ဟင်းသီးဟင်းရွက်က ဆေးထက်စွမ်း! ၃
Vol. 57 Ch. 844
သာမန်လူဆို ဒီလောက်လေးတဲ့ဝိတ်တန်းကို မ မနိုင်။ အသာလေးမဖို့ဆိုမပြောနဲ့တော့။
ဒီသူဌေးချင်ငယ်ငယ်လေးက ဒီလောက်သန်မည်ဟုမထင်မိပေ။
မာဟုန်၏လက်အောက်ငယ်သားနှစ်ယောက်နှင့်အငြိမ်းစားအထူးတပ်ဖွဲ့ဝင်လုံခြုံရေးအစောင့်များကလည်း လှမ်းကြည့်ကြသည်။ သူတို့လည်း ချင်လင်လက်ထဲမှဝိတ်တန်းကိုမြင်ပြီး အံ့ဩသွားသည်။
"သူဌေးချင်... ပြိုင်ရင်ရော?''
မာဟုန်စိတ်ဝင်စားသွားသည်။ သူကချင်လင်ပြောသည့်အတိုင်းသဘောတူပြီး ချင်လင်ရှေ့တွင် ဝိတ်တန်းကိုမကာ ထိုင်လိုက်ထလိုက်လုပ်သည်။
သူကနည်းနည်းလေ့ကျင့်ထား၍ အရင်လုပ်ရသည်ကိုစိတ်ထဲမထား။ သူဌေးချင်ကိုနည်းပေးလမ်းပြခြင်းပင်။
ဒီအပိုင်းမှာ သူ့ကိုယ်သူယုံကြည်ချက်ရှိသည်။ သူဌေးချင်ကိုသုံးလေးမိနစ်အကျောပေးရင်တောင် သူဌေးချင်သူ့ကိုနိုင်မည်မဟုတ်။
မာဟုန်ကိုကြည့်ပြီး ချင်လင်ကသူ့ပုံစံအတိုင်း ထိုင်လိုက်ထလိုက်လုပ်သည်။ သူ့အရှိန်က မာဟုန်ထက်မလျော့။
"သူဌေးချင်က အံ့ဩစရာပဲ!''
မာဟုန်မလေးစားဘဲမနေနိုင်တော့။ သို့သော် အချိန်လွန်သည်နှင့် သူ့မျက်နှာကတဖြည်းဖြည်းပျက်လာသည်။
ဝိတ်တန်းနှင့်ထိုင်လိုက်ထလိုက်လုပ်သောအနေအထားကမြန်လွန်း၍ အတော်အားကုန်လာသည်။ သူ့လက်မောင်းများကိုက်ခဲလာသည်ဟုခံစားရချိန်တွင် သူဌေးချင်ကသက်သောင့်သက်သာဖြစ်နေဆဲ။
မဟုတ်သေးဘူး။
မကြာမီ မာဟုန်အရှိန်လျော့လာချိန်တွင် ချင်လင်ကမြန်ပြီးမှန်နေဆဲပင်။
စွမ်းအားပင်အသီးနှစ်လုံး၏ခံနိုင်ရည်က ဟာသမဟုတ်။
မာဟုန်သိသိသာသာအားကုန်လာချိန်တွင် ချင်လင်က တောင်တန်းလိုတည်ငြိမ်ပြီး သူ့လက်မောင်းနည်းနည်းသာကိုက်လာသည်။
မာဟုန်ပါးစပ်အဟောင်းသားဖြစ်သွားသည်။
မဖြစ်နိုင်!
မာဟုန်၏လူများနှင့်အငြိမ်းစားအထူးတပ်ဖွဲ့ဝင်များက ချင်လင်ကိုလူထူးလူဆန်းလိုကြည့်လိုက်ကြသည်။
အငြိမ်းစားအထူးတပ်ဖွဲ့ဝင်လုံခြုံရေးအစောင့်များက မာဟုန်နှင့်သူ့လူများဘယ်လောက်သန်လဲသိကြသည်။ သူတို့တပ်ထဲမှာတုန်းကတောင် သူတို့ခွန်အားနှင့်ခံနိုင်ရည်က မာဟုန်တို့နှင့်မတူ။
အခုတော့ ဒီခေါင်းဆောင်မာဟုန်က ခွန်အားနှင့်ခံနိုင်ရည်အပိုင်းမှာ သူတို့သူဌေးကိုမယှဉ်နိုင်ဘူးလား?
