← Chapters

အခန်း ၁၅၀၆

Vol. 101 Ch. 1506

အခန်း ၁၅၀၆

Vol. 101 Ch. 1506

အပိုင်း (၁၅၀၆)

ဟား …. ဟူး ….။

စားသောက်ခန်း၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပါးစပ်ကို ဟကာဖြင့် အသက်ကို ပြင်းပြင်း ရှူထုတ်လျက်ရှိနေ၏။ အစပ်အရသာသည် ယခုအချိန်အထိ တည်ရှိနေသေးပြီး သူ၏ မျက်နှာတစ်ခုလုံးသည်လည်း နီမြန်းလျက်ရှိ၏။

လက်ရှိအခြေအနေမှာတော့ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ဟုန်းကြွလာသည့် စွမ်းအင်များသည် မရပ်တန့်နိုင်သေးဘဲ ပြင်းထန်စွာဖြင့် တည်ရှိနေခဲ့သေး၏။ သံသယရှိစရာမလိုပေ။ ထိုအရာသည် လျှိုဝမ်ရှစ်၏ ဟင်းပွဲနှင့် သက်ဆိုင်နေပေ လိမ့်မည်။

အထက်နယ်မြေသို့ တက်လှမ်းပြီးသည့်နောက် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များ၏ အလုံးစုံအားအင်သည် ပိုမို တိုးတက်လာခဲ့၏။ ထို့အတူ စားဖိုမှူးအတတ်ပညာတွင် ပါရမီရှင်တစ်ယောက်ဖြစ်သော လျှိုဝမ်ရှစ်သည်လည်း အောက်နယ်မြေမှာအတိုင်း ရပ်တန့်မနေခဲ့ချေ။ ပိုမိုအားကောင်းသည့် ဟင်းပွဲများကို ဖန်တီးပြုလုပ်ရင်း ဟင်းပွဲအသစ် များကို ဖန်တီးနေနိုင်ပြီဖြစ်၏။

“လက်ခံသူ … ခုနတုန်းက ထုတ်ဖော်လိုက်တဲ့ စွမ်းအင်တွေက ပုံမှန်ထက် ၄၀ ရာခိုင်နှုန်းလောက် ပိုပြီး အားကောင်းနေတယ်။” စနစ်က ပြောလိုက်သည်။

“အဲလောက် မြင့်မားတာလား။” ကျွင်းချောင်ရှောင်းသည် ကြောင်အသွားမိ၏။ စောနတုန်းက ဖြစ်တည်ခဲ့သည့် စွမ်းအင်လှိုင်းများသည် သိုင်းကျင့်ကြံခြင်းနည်းစနစ်ကြောင့် ပိုမိုတိုးတက်လာခဲ့သည်မဟုတ်ပေ။ ချက်ချင်းဆိုသလိုပဲ အားအင် တိုးတက်သွားခဲ့သည့် အရာမျိုးပင်ဖြစ်သည်။ မယုံကြည်နိုင်စရာ ကောင်းလှ၏။

လျှိုဝမ်ရှစ်သည် စားသောက်ခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်ကာဖြင့် ပြောလိုက်သည်။ “ဒီဟင်းပွဲကို ပေါက်ကွဲမှု ငါးဟင်းအစပ်လို့ ခေါ်တယ်။ အသုံးပြုထားတဲ့ ငရုတ်ကောင်းနဲ့ ငရုတ်သီးတွေအကုန်လုံးက အထက် နယ်မြေဆီကလေ။ မတူညီတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်ပြီးတဲ့နောက်မှာ ဒီအရာကို တစ်ကိုက်ကိုက်လိုက်တာနဲ့ ဒန်ထျန်ထဲမှာရှိတဲ့ စွမ်းအင်တွေကို စုဝေးစေတယ်။ ပြီးတော့ ကြီးမားပြင်းထန်လွန်းတဲ့ အားအင်တွေကို ထုတ်ဖော် နိုင်စွမ်း ရှိတယ်။”

“အံ့အားသင့်စရာပဲ။” ကျွင်းချောင်ရှောင်းသည် လက်မထောင်ပြလိုက်၏။

လျှိုဝမ်ရှစ်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ အကျိုးမသက်ရောက်မှုတစ်ခုရှိသေးတယ်။ တစ်ခါပဲ သုံးလို့ရတယ်။”

