အခန်း ၁၅၀၄
Vol. 101 Ch. 1504
အပိုင်း (၁၅၀၄)
ဂိုဏ်း၌ သိုင်းပညာနှင့်ပတ်သက်သော အရင်းအမြစ်များနှင့် အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံးများ တည်ရှိနေသည် ဆိုသော်လည်း ရီရှင်းချန်အနေနှင့် အပြင်ဘက်သို့ ထွက်၍ အတွေ့အကြုံ ရယူရန် စဉ်းစားခဲ့၏။ ထို့အပြင် သေခြင်း၊ ရှင်ခြင်း အခြေအနေမျိုးတွင် လှမ်းလျှောက်ဖူးသည့် လူတစ်ယောက်မှသာလျှင် ပိုမိုအားကောင်းသည့် လူတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပါလား။ ကြိုးစားလွန်းလှချေသည်။
သူ ဂိုဏ်းဆီမှ ထွက်ခွာသွားပြီး တောထဲဆီသို့ ဝင်လိုက်သည့်အချိန်၌ မြက်ခင်း၏ မွှေးပျံ့သော ရနံ့များသည် နှာခေါင်းထဲသို့တိုးဝင်လာခဲ့သည်။ သူ၏ စိတ်နှလုံး တစ်ခုလုံးသည် ပိုမိုကာ တည်ငြိမ်သွားခဲ့၏။ ဤအရာသည် သူ၏ သွေးမျိုးဆက်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ လက်ရှိအချိန်မှာတော့ ရီရှင်းချန်သည် လေးဘက်ထောက်ကာ မြက်ကို ကုန်းစားလိုက်မည်ဆိုလျှင်ပင်မည်သူမှ ထူးခြား၍ အံ့အားသင့်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် သူ၏ ခန္ဓာကိုယ်သည် အစိမ်းရောင်နွားကြီးတစ်ကောင်၏ ခန္ဓာကိုယ်နှင့် တူညီနေသည် မဟုတ်ပါလား။ ထို့ကြောင့် အာဟာရ မျှတရန်အတွက် မြက်စားခြင်းဆိုသည်မှာ သာမန်ပင် ဖြစ်ပေလိမ့်မည်။
“ငါ ဘယ်ကိုသွားရမလဲ” သူသည် မြေပုံကို ထုတ်ယူပြီးသည့်နောက် သေသေချာချာ စဉ်းစားကြည့်လိုက်၏။ သာမန် တောင်ထဲသို့ ဝင်ရောက်၍ လေ့ကျင့်ခြင်းအား ရီရှင်းချန်သည် သဘောမတွေ့လှချေ။ ထို့ကြောင့် စိတ်လှုပ်ရှားမှု ပြင်းထန်လွန်းသည့် တည်နေရာမျိုးသို့ သွားရောက်ရန် စဉ်းစားထားခဲ့၏။ ဥပမာအားဖြင့် တားမြစ်တည်နေရာမျိုး ပင် ဖြစ်သည်။
“ဟမ်.... နတ်ဆိုးနွားတောင်တန်း ဟုတ်လား”
ရီရှင်းချန်သည် မြေပုံပေါ်တွင်ရှိနေသည့် တားမြစ်တည်နေရာတစ်ခု ကို မြင်ရပြီးသည့်အချိန်မှာတော့ ဆုံးဖြတ်ချက် ချလိုက်မိသည်။ “အဲကိုပဲ သွားမယ်”
နာမည်ကို ကြည့်လိုက်သည်နှင့် နွားသားရဲများနှင့် သက်ဆိုင်နေသည့်အရာပင် ဖြစ်ပေလိမ့်မည်။ သူ၏ အသစ်နိုးထလာသော သွေးမျိုးဆက်သည် အစိမ်းရောင်နွား သွေးမျိုးဆက်ပင်ဖြစ်၏။
