ဟင်းသီးဟင်းရွက်က ဆေးထက်စွမ်း! ၂
Vol. 57 Ch. 843
သူမယူလာတဲ့ဟင်းသီးဟင်းရွက်တွေအားလုံးက စမ်းသပ်ချက်အောင်မြင်တယ်ဆိုတော့ ဒီဟင်းသီးဟင်းရွက်တွေမှာ ဆေးပင်၊ဆေးဝါးတွေထက်တောင်ပိုကောင်းတဲ့အာနိသင်တွေတကယ်ရှိနေတာပေါ့။
…
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်ကရုံးခန်းအပြင်ထွက်လာရာ တော်ဝင်ပညာရှင်ကျူး၊တော်ဝင်ပညာရှင်လီတို့နှင့်ဆုံသည်။
တော်ဝင်ပညာရှင်ကျူးတို့က စံအိမ်စျေးဆိုင်မှပစ္စည်းများရွေးနေကြသည်။ ထို့နောက် မီးဖိုချောင်ကိုစီစဉ်ခိုင်းသည်။ သူစောစောကမှထည့်ထားသောချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုတောင်ယူလာသည်။
ထိုပစ္စည်းများကစျေးမပေါသော်လည်း တော်ဝင်ပညာရှင်များအတွက်ကိစ္စမရှိ။
တော်ဝင်ပညာရှင်ကျူးတို့က မျောကျောက်အာနိသင်နှင့်ကြုံပြီး သူတို့သုတေသနကိုအာရုံစိုက်နေခဲ့သည်။ အခုရလဒ်ထွက်လာပြီဖြစ်၍ စိတ်အပန်းဖြေသည့်အနေနှင့် ဆိုင်ထဲလျှောက်ကြည့်ကြသည်။
"သူဌေးချင်!''
တော်ဝင်ပညာရှင်ကျူးက ချင်လင်ကိုမြင်လျှင် အပြုံးနှင့်နှုတ်ဆက်ပြီးချီးကျူးသည်_
"မင်းရဲ့စံအိမ်ကတကယ်အံ့ဩစရာပဲ... ဒီမှာနေရတာ အရမ်းစိတ်သက်သာတယ်... ကမ္ဘာမှာ မင်းစံအိမ်နဲ့တူတဲ့အပန်းဖြေနေရာမျိုးမရှိတော့ဘူးထင်တယ်''
တော်ဝင်ပညာရှင်စွန်းကလည်းထောက်ခံသည်_
"ဟုတ်တယ်... သူဌေးချင်ဆီမှာနေရတာ လုပ်အားနှစ်ဆထွက်တယ်... ဒီတစ်ခါ ငါတို့လည်းသူဌေးချင်ဆီမှာနေပြီး သုတေသနအတွက်ရုတ်တရက်စိတ်ကူးပေါက်ခဲ့တာ''
အခု သူတို့သုံးယောက်သားက တော်ဝင်ပညာရှင်လီရဲ့ခန့်မှန်းချက်ကိုထောက်ခံလိုက်ပြီ။
သူတို့ထောက်ခံတာနဲ့ တော်ဝင်ပညာရှင်လီရဲ့ခန့်မှန်းချက်က အချက်အလက်တစ်ခုဖြစ်သွားသည်။
ချင်လင်ကပြုံးလိုက်ပြီးမှ သိချင်စိတ်နှင့်မေးသည်_
"တော်ဝင်ပညာရှင်ကျူး... သုတေသနကဘယ်လိုဖြစ်သွားပြီလဲ?''
