တုနန်ဟော်၏ သေဆုံးမှု
Vol. 122 Ch. 1695
ကျွန်မသတ်မယ်… ဆရာတို့က စုံစမ်းပါ။ ဒီအလုပ်ခွဲဝေမှုက အတော်လေး သင့်တော်ပါပေတယ်။
သို့သော် ရှီမာလျူရွှမ်သည် မစဉ်းစားဘဲနှင့် ငြင်းဆန်လိုက်သည် “မရဘူး အဲလူတွေကို ငါ့ကိုပေး ငါသတ်မယ်”
“အဖေ အဖေ့မှာလူတွေအများကြီးရှိနေတာ တစ်ခုခုဆိုရင် သူတို့ပါ အန္တရာယ်ဖြစ်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “သမီးကတော့မတူဘူး သမီးအဆင်ပြေမှာပါ”
“အဲလိုလည်း မဖြစ်သေးဘူး” ရှီမာလျူရွှမ်သည် သဘောမတူနိုင်သေးပေ။ အန္တရာယ်အနည်းငယ်သာ ရှိသည်ဆိုဦးတော့ သူ သဘောမတူနိုင်ပေ။
“ဆရာ” ရှီမာယူယူသည် ဖန်ကျိရှင်းဘက်လှည့်ပြီး အကူအညီတောင်း လေသည်။
ဖန်ကျိရှင်းသည်လည်း ရှီမာယူယူ၏ ဘေးကင်းရေးကို စိုးရိမ်သော်လည်း ရှီမာလျူရွှမ်ထက် ယုတ္တိရှိရှိစဉ်းစားတတ်သောကြောင့် သူသည် ပြဿနာများ ကို ခံစားချက်မထည့်ဘဲ ကြည့်နိုင်သည်။
“ဟုတ်ပြီ မင်းက ဒီအသက်အရွယ်ရောက်နေပြီ ပြဿနာမရှာနဲ့တော့ ကြည့်လေ မင်းကြောင့် ယူယူကြောက်နေပြီ” သူသည် ရှီမာလျူရွှမ်ကို စိုက် ကြည့်လိုက်သည် “ဒီကိစ္စကို မင်းထက် ယူယူက လုပ်ဖို့ပိုသင့်တော်တယ်”
“ပြဿနာရှာတာမင်းလေ၊ ဒီကိစ္စက ဘယ်လောက်အန္တရာယ်များလဲသိ လား၊ သူမကို လုပ်ခွင့်ပြုလိုက်ရင် သူမရဲ့ဆရာအနေနဲ့ ကျန်တာတွေကို စိတ်ချ တယ်ပေါ့” ရှီမာလျူရွှမ်သည် သုန်မှုန်စွာဖြင့် ပြန်ပြောလေသည်။
“သူမက မင်းထက်ပိုပြီး ကောင်းအောင်လုပ်နိုင်ပါတယ်” ဖန်ကျိရှင်း ပြော လိုက်သည် “သူမမှာ ဖန်မျိုးနွယ်ရဲ့ ကာကွယ်ပေးမှုရှိတယ် မင်းမှာရှိလို့လား၊ ဖန်မျိုးနွယ်က မင်းနောက်လိုက်လား၊ အဲလူတွေက မင်းနောက် တစ်ချိန်လုံး လိုက်မယ်လို့ အာမခံနိုင်လား… တုနန်မျိုးနွယ်ကလူတွေက အခွင့်အရေးယူပြီး အခြေအနေမကောင်းတဲ့အချိန်ကို မင်းဘက်လူတွေကို ဖယ်ထုတ်လိုက်နိုင် တယ် မင်းတစ်ခုခုဖြစ်ရင် ခဲ့လော့နဲ့ယူယူတို့ ဘယ်လိုဖြစ်မလဲ”
