အခန်း ၁၄၉၄
Vol. 101 Ch. 1494
အပိုင်း (၁၄၉၄)
မြက်ခင်းစိမ်းလွင်ပြင်ထဲမှာတော့ များပြားလွန်းလှသည့် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများအားလုံးသည် တစ်ယောက် ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြ၏။ ၎င်းတို့သည် ပွဲကြည့်ပရိသတ်လာလုပ်ခြင်းသာဖြစ်၏။ ပွဲကြီးပွဲကောင်း တစ်ခုသည် လွင့်ပါးပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ကြမ်းတမ်းလှသော တိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်မလာခဲ့ခြင်းသည် လှပလွန်းသော ဆံပင်အဖြူရောင်နှင့်အမျိုးသမီး၏ ကျေးဇူးကြောင့်ပင် ဖြစ်ပေလိမ့်မည်။ သူမသည် လေပေါ်တွင် မတ်မတ်ရပ်လျက်ရှိနေပြီး သူမ၏ နာမည်သည် ကြီးမြတ်သူချင်းဝေပင် ဖြစ်၏။ ဤကဲ့သို့သော လှပလွန်းသည့် အမျိုးသမီးတစ်ယောက်သည် အမုန်းတရား ကြောင့် သူမ၏ ကလန်တစ်ခုလုံးကို သတ်ဖြတ်ခဲ့၏။ ထို့အပြင် နယ်မြေဟောခန်း၏ သစ္စာဖောက်တစ်ယောက်ဟုပင် သတ်မှတ်ခြင်းကို ခံခဲ့ရသည်။
နေအုံး။ စောနက မိုးစွေဟောခန်း၏ လူများ၏ သတင်းပေးပို့မှုတွင် ဆံပင်အဖြူရောင်နှင့်အဘွားအိုဟု ပြောဆိုခဲ့သည်မဟုတ် ပါလား။ အဘယ့်ကြောင့် ဆံပင်အဖြူရောင်နှင့် လှပလွန်းသော အမျိုးသမီးတစ်ယောက်ဖြစ်နေရသနည်း။
မိုးစွေဟောခန်းမှ လူများအားလုံးသည် ခပ်လှမ်းလှမ်းတည်နေရာဆီမှ လှမ်းကာ ကြည့်ရှုခဲ့ခြင်းပင်ဖြစ်၏။ အနောက် ဘက်မှကြည့်ရှုသည့်အချိန်တွင် ဆံပင်အဖြူနှင့် ပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ အဘွားကြီး တစ်ယောက်ဟု သတ်မှတ်ခဲ့ခြင်းပင်ဖြစ်၏။
“ကျေးဇူးပါပဲ … ဆရာ”
ဧကရီလင်းရောင်၏ လေသံတွင် လေးစားမှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ကြီးမြတ်သူချင်းဝေသာ ပေါ်ပေါက်မလာပါက နှစ်ဖက်သားသည် တိုက်ခိုက်နေမည်မဟုတ်လျှင်တောင်မှ သူမအနေနှင့် အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက် များများကို ပေးအပ်ရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းအနေနှင့် ဖြစ်ပေါ်လာသည့်အခြေအနေနှင့်ပတ်သက်၍ သဘောကျလျက်ရှိနေ၏။ ဘာပဲပြောပြော ထိုကဲ့သို့သာ ဖြစ်ပေါ်လာမည်ဆိုပါက ထိုအမျိုးသမီးသည် အရင်းအမြစ်တစ်ချို့ ဆုံးရှုံးသွားပေလိမ့်မည်။ သို့ပေမဲ့ အခြေအနေသည် တစ်ဆင့်ပြီးတစ်ဆင့်သွားရမည့်နေရာတွင် နောက်ဆုံးကောင်းခန်းရောက်ချိန်မှ ပျက်ပြယ်သွားခဲ့ရ၏။