ရွှီး
သက်တန့်အလင်း အတောင်ပံသည် သူ၏အနောက်ဘက်တွင် ပေါ်ပေါက်လာပြီးသည့်နောက် အဝေးတစ်နေရာသို့ ပျံသန်းသွားခဲ့သည်။ ရက်အနည်းငယ်ကြာပြီးသည်နောက် ရီရှင်းချန်သည် နတ်ဆိုးနွားတောင်တန်း၏ အဝင်ဝဆီသို့ ရောက်ရှိလာခဲ့သည်။
လက်ရှိအချိန်မှာတော့ များပြားလွန်းလှသော လွတ်လပ်သော ကျင့်ကြံသူများသည် အဝင်ဝ တွင် စုစည်းလျက်ရှိနေကြပြီး တစ်ချို့သည် လက်များကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားလျက် ရှိနေကြ၏။ တချို့သည် အသင်းအဖွဲ့များ လိုအပ်လျက်ရှိသောကြောင့် ခေါ်ယူလျက်ရှိနေ၏။
“အစ်ကိုကြီး”
အားနည်းပုံပေါက်သော သိုင်းကျင့်ကြံသူတစ်ယောက်သည် အရှေ့ဆီသို့ လှမ်းလျှောက်လာကာ ပြောလိုက်သည်။ “ကျုပ်တို့အဖွဲ့ထဲကိုဝင်ဖို့ စိတ်ဝင်စားလား”
“သွားစမ်း” ရိုးရှင်းပြီး မောက်မာလွန်းသော စကားလုံးတစ်ခုပင် ဖြစ်သည်။ ထင်မှတ်ထားသည့်အတိုင်း ကျုပ်တို့၏ နွားအစ်ကိုကြီးသည် ဤကဲ့သို့ မောက်မာလွန်းလှချေ၏။
...........
အားနည်းသော ကျင့်ကြံသူတစ်ယောက်သည် ရှက်ရွံ့စွာဖြင့် အနောက်သို့ ဆုတ်ခွာသွား၏။ ၎င်းသည် နှလုံးသားထဲတွင်တော့ မပျော်ရွှင်စွာဖြင့် ကြိတ်ကာ ပြောလိုက်မိသည်။ “မင်းပြောခဲ့တာတွေကို မှတ်ထားလိုက်”
ရီရှင်းချန် ရောက်ရှိလာမှုသည် တားမြစ်တည်နေရာကြီးထဲတွင် ဖြစ်တည်လျက်ရှိသော အခြေအနေတစ်ခုလုံးကို ပိုမိုကာ အေးစက်သွားစေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် သိုင်းကျင့်ကြံခြင်းအော်ရာများကို မထုတ်လွှတ် ထားသော်လည်း ထူးခြားလှသည့်အော်ရာများသည် သူ၏ ခန္ဓာကိုယ်ဆီမှ အလိုလို ထွက်ပေါ်နေ၏။
“အရမ်းအားကောင်းတာပဲ” အားလုံးတို့သည့် စိတ်ထဲမှ ကြိတ်ကာ တွက်ချက်မိလိုက်ကြသည်။
“မောင်ငယ်လေး”
ထိုအချိန်မှာပဲ လှပလွန်းသော အမျိုးသမီးတစ်ယောက်သည် လှမ်းလျှောက်လာ၏။ သူသည် မျက်လုံးများကို ပေကလပ်၊ ပေကလပ်ပြုလုပ်ကာဖြင့် ပြောလိုက်၏။ “မမ ကို အထဲ ခေါ်သွားပေးနိုင်မလား”
“ကျုပ် ကို ပြောနေတာလား” ရီရှင်းချန်က ပြန်မေးလိုက်သည်။
“ဟုတ်ပါတယ်”
ဘုန်း
