ရှေးဟောင်းဝိညာဉ်သားရဲများကိစ္စကို ဖြေရှင်းခြင်း
Vol. 123 Ch. 1712
“ကျားဂူထဲက သိုးလား ဘာဖြစ်ခဲ့လို့လဲ” ရှီယူသည် ရှီမာယူယူ ယောက်ျား လေးအသွင် ဝတ်ဆင်ရသည့် အကြောင်းအရင်းကိုမသိပေ။ သူမ သဘောကျ၍ ဝတ်ခြင်းဟုသာ ထင်ခဲ့သည်။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး” ရှီမာယူယူသည် စိုးရိမ်ခြင်းအလျင်း မရှိပေ။ “ငါ ဒီတစ်ခေါက် ကျုံကျန်းဟန်ယွဲ့အနေနဲ့ သွားမှာလေ သူတို့က ဘယ်လိုလုပ် ငါ့သရုပ်မှန်ကိုသိမှာလဲ”
သူမတွင် ကျုံကျန်းဟန်ယွဲ့၏ အသွင်အပြင် ရောင်ဝါနှင့် မှတ်ဉာဏ် ရှိထားသည်။ သူမ တစ်ခုခုလွဲမှားနေသည်ကို သာမာန်လူ များအနေနှင့်သိရန် မလွယ်ပေ။
“ဒါပေမဲ့…” ရှီမန်လီသည် စိုးရိမ်နေတုန်းပင်။ ပညာရှိစံအိမ်တော်သည် ကြောက်စရာကောင်းသော အင်အားစုတစ်ခုပင်ဖြစ်သည်။ သူမ သည်တစ်ကြိမ် အပြင်သို့ခရီးသွားရာတွင် အင်အားစုတချို့၏ အင်အားများကိုသိခဲ့ရသည်။ အစကပင် သူမသည် ပညာရှိစံအိမ်တော်ကို ကြောက်စိတ်လည်းရှိသည်။
“ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ငါ့ကိုမပြောရသေးဘူးနော်” ရှီယူသည် သူတို့နှစ်ယောက်ကြောင့် ရှုပ်ထွေးလာသည်။
ပညာရှိစံအိမ်တော်မှ ထုတ်လိုက်သော ဟောကိန်းတစ်ခုကြောင့် မိန်းကလေး ဝိညာဉ်သခင်များကို လိုက်လံသတ်ဖြတ်ကြသဖြင့် သူမသည် ယောက်ျားလေးအသွင် ဝတ်ဆင်ခဲ့ရသည်ကို ရှီမာယူယူ ရှင်းပြလိုက်သည်။ သူမ သာ ပညာရှိစံအိမ်တော်သို့ သွားလိုက်သည်နှင့် ဝိညာဉ်သခင်တစ်ယောက် ဖြစ် ကြောင်းပေါ်ပေါက်သွားပါက မည်သည့်အရာများဖြစ်လာနိုင်သည်ကို မည်သူမှ မသိနိုင်ပေ။
ရှီယူ အကြောင်းစုံသိသွားသည်နှင့် ရှီမာယူယူကို ဖျောင်းဖျလိမ့်မည်ဟု ရှီမန်လီထင်ထားသည်။ သို့သော် ရှီယူသည်လည်း လုံးဝပူပန်ခြင်းမရှိသည်ကို တွေ့လိုက်သည်။ ထိုအစား သူမကို ဖျောင်းဖျလေသည် “ဘာတွေ စိုးရိမ်စရာရှိ လို့လဲ မင်းအစ်မရဲ့စွမ်းရည်နဲ့ဆိုရင် သူတို့သိသွားရင်တောင် ခံစားရမှာက သူတို့ ပဲလေ မင်းအစ်မက မြေလှန်မပစ်ရင်ကိုပဲ သူတို့ကကျေးဇူးတင်ရမှာ”
“….” ရှီမန်လီသည် ရှီယူ၏ ဂုဏ်ယူနေသော မျက်နှာကို နှုတ်ဆိတ်ကာ ကြည့်နေလိုက်သည်။ သူမကို မပြောလိုက်သင့်ဘူး။