ကြီးမြတ်သူချင်းဝေသည် မိုင်းတွင်း၏ အဝင်ဝဆီသို့ သွားလိုက်ပြီးသည့်နောက် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ မေးလိုက်သည်။ “အထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို မင်းတူးထုတ်ခဲ့တာလား။”
သူမ၏ ဆရာပင်လျှင် သံသယဝင်လျက် ရှိနေ၏။
ဧကရီလင်းရောင်သည် ရိုးသားစွာပဲ ပြန်လည်ဖြေဆိုလိုက်သည်။ “မဟုတ်ပါဘူး။”
“ဒါက ထူးဆန်းလွန်းတယ်။” ကြီးမြတ်သူချင်းဝေသည် ဇဝေဇဝါဖြစ်သွားမိ၏။ ဤကဲ့သို့ ကြီးမားလွန်းသော မိုင်းတွင်းကြီးတစ်ခုသည် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုမျိုးကိုပင် ဖြစ်ပေါ်စေခဲ့သည်။ သို့ပေမဲ့ ပေါ်ပေါက်လာသည့်အချိန်တွင် အဘယ့်ကြောင့် ဗလာနတ္ထိဖြစ်နေရသနည်း။
“ကျွန်မကို အပြစ်ပုံချချင်လို့ ဒီနေရာကို တမင်တကာ လာထားထားတာလည်း ဖြစ်နိုင်တယ်။” ဧကရီလင်းရောင်က ခန့်မှန်းလိုက်မိ၏။
မိုင်းတွင်းကြီး မြက်ခင်းစိမ်းလွင်ပြင်တွင် အဘယ်ကြောင့် ရုတ်တရက် ပေါ်ပေါက်လာသည်ဖြစ်ကြောင်းကို သူမစဉ်းစားလျက်ရှိနေ၏။ ထို့အပြင် သူမအနေဖြင့် ဤတည်နေရာသို့ လာလေ့လာထရှိသည်ဆိုသော်လည်း စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းကြီးတည်ရှိနေသည်ကိုတော့ တစ်ခါမှ အာရုံမခံမိချေ။ ထိုအရာကြီးသည် လေထုထဲမှာပင် ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
“တစ်စုံတစ်ယောက်က အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးတွေကို တူးထုတ်ပြီးတော့ မိုင်းတွင်းကြီးတစ်ခုလုံးကို ဒီနေရာကို ရွှေ့လာတယ်လို့ ဆိုလိုချင်တာလား။” ကြီးမြတ်သူချင်းဝေက မေးလိုက်၏။
“ဒါက ပြောဖို့ခက်တယ်။” ဧကရီလင်းရောင်အနေနှင့် မသေချာလှပေ။ ထို့အပြင် အကြောင်းအရင်းမရှိဘဲ အဘယ့်ကြောင့် ဤကဲ့သို့ ပျင်းရိစရာကောင်းလှသည့် ကိစ္စရပ်များကို ပြုလုပ်ရမည်နည်း။
ကျွင်းချောင်ရှောင်းသည်လည်း အမှန်ပင် ပျင်းရိလွန်းနေခဲ့၏။ ဘာမှ လုပ်စရာမရှိသောကြောင့် ဤကဲ့သို့ အရာမျိုးကို ပြုလုပ်ခဲ့ခြင်းပင် ဖြစ်၏။
“ငါ့အနေနှင့် မင်းကို နယ်မြေဟောခန်းထဲကို မဝင်နဲ့လို့ အစောကြီးကတည်းက ပြောခဲ့သားပဲ။ အဲဒီအဖွဲ့အစည်းထဲမှာ မုန်းစရာကောင်းတဲ့လူတွေအများကြီးရှိတယ်။”
ကြီးမြတ်သူချင်းဝေက ပြောလိုက်၏။ “အခု မင်း အပြစ်တွေပုံချခံရတာလည်း နယ်မြေဟောခန်းက လူတွေလုပ်တာ ဖြစ်နိုင်တယ်လေ။”
“……..”