ရုတ်တရက်ဆိုသလိုပဲ အေးစက်လွန်းသော လက်သီးချက်တစ်ခုသည် အမျိုးသမီး၏ ဝမ်းဗိုက်ဆီသို့ တည့်တည့်ပင် ထိမှန်သည်။ သူမသည် ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်ကာဖြင့် အနောက်ဘက်ခပ်ဝေးဝေးဆီသို့ လွှင့်စင်ပြီး မြေပေါ်သို့ ပြုတ်ကျလေ၏။ ဆံပင်များသည် ရှုပ်ပွကုန်ပြီး မျက်နှာတစ်ခုလုံးသည်လည်း ရှုံ့မဲ့သွား၏။
“မှတ်ထား”
ရီရှင်းချန်သည် လက်သီးကို ပြန်ရုတ်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်ကို လာမနှောက်ယှက်နဲ့”
ကျွင်းချောင်ရှောင်း၏ နှလုံးသားသည် သံမဏိကဲ့သို့ မာကျောလှသည်ဆိုသော်လည်း အားညို၏ လက်ရှိနှလုံးသား မှာတော့ အထူးသံမဏိကဲ့သို့ပင် ဖြစ်နေသည်။ ထို့အပြင် နွားသားရဲသွေးမျိုးဆက်အသက်ဝင်နိုးထလာခဲ့သော လူတစ်ယောက်၏ရှေ့၌ မိမိကိုယ်ကိုယ် ‘မမ’ ဟု ခေါ်ဝေါ်သုံးနှုန်းသည့်မိန်းမ တစ်ယောက်က ရောက်ရှိလာခဲ့သည်။သည်းခံနိုင်လောက်စရာ ကိစ္စမဟုတ်ပေ။
“ရက်စက်လွန်းလိုက်တာ”
အနားတွင်ရှိသော ကျင့်ကြံသူများသည် တီးတိုးဆွေးနွေးလိုက်ကြ၏။ ၎င်းတို့၏ မျက်လုံး များတွင် ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်သွား၏။ သိုင်းကျင့်ကြံခြင်းလောကတွင် အမျိုးသမီးများဆိုသည်မှာ သနားညှာတာရမည့်လူများဟု သုံးသပ်ကြ၏။ သို့ပေမဲ့ ဤလူမှာတော့ အမျိုးသမီးကို သနားညှာတာတတ်သည့် စိတ်မရှိရုံသာမက သာမာန်ထက်ပင် ပိုမိုဆိုးရွားစွာ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့သေး၏။
ဤလူများမသိရှိသည်မှာ နွားနှင့် မမ ဟူသည်လိုက်ဖက်ညီသောအတွဲအဖက် ဖြစ်သည်ဆိုသော်လည်း ရီရှင်းချန်သည်နွားဆိုသော်လည်း မမ ကို အသေမုန်းတီးသူဖြစ်နေခြင်းပင်။
“ရှင်”
အမျိုးသမီးသည် ဝမ်းဗိုက်ကို အုပ်ကိုင်ကာဖြင့် နာကျင်စွာပြောလိုက်သည်။ “စောင့်... စောင့်နေလိုက်”
ဝမ်းဘဲ.....
ထိုအချိန်မှာတော့ တောင်၏ အတွင်းဘက်ဆီမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအရာသည် နွားများ၏ အော်မြည်သံနှင့် ဆင်တူနေ၏။
“ကျုပ်တို့ ဝင်သွားကြမလား”
