အခန်း ၁၄၉၇
Vol. 101 Ch. 1497
အပိုင်း (၁၄၉၇)
အတိတ်တုန်းက အချက်အလက်များကို အခြေခံပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ သက်တန့် ရောင်စဉ်ကျမ်းအား စနစ်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း အကြမ်းဖျင်း ကောက်ချက်ချနိုင်ခဲ့၏။ တစ်ဖက်လူသည် နှင်းဆီဧကရီ နှင့် ဖြူမဲညီနောင်တို့ကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။
“ကံကြမ္မာပဲ”
စနစ်က ပြောလိုက်သည်။ “ဒါ လုံးဝ ကံကြမ္မာပဲ”
ခွီ
ကျွင်းချောင်ရှောင်းက ထရယ်လိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “မင်း ဒုက္ခပေးခဲ့တာပဲလေ”
“ဒါပေမဲ့ အကျိုးအရှိဆုံးလူကတော့ လက်ခံသူ မဟုတ်လား” စနစ်က ပြောလိုက်၏။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် စနစ်အား မှားယွင်းသည်ဟုလည်း ပြောဆို၍ မရနိုင်ချေ။ သူ့အနေနှင့်လည်း ရွေးချယ်ခွင့်မရှိဘဲ ဝယ်ယူခဲ့ရသည် မဟုတ်ပါလား။
“နောက်ပိုင်းမှာတော့ ကျုပ် နားလည်သွားခဲ့ပြီ”
ဟယ်ဝူတီက ပြောလိုက်၏။ “တကယ်တမ်း ပျောက်ဆုံးသွားခဲ့တဲ့ ကျမ်းစာ ပြန်လည်ပေါ်ပေါက်လာတယ်ဆိုတာ ကံတရားကြောင့်လေ။ အဲတာ မရှိဘူးဆိုရင် ကျုပ်ကလည်း စီနီယာ သက်တန့်ရောင်သူတော်စင် ဖန်တီးခဲ့တဲ့ ဂိုဏ်းထဲကို ဝင်ရောက်ခွင့် ရမှာ မဟုတ်ဘူး။ ပြီးတော့ ဆန်းကြယ်လှတဲ့ သိုင်းပညာရင်းမြစ်တွေကိုလည်း အသုံးပြုနိုင်မှာ မဟုတ်ဘူး”
အရိုးသားဆုံး ပြောရမည်ဆိုလျှင် အဆင့်မြင့်ကမ္ဘာဆီမှ ကျဆင်းပြီး အဆင့်နိမ့်ကမ္ဘာဆီသို့ ရောက်ရှိလာပြီးသည့် နောက် သူ၏ ကျင့်ကြံခြင်းအဆင့်သည် သုညမှပြန်လည်၍ စတင်ခဲ့ရ၏။ တခြားသူများသာ ဆိုပါက ထိုအရာကို လက်သင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။ သူသည် ပထမပိုင်းသာ နာကျင်မှုကို ခံစားခဲ့ရသည်ဆိုသော်လည်း ပြိုင်စံရှား ဂိုဏ်းသို့ ဝင်ရောက်ပြီးသည့်နောက် ကြီးမားလေးနက်သည့် နားလည်မှုများကို ရရှိခဲ့သည်။
ကံကြမ္မာရေစက် - ဤအရာအားလုံးသည် ကံကြမ္မာရေစက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ စီနီယာ သက်တန့်ရောင် သူတော်စင်သည် ထိုကဲ့သို့ ပြုလုပ်ချင်သောကြောင့် သူ့ကို သက်တန့်ရောင်စဉ်ကျမ်းတစ်ခု ပေးအပ်ခဲ့ခြင်း ဖြစ်မည်ဟုပင် သူက တွေးတောလာမိ၏။ တစ်စုံတစ်ယောက်၏ စိတ်ကူးယဉ်အတွေးများသည် ကျယ်ပြန့် လာပြီဆိုလျှင် မည်သို့မှ ထိန်းလို့မရတော့ချေ။ ဟယ်ဝူတီအနေနှင့် စီနီယာ သက်တန့်ရောင်သူတော်စင်အား နတ်ဘုရားတစ်ပါးကဲ့သို့ပင် ကိုးကွယ်ချင်စိတ် ပေါက်မိလာတော့၏။
နတ်ဘုရား - ဤအရာသည် အနှိုင်းမဲ့ နတ်ဘုရားတစ်ပါးသာ ဖြစ်ပေလိမ့်မည်။