ဧကရီလင်းရောင်သည် မည်သည့်စကားကိုမှ မဆိုချေ။
“ထားလိုက်တော့။ ထားလိုက်တော့။”
ကြီးမြတ်သူချင်းဝေက ပြောလိုက်သည်။ “ဒါက မင်းရွေးချယ်ခဲ့တဲ့ လမ်းတစ်ခုပဲလေ။ ငါဝင်ပြီး ပြောဆိုနေမှာ မဟုတ်ဘူး။ အနာဂတ်မှာ ပိုပြီး ဂရုစိုက်ဖို့ပဲ မျှော်လင့်နေတယ်။”
“ကောင်းပါပြီ။” ဧကရီလင်းရောင်၏ အသံသည် လေးစားမှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။ သူမ၏ ဆရာသည် သူမ၏ နှလုံးသားထဲတွင် ကြီးမားသည့်အခြေအနေတစ်ခုအဖြစ် တည်ရှိနေကြောင်းကို သိရှိနိုင်၏။
ကြီးမြတ်သူချင်းဝေက ဆက်ပြောလိုက်သည်။ “မင်းအနေနဲ့ မကြာသေးခင်က အထူးလှိုဏ်ဂူ ဆီ သွားခဲ့သေးတယ်မဟုတ်လား။”
“ဟုတ်ပါတယ်။”
“ဒါဆိုရင် ကြီးမြတ်သူတုံးကုနဲ့ တွေ့ခဲ့လား။”
“တွေ့ခဲ့ပါတယ်။”
“ဒီရောင်းရင်းက ကျွင်းချောင်ချူးလို့ ခေါ်တဲ့ တပည့်တစ်ယောက်ကို အသစ်ခေါ်ထားတယ်လို့ ကြားခဲ့တယ်ဟုတ်လား။”
“ကျွင်းချောင်ရှောင်းပါ။”
“အင်း …. တောင်ကြီးတစ်ခုလုံးနဲ့ဂိုဏ်းတစ်ခုလုံးကို အထက်နယ်မြေဆီကို တက်လှမ်းနိုင်အောင် ပြုလုပ်နိုင်ခဲ့တာဆိုတော့ ဒီကျွင်းပုရှောင်က သာမန်ထက်ပိုတဲ့လူတစ်ယောက်ဖြစ်လိမ့်မယ်။”
“…….”
ဧကရီလင်းရောင်သည် အမှန်ပြင်ပေးလိုက်၏။ “ဆရာ သူ့ရဲ့ နာမည်က ကျွင်းချောင်ရှောင်းပါ။”
“ဘာပဲဖြစ်ဖြစ်” ကြီးမြတ်သူချင်းဝေက ပြောလိုက်သည်။ ကျွင်းရဲ့အနောက်တွင် ဘာပဲဖြစ်ဖြစ် အရေးမကြီးလှချေ။ သူတို့နှစ်ယောက်ပြောဆိုချင်သည့်လူသည် တစ်ယောက် တည်း ဖြစ်နေလျှင် လုံလောက်ပြီဖြစ်သည်။
ဧကရီလင်းရောင်သည် သူမ ဆရာ၏ အမူအကျင့်ကို နားလည်ပြီးဖြစ်၏။ ထို့ကြောင့် နာမည်ကိစ္စကို ဆက်ကာ မပြောတော့ချေ။
“ကြီးမြတ်သူတုံးကုနဲ့ ကြီးမြတ်သူကုဟုန်တို့က နောက်ဆယ်နှစ်အကြာ တိုက်ပွဲတစ်ခုကို စီစဉ်ထားခဲ့တယ်လို့ ငါကြားခဲ့ တယ်။”
“အင်း …. နောက်ဆယ်နှစ်အကြာမှာ သူတို့တပည့်တွေကြား စိန်ခေါ်ပွဲတစ်ခု ပြုလုပ်ဖို့ သဘောတူထားတယ်လို့ ကျွန်မကြားခဲ့တယ်။”
“ဟမ်”
ကြီးမြတ်သူချင်းဝေသည် အနည်းငယ် အံ့အားသင့်မိ၏။ “ဒီရောင်းရင်းနှစ်ယောက်က အချိန်အတော်ကြာ တိုက်ခိုက်နေတာတောင် မလုံလောက်သေးဘူး။ တပည့်တွေကိုပါ ထပ်ပြီး တိုက်ခိုက်ခိုင်းချင်နေတာလား။”