စွမ်းအင်များလှိုင်းများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် ဟုန်ထပြီးသည့်နောက် တဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားခဲ့ကြောင်း ကျွင်းချောင်ရှောင်းက သတိပြုမိ၏။ အစပ်အရသာသည် သူ၏ ပါးစပ်ထဲတွင် တည်ရှိနေသော်လည်း ဒန်ထျန်ထဲတွင် ရှိနေသည့် စွမ်းအင်လှိုင်းများမှာတော့ တဖြည်းဖြည်း ငြိမ်သက်လာပြီး မကြာခင်မှာပဲ အလုံးစုံပျောက်ကွယ်သွားခဲ့၏။

အနည်းငယ်နောင်တရစရာဖြစ်နေသည်ဆိုသော်လည်း တိုက်ခိုက်မှုစွမ်းရည်၏ တိုးတက်လာမှုနှုန်းသည် ၄၀ ရာခိုင်နှုန်း ဖြစ်သောကြောင့် အန္တရာယ်ရှိသော အခြေအနေမျိုးတွင် ထုတ်ဖော် အသုံးပြုနိုင်သည့်အရာမျိုး ဖြစ်လို့နေခဲ့သည်။ ထိုအရာ သည် တိုက်ပွဲကို ပြောင်းပြန်လှန်ပစ်နိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိနိုင်ပေလိမ့်မည်။

“ကောင်မလေး။”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဒါကို နောက်တစ်လုပ်လောက် ထပ်စားလိုက်ရင် ဘယ်လိုနေမလဲ။”

လျှိုဝမ်ရှစ်သည် ခေါင်းကိုခါယမ်းကာဖြင့် ပြောလိုက်၏။ “ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ငရုတ်ကောင်းနဲ့ အစပ်ဓာတ်တွေကို ဖယ်ရှားနိုင်ဖို့အတွက် ၄ နာရီစောင့်ရမယ်။”

၄ နာရီဆိုသည်မှာ အနည်းငယ်ကြာမြင့်၏။ ထို့ကြောင့် သာမန်တိုက်ပွဲများတွင် ဤကဲ့သို့ စောင့်နေ၍ မရနိုင်ချေ။ တစ်ခါတည်း အသုံးပြုနိုင်မည့် ဝှက်ဖဲအဖြစ်သာ အသုံးပြုရပေလိမ့်မည်။

“ချင်းယန် …. ရှောင်ကျီ။”

ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။ “မင်းတို့ လာစမ်းကြည့်စမ်း။”

“ကောင်းပါပြီ။”

လီချင်းယန်နှင့် ရှောင်ကျီတို့သည် စားသောက်ခန်းထဲသို့ လျှောက်ဝင်လာ၏။ ပြီးနောက် ငါးဖက်တစ်ခုကို ဆွဲယူကာဖြင့် ပါးစပ်ထဲသို့ ထိုးထည့်လိုက်၏။ မျက်နှာတစ်ခုလုံး နီမြန်းစွာဖြင့် ဂိုဏ်းချုပ်၏ မူလပုံစံအတိုင်းပင် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ပြေးသွားကြတော့သည်။

“မီးနဂါးတိုက်ကွက်။”

“မီးနဂါးတိုက်ကွက်။”

ဝှစ် ဝှစ်

အလင်းတန်းနှစ်ခုသည် ဖြစ်တည်လာခဲ့တော့၏။ တပည့်များသည် ဤငါးဟင်းကို တစ်ယောက်ပြီးတစ်ယောက် မြည်းစမ်းကြည့်ကြ၏။ ပြီးနောက် စားသောက်ခန်း၏ အပြင်ဘက်သို့ ပြေးထွက်ကာ အရှက်မဲ့လှသည့် စကားလုံး များကို ရေရွတ်ကာဖြင့် စွမ်းအင်များကို ထုတ်ဖော်ကြ၏။ ဤမြင်ကွင်းသည် ကြောင်တောင်တောင် နိုင်လွန်းလှ၏။