“အောက်နယ်မြေကို ဆင်းသက်မလာခင်က မင်းက ဘယ်အဆင့်မှာရှိခဲ့တာလဲ” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“အင်း”
ဟယ်ဝူတီသည် ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အစစ်အမှန် ရှာဖွေခြင်း အဆင့်လောက်ပါ”
သူ့အနေနှင့် အကြောင်းအရာကို ရှင်းပြခဲ့သည်ဆိုသော်လည်း အရေးကြီးသည့် အချက်အလက် များကို ဖုံးကွယ်ထားခဲ့ရ၏။ ထို့ကြောင့် သူ၏အဆင့်ကိုလည်း ဖုံးကွယ်ထားမှ ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် လွယ်လွယ်ကူကူနှင့် ပေါ်ပေါက်သွားနိုင်သည်။
“အံ့အားသင့်စရာ မရှိတော့ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါကြောင့် မင်းက ဂိုဏ်းရဲ့သိုင်းနည်းစနစ် တွေနဲ့ပတ်သက်ပြီး နက်နက်နဲနဲ နားလည်နေတာကိုး”
ပြိုင်စံရှားဂိုဏ်း၏ အားအကောင်းဆုံးသော တိုက်ခိုက်ရေး သမားသည် အမြူတေအသွင်ပြောင်းလဲခြင်း အဆင့်ရှစ်၌ ရှိသော ကုကျောင်းရှစ်ပင်ဖြစ်၏။ ထို့ကြောင့်အစစ်အမှန် ရှာဖွေခြင်း အဆင့် ကျင့်ကြံသူများသည် သိုင်းပညာနှင့်ပတ်သက်လျှင် ပိုမို၍ နက်နဲစွာ နားလည်မှာသေချာ၏။
“ဟင်း”
ဟယ်ဝူတီသည် သက်ပြင်းချကာ ပြောလိုက်သည်။ “သိုင်းပညာနဲ့ပတ်သက်တဲ့ နားလည်မှုက ပိုပြီး အားကောင်းတယ်ဆိုပေမဲ့ ကျုပ်ရဲ့အဆင့်ကို တစ်ဆင့်ချင်းစီ တိုးတက်အောင် ကြိုးစားဖို့ကလည်း လိုအပ်နေသေးတယ်လေ”
သူဆိုလိုသည့် အဓိပ္ပာယ်မှာ အလွန်ပင် ရှင်းလွန်းလှ၏။ သူ့အနေနှင့် ဂိုဏ်းထဲတွင် သိုသိုသိပ်သိပ် နေထိုင်၍ ကျင့်ကြံသွားမည်ဟု ဆိုလိုခြင်းပင်ဖြစ်၏။ သူ့အား ဂိုဏ်းထဲတွင် ရှိသည့်လူတစ်ယောက် အဖြစ် ထည့်မတွက်ရန်ပင် သွယ်ဝိုက်ကာ ပြောဆိုနေခြင်းဖြစ်၏။
ဟယ်ဝူတီသည် အမှန်ပင် သိုသိုသိပ်သိပ် နေထိုင်ချင်လွန်းလှသည်။ အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ဟယ်ဝူတီ သည် သူနေထိုင်ခဲ့ရာ အဆင့်မြင့်လောကကြီးမှာတော့ သေးငယ်လှသည့် ကျင့်ကြံသူလေးတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သိုသိုသိပ်သိပ်နှင့် ပိုမိုအားကောင်းအောင် ပြုလုပ်ချင်နေမိသည်။
သူနှင့် ရီရှင်းချန် တို့သည် အလွန်ကွာခြားလွန်းလှ၏။
“ဒီတော့”
ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးကိုပုတ်ကာ ပြောလိုက်သည်။ “အားညိုကို ဒီအတောအတွင်း ပိုပြီး အားကောင်းလာအောင်လို့ သင်ပြပေးလိုက်တော့”
“ဟမ်” ဟယ်ဝူတီသည် ဆွံ့အသွားမိ၏။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်သည်။ “တကယ်လို့ မင်းမှာ အချိန်ရှိတယ်ဆိုရင် ဂိုဏ်းက တပည့်တွေကို သင်ပြပေးနေတဲ့ အကြီးအကဲကုန်းနေရာမှာ အစားထိုးပြီးတော့ တပည့်တွေကို သင်ပြပေးလိုက်”