“သွားကြရအောင်” နေရာအနှံ့ဆီမှ သိုင်းကျင့်ကြံသူများသည် အထဲသို့ တိုးဝင်သွားကြ၏။ တတိယအမျိုးအစား တားမြစ်တည်နေရာတစ်ခုဖြစ်သည်မို့ နတ်ဆိုးနွားတောင်တန်းသည် တခြားသော တည်နေရာများနှင့် ခြားနား လှ၏။ အထဲတွင်ရှိနေသော နတ်ဆိုးနွားသားရဲများသည် အားလုံး၏ စိတ်ဝင်စားမှုကို ပိုမိုကာ တိုးတက်စေ၏။ မဟုတ်ပါက ၎င်းတို့သည် အချိန်ကုန်ခံ၍ အထဲသို့ ဝင်လိမ့်မည် မဟုတ်ချေ။
အထဲတွင် သဘာဝရတနာများ မရှိချေ။ သို့ပေမဲ့ နတ်ဆိုးနွားသားရဲရိုင်းများ၏ ခန္ဓာကိုယ်သည် အရေပြား၊ ခန္ဓာကိုယ်နှင့် အရိုးများ အားလုံးသည် ဈေးကောင်းကောင်းနှင့် ရောင်းချ၍ ရနိုင်ကြ၏။ အထူးသဖြင့် ထိုသားရဲများ၏ သလင်းအမြူတေပင် ဖြစ်တော့သည်။ ချပ်ဝတ်များကို ဖန်တီးပြုလုပ်ရန်အတွက် အကောင်းမွန်ဆုံးသော သလင်းအမြူတေ များပင် ဖြစ်တော့သည်။
အတိတ်တုန်းကသာဆိုလျှင် လူများသည် တားမြစ်တည်နေရာထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် ရတနာများကို ရှာဖွေရန်ဟု သတ်မှတ်ကြ၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ နတ်ဆိုးနွားသားရဲများကို အရေခွံခွာရန် ဝင်သွားကြခြင်းဖြစ်သည်။ နွားသားရဲများကို ပိုမိုသတ်ဖြတ်လေ ရရှိနိုင်သည့် အရင်းအမြစ်က ပိုမိုများပြားလေ ဖြစ်ပေလိမ့်မည်။
ရွှီး
ရီရှင်းချန်သည် အထဲသို့ လျှောက်ဝင်သွား၏။ တခြားသော သိုင်းကျင့်ကြံသူများသည် အဖွဲ့လိုက် တည်ရှိနေကြပြီး အနည်းဆုံး ငါးယောက်တစ်ဖွဲ့ ဖွဲ့စည်းထားကြ၏။ သို့ပေမဲ့ ရီရှင်းချန်မှာတော့ တစ်ယောက်တည်းဖြစ်၏။
“ခွေးကောင်”
လှပသော မိန်းကလေးသည် အံကို တင်းတင်းကြိတ်ထား၏။ “ဒီရန်ငြိုးကို မနှေးနဲ့ မမြန် ကလဲ့စားချေပစ်မယ်” ပြောပြီးသည့်နောက် သူမသည် အသာလှည့်ကာ ထွက်ခွာသွားခဲ့သည်။
“အမ်”
ထိုအချိန်မှာပဲ အဝေးဆီမှ ရောက်ရှိလာခဲ့သော သိုင်းကျင့်ကြံသူတစ်ဖွဲ့ကို သူမမြင်လိုက်ရ၏။ ခေါင်းဆောင် သည် ကတုံးနှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်၏။ ထိုသူသည် ပြုံးကာပြောလိုက်၏။ “ဒါက ဝေစန်းနင် မလား... မင်း ဒဏ်ရာရလာတာလား”
“အစ်ကိုပေါင်” လှပသော အမျိုးသမီး၏ မျက်လုံးများသည် လင်းလက်သွား၏။ တစ်ဖက်လူအား မည်ကဲ့သို့ ကလဲ့စားချေရမည်ကို သူမတွေးတောလျက်ရှိနေ၏။ သို့ပေမဲ့ ချက်ချင်းပဲ အသိအကျွမ်းဟောင်းကြီးနှင့် တွေ့ဆုံခဲ့ရပြီဖြစ်သည်။
...............
