အခန်း (၇)
Vol. 1 Ch. 7
စုချန်ယန်က သူမဘဝတစ်လျှောက်လုံး ဘယ်တုန်းကမှ အစားလျှော့စားပြီး ဝိတ်မချဖူးပေ။
သူမ၏ ခန္ဓာကိုယ်အချိုးအစားက ပိန်ပိန်သွယ်သွယ်
နှင့် ကျစ်လစ်လှသည်။ ပိန်တယ်ဆိုသည်မှာလည်း အာဟာရချို့တဲ့သလို လိုတာထက်ပိုပြီး ပိန်ကပ်နေတာမျိုး မဟုတ်ပေ။ သူမ ဇာတ်ကားမရိုက်ရသည့်အချိန်များတွင် မဂ္ဂဇင်းအတွက် မော်ဒယ်လိုလို့ ကမ်းလှမ်းတာမျိုးတွေတောင် ရှိဖူးသည်။
စုချန်ယန်၏ ဘဝမှာ 'အစားလျှော့ပြီး ဝိတ်ချရမယ်' ဆိုတဲ့ စကားလုံးက ဘယ်တုန်းကမှ သုံးစရာမလိုခဲ့ဖူးဘူးလို့တောင် ဆိုနိုင်ပေသည်။
ဒီ့အပြင် စုချန်ယန်အတွက် စားချင်တာ စားရဖို့ကသာအရေးကြီးဆုံးဖြစ်သည်။ သူမအတွက်တော့ ချို့ချို့တဲ့တဲ့နဲ့ အစားလျှော့စားရတဲ့နေရာမှာ နေရတာထက်စာရင် စုတ်ပြတ်နေတဲ့အဝတ်သာ ဝတ်ထားလိုက်ချင်သည်။ ထမင်းတစ်နပ်စာအတွက် အသားမစားပဲနေလိုက်လို့ရပေမဲ့ တစ်နေကုန်အသားမပါပဲ စားရတာမျိုးတော့ လုံးဝသည်းမခံနိုင်ပေ။
ဆိုတော့ကာ.. လင်းယွီ၏ မေးခွန်းက သူမအတွက်တော့ ဆိုးဆိုးရွားရွားပင်။
"ချန်ယန်"စုချန်ယန် တွေဝေနေတုန်းမှာပဲ ဘေးမှာရပ်နေတဲ့ လျိုဝမ်က မြန်မြန်ပြန်ဖြေဖို့ အချက်ပြလိုက်သည်။
သူတို့ရှေ့မှာ ထိုင်နေတဲ့ ဒါရိုက်တာအချို့မှာလည်း ခဏတာမျှ မရေမရာဖြစ်သွားကြသည်။
စုချန်ယန်က သူမတင်ဆက်ချင်သည့် ပုံစံအတိုင်း ဂုဏ်သရေရှိ အထက်တန်းလွှာလိုပန်းတစ်ပွင့် ဇာတ်ကောင်မျိုးကို အပြစ်အနာဆာမရှိ တင်ဆက်နိုင်ခဲ့ပေမဲ့ သူမ၏ အထောက်အထားတချို့မှာလည်း သတိထားစရာဖြစ်နေသေးသည်။ သူမသည် သူတို့ကုမ္ပဏီ၏ အဖိုးတန်ရတနာဖြစ်သော ယန်ရှို့ရီနှင့်လည်း ငြိစွန်းသည်များ ပျံ့နှံ့နေခဲ့သောကြောင့်ပင်။
သူတို့၂ယောက်လုံးသာ ကုမ္ပဏီတစ်ခုထဲနဲ့ စာချုပ်ချုပ်ထားမှန်း လူထုက သာသိသွားရင် ဘာတွေဘယ်လိုဖြစ်လာမလဲဆိုသည်မှာ မရေရာတော့ပေ။
ဘာတွေပဲဖြစ်ဖြစ် သူတို့စိုးရိမ်ပူပန်နေသော အကြောင်းအရာများက လင်းယွီ၏ ဆုံးဖြတ်ချက်ကို နည်းနည်းမျှ မကိုင်လှုပ်နိုင်ချေ။ အိမ်ပြန်ရောက်
လာတဲ့ ချစ်စရာမင်းသားလေးက (◕ᴗ◕✿) ကုမ္ပဏီကိုရောက်တာ လအနည်းငယ်သာရှိသေးပေမဲ့ တွေ့သမျှလူတိုင်းကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်တာကြောင့် ဝန်ထမ်းအများစုက သူ့ကိုမျက်မှန်းတမ်းမိသလောက် သိနေကြပြီပင်။