ရှီမာလျူရွှမ်၏ မျက်နှာမှာ အလွန်ပင် သုန်မှုန်သွားသည်။ ထိုအရာကို ကြည့်ရင်း ရှီမာယူယူသည် ရှေ့တိုးကာ သူ့လက်ကိုဆုပ်ကိုင်ပြီး ပြောလိုက်သည် “အဖေ စိတ်မပူပါနဲ့ လင်းယူက သမီးနဲ့အတူထားခဲ့ပေးတာရှိတယ်၊ သမီးက အသက်အန္တရာယ်ဖြစ်လောက်တဲ့အထိ ဖြစ်မှာမဟုတ်ဘူး ဟုတ်သားပဲ အဒေါ်ရှင်းနဲ့တခြားသူတွေ အချိန်မှီထွက်မလာနိုင်လည်း အဲဒီဟာနဲ့ ဖြေရှင်းလို့ ရတယ်”
သူမ ထိုသို့ပြောလိုက်သည်နှင့် ရှီမာလျူရွှမ် အနည်းငယ် ပြန်တောက်ပ လာသည်။ နောက်ဆုံးတွင် ဆရာတပည့်နှစ်ယောက် ဖြောင်းဖြလိုက်သည်နှင့် သဘောတူလိုက်ရသည်။
ရှီမာယူယူသည် လက်တွေ့ကျသူဖြစ်သည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူမ၏ အစီအစဉ်ကို စိတ်ပိုင်းဖြတ် အကောင်အထည်ဖော်တော့သည်။ သူမ သည် ရှီမာလျူရွှမ်နှင့် တခြားသူများကို ထွက်သွားခိုင်းပြီး လူပြတ်သည့်နေရာ ကို ရှာကာ တုနန်ဟော်ကို ခေါ်ထုတ်လိုက်သည်။
တုနန်ဟော်သည် ချုပ်နှောင်ခံထားရပြီး မြေပေါ်တွင်လှဲနေသည်။ သူ့ ပါးစပ်သာ လှုပ်နိုင်သည်။
ရှီမာယူယူသည် တုနန်ဟော်ဆီသို့ လျှောက်သွားပြီး သူ၏ ကျောက်စိမ်း ကဲ့သို့အသားအရေကို မြင်သောအခါ အော်လိုက်သည် “ရှင် အဲဒီမှာ ကောင်းကောင်းနေရမယ်လို့ ထင်မထားဘူး ကြည့်ပါဦး အသားတွေကောင်းလာ လိုက်တာ”
“ရှီမာယူယူ မင်းငါ့ကိုသတ်ချင်နေတာပဲ” တုနန်ဟော်သည် အေးစက်စွာ ပြုံးလိုက်သည် “ဒါပေမဲ့ မင်းမသတ်ရဲပါဘူး”
“မသတ်ရဲဘူးဟုတ်လား ဘာလို့မသတ်ရဲရမှာလဲ” ရှီမာယူယူသည် သူ့ ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ပြုံးပြီးပြောလိုက်သည် “ကျွန်မက ရှင်တို့ တုနန်မျိုးနွယ်ကို ကြောက်မယ်ထင်လား အဲဒါကြောင့် ရှင့်ကို ဒီလောက်ကြာတဲ့ အထိမသတ်တာလား”
“ငါက လျှို့ဝှက်မိသားစုရဲ့ သခင်လေးပဲ မင်းကိုယ်မင်း ဘာထင်နေလဲ မင်းက ဘာမို့လို့လဲ ငါ့ကိုသတ်ရဲလား ငါတို့လျှို့ဝှက်မိသားစုက မင်းတို့မျိုးနွယ် ကို ဖျက်ဆီးပစ်မှာမကြောက်ဘူးလား” တုနန်ဟော်သည် ထွက်ပြေးနိုင်မည့် လမ်းကြောင်းမျိုးစုံကို တွေးရင်းနှင့် ပြောလိုက်သည်။ သို့သော် မည်သို့ပင်ဖြစ်စေကာမူ တစ်ကိုယ်လုံးအချုပ်ခံထားရသဖြင့် အသုံးမဝင်ပေ။
