖြစ်သူအပေါ်တွင် ဇွဲကြီးနေ တုန်းပင်ဖြစ်သည်။ သူမသည် သူ့ကိုပြန်ပြီး ဆက်သွယ်ချင်နေသည်။
ဟင်း… သူမအဖေက အမေ့အပိုင်ပဲလေ။ သူက တခြားမိန်းမကို စိတ်ကူး ယဉ်ဦးမှာလား။
သို့သော် သူမမှ အဆိပ်ခတ်လိုက်သည်ဟု သတ်မှတ်ရန် အနည်းငယ် ခက် တုန်းပင်။ သူမသည် ဖန်တွေ့ဆုံပွဲပြီးမှပင် အတည်ပြုရမည်။
ခြံဝန်းမှထွက်ခွာပြီးနောက် ယန့်ယွိချုံးသည် အပြင်မှသတင်းများအတိုင်း ဖြစ်သွားသည်။ သူမသည် ရယ်မောခြင်း စကားပြောခြင်းမရှိဘဲ အေးစက်နေ သည်။
သူမ ပွဲခန်းမသို့ရောက်သည်နှင့် အပြင်မှ ရယ်မောသံများကို ကြားနေရ သည်။ မိန်းကလေးအားလုံး၏ အသံများထဲမှ ယန့်ချင်း၏ အသံမှာ အကျယ်ဆုံး ဖြစ်သည်။
ယန့်ယွိချုံးသည် သူမကို ခေါ်ဝင်သွားရာ အထဲမှ စကားပြောသံများသည် ချက်ချင်းပင် တိတ်သွားလေတော့သည်။
“အစ်မကြီး လာပြီလား” ယန့်ချင်းသည် ယန့်ယွိချုံးကို မြင်သည်နှင့် ပြေး လာပြီး သူမ၏ ဟိတ်ဟန်များလွန်းသော အဝတ်အစားသည် အစိမ်းရောင်ကို ဖြန့်ကားလိုက်သော ဒေါင်းနှင့်ပင်တူလေသည်။
“အင်း မိတ်ဆက်ပေးရဦးမယ် ဒါက ရှီမာမျိုးနွယ်က ရှီမာယူယူပါ” ယန့်ယွိချုံးသည် ရှီမာယူယူနှင့် မိတ်ဆက်ပေးလေသည်။ သူမ နာမည် ရှီမာယူယူဖြစ်ကြောင်း အားလုံးကြားလိုက်သောအခါ အကြည့်များပြောင်းသွား ကြလေသည်။
ရှီမာယူယူသည် သူတို့ကိုပြုံးပြလိုက်ရာ လူသတ်မည့် ရောင်ဝါကို သဲ့သဲ့ ခံစားမိလိုက်သည်။ သတ်ဖြတ်ချင်သည့် ရောင်ဝါမှာ ခဏတာမျှသာဖြစ်ပြီး သူမ ပြန်ကြည့်လိုက်သောအခါ မည်သူမည်ဝါဖြစ်သည်ကို အဖြေရှာမရတော့ပေ။
***