သူက နူးညံ့သိမ်မွေ့ပြီး စကားပြောရလွယ်တယ်လို့ ထင်ရပေမဲ့ အလုပ်နဲ့ပက်သက်ရင်တော့ စည်းကမ်းကြီးသည်။ သူ့ ဆုံးဖြတ်ချက်တွေကို ဥက္ကဌအပါအဝင် ဘယ်သူမှ ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ ဥက္ကဌကိုယ်တိုင်က အကျိုးသင့်အကြောင်းသင့် ရှင်းပြပြီးပေးတဲ့ အကြံဉာဏ်တွေကိုတောင်မှ ယတိပြတ်ငြင်းလေ့ရှိသည်။
ယခု သူပြောလာသည့်စကားအရ သူ့ထင်မြင်ယူဆချက်ကို ဒါရိုက်တာအချို့လည်း နားလည်လိုက်သည်။ ရှေ့မှ သရုပ်ဆောင် မင်းသမီး အများစု၏ သရုပ်ဆောင်မှုကို အကဲခတ် စောင့်ကြည့်လာတဲ့ တစ်လျှောက်လုံးတွင် ဘာတုံ့ပြန်မှုမှမရှိပဲ ယခုမှသာ မေးခွန်းတချို့ စမေးဖူးခြင်းပင်။
များသောအားဖြင့် မင်းသမီးတစ်လက် သရုပ်ဆောင်ပြီးတိုင်း အကြောင်းကြားလိုက်မှာဖြစ်တာကြောင့် ပြန်လို့ရပြီဖြစ်ကြောင်းသာပြောပြီး တုံ့ပြန်လေသည်။
သို့ပေတည့် ဒီငယ်ရွယ်သည့် ကျွမ်းကျင်ပညာရှင်
တစ်ဦးက နောက်ဆုံးမှာ တစ်ခုခုပြောပြီး
တုံ့ပြန်လာပေမဲ့လည်း တက်သစ်စသရုပ်ဆောင်မှာ သူ့မေးခွန်းကိုဖြေဖို့ မြင်မကောင်းလောက်အောင်ကို ချီတုံချတုံဖြစ်နေခဲ့သည်။
တစ်ယောက်ထဲ ယောက်ယက်ခတ်နေသော စုချန်ယန်၏ အမူအရာကို အာစေးမိနေသလို အံ့ဩစွာ ကြည့်နေမိကြသည်။
သူတို့၏ ဘေးတွင်ရှိနေသော လျိုဝမ်သည်လည်း စိတ်လေနေသလို မျက်ဖြူလှန်လိုက်သည်။ သို့ပေမဲ့ စုချန်းယန်က သူမအတွေးကမ္ဘာထဲမှ ရုန်းမထွက်နိုင်သေးပေ။
သူတို့၏ ရှေ့မှာထိုင်နေသော လင်းယွီသည်လည်း
အတင်းမလောပဲ သူမ၏ ဆုံးဖြတ်ချက်ကို ငြိမ်ငြိမ်လေး ထိုင်စောင့်နေသည်။
စုချန်ယန်သည်လည်း စိတ်ညစ်နေသည့် မျက်နှာထားနှင့် ဘဝင်ကျသည့် ပုံမပေါ်ချေ။ သူမသာ ကြိုသိခဲ့ရင်
ဝိတ်တက်အောင် လုပ်မှာမဟုတ်ပေ။ ဝတ်စုံဝတ်ရင် ပြည့်ပြည့်ဖြိုးဖြိုးနှင့် ကြည့်ရအဆင်ပြေအောင် အနည်းငယ်အသားပြည့်အောင် ဝိတ်တက်စေခဲ့ခြင်းဖြစ်သည်။
စုချန်ယန်၏ မျက်နှာလေးသည်လည်း ကြံရာမရစွာအနည်းငယ်ရှုံ့မဲ့ပြီး လင်းယွီကို ပြောခဲ့သည်။ "ကျွန်မကိုစဉ်းစားဖို့ အချိန်နည်းနည်းပေးလို့ရလားဟင် ဆရာ? "
လျိုဝမ်နှင့်အတူ များစွာသော ဒါရိုက်တာများလည်း
စွံ့အသွားမိသည်။
' ဘာစဉ်းစားစရာရှိလို့လဲ! ဒီလို အခွင့်ရေးမျိုးက၂ခါမရတဲ့ဟာကို '