“ရှင် သူတို့နဲ့ ဘယ်လိုဆက်သွယ်မလဲဆိုတာကို စဉ်းစားနေတာမလား” ရှီမာယူယူသည် သူ၏အတွေးကို ထိုးဖောက်မြင်ရကာ ကြင်နာစွာဖြင့် ပြော လိုက်သည် “အဲဒါ အသုံးမဝင်ဘူး”
တုနန်ဟော် မယုံပေ။ သို့သော် သူ၏ရောင်ဝါကို စုစည်းမရသည်ကို ခံစားရချိန်တွင် စိတ်ဓာတ်ကျသွားသည်။ သူမသည် ယုံကြည်ချက်ရှိလွန်းနေ သည်။ ဒါဘာအဓိပ္ပာယ်မှမရှိတော့ဘူးလား။
သူ ဝိညာဉ်စေတီတွင် ရှိစဉ်က အပြင်လောကနှင့် ဆက်သွယ်မရပေ။ အခု နောက်ဆုံး ထွက်လာချိန်မှာလည်း ဘာလို့ ဆက်သွယ်မရနိုင်သေးတာလဲ။
“ဒါက ကျွန်မရဲ့ပိုင်နယ်ပဲ ရှင်ဘယ်ဆက်သွယ်လို့ရပါ့မလဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှင် ဒီမှာသေသွားရင် သူတို့သိလိမ့်မယ်”
တုနန်ဟော်သည် တစ်ခုခုလွဲမှားနေပြီကို သိလိုက်သည်။ ထို့နောက် မယုံနိုင်စွာဖြင့် အော်လိုက်သည် “လောကအသေး ငါတို့က မင်းရဲ့ဝိညာဉ် လောကထဲမှာပဲ”
“ရှင်မှန်းတာမှန်တယ် ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဆုမရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “ရှင်မသေခင် တုနန်မျိုးနွယ်ရဲ့ မသေလူမွေးမြူတဲ့အကြောင်း ကို ပြောသွားဖို့ အစီအစဉ်ရှိလား”
“ဟားဟား အိပ်မက်မက်နေလိုက် ငါ သေရင်တောင် ဘာမှပြောမှာ မဟုတ်ဘူး”
“အင်း ကျွန်မလည်း မှန်းပြီးသားပါ အဲဒါကြောင့် မျှော်လင့်မထားဘူး” ရှီမာယူယူသည် ပခုံးတွန့်ကာ ပြောလိုက်သည်။
“ငါ့မှာလျှို့ဝှက်နည်းလမ်းရှိတယ် မင်းငါ့ကိုသတ်ရင် ငါသေတာကို မိသားစုထဲက အကုန်လုံးမြင်လိမ့်မယ် ဒါဆိုရင် သူတို့က မင်းရဲ့ရှီမာမျိုးနွယ်နဲ့ ထိပ်တန်းတောင်ကြားကို သေချာပေါက် တစ်စစီလုပ်ပစ်မှာပဲ” တုနန်ဟော် ခြိမ်းခြောက်လေသည်။
“ကျွန်မ ရှင့်ကိုသတ်မယ်လို့ ဘယ်သူပြောလဲ” ရှီမာယူယူသည် ထိုသို့ပြော ပြီးသည်နှင့် ရုပ်ပြောင်းရုပ်လွှဲလုပ်လိုက်ရာ သူ့ရှေ့တွင် တခြားတစ်ယောက် ပေါ် လာသည် “ဒီမျက်နှာကိုရှင်သိလား”
တုနန်ဟော်သည် စိမ်းသက်နေသော မျက်နှာကိုကြည့်ပြီး မျက်နှာထားမှာ ပိုအကျည်းတန်လာသည်။