နောက်ဆုံးတွင် ရှီမာယူယူကို တားမရနိုင်မှန်း သိသောကြောင့် သူမ မတားတော့ပေ။ ထိုတင်မကဘဲ ရှီမာယူယူသည် သူမကို ထိပ်တန်းတောင်ကြား သို့ပို့ရန် မိုဒိဆန်းတို့ကိုပြောလိုက်ပြီး သူမ၏ ခရီးစဉ်ကို စောစီးစွာ အဆုံးသတ် စေသည်။ အကြောင်းအရင်းမှာ သူမသည် စကားနားမထောင်ဘဲ အစောင့်များ ကို ကန်ထုတ်ခြင်းကြောင့်ဖြစ်သည်။
သူမ နောက်တစ်ခေါက် အပြင်ထွက်လိုပါက ရှီမန်ဖန်ကို ကျော်ဖြတ်ရ မည်ဖြစ်သည်။
ရှီမန်လီသည် စိတ်မပါလှပေ။ သို့သော် သူမ အမှားဖြစ်နေသဖြင့် ရှီမာယူယူကိုလည်း မငြင်းဆန်ရဲပေ။ သူမသည် တစ်ယောက်တည်းပြန်မည်ဟု ပြောရန်လည်း သတ္တိမရှိပေ။ အတွင်းဒေသသို့လာပြီးနောက် သူမ၏ အားအင် သည် အလွန်အားနည်းသည်ကို သိခဲ့ရသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် မိုဒိဆန်းတို့ အနက်ဝတ်လူများကို စုံစမ်းနေ သည်။ ရှီမာယူယူ၏ လွှဲအပ်မှုနှင့်အတူ သူတို့သည် ရှီမန်လီကို ထိပ်တန်း တောင်ကြားသို့ ပြန်ပို့ရန် သဘောတူလိုက်သည်။
ထွက်မသွားခင်တွင် ရှီယူသည် ရှီမာယူယူ၏ ပခုံးကိုပုတ်သွားသည် “အင်း နင် မလိုဘူးဆိုတာ ငါသိပေမဲ့ တစ်ခုခုလိုတာရှိရင် ဆက်သွယ်လိုက်ပါ နင်လည်း သိတဲ့အတိုင်း ငါ့မှာလျှို့ဝှက်နည်းလမ်းရှိတော့ အမြန်ပြေးလာလို့ရတယ်”
“လိုတယ်ဆိုရင်တော့ အားမနာတော့ဘူး” ရှီမာယူယူသည် အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
ရှီယူသည် စိတ်ထဲတွင် ထူးဆန်းသွားသည်။ သူမသည် ထိုခံစားချက်ကို နားမလည်သော်လည်း ချုပ်တည်းထားလိုက်သည်။ ပြီးနောက် ရှီမန်လီနှင့် ထွက်သွားလေသည်။
ရှီမာယူယူသည် ရှီယူ၏ မျက်နှာထားကို မြင်လိုက်သည်။ သူမ သဲ့သဲ့ပြုံး လိုက်သည်။ သူမ၏ မျက်လုံးများသည် ပြီးခဲ့သည့်ကိစ္စများကို တွန့်ဆုတ်သည့်ပုံ ပေါက်သည်။
“အရာရာတိုင်းမှာ ပြန်ပေးဆပ်ရတာရှိတယ် ဒါပေမဲ့ တစ်ခါတလေကျ သေဆုံးခြင်းက လူတစ်ယောက်အတွက် အဆုံးသတ်မဟုတ်ဘူး အစပဲ…”
ရင်လင်း၏ စကားများသည် ရုတ်တရက် သူမစိတ်အတွင်းတွင် ပေါ်လာ သည်။ သူမ၏ မျက်နှာမှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူမရဲ့ ဘေးဒုက္ခက မကြာခင်လာတော့မှာလား..