လျှိုဝမ်ရှစ်၏ ဟင်းပွဲအသစ်သည် အောင်မြင်ခဲ့သည်ဟု ပြောရမည်။ ထို့အပြင် မည်သည့်ရတနာ၏ ထောက်ပံ့မှုမှ မရှိဘဲ စားသောက်မှုတစ်ခုတည်းနှင့် တိုက်ခိုက်နိုင်မှုစွမ်းရည်ကို ၄၀ ရာခိုင်နှုန်း တိုးစေသည်ဆိုသည်မှာ အံ့အားသင့်ဖွယ်ရာပင် ဖြစ်သည်။

တစ်စုံတစ်ယောက်သည် ထိုအရာကို စားလိုက်ပါက အင်အားတိုးတက်လာခဲ့၏။ ထိုသို့ဆိုလျှင် အဖွဲ့လိုက်ကြီးသာ စားလိုက်မည်ဆိုလျှင် မည်သို့ ဖြစ်လာမည်နည်း။

အနာဂတ်တစ်နေ့တွင် ပြိုင်စံရှားဂိုဏ်းနှင့် အင်ပေါ်တယ်အဆင့်ဂိုဏ်းကြီး ၁၀ ဂိုဏ်းတို့ တိုက်ခိုက်သည့်အချိန်တွင် ထိုကဲ့သို့ ဟင်းပွဲများကို ထုတ်ယူကာ စားသောက်လိုက်သည်နှင့် တပြိုင်နက် တပည့်များအားလုံး၏ တိုက်ခိုက်နိုင်မှုစွမ်းရည် သည် ၄၀ ရာခိုင်နှုန်း တိုးလာပေလိမ့်မည်။ ဤမြင်ကွင်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေသည်။ စိတ်ကူးထဲမှာပင် ပျော်ရွှင်စရာ ကောင်းလွန်းလှသည်။

“ကောင်မလေး”

ကျွင်းချောင်ရှောင်းက အားပေးလိုက်၏။ “မင်း အလုပ်ကြိုးစားဖို့ လိုအပ်နေသေးတယ်။”

ဤကဲ့သို့သော အားအင်အဆင့်ဆက်တိုက်တိုးတက်မှုသည် သူ့အား မကျေနပ်နိုင်သေးချေ။ ပိုမိုကာ လေ့လာပြီးသည့်နောက် ပိုမိုအားကောင်းလှသည့် အခြေအနေတစ်ခုကို ဖန်တီးနိုင်ရန် မျှော်လင့်မိသည်။ “ကောင်းပါပြီ။”

လျှိုဝမ်ရှစ်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “အကောင်းဆုံးကြိုးစားပါ့မယ်။”

“ဟောခန်းသခင်လီ”

ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။ “ခုနတုန်းက ဟင်းပွဲတွေကို ထုတ်ပိုးပြီးတော့ ဖြစ်နိုင်သမျှ အမြန်ဆုံး ရီရှင်းချန်ဆီကို ပို့လိုက်တော့။”

သူ၏ တပည့်သည် ဒုတိယအဆင့် တားမြစ်တည်နေရာထဲသို့ သွားရောက်ကာ လေ့ကျင့်နေ၏။ ထို့ကြောင့် ဤဟင်းပွဲ သည် အသုံးဝင်ပေလိမ့်မည်။

“ကောင်းပါပြီ။”

လီလိုရှုသည် အလျင်အမြန်ဖြင့် စီစဉ်တော့၏။ မကြာခင်မှာပဲ မိုးဆွေဟောခန်းမှ တပည့်များသည် အဆင့်ဆင့်သယ်ယူသွားခဲ့ပြီးသည့်နောက် ဒုတိယအဆင့် တားမြစ်တည်နေရာထဲသို့ လှမ်းဝင်ရန် ပြင်ဆင်နေသည့် ရီရှင်းချန် ၏ လက်ထဲသို့ အရောက်ပေးပို့လိုက်၏။

မဲမှောင်လျက်ရှိနေသည့် တောရိုင်းအတွင်းမှာတော့ ရီရှင်းချန်သည် သူ့ဆီသို့ ရောက်ရှိလာခဲ့သည့် ဟင်းထုတ်ကို အသာ ကြည့်ရှုနေပြီး သူ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် နှင့် တုန်ယင်လျက်ရှိသည်။