“ယင်မျိုးနွယ်က အခုနောက်ပိုင်းအရမ်း အေးချမ်းတဲ့ပုံမပေါက်ဘူး၊ ရှင် သေပြီးသွားရင် လက်စားချေဖို့ အားအင်ရှိပါ့မလားတောင်မသိဘူး… ထွက်လာ တဲ့သူက လျူမျိုးနွယ်ဆိုရင် သူတို့လည်း မသေလူသုံးမလား” ရှီမာယူယူသည် မေးစေ့ကို ကိုင်လိုက်သည် “အင်း… အဲလိုတော့ မဟုတ်မယ်မထင်ဘူး အရင်ဆုံး ကျွန်မကိုရှင်းဖို့ လျူမျိုးနွယ်ကိုလွှတ်ပြီး အရမ်းအကျပ်အတည်းဖြစ်မှ မသေလူတွေထုတ်မယ်ထင်တယ်၊ သူတို့ မသေလူတွေကို ထုတ်ရဲသရွေ့ ကျွန်မ ကလည်း သူတို့လှုပ်ရှားမှုကို လက်ခံရမှာပေါ့”
သူမ ပြောလေလေ တုနန်ဟော်၏ စိတ်မှာပို၍ အေးစက်လာလေဖြစ် သည်။ သူမသည် ခြေလှမ်းတိုင်းကို တွက်ထားသည်။
“မင်းက ဒီလောက်ယုံကြည်ချက်ရှိနေတာ လျူမျိုးနွယ်လိုက်တာကနေ လွတ်အောင်ပြေးနိုင်လို့လား”
“အဲဒါကကျွန်မကိစ္စပါ ရှင်စိုးရိမ်ဖို့မလိုဘူး”
“ငါ့ကို ဘာလို့ ဒါတွေပြောပြနေတာလဲ”
“ရှင့်ကို အေးအေးချမ်းချမ်းပဲ ပို့ပေးမယ် အောက်မှာ ရှင်အထီးကျန်ရင် တစ်ယောက်ယောက်တော့ လာရှာမှာပဲ၊ ဒါပေမဲ့ တစ္ဆေလောကက ဒီလောက် ကြီးတာ၊ ရှင်သူတို့နဲ့တွေ့ပါမလား မပြောတတ်ဘူး၊ ဒါပေမဲ့ ဝိညာဉ်တွေမှာ လူသားလောကက မှတ်ဉာဏ်တွေမရှိကြဘူး ရှင်တို့တွေ့ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် မှတ်မိကြမယ်မထင်ဘူး” ရှီမာယူယူသည် နူးညံ့ သောအသံဖြင့် ပြောလေသည်။
“ကောင်မ… မင်းလည်း စုတ်စုတ်ပြတ်ပြတ်သေရလိမ့်မယ် မင်းကို ငါ အောက်မှာစောင့်နေမယ်” တုနန်ဟော်သည် သူမကို ကြောက်မက်ဖွယ်ကောင်း လောက်အောင် စိုက်ကြည့်လေသည်။
“ကျွန်မအမေက တစ္ဆေလောကက မင်းသမီးဆိုတာကို ရှင်မေ့သွားတာ လား၊ ကျွန်မ အောက်ကိုဆင်းသွားရင်တောင် ရှင့်ထက်တော့ သာသေးတယ်” ရှီမာယူယူသည် စနောက်သလိုပြောလိုက်သည် “အင်း ရှင့်ကို မဟုတ်တာတွေ အများကြီးပြောနေမိပြီ တကယ်တော့ ရှင်နာကျင်ပြီး လက်လျှော့လိုက်တာကို ကြည့်ချင်တာ ဟင်း… မိန်းမတစ်ယောက်အတွက်နဲ့ ကျွန်မကိုသတ်ဖို့ ရှင့်ကို ဘယ်သူပြောလို့လဲ ကျွန်မမှာလည်း ဝန်ထုတ်ဝန်ပိုးတွေများလိုက်တာ”
ထို့နောက် သူမသည် ဓားမြောင်ထုတ်ကာ သူ့ရင်ဘတ်ထဲသို့ စိုက်သွင်း လိုက်သည်။