နောက်ဆုံး မာဟုန်ကဝိတ်တန်းချပြီး ရေရွတ်လိုက်သည်_
"သူဌေးချင်... ခင်ဗျားက လူထူးလူဆန်းပဲ''
"ကျွန်တော်လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ပါတယ်... ဒါပေမဲ့ ခေါင်းဆောင်မာဟုန်ဆီက သင်ချင်ပါသေးတယ်''
ချင်လင်ကပြောသည်။
မာဟုန်က ချင်လင်ကိုမငြင်းနိုင်။
ဒါပေမဲ့ ဒီလိုခွန်အားနှင့်ခံနိုင်ရည်မျိုးကို လေ့ကျင့်ပြီးဘယ်လိုလုပ်ရတာလဲ?
ဒါဆိုရင် သူတို့အပြင်းအထန်လေ့ကျင့်ခဲ့တာတွေက အလကားဖြစ်မသွားဘူးလား?
သို့ရာတွင် သူဌေးချင်၏ခွန်အားနှင့်ခံနိုင်ရည်ကကြောက်စရာကောင်းသည်ကိုမငြင်းနိုင်ပေ။
မာဟုန်က သန်မာသူများကိုအမြဲအားကျခဲ့သူဖြစ်၍ သူဌေးချင်အပေါ်အမြင်ပြောင်းလဲသွားသည်။ သူ့ကိုအထက်လူတွေတန်ဖိုးထားသော သူဌေး၊ စီးပွားရေးသမားဟုမမြင်တော့။ သန်မာသောလူအဖြစ်မြင်လာသည်။
ထို့ကြောင့် လေ့ကျင့်ရေး၊တိုက်ခိုက်ရေးနည်းများသင်ပေးရန် အပန်းမကြီးတော့။
ချင်လင်က မာဟုန်နှင့်ပြိုင်နေစဉ် ဟော်လန်နိုင်ငံ၊အမ်စတာဒန်ပြတိုက်တွင် Arsda တစ်ယောက်လည်း သူ့ကွန်ပျူတာဖွင့်ပြီးသတင်းများဖတ်နေသည်။
သတင်းက အရှေ့တိုင်းနိုင်ငံမှတစ်ဘီလီယံတန်သောပန်းချီကားသုံးချပ်အကြောင်းပင်။
ပန်းချီကားများထဲမှတစ်ချပ်က သူတို့နိုင်ငံ့ရတနာ၊ ဗန်ဂိုး၏' ပင်လယ်ထဲမှနေကြာ' ဖြစ်သည်။
ဒီနိုင်ငံ့ရတနာကို သူတို့ပြန်ယူရမည်။ ဗန်ဂိုးရဲ့ပန်းချီကားက သူတို့နိုင်ငံရဲ့အမှတ်အသားတစ်ခုဖြစ်သည်။ အရင်ခြိမ်းခြောက်မှုများက အသုံးမဝင်သောကြောင့်သာ လွှတ်ထားရသည်။ ဒါပေမဲ့ လက်မလျှော့သေး။
အစက ငွေနှင့်ပြန်ဝယ်လိုသော်လည်း တစ်ဖက်ကအပြတ်ငြင်းမှတော့ အထူးနည်းလမ်းများသုံးရတော့မည်။ သူကပြန်ယူချင်ရုံသာမက သင်ခန်းစာလည်းပေးချင်သေးသည်။
Arsda က သူ့အတွင်းရေးမှူးအား_
"တွေ့ခဲ့လား?''