နတ်ဆိုးနွားတောင်တန်း
ဤတောင်တန်းတစ်ခုလုံးသည် ရှုပ်ထွေးလွန်းလှပြီး နေရာအနှံ့တွင်လည်း လူသားများ၏ ခြေရာဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် နွားများ၏ ခြေရာများကလည်း အများအပြား တည်ရှိနေသေး၏။
ဘုန်း ဘုန်း
နွားပေါက်နှင့်တူသော နတ်ဆိုးသားရဲများသည် အရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့ကြ၏။ ကြီးမားလွန်း လှသော သစ်ပင်ကြီးသုံးပင်သည် ပြိုလဲသွားပြီးသည့်နောက် အနားတွင်ရှိနေသော ကျောက်တုံးများသည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားသည်။
“သူတို့ကို တားဆီးလိုက်။ မလွတ်သွားစေနဲ့။ မြန်မြန်၊ မြန်မြန်”
အထဲသို့ ဝင်ရောက်လာခဲ့ကြသည့် သိုင်းကျင့်ကြံသူများသည် စတင်ကာ အလုပ်များနေကြ၏။ တချို့သည် ကျုံးသွင်းရန် ကြိုးစားနေကြပြီး တချို့မှာတော့ ထောင်ချောက်များ ဆင်နေကြ၏။ တချို့သော နွားသားရဲများအား သူတို့သည် ထောင်ချောက်များဖြင့် ဖမ်းဆီးရန်ပြင်ထားကြပြီး တချို့ကိုမူ ပိုက်ကွန်များဖြင့် ဖမ်းဆီးရန် ကြိုးသားကြ၏။
အနားမှ ပတ်လျှောက်သွားသော ရီရှင်းချန်သည် မျက်စိကန်းနေသော လူတစ်ယောက်ကဲ့သို့ပင် ထိုသူများကို တစ်ချက်ကလေးမှ လှမ်းမကြည့်ချေ။ ဤနတ်ဆိုးသားရဲများသည် အားကောင်းလှသည် မဟုတ်ချေ။ တော်တော် များများသည် တည်နေရာချိုးဖြတ်ခြင်းအဆင့်တွင်သာ တည်ရှိနေကြ၏။ သူ့အနေနှင့် အတွေ့အကြုံကို ရယူချင် သည်ဆိုပါက ပိုမိုမြင့်မားသည့်အဆင့်သားရဲများနှင့် တိုက်ခိုက်ရန် အထဲဆီသို့ လျှောက်ဝင်သွားမှ ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည်။ သူ့၌ နွားသွေးမျိုးဆက်တစ်ခု ပိုင်ဆိုင်သည်ဆိုလျှင်လည်း သူသည် နွားတစ်ကောင် မဟုတ်ပေ။ ထို့ကြောင့် သူ၏သွေးမျိုးဆက်များ တိုက်ခိုက်ခံနေရသည်ဆိုလျှင်တောင်မှ တစ်ချက်ကလေးမှ မမှုခြင်းပင်။ သူသည် လူသားတစ်ယောက်သာဖြစ်၏။ နတ်ဆိုးသားရဲများ သေဆုံးခြင်းနှင့်ပတ်သက်၍ အဘယ်ကြောင့် ဝမ်းနည်းဒေါသထွက်ရမည်နည်း။
ရွှီး ရွှီး ……..။
သူသည် ဤတည်နေရာမှ ထွက်ခွာပြီး အတွင်းဘက်တည်နေရာဆီသို့ လှမ်းဝင်ရန် ပြင်လိုက်သည့်အချိန်မှာပဲ တူညီသည့်ဝတ်စုံကို ဝတ်ဆင်ထားသည့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် ရုတ်တရက် သူ့အား ဝိုင်းပတ် လာကြသည်။
အားညိုသည် ထိုသူတို့၏ ဝိုင်းပတ်တားဆီးခြင်းကို ခံထားရ၏။