ဓားမြောင်သူ့ခန္ဓာကိုယ်ထဲသို့ ထိုးဝင်သွားသည့်အသံမှာ အလွန်ပင် ရှင်းလင်းသည်။ တုနန်ဟော်၏ မျက်လုံးများမှာ ပြူးကျဘ်နေပြီး သူမအား သေသည်အထိ စိုက်ကြည့်သွားသည်။
“ဒီမျက်လုံးတွေက တကယ်ကို ကသိကအောက်ဖြစ်စေတာပဲ” သူမ ထပြီး မီးတောက်စုစည်းလိုက်ကာ တုနန်ဟော်၏ အလောင်းကို ပြာဖြစ်အောင် ရှို့လိုက်သည်။
သူ အသက်ထွက်စဉ်က အလင်းတန်းတစ်ခုသည် သူ့ခန္ဓာကိုယ်မှထွက် သွားပြီး လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့သည်။
တုနန်မျိုးနွယ်၏ အိမ်အထက်ရှိ ကောင်းကင်လေဟာပြင်တွင် ရုတ်တရက် အပြောင်းအလဲဖြစ်ခဲ့သည်။ တုနန်မိသားစုမှ လူအားလုံး အပြင် ထွက်ကာ မိုးပေါ်တွင်ပေါ်လာသော ပုံကိုကြည့်ကြလေသည်။
သူစိမ်းယောက်ျားတစ်ယောက်သည် ဓားမြောင်ကိုကိုင်ပြီး တုနန်ဟော်၏ ရင်ဘတ်ကို ခပ်ပြင်းပြင်းစိုက်လိုက်ပြီးနောက် မီးဖြင့်ရှို့လိုက်ပုံကို တွေ့ရသည်။ မြင်ကွင်းမှာ နောက်ဆုံးတွင် မီးတောက်များဖြင့် ပြည့်နှက်သွားတော့သည်။
“ခေါင်းဆောင် ခေါင်းဆောင်” အဘိုးအိုတစ်ယောက်သည် ကဆုန်ပေါက် ပြေးလာသည် “သခင်လေး… သခင်လေးရဲ့ အသက်ကျောက်စိမ်းကွဲသွားပြီ”
တုနန်ခေါင်းဆောင်သည် ဘာမှမတတ်နိုင်သဖြင့် လက်သီးကိုကျစ်ကျစ် ပါအောင်ဆုပ်ပြီး တုန်ယင်နေသည် “သွားစစ်ကြည့်လိုက် ဟော်အာကို သတ် တာ ဘယ်သူလဲဆိုတာ သေချာပေါက်ရှာတွေ့အောင်ရှာ”
“ခေါင်းဆောင် ကျုပ် နောက်ခံကိုမြင်လိုက်တယ် လျူမျိုးနွယ်ထင်တယ်” လူတစ်ယောက်က ပြောလေသည်။
“ခေါင်းဆောင် ဝူရန်မျိုးနွယ်နဲ့ ရွှမ်မျိုးနွယ်တို့က အခုနောက်ပိုင်း တော်တော်လှုပ်ရှားလာကြတယ် ကျုပ်တို့အခြေအနေက မကောင်းတော့ဘူး လျူမျိုးနွယ်ဘက်ကဆိုတော လျူမျိုးနွယ်ကိုပဲ အဲလူကိုရှာပြီးသတ်ခိုင်းလိုက်ပါ”
တုနန်ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည် “ဒါပဲ ဒီလူကိုဖမ်းပြီး အရှင်ခေါ်ခဲ့လို့ လျူမျိုးနွယ်ကို ပြောလိုက် ငါ ဟောအာအတွက် ကိုယ်တိုင် လက်တုံ့ပြန်မယ် ဒီလူကိုရှာမတွေ့ရင် သူတို့ခေါင်းကို ဖြုတ်ပြီးတော့ သာ ငါ့ကိုလာတွေ့ခိုင်းလိုက်”
***