ဒါကတကယ်တော့ လျှို့ဝှက်ချက်။
တော်ဝင်ပညာရှင်ကျူးက ချင်လင်ကိုဖုံးကွယ်မထားဘဲ_
"ဒီတစ်ခါ ဒုံးပျံသုတေသနမှာ နောက်တစ်ဆင့်တက်ခဲ့တယ်... ဒုံးပျံသုတေသနပိုင်းမှာ ရှင်းကျန့်တယ်ကိုဦးဆောင်နိုင်တော့မယ်''
တော်ဝင်ပညာရှင်ကျူးမျက်နှာတွင် ယုံကြည်မှုနှင့်ဂုဏ်ယူမှုက အတိုင်းသား။

သူတို့လိုသုတေသနသမားများအတွက်အကြီးမားဆုံးဆန္ဒက နိုင်ငံတိုးတက်ရေးအပြင် နည်းပညာအမြင့်ဆုံးနှင့် နိုင်ငံကိုရပ်တည်စေချင်သည်။
ချင်လင်လည်း အတိုင်းထက်အလွန်ပင်။
စနစ်ကိုရ၊ စိုက်ပျိုးမွေးမြူရေးခြံကိုရ၊ မျောကျောက်ကိုရခဲ့ပြီး ဒီလိုလျှို့ဝှက်ပါဝင်ရတာ သူလည်းဝမ်းသာသည်။
ချင်လင်က တော်ဝင်ပညာရှင်များနှင့်ခဏစကားပြောပြီး ကျောက်မိုချင်းကိုအဖော်ပြုရန် ချင်းလင်စံအိမ်ကိုသွားလိုက်သည်။
ကျောက်မိုချင်းကကိုယ်ဝန်ကြီးနှင့်။ သန္ဓေအားဆေးရှိ၍ ရုပ်ပိုင်းဆိုင်ရာဘာမှမဖြစ်သော်လည်း ဒီလိုအချိန်တွင် အမျိုးသမီးများကစိတ်ထိခိုက်လွယ်ပြီး စိတ်ဝေဒနာများရတတ်သည်။ သူမနှင့်ပိုပြီးအချိန်ဖြုန်းပေးရမည်။
ကျောက်မိုချင်းနှင့်အချိန်ဖြုန်းပြီးနောက် အပန်းဖြေစံအိမ်ပြန်လာရာ မာဟုန်ကလုံခြုံရေးအစောင့်နှစ်ဦးကို လေ့ကျင့်ရေးခန်းထဲခေါ်လာသည်ကိုတွေ့ရသည်။
ထိုလေ့ကျင့်ရေးခန်းကို မူလကအပန်းဖြေအားဖြည့်သောလူနာများအတွက်လုပ်ထားခြင်းဖြစ်ပြီး အလွန်ကျယ်သည်။
အမျိုးသမီးသုံးဦးရော၊ တော်ဝင်ပညာရှင်များရော အပန်းဖြေအားဖြည့်သောဧည့်သည်များမှာ လေ့ကျင့်ရေးခန်းထဲဝင်ခဲသည်။ သူတို့က အပြင်မှာလမ်းလျှောက်ရင်လျှောက်၊ ရှုခင်းကြည့်ရင်ကြည့်၊ မကြည့်ရင် ကွင်းပြင်ထဲမှာလေ့ကျင့်ခန်းလုပ်ကြသည်။ တစ်ခါတလေ ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံကိုလည်းသွားသည်။
ချင်းလင်အပန်းဖြေစံအိမ်ဧည့်သည်များက ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံကိုလည်း အခမဲ့သွားနိုင်သည်။
ထို့ကြောင့် လေ့ကျင့်ရေးခန်းက လုံခြုံရေးအစောင့်များအတွက်ဖြစ်လာသည်။ ချန်တပေက တစ်ခါတလေလာပြီးလေ့ကျင့်ရေးဆင်းသော်လည်း လုံခြုံရေးအစောင့်များလိုမလုပ်နိုင်။
အပန်းဖြေစံအိမ်လုံခြုံရေးအစောင့်များအားလုံးက အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များဖြစ်ပြီး အနေအထားကောင်းကြသည်။
ဒါ သူ့ကိုယ်သူသေကြောင်းရှာနေတာမလား?
သို့သော် အခုမာဟုန်က လူနှစ်ယောက်ခေါ်သွားသည်ကိုမြင်သောအခါ ထိုအငြိမ်းစားအထူးတပ်ဖွဲ့ဝင်များက လေးစားကြည့်နှင့်ကြည့်ကြလေသည်။
မာဟုန်တို့၏လေ့ကျင့်ရေးကလည်း အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များကိုညှင်းဆဲနေသလိုပင်။
သူတို့က ငတုံးမဟုတ်။ အရေးကြီးသောတော်ဝင်ပညာရှင်များရောက်လာမှန်း သူတို့သိသည်။ ထို့ကြောင့် အသစ်ရောက်လာသောခေါင်းဆောင်ဟုန်တို့က အဆင့်အတန်းမြင့်ရမည်။

ချင်လင်ဝင်လာသောအခါ မာဟုန်နှင့်လုံခြုံရေးအစောင့်များက လေ့ကျင့်ရေးဆင်းနေသည်။
"သူဌေး!"