လျိုဝမ်က စုချန်းယန်မှ Starlight ဖျော်ဖြေရေး၏ လူရွေးပွဲတွင် ဝင်ရောက်ဖြေဆိုပြီး စာချုပ်ချုပ်မယ်လို့ အခိုင်အမာပြောကာ လူရွေးပွဲမှာ ရွေးခံရပြီး Starlight ကုမ္ပဏီကလည်း သူမ ပြဿနာကို ရှင်းလင်းချက် ထုတ်ကာ ဖြေရှင်းနိုင်လိမ့်မယ် ထင်ခဲ့တုန်းက တော်တော်လေးအံ့ဩသွားသည်။ စုချန်ယန်က သူမကိုယ်သူမ သက်သက် အထင်ကြီးနေတယ်လို့တောင် တွေးမိသေးသည်။
အထွေထွေ မန်နေဂျာလင်းသည် သရုပ်ဆောင်ပေါင်းများစွာထဲမှ ချို့ယွင်းချက် လုံးဝမရှိသည်အထိ စစ်ထုတ်သလို အကဲဖြတ်နေခြင်းကို မြင်ပြီးနောက် စုချန်ယန်ကိုလည်း သူမထင်ထားသလိုပင် ပြောလိမ့်မယ်လို့ တွေးနေစဉ် ထင်မထားတာကို ကြားတဲ့အခါ နွေလည်ခေါင် မိုးကြိုးတည့်တည့်ပစ်ခံရသလိုပင် တုန်လှုပ်အံ့ဩသွားကြသည်။
ဒီမိန်းကလေး ဘာတွေတွေးနေမှန်းကို စဉ်းစားမရတော့ပါ။ Starlight ဖျော်ဖြေရေးနဲ့ စာချုပ်မချုပ်ရအောင် ဘုရားဆီ တိုင်တည်တော့မလိုပင်။ ဒီလိုအခွင့်အရေးရတုန်းမှာ ဘာကိုစဉ်းစားနေဖို့လိုလို့လဲ!
' သူမအနေနဲ့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ အခွင့်အရေးရနေတာကို ကုမ္ပဏီဘက်က သူမနဲ့စာချုပ်ချုပ်ဖို့ ကမ်းလှမ်းတာကျနေတာပဲ! '
အံ့ဩစရာကောင်းစွာပင် အပြင်ပန်းအရ သေချာကြည့်ရသလောက် လျှို့ဝှက်နက်နဲသည့် လင်းယွီသည် သူ့ပိုက်ဆံအိတ်ထဲမှ လိပ်စာကဒ်ကို ထုတ်လိုက်ပြီး စုချန်ယန်ကိုပေးကာ ပြောလိုက်သည်။
"သေချာ စိတ်ဆုံးဖြတ်ပြီးရင် ကျွန်တော့်ဆီ တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်" စုချန်းယန်လည်း ဘာမှသိပ်တွေးမနေပဲ သူ့လက်ချောင်းရှည်ရှည်တွေကို ငေး
ကြည့်ရင်း လိပ်စာကဒ်ကို ယူလိုက်ကာ ပြန်သတိကပ်လိုက်ရင်း ပြောခဲ့သည်။ "ကောင်းပါပြီ ကျွန်မ သေချာစဉ်းစားပြီး ပြန်ပြောပါ့မယ်"
ထိုကဲ့သို့ပြောပြီးနောက် လျိုဝမ်က မျက်လုံးများ ကျွတ်ကျမတတ်ဖြစ်သွားပြီး ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတာကို သူမမြင်လိုက်ရသည်။
စုချန်ယန် သူမဘက်က အနည်းငယ် မှားယွင်းနေတာကိုသတိမူမိသွားပြီး မြန်မြန်ဆန်ဆန်ပင် ဦးညွတ်ကာ ရှင်းပြဖို့ကြိုးစားသည်။ "ကျွန်မဆိုလိုတာက သေချာစဉ်းစားဆုံးဖြတ်ပြီးရင် ဆက်သွယ်လိုက်ပါ့မယ်"
လျိုဝမ် - ......