“ဒါဆိုရင် ငါလည်း ပါလို့ရလား သွားမေးအုံးမှပဲ။”
ဧကရီလင်းရောင်က ပြောလိုက်သည်။ “ဆရာ ကျွန်မ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်နိုင်ဖို့အတွက် လောလောဆယ် အာရုံစိုက်ထားတယ်လေ။ သူတို့နဲ့ တိုက်ခိုက်ဖို့အတွက် အချိန်မရှိပါဘူး။”
သူမပြောပြီးပြီးချင်းမှာပဲ ကြီးမြတ်သူချင်းဝေသည် ပျောက်ကွယ်သွားခဲ့တော့၏။
“………”
ဧကရီလင်းရောင်သည် တွေးလိုက်မိသည်။ တကယ်ကြီး ကြီးမြတ်သူတုံးကုဆီကို သွားတာတော့ မဟုတ်လောက်ပါဘူးနော်။
သူမ၏ ဆရာသည် အလွန်ပင် ကြီးမားသည့် ပြိုင်ဆိုင်လိုစိတ်ရှိသည်ဖြစ်ကြောင်းကို သိရှိပြီးဖြစ်၏။
စီနီယာနှစ်ယောက်ကြား ကစားပွဲတွင် ဝင်ရောက်ပြီး ယှဉ်ပြိုင်ရန်ကြိုးစားလိမ့်မည်ဖြစ်ကြောင်း သူမနားလည်မိ၏။ သူမအနေနှင့် နောက်ဆယ်နှစ်အကြာ တိုက်ပွဲတွင် မည်ကဲ့သို့ ရင်ဆိုင်ရမည်ဖြစ်ကြောင်းကို ကြိုတင်ကာ စဉ်းစားလျက်ပင်ရှိနေမိသည်။
“အင်း။”
ဧကရီလင်းရောင်သည် သက်ပြင်းချကာဖြင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအလွတ်ကြီးထဲကို ဝင်ရောက် လိုက်၏။ “ဘယ်သူ ငါ့ကို ဒုက္ခပေးခဲ့တာလဲ။”
….
အထူးလှိုဏ်ဂူထဲမှာတော့
ဘုန်း
ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုဖြစ်ပေါ်လာပြီး စစ်တုရင်ခုံတစ်ခုလုံးသည်လည်း ပျက်စီးသွားခဲ့၏။ စစ်တုရင်ကစားလျက်ရှိနေသည့် ကြီးမြတ်သူ တုံးကုနှင့် မာဆာတိုကီတာနိုတို့သည် ဒေါသထွက်သွားခဲ့ကြ၏။
တစ်ယောက်သည် တိတ်တဆိတ် ပျော်ရွှင်စွာဖြင့် လှမ်းကြည့်လိုက်ပြီး တစ်ခြားတစ်ယောက်မှာတော့ ရုတ်တရက် ပေါ်ပေါက်လာသည့် ကြီးမြတ်သူချင်းဝေအား ဒေါသတကြီးဖြင့် လှမ်းကြည့်လိုက်သည်။
“အဘွားကြီး …. ကျုပ် နိုင်ခါနီးနေပြီ။ ခင်ဗျား” ကြီးမြတ်သူတုံးကုသည် စကားပင် ဆက်မပြောနိုင်အောင် ဒေါသထွက်လျက်ရှိ၏။
“ဘယ်သူ့ကို အဘွားကြီးလို့ ခေါ်တာလဲ။” ကြီးမြတ်သူ ချင်းဝေသည် မျက်မှောင်ကုတ်လိုက်မိ၏။ သူမ၏ လက်ဝါးထဲတွင် ကျန်းချီများ စုစည်းလာသည်
…