ဂိုဏ်းချုပ်သည် ရုတ်တရက် သူ့အတွက် အစားအသောက်များကို ပေးပို့ခဲ့၏။ သူသည် လေ့ကျင့်ရလွန်းသောကြောင့် အခြေခံစားသောက်ရမည့်အစားအစာကိုပင် မစားနိုင်ဟု တွေးထင်နေသည်လားမသိချေ။

အစားအသောက်ဘူးပေါ်တွင်လည်း မှတ်ချက်တစ်ခု ရေးသားထား၏။ ထိုစာသားမှာ “အားညို။ မင်းရဲ့ ဂျူနီယာညီမလေးရဲ့ ဟင်းပွဲအသစ်ပဲ။ ဒါကို စားပြီးတဲ့ အချိန်မှာ မင်းရဲ့အားအင်တွေက ပိုပြီးတိုးလာ လိမ့်မယ်။ အန္တရာယ်တွေ့လာရင် ဒါကို ထုတ်စားဖို့မမေ့နဲ့။” ဟူ၍ဖြစ်သည်။

ကျွတ် …။

ရီရှင်းချန်သည် အေးစက်စက်ဖြင့် နှာခေါင်းရှုံလိုက်၏။ ပြီးနောက် သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကာ သိမ်းဆည်းလိုက်၏။

လျှိုဝမ်ရှစ်၏ အစားအသောက်သည် အားအင်အဆင့်ကို ပိုတိုးတက်နိုင်သည်ကို သူသိရှိပြီးဖြစ်၏။ သို့ပေမဲ့ ထမင်းကြော်ကဲ့သို့ပင် သူ့အတွက် ဘာမှသိပ်ပြီးထူးခြားလာလိမ့်မည်မဟုတ်ချေ။ ထို့အပြင် အခက်အခဲများကို ကျော်ဖြတ်သည့်နေရာ၌ ပြင်ပပစ္စည်းများကို အသုံးပြု၍ ကျော်ဖြတ်ရသည်ကို သူ မနှစ်သက်ချေ။

ဖောက်

သူသည် ရှေ့သို့လှမ်းဝင်လာခဲ့ပြီးသည့်နောက် အတားအဆီးတည်နေရာတစ်ခုကို ကျော်ဖြတ်ကာ ဝင်ရောက်လိုက်သည်။

“သူဝင်သွားပြီပဲ။”

“ဒီကောင် ပုံရိပ်ယောင်ဝိညာဉ်အစီအရင်ထဲကို တစ်ယောက်တည်း ဝင်သွားတာပဲ။”

အပြင်ဘက်တွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ချက်ချင်းပင် ဆွေးနွေးမိကြ၏။ အားလုံးသောသူများသည် လက်မထောင်ကာဖြင့် ရီရှင်းချန်အား ချီးကျူးလျက်ရှိနေသည်။

…

“ဂိုဏ်းချုပ်။”

လီလိုရှုသည် သတင်းကို ရရှိပြီးသည့်နောက် ပြောလိုက်၏။ “ရီရှင်းချန်က ဒုတိယအဆင့် တားမြစ်တည်နေရာထဲကို ဝင်သွားပြီ။”

“အင်း။ သူ လုံလုံခြုံခြုံနဲ့ ပြန်ပြီးထွက်လာဖို့ မျှော်လင့်မိတယ်။” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဂိုဏ်းချုပ်”

လျှိုဝမ်ရှစ်သည် သတင်းစကားအသံပို့လွှတ်လိုက်၏။ “စားဖို့အချိန်ရောက်ပြီ။”

“သွားကြရအောင်။”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားစားကြစို့။”

စားသောက်ခန်းဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ သူသည် တစ်စုံတစ်ခုကို သတိရလိုက်မိသည်။ ထို့ကြောင့် မေးလိုက်မိ၏။ “ကောင်မလေး … ဒီ ငါးအစပ်ကို တစ်ကိုက်စားမယ်ဆိုရင် အားအင်အဆင့်ကို တိုးတက်စေနိုင်တယ်။ အကုန်လုံးစားလိုက်မယ်ဆိုရင်ရော …”

“ဒါက”

လျှိုဝမ်ရှစ်သည် သူ၏ မေးစေ့ကို ပွတ်သပ်ကာဖြင့် တွေးလိုက်မိသည်။ “ဒါကို အရင်တုန်းက မစမ်းသပ်ဖူးဘူး။”