ကျင့်ကြံခြင်းအဆင့်ကို သုညမှ ပြန်လည်စတင်ရသည်ကို သူကောင်းကောင်း နားလည်၏။ သို့ပေမဲ့ အစစ်အမှန် ရှာဖွေခြင်းအဆင့်ကို ရောက်ရှိဖူးသည့် လူတစ်ယောက်၏ သိုင်းပညာနှင့်ပတ်သက်သည့် ဗဟုသုတများသည် အလွန်ပင် ပေါကြွယ်လွန်းလှသည်။ ထို့ကဲ့သို့သော အချက်ကို အသုံးပြု၍ ဂိုဏ်းထဲတွင် ရှိနေသည့် တပည့် များကို အကျိုးကျေးဇူးရအောင် ပြုလုပ်ရခြင်းသည် အကောင်းမွန်ဆုံးသော ရွေးချယ်မှုပင် ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်… ကျုပ်”
“ဒါ ဆုံးဖြတ်ပြီးသွားပြီ” ဟယ်ဝူတီသည် သူ၏ ယခင်က အဆင့်ကို ထုတ်ဖော်ပြောကြားပြီးသည့်နောက် ချက်ချင်းပဲ ရီရှင်းချန်နှင့် ဂိုဏ်း၏ တခြားတပည့်များကို ညွှန်ကြားပြသပေးရသည့် တာဝန်ကို ရရှိခဲ့တော့သည်။ ဟုတ်ပေသည်။ မည်သို့ပင်ဆိုဆို တံခါးပိတ်ရသည့်တာဝန်ကိုတော့ ဆက်လက်ကာ ပြုလုပ်ပေရဦးမည်။
“ဒါက ကျုပ်အတွက် အရမ်းခက်ခဲလွန်းတယ်”
.................
“ဂိုဏ်းစုဆောင်းမှတ်၊ ဂိုဏ်းစုဆောင်းမှတ်” စာကြည့်ခန်းထဲရှိ ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ကျွင်းချောင်ရှောင်းသည် သူ၏ကုပ်ပိုးကို ပွတ်သပ်လျက်ရှိနေ၏။
ရီရှင်းချန်အား အရင်းအမြစ် တော်တော်များများကို ပေးအပ်ပြီးသည့်နောက် ဟယ်ဝူတီကိုလည်း သိုင်းပညာ အတွေ့အကြုံများကို မျှဝေပေးရန် စေခိုင်းခဲ့၏။ ဤအရာသည် တိုးတက်လာရန်အတွက် အကောင်းမွန်ဆုံးသော နည်းလမ်းပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ သူ့အနေနှင့် ဂိမ်းဆာဗာကို ခိုးယူရန် နည်းလမ်းကိုလည်း ဆက်လက်ကာ စဉ်းစားရပေဦးမည်။
သို့ပေမဲ့ ဂိုဏ်းစုဆောင်းမှတ်ဆိုသည်မှာ မလုံလောက်သေးချေ။ အလကား Refresh လုပ်ခွင့်များ ကုန်ဆုံးသွားခဲ့ပြီးသည့်နောက် သူလိုချင်သည့်ပစ္စည်းများကို မရရှိခဲ့ပေ။ သို့ပေမဲ့ သူ့အနေနှင့် ဆက်လက်ကာ ဝယ်ယူရန် မတတ်နိုင်သေးချေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းစုဆောင်းမှတ်သည် နှစ်သိန်းသာ တည်ရှိ၏။
“တာဝန်တွေကို လုပ်လိုက်လေ။ တပည့်တွေကို တာဝန်တွေ မြန်မြန်ပြီးအောင် လုပ်ခိုင်းလိုက်”
ကံကောင်းစွာဖြင့် ဤကဲ့သို့သော ဖြစ်ပေါ်နေသည့် အချိန်တွင် ဂိုဏ်း၏တာဝန်အသစ်များသည် ပေါ်ပေါက်လာခဲ့၏။
“ဒါနဲ့ အထူးတာဝန် ရှိသေးတယ်လေ။ အဲဒီကနေပြီး များပြားလှတဲ့ ဆုလာဘ်တွေ ရရှိဖို့ မျှော်လင့်မိတယ်။ အစစ်အမှန် ရှာဖွေခြင်းအဆင့်ထိတက်နိုင်တဲ့ ဆေးလုံးဖော်မြူလာတွေ ဘာတွေရရင် ပိုကောင်းမယ်”
“ပြဿနာမရှိဘူး။ လက်ခံသူအနေနဲ့ လိုချင်တဲ့ကိစ္စကို ပြောသာပြောလိုက်” စနစ်သည် နောက်ဆုံးတော့ အငေါ်တူးကာ ပြောလျက် ရှိနေတော့သည်။
..............