မူလအားဖြင့် ဒေါသထွက်လျက်ရှိနေသည့် ကြီးမြတ်သူတုံးကုသည် ရုတ်တရက် တည်ငြိမ်အေးချမ်းသွား၏။ တူညီသည့် မျိုးဆက်တွင်ရှိသော သိုင်းကျင့်ကြံသူများဖြစ်သည်မို့ သူသည် ဤအမျိုးသမီး၏ အကြောင်းကို ကောင်းကောင်းနား လည်သွားမိ၏။ ဒေါသထွက်သွားသည်ဆိုပါက သူမသည် ကျိန်းသေပေါက် ရူးသွပ်သွားသူတစ်ယောက်လို တိုက်ခိုက်တတ်သူတစ်ယောက်လို ဖြစ်၏။
“ဟမ့်”
ကြီးမြတ်သူ တုံးကုသည် သူ၏ အင်္ကျီလက်ကို ရမ်းခါကာဖြင့် မေးမြန်းလိုက်သည်။ “ဘာကိစ္စရှိလို့လဲ။”
“ရှင့်နဲ့ အဘိုးကြီးကုဟုန်တို့ ကြားထဲမှာ ဆယ်နှစ်ကြာ စိန်ခေါ်ပွဲရှိတယ်လို့ ကျွန်မကြားခဲ့တယ်။ တပည့်တွေကို လေ့ကျင့်သင်ကြားပေးပြီးတော့ အနိုင်ရရှိသူကို ဆုံးဖြတ်မှာဆို။”
“ဒါ အမှန်ပဲ။”
“ဒါဆိုရင် ကျွန်မလည်းပါမယ်။”
ကြီးမြတ်သူတုံးကုသည် ဆွံ့အသွားမိ၏။
ကြီးမြတ်သူ ချင်းဝေက ပြောလိုက်သည်။ “အချိန်ရောက်လာပြီဆိုရင် ကျွန်မတပည့်ကို ခေါ်လာပြီး ရှင့်ရဲ့ တပည့်တွေနဲ့ တိုက်ခိုက်မယ်။”
“………”
ကြီးမြတ်သူတုံးကု၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
“ခင်ဗျားတပည့်ဧကရီလင်းရောင်က အမြုတေအသွင်ပြောင်းခြင်းအဆင့် ၉ တောင် ရောက်နေပြီလေ။ ဒါ သက်သက် အနိုင်လာကျင့်တာနဲ့ မတူဘူးလား။”
“ဘာလဲ။ ရှုံးမှာကြောက်နေလို့လား။” ကြီးမြတ်သူ ချင်းဝေက ပြန်မေးလိုက်သည်။
“ချီးတဲ့မှ။”
ဤမိန်းမသည် အမှန်ပင် မောက်မာလွန်းလှချေသည်။ ကြီးမြတ်သူတုံးကုသည် သူ၏ ဒေါသတရားကို ဖိနှိပ်ကာဖြင့် ဒေါသတကြီးပြောလိုက်၏။ “ကောင်းပြီ။ နောက်ဆယ်နှစ်ကြာ တိုက်ပွဲမှာ တိုက်ခိုက်ကြတာပေါ့။”
“………”
မာဆာတိုကီတာနိုသည် စိတ်ထဲတွင် အမှန်ပင် ဆွံ့အလျက်ရှိနေ၏။ အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက်၏ စိတ်နေစိတ်ထားသည် ဤသို့ပင် ဖြစ်နေသည်လား။ ရှုံးနိမ့်မှာကြောက်နေလား ဟူသည့် စကားတစ်ခွန်းနှင့် အခြေအနေတစ်ခုလုံးကို ပြန်လည်ပြောင်းပစ်လိုက်၏။ သောက်ကျျိုးနည်းလှချေသည်။
“ဒါဆိုရင် အတည်ဖြစ်ပြီ။”
ကြီးမြတ်သူချင်းဝေက ပြောလိုက်၏။ “အဘိုးကြီးကုကို သွားရှာလိုက်အုံးမယ်။”
ဆွစ်
ပြောပြီးသည့်နောက် သူမသည် ပျောက်ကွယ်သွားခဲ့သည်။