“အမ်” အမဲလိုက်လျက်ရှိသည့် လွတ်လပ်သော သိုင်းကျင့်ကြံသူများသည် အနောက်ဘက်သို့ လှမ်းကာ ကြည့်ရှု လိုက်၏။ ဝတ်ဆင်ထားသည့် ဝတ်စုံကို ကြည့်ရှုပြီးသည့်နောက် ဤလူများသည် သမန်းဝံပုလွေကုန်သွယ်အဖွဲ့မှ လူများဖြစ်ကြောင်း သိရှိလိုက်၏။ ခေါင်းဆောင်သည် ကျန်းတယ်ပေါင်ဖြစ်ပြီး အစ်ကိုပေါင်ဟုလည်း လူသိများ ထင်ရှား၏။
“ကြည့်စမ်း... ဟိုမှာ ဝေစန်းနင်မဟုတ်လား”
“ဒီအမျိုးသမီးက ကျန်းတယ်ပေါင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတယ်လို့ ကြားခဲ့တာပဲ။ ဒီတစ်ကြိမ်မှာတော့ လက်စားချေဖို့ ခေါ်ဆောင်လာတာပဲ ဖြစ်မယ်”
အားလုံးသည် ရီရှင်းချန်အား စာနာသနားသလို လှမ်းကြည့်လိုက်ကြ၏။ မာယာများလွန်းသော အမျိုးသမီးကို တိုက်ခိုက်ပြီးသည့်နောက် ရီရှင်းချန်သည် နတ်ဆိုးနွားတောင်တန်းဆီမှ ထွက်ခွာသွားရန်ဆိုသည်မှာ ခက်ခဲသွားပြီ ဖြစ်သည်။
တည်နေရာထဲတွင် ရှိနေသော လွတ်လပ်သော ကျင့်ကြံသူများ အားလုံးသည် ဝေစန်းနင်မှာ သူမ၏ အလှအပကို အသုံးချကာဖြင့် အရင်းအမြစ်နှင့် အဆက်အသွယ်များကို ရယူတတ်သည့် လူတစ်ယောက်ဖြစ်ကြောင်း သိရှိပြီး ဖြစ်သည်။ သူမကို ရန်စခဲ့ခြင်းသည် ငရဲဘုရင်ကို ရန်စခဲ့ခြင်းနှင့် ဆင်တူပေလိမ့်မည်။
“ခွေးကောင်”
ဝေစန်းနင်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “နင် ငါ့ကို ရိုက်ရဲတယ်ပေါ့။ ဒီနေတော့ နင်သေရမယ်”
ကျန်းတယ်ပေါင်သည် ရီရှင်းချန်၏ရှေ့တွင် မတ်မတ်ရပ်လိုက်၏။ ပြီးနောက် ခေါင်းကို ငဲ့စောင်းကာဖြင့် ကြည့်ရှု လိုက်သည်။ ပါးစပ်ထဲတွင် ကိုက်ထားသော မြက်ပင်အား အသာထွေးထုတ်ပြီးနောက် ပြောလိုက်သည်။ “ကောင်လေး... မိန်းကလေးတစ်ယောက်ကို ဘာကြောင့်ရိုက်တာလဲ။ လာခဲ့စမ်း။ လာခဲ့စမ်း”
သူသည် မျက်နှာကို ရှေ့သို့တိုးကာ စိန်ခေါ်လိုက်၏။ “မင်း သတ္တိရှိတယ်ဆိုရင် ငါ့ကိုရိုက်လိုက်”
ဖောင်း
ရီရှင်းချန်သည် လက်ကိုယမ်းခါလိုက်၏။ အနှေးပြကွက်များနှင့် ကြည့်ရှုမည်ဆိုလျှင် ကျန်းတယ်ပေါင်၏ မျက်နှာ တစ်ခုလုံးသည် ရွဲ့စောင်းသွား၏။ သွားနှင့် သွေးများသည် ပါးစပ်ထဲမှ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့သည်။
ဤကဲ့သို့ “ရိုက်ပါ …ရိုက်ပါ”ဟု ထူးဆန်းစွာ တောင်းဆိုမှုမျိုးကို ကြုံရသည်မှာ ရီရှင်းချန်အတွက် ပထမဦးဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးလိုက်ခြင်း ဖြစ်၏။
ဘုန်း ……။