"သူဌေး!"
“……”
အပန်းဖြေစံအိမ်၏လုံခြုံရေးအစောင့်အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များက ချင်လင်ဝင်ဝင်လာချင်းနှုတ်ဆက်သည်။
"သူဌေးချင်!''
မာဟုန်ကချက်ချင်း သူ့ကိုနှုတ်ဆက်လိုက်သည်။
ချင်လင်က မာဟုန်ကိုင်ထားသောဝိတ်တန်းကြီးကိုကြည့်ပြီး သိချင်စိတ်နှင့်_
"ခေါင်းဆောင်မာ... ခင်ဗျားမှာအထူးလေ့ကျင့်ရေးနည်းတွေများရှိလား? ကျွန်တော့်ကိုသင်ပေးပါလား?''
သူကစိတ်ကူးပေါက်ရာမေးခြင်းမဟုတ်။
ဘာပဲဖြစ်ဖြစ် သူကစွမ်းအားပင်အသီးနှစ်လုံးစားထား၍ သူ့ခန္ဓာကိုယ်ကအလွန်သန်မာသည်။ အပြင်းအထန်အားသုံးပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ထားခြင်းမဟုတ်။
ဒီလိုဆက်သွားရင် စွမ်းအားပင်အသီးကရတဲ့ခန္ဓာကိုယ်အင်အားက တဖြည်းဖြည်းကျဆင်းလာလိမ့်မည်။
ဗိုက်ရွှဲရွှဲနှင့်ဦးလေးကြီးများဖြစ်လာသော ကမ္ဘာ့ချန်ပီယံများစွာရှိလေသည်။
စွမ်းအားပင်အသီးကရတဲ့သက်လုံတောင် အရှိန်ကုန်ရင် ဖြည်းဖြည်းချင်းအားလျော့သွားလိမ့်မည်။
ထို့ကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်တာမမှား။ အထူးသဖြင့် မာဟုန်လိုလူမျိုးပင်။ သူတို့ခန္ဓာကိုယ်အင်အားကိုအပြည့်အဝပြသနိုင်ရမည်။
မာဟုန်ကိုကိုယ်ခံပညာသင်ပေးခိုင်းရင် ပိုတောင်ကောင်းဦးမည်။
အမျိုးသားတွေက ဒါမျိုးတွေလုပ်ရတာ အတော်သဘောကျသည်။
နောက်နောင် သူ့အကြောင်းပေါ်သွားခဲ့ရင် ဒါကိုအသုံးချရမည်။
မာဟုန်က ချင်လင်စကားနားထောင်ပြီး ပါးပါးနပ်နပ်နှင့်_
"သူဌေးချင်... ကျွန်တော်တို့လေ့ကျင့်ရေးနည်းက ပြင်းထန်ပါတယ်... သူဌေးအနေနဲ့ ဒီလိုပြင်းပြင်းထန်ထန်လုပ်စရာမလိုပါဘူး... ပြီးတော့ ကျွန်တော်တို့လေ့ကျင့်တဲ့နည်းကိုမလုပ်နိုင်လောက်ပါဘူး... သာမန်လေ့ကျင့်နည်းလေးတွေသင်ပေးပါမယ်''
ချင်လင်က သူ့ကိုအထင်သေးမှန်းသိ၍ ပြုံးပြုံးနှင့်ငုတ်တုတ်ထိုင်ချပြီး မာဟုန်လောက်လေးသောဝိတ်တန်းကိုကောက်မလိုက်သည်။ သူကမာဟုန်ကိုမြှောက်ပြကာ_
"ခေါင်းဆောင်မာ... ကျွန်တော်တို့ပြိုင်မလား? ဘယ်သူအရင်ချမလဲကြည့်ရအောင်?''
မာဟုန်က ချင်လင်လက်ထဲမှဝိတ်တန်းကိုကြည့်ပြီး အံ့အားသင့်သွားလေသည်။