လင်းယွီလည်း သဘောတူသည့်ဟန်နှင့် ပြောခဲ့သည်။
" မင်းရဲ့အဖြေကို မျှော်နေမယ်"
"ကျေးဇူးတင်ပါတယ်ရှင့်" စုချန်ယန်က ပြန်ပြောခဲ့သည်။
လျိုဝမ် ငေးပြီးစိုက်ကြည့်နေတုန်းမှာပဲ စုချန်ယန်က ရုံးခန်းထဲက ထွက်လာလိုက်သည်။
သူမက လိပ်စာကဒ်ကိုကိုင်ထားပြီး ရုံးခန်းတံခါးပိတ်သွားသည်နှင့် သူမ ကိုယ့်နှဖူးကိုယ်ရိုက်ရင်း ပြောခဲ့သည်။ "စုချန်းယန်! အဲ့ဒါပရောဂျက်ရဲ့သူဌေးလေ နင်ရူးလား"
စုချန်းယန် ရုံးခန်းမှထွက်လာသည်နှင့် ခန်းမမှာရှိသမျှလူအားလုံးက သူမကိုပဲ ငေးကြည့်နေတာကို သတိထားမိသွားသည်။ သူမလက်ထဲက လိပ်စာကဒ်ကိုမြင်ပြီးနောက် သူတို့ မျက်နှာအမူအရာက ပြောမပြတတ်လောက်အောင် ရှုပ်ထွေးသွားကြဟန်ပင်။
ဘေးပတ်ပတ်လည်ကိုကြည့်ရင်း တွန့်ဆုတ်မနေတော့ပဲ ခန်းမထဲမှ ထွက်လာခဲ့သည်။
ခုနကတုန်းက သူမတော်တော်စိတ်ရှုပ်သွားတာကြောင့်
ကိုယ့်ကိုကိုယ် ဆုချသည့်အနေဖြင့် ဘာမှမစဉ်းစားသေးခင် ကြက်ကြော်တချို့ဝယ်စားလိုက်သည်။
ထို့နောက် စုချန်းယန် ထွက်သွားနှင့် လျိုဝမ်က ရုံးခန်းထဲမှထွက်လာပြီး ဒီနေ့ရဲ့လူရွေးပွဲပြီးသွာပြီဖြစ်ကြောင်းကြေငြာလိုက်သည်။ စုချန်ယန် ထွက်လာချိန် သူမ လက်ထဲမှာ လိပ်စာကဒ်နှင့် တွဲမြင်ပြီးနောက်
လူရွေးပွဲကို ဘာလို့အစောကြီးအဆုံးသတ်လိုက်လဲဆိုတာ ဇဝေဇဝါဖြစ်နေကြသည်။
"မစ္စတာလင်းက...စုချန်ယန်ဆီမှာ သူလိုချင်တာတစ်ခုခုများရသွားလို့လား "
"စုချန်ယန်က?...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
" သူမက ဒီလောက် ယန်ရှို့ရီနဲ့ ကျော်မကောင်းကြားမကောင်း သတင်းတွေထွက်နေတာ Starlight ဖျော်ဖြေရေးကုမ္ပဏီက သူမနဲ့စာချုပ်ချုပ်ပါ့မလား"
" ဒါပေမဲ့ သူမတစ်ယောက်ပဲ လိပ်စာကဒ်ရပြီး သူထွက်သွားတာနဲ့ လူရွေးပွဲကို အပြီးသတ်လိုက်တာလေ"
ဒီလို သံသယဖြစ်စရာစကားတွေက စုချန်ယန် ကုမ္ပဏီတစ်ခုထဲက လူတွေမှာပဲဖြစ်နေတာမဟုတ်ပေ။ သတင်းတွေက Starlight ကုမ္ပဏီအထိ ရောက်သွားပြီး အကဲဖြတ် ဒါရိုက်တာတချို့နှင့် လင်းယွီက အပြန်လမ်း၌ ကားပေါ် တူတူထိုင်ကြကာ CEOဆီမှ ဖုန်းကိုလင်းယွီက ဖြေနေတာကို မျက်မြင်ကိုယ်တွေ့ကြုနေခြင်းဖြစ်သည်။
"ဟယ်လို" လင်းယွီက ခုံကိုနောက်မှီထိုင်ကာ ပေါင်ပေါ်ခြေတစ်ဖက်ချိတ်ထိုင်လိုက်ရင်း လက်တစ်ဖက်ကိုနားထင်နားထောက်လျက် ဘေးမှဖြတ်သွားနေသည့်လမ်းမကို ပြတင်းပေါက်မှ ငေးရင်းဖြေလိုက်သည်။
သူ့မျက်နှာပေးက ကြည်ကြည်လင်လင်နှင့် တည်ငြိမ်နေသည်။