ကျွင်းချောင်ရှောင်းက သတိပေးလိုက်၏။ “အချိန်ရမယ်ဆိုရင် ဒါကို စမ်းသပ်ထား။ ဘေးထွက်ဆိုးကျိုးကို မသိသေးဘူးဆိုရင် တပည့်တွေအားလုံးကို သတိအပြည့်နဲ့ စားကြဖို့ ပြောထားလိုက်။”

“အင်း။”

“စားကြစို့။ စားကြစို့။”

…

ဘုန်း

ဘုန်း

ပုံရိပ်ယောင်ဝိညာဉ်အစီအရင်ထဲတွင် ကြီးမားလှသည့် ပေါက်ကွဲမှုကြီးဖြစ်တည်လာခဲ့၏။ လက်ရှိအခြေအနေမှာတော့ ရီရှင်းချန်သည် ကြီးမားလှသည့် စိတ်ဝိညာဉ်သားရဲ များနှင့် တိုက်ခိုက်လျက်ရှိနေတော့၏။ မြင်ကွင်းသည် အမှန်ပင် ကြမ်းတမ်းလွန်းလှချေ၏။

လက်ရှိရောက်ရှိနေသည့် ဒုတိယအဆင့် တားမြစ်တည်နေရာဆိုသည်မှာ နတ်ဆိုးနွားတောင်တန်း နှင့် ဆင်တူလျက်ရှိ၏။ အထဲတွင် မည်သည့်ရတနာပစ္စည်းမှ မရှိချေ။ သို့ပေမဲ့ လေ့ကျင့်ရန်အတွက်တော့ တန်ဖိုးကြီးလှသည့် အရာများပင် ဖြစ်၏။ အသွင်ပြောင်းလာခဲ့သော စိတ်ဝိညာဉ်သားရဲများသည် အမှန်ပင် အစစ်အမှန်ကဲ့သို့ပင် ဖြစ်တည်နေပြီး တိုက်ခိုက်မှု အားအင်ကလည်း ကြီးမားသည်။

ကောင်းကင်လက်ဝါး ….။

သက်တန့်ရောင်စဉ်ကျမ်း ….။

ဘုန်း ဘုန်း …။

လက်ဝါးရိုက်ချက်နှင့် အလင်းတန်းများသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာခဲ့၏။ အဆုံးသတ်မှာတော့ ရီရှင်းချန်၏ အားအင်အပြည့်နှင့် တိုက်ခိုက်မှုအောက်တွင် အမြုတေပြောင်းလဲခြင်းအဆင့် ၄ ရှိသော စိတ်ဝိညာဉ်သားရဲ သည် ဘယ်တုန်းကမှ မရှိခဲ့သလို ပေါက်ကွဲပြီး သေဆုံးသွားခဲ့၏။

ဟူး

ဟူး

ထိုအချိန်မှာပဲ လေထုထဲတွင် နောက်ထပ်အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ ပြီးသည့်နောက် ကြီးမားလွန်းလှသည့် စိတ်ဝိညာဉ်သားရဲ ၂ ကောင် ထပ်မံဖြစ်တည်လာခဲ့၏။

…

ရီရှင်းချန်သည် မျက်မှောင်ကုတ်မိသွား၏။ တစ်ကောင်ကို သတ်ပြီးသည့်နောက် ၂ ကောင်ထပ်ရောက်လာခဲ့၏။ ဒုတိယ အဆင့် တားမြစ်တည်နေရာသည် တကယ်ပင် ဂုဏ်သတင်းနှင့်ထိုက်တန်လွန်းလှသည့် တည်နေရာပင်ဖြစ်ပေလိမ့်မည်။

ဟုတ်ပေသည်။ အားညိုသည် တစ်စက်ကလေးမှ စိတ်မလျှော့ချေ။ သူ၏ နဖူးပေါ်တွင် ရှိနေသော တိုက်ခိုက်သူဟူသည့် စာလုံးကြီးကို အသက်သွင်းပြီးသည့်နောက် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲခဲ့၏။ သူသည် လက်ထဲတွင်ရှိနေသော ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့် အထဲသို့ ခုန်ဝင်သွားခဲ့၏။