မာဆာတိုကီတာနိုသည် ခေါင်းကို ခါရမ်းကာ ပြောလိုက်၏။ “ဒီမိန်းမကို မမြင်ရတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါပေမဲ့ ကြောက်စရာကောင်းတဲ့ အရှိန်အဝါကြီးတော့ ရှိနေတုန်းပဲ။”
“အဘိုးကြီးကုဟုန်ကိုတော့ သူတွန်းအားပေးနိုင်မှာ မဟုတ်ဘူးလေ။ တကယ်လို့ ၂ ယောက်သားတွေ့ပြီဆိုရင် ကျိန်းသေပေါက် တိုက်ခိုက်ကြလိမ့်မယ်။” ကြီးမြတ်သူတုံးကုက ပြောလိုက်သည်။
“ခင်ဗျားအနေနဲ့ ကိုယ့်တပည့်ကို ဂရုစိုက်တာပိုကောင်းမယ်။”
မာဆာတိုကီတာနိုက ပြောလိုက်၏။ “ပြီးတော့ အမြုတေအသွင်ပြောင်းခြင်းအဆင့် အဆင့် ၉ ကျင့်ကြံသူတစ်ယောက်ဆိုတာ သာမန်မဟုတ်ဘူးလေ။”
………
ကြီးမြတ်သူတုံးကုသည် စိတ်ဓာတ်ကျသွားမိ၏။ “နှစ်ယောက်ကြား ကွာခြားချက်က အရမ်းကို ကြီးမားတယ်လေ။ ဘယ်လိုသွားပြီး တိုက်ခိုက်တော့မလဲ။”
ကျွင်းချောင်ရှောင်းသည် အမြုတေအသွင်ပြောင်းလဲခြင်းအဆင့် ၆ ကို ချိုးဖြတ်ရောက်ရှိရေးနှင့်ပတ်သက်၍ သူသည် အမှန်ပင် တုန်လှုပ်မိ၏။ သို့ပေမဲ့ ဧကရီလင်းရောင်နှင့်နှိုင်းယှဉ်ရမယ်ဆိုရင် ကောင်ငယ်လေးတစ်ယောက်ကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဧကရီလင်းရောင်၏ ပါရမီကလည်း မနည်းပါးလှချေ။ နောက်ဆယ်နှစ်အတွင်း တိုက်ပွဲတွင် အစစ်အမှန် ရှာဖွေခြင်းအဆင့်ကိုပင် ဝင်ရောက်နိုင်ပေလိမ့်မည်။
“ခင်ဗျားသဘောမတူခဲ့သင့်ဘူး။”
“ဒီအမျိုးသမီးရဲ့ စိတ်ထားက ဘာမှန်းမသိနိုင်ဘူးလေ။ ငြင်းပယ်လိုက်လို့ လာပြီးတိုက်ခိုက်နေမှာ စိုးရတယ် မဟုတ်လား။”
“ဒါကတော့ အမှန်ပဲ။”
“မဟုတ်ဘူး။ မဟုတ်သေးဘူး။”
ကြီးမြတ်သူ တုံးကုက ပြောလိုက်၏ “ပြိုင်စံရှားဂိုဏ်းဆီကို အမြန်သွားပြီးတော့ ငါ့တပည့်ကို ဒီသတင်းအကြောင်းကို ပြောရမယ်။ ဒါမှ ကြိုပြီး အရိုက်နှက်ခံရဖို့ ပြင်ဆင်ထားနိုင်မှာပေါ့။”
“မတိုက်ခိုက်ရသေးဘူး။ ရှုံးနိမ့်ဖို့ကို ပြင်ဆင်နေပြီလား။ ခင်ဗျားလို ဆရာမျိုးက ရှိမှာတောင် မဟုတ်ဘူး။” မာဆာတိုကီတာနိုသည် ဆွံ့အလျက်ရှိသည်။
…
ပြိုင်စံရှားဂိုဏ်း
ကျွင်းချောင်ရှောင်းသည် သူ၏ ခေါင်းကို ဆုပ်ကိုင်ကာဖြင့် စိတ်ဓာတ်ကျလျက်ရှိနေ၏။ “ဆရာ … နောက်တစ်ကြိမ်လာမယ်ဆိုရင် ကြိုပြီးတော့ ပြောပါလား။ ဂိုဏ်းအကာအကွယ် အစီအရင်ကြီးကို ချိုးဖောက်ပြီးတော့ ဝင်ဝင် မလာပါနဲ့လား။”