မြက်ခင်းစိမ်းလွင်ပြင်ထဲတွင် ပေါ်ပေါက်ခဲ့သည့် ကြီးမားလှသော အစစ်အမှန်စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏ သတင်းသည် အထက်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့လျက်ရှိပြီး လတ်တလော ပြောဆိုမှုအများဆုံးကိစ္စပင် ဖြစ်နေ၏။ ဟုတ်ပေသည်။ အားလုံးသောလူများသည် ထိုမိုင်းတွင်းကြီးအား မည်သူတူးထုတ်သွားသည်ဆိုသည့် အကြောင်း အရာနှင့်ပတ်သက်၍ သိချင်စိတ်လည်း ရှိနေသေး၏။
“ဘယ်သူလုပ်နိုင်မှာလဲ။ ဒါ ဧကရီလင်းရောင်ပဲ ဖြစ်ရမှာပေါ့”
“ဒါကြောင့် တခြားဂိုဏ်းအသီးသီးက သူမရဲ့ အိမ်အဝင်ပေါက်ဝမှာ စောင့်ပြီးတော့ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကြားတယ်လေ။ တကယ်လို့ ကြီးမြတ်သူချင်းဝေသာ ပေါ်မလာဘူးဆိုရင် တိုက်ခိုက်ပြီးနေလောက်ပြီထင်တယ်”
“ဒီအမျိုးသမီးက နယ်မြေဟောခန်းထဲမှာ အခွင့်အာဏာ မြောက်များစွာကို ပိုင်ဆိုင်တဲ့လူတစ်ယောက် မဟုတ်ပေမဲ့ မိုင်းတွင်းအတွက် များပြားလှတဲ့ လူတွေနဲ့တောင် ယှဉ်ပြိုင်တိုက်ခိုက်ရဲနေတယ်လေ။ တကယ့်ကို သတ္တိရှိတာပဲ”
ဆွေးနွေးမှု အကြောင်းအရာအရဆိုလျှင် ကျွင်းချောင်ရှောင်း၏ လှည့်စားချက်သည် အမှန်ပင်အောင်မြင်သည် ဟုဆိုရမည်။ သိုင်းကျင့်ကြံသူအများအပြားသည် ဤမိုင်းတွင်းကြီးကို တူးထုတ်သွားသူမှာ ဧကရီလင်းရောင် ဖြစ်ကြောင်း ယုံကြည်လျက် ရှိနေ၏။ ကောလဟလသတင်းများသည် များများပြားပြား ပျံ့နှံ့ပြီးသည့်နောက်မှာ တော့ အစစ်အမှန်ကဲ့သို့ပင် ဖြစ်တည်လာတော့သည်။
“သခင်”
ခမ်းနားကြီးကျယ်လှသော နန်းတော်အတွင်းမှာတော့ ခါးကုန်းကုန်းနှင့် အဘိုးအိုတစ်ယောက်သည် မျက်မှောင်ကုတ်ထား၏။ “အထက်နယ်မြေက အခု သခင့်အကြောင်းကို ပြောဆိုနေကြပြီလေ”
ဧကရီလင်းရောင်က ပြောလိုက်၏။ “အရူးတွေကပဲ ဒီကောလဟလ စကားတွေကို ယုံကြည်မှာပေါ့”
“ပြီးတော့ သခင်က ကြီးမြတ်သူချင်းဝေရဲ့ တပည့်ဖြစ်ကြောင်းကို နယ်မြေဟောခန်းက သိရှိသွားပြီလေ။ သူတို့က ဖြစ်နိုင်သမျှ အမြန်ဆုံး ဌာနချုပ်ကို လာစေချင်နေတယ်” ခါးကုန်းကုန်းနှင့် အဘိုးအိုက ပြောလိုက်သည်။
“.........”