ဖုန်းထဲမှ တစ်ခုခုပြောလိုက်ပုံရပြီး လင်းယွီ သူ့မျက်လုံးတွေကို ဖြေးညှင်းစွာ မှိတ်လိုက်စဉ် သူ့ရှည်လျားသာမျက်တောင်တွေက သူ့မျက်နှာပေါ်တွင် အရိပ်ကျသွားသည့်နှယ်ပင်။
သူ့ပေါ်လွင်ထင်ရှားသည့် မျက်နှာထားမှာ ခံစာချက်ကင်းမဲ့လျက် စိတ်မပါစွာ အေးတိအေးစက်ဖြင့် ပြန်ပြောခဲ့သည်။"သူမနဲ့ အခုထိ စာချုပ်မချုပ်ရသေးဘူး "
"သူမလည်း စဉ်းစားဖို့လိုနေလို့"
ဖုန်းတစ်ဖက်မှ CEOမှာ ဗျာများနေသည့်အသံနေအသံထားဖြင့် အော်မိမတတ်ပင်။ ပြောလိုက်သည့်စကားကို သူ့ စူးရှလွန်းသည့် အသံကြောင့် အသံလုံနေတဲ့ ကားထဲ ပြတ်ပြတ်သားသား ကြားနေရသည်။
အခြားသော ဒါရိုက်တာများသည်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်ကြသည်။ နောက်ခုံ အကျယ်ကြီးတွင်ပင် တစ်ယောက်နဲ့တစ်ယောက် ပူးကပ်စွာ ကပ်ထိုင်မိရင်း ကုမ္ပဏီပြန်ရောက်လျှင် CEO၏ ဒေါသူပုန်ထမှုကြီးနှင့် တည့်တည့်မတိုးမိအောင် ကြိုရှောင်ချင်နေကြသည်။
ဒီပြဿနာက ပေါက်ကြားသွားတာနဲ့ သေချာပေါက် ကုမ္ပဏီ၏ ပုံရိပ်ကို ငြိစွန်းစေနိုင်သည်။ မုန်တိုင်းထဲ မိမလို ဖြစ်သွားတဲ့ လင်းယွီကတော့ CEO၏ ဒေါသကို ဘာမှမတတ်နိုင်သလို စိတ်ကိုလျှော့ပြီး တည်တည်ငြိမ်ငြိမ်နှင့် တစ်ဖက်လူကို ပြန်ပြောလိုက်သည်။ "ပြောရရင် သူမကို ပိုစိတ်တိုင်းကျတယ်"
သို့ပေမဲ့ တစ်ဖက်လူမှာတော့ ယန်ရှို့ရီနှင့် သူမကြားကအရှုပ်အယှက်တွေကို ပြန်ထောက်ပြနေသည်။ ခဏတာမျှ နားထောင်ပြီးနောက် လင်းယွီလည်း တွေးဆဆနှင့် ပြန်ပြောခဲ့သည်။ "ကိစ္စမရှိပါဘူး စုချန်ယန်ဘက်ကလည်း အခုထိသဘောမတူသေးဘူး"
CEOလည်း တစ်ခုခုထပ်ပြောနေစဉ် သူ တကယ်စိတ်မရှည်နိုင်တော့ဘဲ တည့်တိုးသာ ပြောချလိုက်သည်။
" လောလောဆယ် ဒီကိစ္စကိုဒီမှာတင်ရပ်လိုက်တော့။
တကယ်လို့ပြဿနာရှိရင် သူမဘက်က သဘောတူတာနဲ့ပြန်ဆွေးနွေးလို့ရတယ်"
ထိုသို့ပြောပြီးနောက် တစ်ဖက်က တစ်ခုခုပြန်ပြော
တာကိုကြားတာနှင့် ချက်ချင်းပဲ ဖုန်းချလိုက်သည်။
အတူလိုက်ပါလာသည့် ဒါရိုက်တာများသည်လည်း
အလွန်အမင်း စိတ်ဓာတ်ကျသွားပြီး ကုမ္ပဏီရောက်တာနှင့် ပြင်းပြင်းထန်ထန် အပြောခံရတော့မည်မှာ ပိုသေချာသွားသည်။
လူတစ်ယောက်က ရဲဝင့်စွာမေးလိုက်သည်။
"မန်နေဂျာ လင်း ဒီမိန်းကလေးစုရဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နေတဲ့ ဂုဏ်သတင်းက ဆိုးဆိုးဝါးဝါးပဲ။ ကုမ္ပဏီက သူမနဲ့အလောတကြီး စာချုပ်ချုပ်လိုက်မိမှာ ကျွန်တော်စိုးရိမ်မိတယ်"