“တပည့်”
ကြီးမြတ်သူတုံးကုသည် လေးလေးနက်နက် ပြောလိုက်သည်။ “ဆရာက မင်းအတွက် သတင်းဆိုးတစ်ခုလာပေးတာ။”
“ဘာသတင်းလဲ။”
သူ့ဆရာ၏ လေးနက်သည့်လေသံကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည်လည်း ချက်ချင်းပဲ လေးနက်သွားမိ၏။ “နောက်ဆယ်နှစ်အကြာ တိုက်ပွဲမှာ နောက်ထပ် ပြိုင်ဘက်တစ်ယောက်တိုးလာပြီ။”
“ဘယ်သူလဲ။”
“ဧကရီလင်းရောင်လေ။”
“ဘာ” ကျွင်းချောင်ရှောင်းသည် မျက်လုံးအပြူးသားဖြစ်သွားမိ၏။
ကြီးမြတ်သူချင်းဝေရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်မည်ဆိုသည့်အကြောင်းကို ပြောဆိုခဲ့ကြောင်း ကြီးမြတ်သူတုံးကု က ရှင်းပြခဲ့သည်။
“ပြိုင်ဘက်က နည်းနည်းအားကောင်းတယ်ဆိုပေမဲ့ မင်းဒါကို အနိုင်ယူနိုင်လိမ့်မယ်လို့ ဆရာယုံကြည်နေတယ်။”
“………”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ပြီးနောက် ခေါင်းကို ငုံ့ကာ ပြောလိုက်၏။ “ဆရာ့ တပည့်က အဲ့အမျိုးသမီးကို တိုက်ခိုက်မှာမဟုတ်ဘူး။”
“မင်း အစောကြီးကတည်းက အရှုံးပေးနေပြီလား။” ကြီးမြတ်သူတုံးကုသည် စိတ်ဓာတ်ကျသွားမိသည်။
သူ၏ တပည့်သည် ကြိုတင်ကာ အရှုံးပေးနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ရှုံးနိမ့်မည်ဆိုလျှင်တောင်မှ မတ်မတ်ရပ်၍ ခိုင်မာသော ယောကျာ်း သတ္တိကို ထုတ်ဖော်ပြသပြီးမှ ရှုံးနိမ့်ရပေလိမ့်မည်။
“မဟုတ်ဘူး။”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ခေါင်းမော့ကာဖြင့် အဝေးတစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။ “ဧကရီလင်းရောင်ရဲ့ ပြိုင်ဘက်က သူပဲ။”
ကြီးမြတ်သူတုံးကုသည် လှမ်းကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ တောင်၏ အနောက်ဘက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး တည်ငြိမ်အေးဆေးဟန်ပေါ်သော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
ထိုလူငယ်လေးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေခဲ့၏။ “ကျုပ်က နောက်ဆယ်နှစ်အကြာ တိုက်ပွဲမှာ သူမနဲ့ တိုက်ခိုက်မယ်။”