ကျန်းတယ်ပေါင်သည် မြေပေါ်သို့ ပြုတ်ကျပြီး မီတာသုံးဆယ်အကွာအဝေးဆီကို လျှောထွက်သွား၏။ ဦးခေါင်း သည် အနောက်ဘက်တွင်ရှိသော ကျောက်တုံးကြီးနှင့် ရိုက်မိသောကြောင့် ကြီးမားသည် ဘုကြီး ထွက်ပေါ်လာခဲ့သည်။ သူ၏နောက်လိုက်များသည် စက္ကန့်အနည်းငယ်လောက် ဆွံ့အသွားခဲ့၏။ ၎င်းတို့၏ ခေါင်းဆောင် ရိုက်နှက်ခံလိုက် ရသည်ကို သိရှိပြီးသည့်နောက် ၎င်းတို့၏ လက်နက်များထဲသို့ စွမ်းအင်များကို ထည့်သွင်းကာ ထိုးခုတ်သတ်ဖြတ်ရန် ပြင်ဆင်လိုက်၏။
“အမှိုက်ကောင်တွေ”
ရီရှင်းချန်၏ လက်သည် အစစ်အမှန် ကျန်းချီများနှင့် စုဝေးလာခဲ့တော့၏။ ပြီးနောက် ပိုက်ကွန်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်ခဲ့ပြီး သမန်းဝံပုလွေကုန်သွယ်အဖွဲ့မှ လူများကို လွှမ်းခြုံလိုက်၏။ သူသည် အေးစက်စက် ပြောလိုက်သည်။ “သေစမ်း”
“အဆင့်လေး... ဒီကောင်က အဆင့်လေးပဲ” အဝေးတွင် ရှိနေသော သိုင်းကျင့်ကြံသူများက ထအော်လိုက်မိ၏။ ပြောနေတုန်းမှာပဲ ကြမ်းတမ်းလွန်းလှသော ကျန်းချီများသည် သမန်းဝံပုလွေအဖွဲ့ကို ချုပ်နှောင်ကာဖြင့် လေပေါ်သို့ မြှောက်တင်ခဲ့၏။ ၎င်းတို့အားလုံးသည် သေဆုံးခြင်းနှင့် ကြုံရတော့မည် ဖြစ်၏။
“မဟုတ်ဘူး”
ဇွိ ဇွိ
ကျန်းချီများသည် ထက်ရှလှသော ဓားများအဖြစ်သို့ ပြောင်းလဲကာဖြင့် ၎င်းတို့၏ ဦးခေါင်းကို ခုတ်ဖြတ်ခဲ့တော့ သည်။ ဝေစန်းနင်သည် ထိတ်လန့်ကြောက်ရွံ့ရသောကြောင့် မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူမသည် မတ်မတ်ပင် မရပ်နိုင်ခဲ့ချေ။ သို့ပေမဲ့ ရီရှင်းချန်သည် သူမကို သိမ်းငှက်ကဲ့သို့ စူးရှလှသည့်မျက်လုံးများဖြင့် ကြည့်ရှုနေ၏။ သတ်ဖြတ်လိုခြင်းဆန္ဒများသည် ပြည့်နှက်လာခဲ့သည်။
“မ... မ... မသတ်ပါနဲ့”
ဇွိ
ကျန်းချီများသည် လှံကဲ့သို့ ဖြစ်တည်ကာဖြင့် သူမ၏ ရင်ဘတ်သို့ တိုးဝင်သွားခဲ့၏။
ရွှီး
ကျန်းတယ်ပေါင်သည် သူ၏နောက်လိုက်များကို ဂရုမစိုက်ခဲ့ပေ။ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရန် ကြိုးစား လိုက်၏။
ဇွိ
သူထွက်ပြေးပြီး မကြာခင်မှာပဲ သက်တန့်ကဲ့သို့ အလင်းတန်းတစ်ခုသည် အနောက်ဘက်မှ ထွက်ပေါ်လာ၏။ သူသည် သူ၏ ဦးခေါင်း၏ နောက်စေ့တည့်တည့်သို့ ကျန်းချီများဖြင့် ဖြစ်တည်ထားသော လှံတစ်စင်းက ထိုးဝင်သွားခဲ့သည်။ ခန္ဓာကိုယ်သည် ဖြည်းညှင်းစွာဖြင့် ရပ်တန့်သွားခဲ့သည်။ ပြီးနောက် သူ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် အလုပ်လုပ်ပုံသည် ရုတ်တရက် အဆက်အသွယ် ပြတ်တောက်သွားခဲ့တော့သည်။