တစ်နာရီကြာပြီးသည့်နောက် ရီရှင်းချန်သည် ပုဆိန်ကြီးကို ကိုင်ဆောင်ကာဖြင့် မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့် အပြုံးတစ်ခုတည်ရှိနေ၏။ သူ၏ အနောက်ဘက်တွင်တော့ ကြီးမားလွန်းလှသည့် စိတ်ဝိညာဉ်သားရဲကြီး နှစ်ကောင်သည် အစိတ်စိတ် အပိုင်းပိုင်း သေဆုံးနေခဲ့ပြီဖြစ်သည်။

ဝေါင်း ဝေါင်း ..။

ဟန်ထုတ်၍ မပြီးသေးခင်မှာပဲ နောက်ထပ် စိတ်ဝိညာဉ်သားရဲ လေးကောင် ဖြစ်တည်လာခဲ့၏။

…

ရီရှင်းချန်၏ အမူအရာသည် အမှန်ပင် လေးနက်သွားခဲ့၏။ ၂ ကောင်သတ်ပြီးသည့်နောက် နောက်ထပ် ၄ ကောင် ထပ်ရောက်လာခဲ့သည်။ ၎င်းတို့ကိုသာ သတ်လိုက်မည်ဆိုပါက နောက်ထပ် ၈ ကောင် ထပ်ရောက်လာမည်လား မသိချေ။

သေချာပေ၏။ သူ့အနေနှင့် အလွန်အမင်းအားစိုက်ထုတ်ကာဖြင့် တိုက်ခိုက်သတ်ဖြတ်ပြီးသည့်နောက် နောက်ထပ်စိတ်ဝိညာဉ်သားရဲ ၈ ကောင်တို့သည် တည်နေရာထဲတွင် ထပ်မံပေါ်ပေါက်လာခဲ့၏။ ၎င်းတို့သည် အားအင်အဆင့်များ မတိုးတက်လာခဲ့သော်လည်း အရေအတွက်မှာ ၂ ဆ ၊ ၂ ဆ ပိုမိုကာ တိုးလာခဲ့၏။ ထိုအချင်းအရာကို မည်သူက ခုခံနိုင်မည်နည်း။

“နောက်ဆုတ်”

သူ့အနေနှင့် နောက်ဆုတ်ရပေမည်။ နောက်ဆုံးမှာတော့ အားညိုသည် နောက်ကို ပြန်ဆုတ်ရန် စဉ်းစားခဲ့၏။ သို့ပေမဲ့ နောက်ကျသွား၏။

စိတ်ဝိညာဉ်သားရဲရှစ်ကောင်တို့သည် တည်နေရာ ရှစ်ခုဆီမှ စုစည်းကာဖြင့် ဖောက်ထွက်၍ မရနိုင်သည့် ပိုက်ကွန်ကြီး တစ်ခုကဲ့သို့ သူ့အား တားဆီးထားခဲ့ကြပြီး နောက်ဆုတ်ရန်အခွင့်အရေးကို မပေးခဲ့ချေ။

ဝမ်း …. ဝူး ….။

ဘုတ် ဘုတ် ဘုတ် …။

စိတ်ဝိညာဉ်သားရဲများသည် ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ကြ၏။ ရီရှင်းချန်ဆီမှ လက်ဝါးရိုက်ချက် နှင့် စွမ်းအင်လှိုင်းများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ သို့ပေမဲ့ သူသည် ဆိုးဆိုးရွားရွား အခြေအနေမျိုးနှင့် အနောက်သို့သာ ပြန်လည်ဆုတ်ခွာလိုက်ရ၏။ အမူမဲ့အမှတ်မဲ့ဖြင့် စိတ်ဝိညာဉ်သားရဲများ၏ ရိုက်နှက်မှုကိုပင် ခံခဲ့ရသေးသည်။

“ချီးတဲ့မှ”