ဧကရီလင်းရောင်သည် ဇဝေဇဝါနှင့် ဖြစ်မိနေ၏။ ဤတစ်ကြိမ်မှာတော့ သူမသည် တခြားသောသူ၏ အပြစ်ပုံချခြင်း ကို ခံနေရပြီဖြစ်၏။ ဘာတစ်ခုမှ ဆုံးရှုံးမှု ကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ဘူးဆိုသော်လည်း ကြီးမြတ်သူချင်းဝေ၏ တပည့်ဖြစ်ကြောင်း သိရှိသွားခဲ့ပြီဖြစ်၏။ နယ်မြေဟောခန်းနှင့် သူမ၏ဆရာကြားတွင် ရှိနေသော ရန်ငြိုးရန်စသည် ကြီးမားလွန်းလှ၏။
“ဒီကိစ္စကို အချိန်အတော်ကြာ ဖုံးကွယ်ထားနိုင်မယ်လို့ ထင်ခဲ့တာလေ။ ဒါပေမဲ့ သူတို့သိသွားပြီဆိုတော့လည်း ကိစ္စ မရှိပါဘူး”
ဧကရီလင်းရောင်က မေးလိုက်သည်။ “စုံစမ်းခိုင်းထားတာ ဘယ်လိုရှိလဲ”
“သခင်”
ခါးကုန်းကုန်းနှင့် အဘိုးအိုက ပြောလိုက်၏။ “လောလောဆယ် အနောက်မြောက်ဒေသထဲကို ဝင်လာတဲ့ သံသယရှိစရာလူ ဘယ်သူ့ကိုမှ မတွေ့ဘူး။ ပြီးတော့ ဘယ်သူကမှ မြက်ခင်းစိမ်းလွင်ပြင်ထဲကို ဝင်မလာကြဘူး”
သူမသည် လှည့်စားခြင်း ခံခဲ့ရ၏။ ထို့ကြောင့် စုံစမ်းမှ ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ထိုအရာကို သေသေချာချာ ပြုလုပ်ခဲ့ခြင်းပင် ဖြစ်တော့၏။ ရှေးရွက်သင်္ဘောကြီးကို စီးနင်းကာဖြင့် ဤတည်နေရာ ဆီသို့ ရောက်ရှိလာသည့်အပြင် သီးခြားဖြစ်တည်ခြင်း အစီအရင်ဖြင့် ဖုံးကွယ်ကာ လာခဲ့ခြင်းဖြစ်သောကြောင့် ဖြတ်သွားဖြတ်လာများသည်ပင်လျှင် သူတို့ကို မမြင်ခဲ့ချေ။ တခြားသူများကို အပြစ်ပုံချရန် ပြုလုပ်သည့်နေရာတွင် ကုန်းရှန့်သည် အမှန်ပင် ဉာဏ်ကောင်းလွန်းလှ၏။
ဧကရီလင်းရောင်က ပြောလိုက်သည်။ “ငါ့ကို အကွက်ချပြီးတော့ အပြစ်ပုံချအောင် ပြုလုပ်ခဲ့တဲ့လူက ရိုးရှင်းတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး။ အင်း... ငါ သူတို့ရဲ့ သူလျှိုကို သတ်သွားခဲ့တဲ့အကြောင်း အသုဘ ခန်းဆောင်က လူတွေက သိရှိသွားခဲ့တာလား မသိဘူး”
“ဖြစ်နိုင်တယ်” ခါးကုန်းကုန်းနှင့် အဘိုးအိုသည်ဘေးတစ်ဖက်ဆီမှ ထောက်ခံလိုက်မိ၏။