သူမသည် ရင်လင်းစကားများကို ယုံကြည်သည်။ ထို့ကြောင့် သူမ ဘေး ဒုက္ခခံစားရမည်ကို သိထားသည်။ သူမ၏ အမှောင်နှင့် အလင်းအရည်အချင်း များသည် တစ်ခုနှင့် တစ်ခုဟန်ချက်ညီရန် ပိုပိုခက်လာသည်။ ယုံကြည်မှု စွမ်းအားသည်လည်း ဖိနှိပ်ရန်ခက်လာသည်။ သူမ၏ ခန္ဓာကိုယ်သည် အကျပ်အတည်းနှင့် ရင်ဆိုင်ရတော့မည်ကို ခံစားမိနေသည်။ ဖြစ်နိုင်သည်မှာ မဝေးလှသောအနာဂတ်တွင် သူမသည် ဘေးဒုက္ခခံစားနိုင်ရသည်။
ထို့ကြောင့် သူမ စိတ်မအေး ခံစားရခြင်းပင်။
“ငါ အမေ့ကိုမကယ်ရသေးဘူး ဘေးဒုက္ခက စောစောရောက်မလာဖို့ပဲ မျှော်လင့်ပါတယ်” သူမသည် သူမဘာသာရေရွတ်မိသည်။
သူမ မသေနိုင်ပေ။ သူမ တစ္ဆေလောကသို့သွားလျှင် သူမ၏ဝိညာဉ်တွင် မည်သည့်မှတ်ဉာဏ်မှ ပါမသွားနိုင်ပေ။ သူမ၏ ဆွေမျိုး၊ သူငယ်ချင်းများနှင့် မိခင်ဖြစ်သူကို ကယ်ရမည့်ကိစ္စများကို မမှတ်မိနိုင်ပေ။ သူမ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော ဝိညာဉ်စွမ်းအင်သည် အလဟဿဖြစ်သွားမည်ဖြစ်သည်။ ထို့ကြောင့် တစ္ဆေလောကသို့သွားလျှင် အသက်ရှင်နေမှဖြစ်မည်
သူမသည် မျက်လုံးပိတ်ကာ အသက်ပြင်းပြင်းရှုလိုက်သည်။ မျက်လုံးပြန် ဖွင့်လိုက်ချိန်တွင် စိတ်ငြိမ်သွားသည်ကို ခံစားမိသည်။ သူမ ပညာရှိစံအိမ်တော် ကိစ္စကို ဖြေရှင်းပြီးသည်နှင့် တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
သူမသည် ကျုံကျန်းဟန်ယွဲ့အနေနှင့် ရုပ်ပြောင်းသွားမည်ဖြစ်သဖြင့် သူမ၏ ဝိညာဉ်သားရဲများကို ထုတ်သုံးမရပေ။ ထို့ကြောင့် ပညာရှိစံအိမ်တော် ကို ကိုယ့်အားကိုယ်ကိုးပြီး သွားရမည်ဖြစ်သည်။
ပညာရှိစံအိမ်တော်၏ နန်းတော်သည် မြို့အစပ်တွင် တည်ဆောင်ထား သည်။ ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ပညာရှိစံအိမ်တော်၏ နန်းတော်မှာ အလွန်ပင် ကြီးကျယ်ခမ်းနားလှကာ ထိုအရာများသည် လူများဆီ မှ အဓမ္မလုယူထားသည့် ပစ္စည်းဟုတ်မဟုတ်ကို မည်သူမှမသိနိုင်ပေ။
တံခါးတွင် လူနှစ်ယောက် စောင့်ကြပ်နေရာ ရှီမာယူယူကိုမြင်သည်နှင့် သူတို့သည် အရိုအသေပေးလေသည်။
“မြင့်မြတ်သောသမီးတော်ကို နှုတ်ဆက်ပါတယ်”
ရှီမာယူယူသည် ကျုံကျန်းဟန်ယွဲ့၏ အပြုအမူကို အတုခိုးပြီး စိတ်မဝင် စားသည့်ဟန်နှင့် ခေါင်းညိတ်လိုက်သည် “စံအိမ်တော်သခင်ဘယ်မှာလဲ”
“ပင်မဆောင်မှာ ဧည့်သည်တွေနဲ့တွေ့နေပါတယ်” အစောင့်ပြန်ဖြေလေ သည်။
“သူကိုယ်တိုင်တွေ့ဖို့လိုတယ်ဆိုတော့ ဘယ်လိုဧည့်သည်မျိုးလဲ ငါလာ တာကို သူမမသိဘူးလား” ရှီမာယူယူသည် ခပ်တည်တည်ဖြင့် ပြောလေသည်။
“မြင့်မြတ်သောသမီးတော် စိတ်လျော့ပါ” အထဲမှ စိတ်ပါလက်ပါရယ် လိုက်သော ရယ်သံထွက်လာသည်။ ပညာရှိစံအိမ်တော် ဝတ်စုံကိုဝတ်ဆင်ထား သော မိန်းကလေးတစ်ယောက် ထွက်လာသည်။ “မြင့်မြတ်သောသမီးတော် လာမယ်ဆိုတာ ဒီလက်အောက်ငယ်သား သိပါတယ် တချို့ကိစ္စတွေကို နောက်ဆုတ်ထားပါတယ် ဗွေမယူပါနဲ့ မြင့်မြတ်သောသမီးတော်”