ရီရှင်းချန်သည် ဒေါသတကြီးဖြင့် အနောက်ဘက်သို့ ခြေလှမ်းဆုတ်လိုက်၏။ လက်ရှိအခြေအနေသည် သူသည် ကျဉ်းထဲကြပ်ထဲအခြေအနေသို့ ရောက်ရှိနေ၏။ ဤအရာကို ဖြေရှင်းချင်သည်ဆိုပါက သူ၏ သွေးမျိုးဆက်ကို အသက် သွင်းပြီး အစိမ်းရောင်နွားထီးကြီးပုံစံကို ပြောင်းလဲရန်သာရှိတော့၏။

“နေအုံး။ ဂိုဏ်းချုပ် ပေးပို့လိုက်တဲ့ အစားအစာရှိသေးတာပဲ။”

ရွှီး

ရီရှင်းချန်သည် ချက်ချင်းထိုအရာကို ထုတ်ယူပြီးသည့်နောက် တိုက်ခိုက်မှုတွေကို ရှောင်ရှားရင်း အိုးအဖုံးကို ဖွင့်ကာ တစ်ခါတည်း တစ်ပန်းကန်လုံးမော့ကာ စားသုံးလိုက်တော့၏။ သူသည် ဝါး၍ပင် မနေခဲ့ချေ။ ပါးစပ်ထဲရောက်လျှင် ပြီးရော ဟုပင် သဘောထားခဲ့သည်။ ကံကောင်းစွာဖြင့် ငါးများသည် အရိုးကို နုတ်ထားပြီးသားဖြစ်သောကြောင့် ရီရှင်းချန်အတွက် အခက်အခဲမဖြစ်ခဲ့ချေ။

အား အား

ရုတ်တရက် စိတ်ဝိညာဉ်အစီအရင်အတွင်းမှ ကျယ်လောင်သည့်အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ တစ်ခြားသော တည်နေရာများတွင် လေ့ကျင့်လျက်ရှိနေသည့် သိုင်းကျင့်ကြံသူများသည် ထိုအသံကို ကြားသည့်အချိန်မှာတော့ ကြက်သီးမွေးညှင်းများပင် ထသွားခဲ့ကြ၏။

အနီးပတ်ဝန်းကျင်တွင် ရှိနေသော စိတ်ဝိညာဉ်သားရဲများသည်လည်း ဆွံ့အသွားခဲ့ကြသည်။

“ဒါ ဘယ်လိုအခြေအနေမျိုးလဲ။ သွားပြီးတော့ ကြည့်ကြရအောင်။” အားလုံးတို့သည် အသံထွက်ပေါ်ရာဆီသို့ လှမ်းလာခဲ့ကြ၏။

မြင်ကွင်းရှေ့သို့ ရောက်ရှိသည့်အချိန်မှာတော့ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည့်လူတစ်ယောက်သည် ခန္ဓာကိုယ်ကို ကွေးညွှတ်လျက်ရှိနေပြီး ၎င်း၏ မျက်နှာနှင့် လည်ပင်း တစ်ခုလုံးသည် နီမြန်းနေ၏။

များပြားလှသော အငွေ့များသည် ခန္ဓာကိုယ်၏ မွေးညှင်းပေါက်များမှ ထွက်ပေါ်လျက်ရှိ၏။ တစ်ကိုယ်လုံး မီးထတောက်တော့မည့်သကဲ့သို့ပင်။

အား …။

ရီရှင်းချန်သည် လက်သီးကို ဆုပ်ကာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။

ဟူး ဟူး

ပူလောင်လှသော အော်ရာများသည် အငွေ့များနှင့်အတူ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်များနှင့် ဖုံးလွှမ်းသွားသကဲ့သို့ပင်။ မီးတောင်ထဲမှ ထွက်ပေါ်လာသည့် မွန်းစတားကြီးတစ်ကောင်ကဲ့သို့ပင် ဆင်တူနေ၏။

….

သိုင်းကျင့်ကြံသူများအားလုံးသည် ရုတ်တရက် ကြက်သီးများပင် ထမိသွားခဲ့ကြ၏။ အနီးအနားတွင် ရှိနေသည့် စိတ်ဝိညာဉ် သားရဲ ရှစ်ကောင်တို့သည် လူသားတစ်ကောင်ကဲ့သို့ ကြောက်လန့်သည့် အမူအရာများကို ပြသလာခဲ့သည်။

မွန်းစတား ဤလူသည် အမှန်ပင် မွန်းစတားအစစ် ဖြစ်၏။

All Chapters