“စံအိမ်တော်သခင်ဂူ တွေ့နေတာ ဘယ်လိုအရေးကြီးဧည့်သည်လဲ” ရှီမာယူယူ၏ မျက်နှာထားမှာ မကောင်းလှပေ။ တစ်ဖက်လူမှ ပြန်မဖြေမချင်း လက်လျော့မည့်ပုံ မရှိပေ။
“မျိုးနွယ်တစ်ခုရဲ့ ခေါင်းဆောင်က မြင့်မြတ်သောသမီးတော် ရောက်နေ တာသူမသိလို့ပါ ပြီးတော့ ကျွန်မကို သတင်းပို့ဖို့ပြောထားပါတယ်” ဂူချင်း ပြော လိုက်သည်။
မျိုးနွယ်တစ်ခု၏ ခေါင်းဆောင်သည်အရေးကြီးသည်။ ရှီမာယူယူ၏ မျက်နှာမှာ ပြေလျော့သွားသည်။
“မင်း ဆွေးနွေးပြီးပြီလား မင်းကိုပြောစရာရှိတယ်” ရှီမာယူယူ ပြောလိုက် သည်။
“သူတော်စင်မြို့ ညီလာခံမှာပါဖို့လား” ဂူချင်းမေးလိုက်သည်။
“သူတော်စင်မြို့ ညီလာခံကြီးလား”
“မြင့်မြတ်သောသမီးတော်က ဘာလို့မသိတာလဲ”
“ငါ အပြင်ကိုသွားလိုက်တာလေ ဂိုဏ်းနဲ့ ခဏလောက် အဆက်အသွယ် ပြတ်သွားတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “သူတော်စင်မြို့ ညီလာခံကြီး က ဘာလို့ကျင်းပါတာလဲ”
“ကျွန်မနဲ့လိုက်ခဲ့ပါ မြင့်မြတ်သောသမီးတော် သွားရင်းနဲ့ ပြောကြတာပေါ့”
ရှီမာယူယူသည် အရှေ့မှလျှောက်ရင်းနှင့် ပညာရှိစံအိမ်တော် မည်သည့် အရာများ ကြံစည်နေသည်ကို သိချင်နေသည်။
ဤနေရာမှ သူတော်စင်မြို့တော်သည် ယိလင်းတိုင်းပြည်၏ သူတော်စင် မြို့တော်နှင့်မတူပေ။ ဤသူတော်စင်မြို့တော်၏ ပင်မအချက်အချာတွင် တည်ရှိသည်။ ထိုနေရာမှလူများသည် သူတော်စင်ကဲ့သို့ သိမြင်နားလည်သဖြင့် သူတော်စင်မြို့တော်ဟု အမည်တွင်သည်။ ကျုံကျန်းဟန်ယွဲ့သည် ထွက်မသွား ခင်တွင် သူတော်စင်မြို့ညီလာခံအကြောင်းကို သိမသွားလိုက်ပေ။ ဒါနဲ့ သူတို့က ရုတ်တရက်ကြီး ဘာလို့သူတော်စင်မြို့ညီလာခံကိုကျင်းပချင်တာလဲ။
ဂူချင်း သူတော်စင်မြို့ညီလာခံကြီးအကြောင်း ပြောပြပြီးနောက် သူမ၏ မျက်နှာ အမူအရာမှာ မပြောင်းမလဲရှိသော်လည်း စိတ်တွင်တော့ လှုပ်ရှား ခုန်ပေါက်နေသည်။ သူတော်စင်မြို့ညီလာခံသည် လက်ရှိဂယက်များအကြား တွင် ကျင်းပမည်မဟုတ်သော်လည်း ရှေးဟောင်းဝိညာဉ်သားရဲများကို အမြန် ကိုင်တွယ်ရမည်ဖြစ်သဖြင့် အင်အားစုအများအပြားနှင့် ပူးပေါင်းရန် ကျင်းပရ ခြင်းဖြစ်သည်။
သူတို့သည် ထောင်ချီသော မျိုးနွယ်များကို ဖိတ်စာပို့ပြီးကာ အတွင်းဒေသ ရှိ ပထမအဆင့်အတန်းရှိသော အင်အားများကို ဖိတ်ထားကြောင်း ပြောလေ သည်။ သူတို့သာ အောင်မြင်လျှင် ရှေးဟောင်းဝိညာဉ်သားရဲများသည် မကြုံဖူး သောအခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ကြီးမြတ်သောဝူလင်းတို့ သတင်းရမရကို သူမသိပေ။ မဟုတ်လျှင် သူမ နည်းလမ်းရှာပြီး သူ့ကိုသတင်းပေးရမည်။ ထိုသို့မဟုတ်ပါက သူတို့ သတိလျော့ မချိန်တွင် မချိမဆန့်ခံစားသွားရနိုင်သည်။
***