အတွင်းရေးမှူးကခေါင်းညိမ့်ပြီး_
"နံပါတ်တစ်နိုင်ငံတကာသူခိုး Mike ပဲ... ဒီတာဝန်ကိုသူလက်ခံထားတယ်... အခုဆို ဟိုရောက်နေလောက်ပြီ... သူမလွဲနိုင်ပါဘူး''
"ငါတို့အကြောင်းမသိဘူးမလား?''
အတွင်းရေးမှူးကပြုံးပြီး_
"စိတ်မပူပါနဲ့... လုပ်တဲ့သူကိုစိတ်ချပါ... ဒါပေမဲ့ Mike တို့က လုပ်ငန်းမစခင် US ဒေါ်လာသန်း ၅၀ စရံချပေးဖို့ပြောတယ်''
"ပေးလိုက်!''
Arsda က နံပါတ်တစ်နိုင်ငံတကာသူခိုး Mike ၏လုပ်နိုင်စွမ်းကိုယုံသည်။ နိုင်ငံတကာနာမည်ကြီးပြတိုက်များမှတစ်ကြိမ်မက အောင်အောင်မြင်မြင်ခိုးနိုင်ခဲ့သည်။ နိုင်ငံတကာရဲများအပါအဝင် ကမ္ဘာတစ်လွှားမှထိပ်တန်းအေးဂျင့်များက သူ့ကိုလက်မှိုင်ချရသည်။
နောက်ပြီး Mike က နာမည်ရှိသည်။ စရံက သူ့တန်ဖိုးပင်။ အနည်းဆုံးတော့ စရံကိုလက်ခံပြီးမှ ပန်းချီကားတန်ဖိုးကြောင့်လောဘတက်မည်မဟုတ်။ နှစ်ဦးနှစ်ဖက်အပေးအယူလုပ်မည်။
ပန်းချီကားကိုအရှေ့တိုင်းကပြတိုက်မှာထားရင် Mike အမှားလုပ်လေမလား၊ ဒေါ်လာသန်း ၅၀ ဆုံးမလား သူစိတ်ပူနေရဦးမည်။ ဘာပဲဖြစ်ဖြစ် အများရံပုံငွေမဟုတ်လား။ အလဟဿဖြစ်ပြီး ဘာမှမရလိုက်ရင် ပြတိုက်မှူးဆိုတဲ့သူ့ရာထူးလည်းသွားပြီ။
သို့ရာတွင် ပန်းချီကားကို အပန်းဖြေစံအိမ်ရှုမျှော်ခင်းနေရာတွင်သာထားထားသည်တဲ့။ ရှုမျှော်ခင်းအစောင့်လောက်ကို Mike ကရှုံးရင် ကမ္ဘာ့နံပါတ်တစ်သူခိုးဆိုတဲ့သူ့နာမည်လည်းပျက်မည်။
Mike ပန်းချီကားခိုးနိုင်ရင် သူတို့ကြံစည်ထားသလို နိုင်ငံတကာလေလံပွဲကိုသွားနိုင်ပြီ။ ပြီးရင် နိုင်ငံတော်ပြတိုက်မှာပေါ်ပေါ်ထင်ထင်ထားမည်။ အဲဒီအချိန်ကျ အရှေ့တိုင်းကလူငယ် ကြက်သေသေသွားလိမ့်မည်။
…
ချင်းလင်စံအိမ်ကို တောင်တန်းများနှင့်ကာဆီးထားသည်။
အပန်းဖြေစံအိမ်နှင့်ခပ်လှမ်းလှမ်း တောင်ကုန်းတစ်ခုပေါ်တွင် ပုံရိပ်နှစ်ခုတိတ်တဆိတ်ပေါ်လာသည်။ သူတို့ကမှန်ဘီလူးများကိုင်ပြီး ချင်းလင်အပန်းဖြေစံအိမ်ဘက်လှမ်းကြည့်ကာ အခြေအနေကိုစူးစမ်းနေကြ၏။
တစ်ယောက်က စူးစမ်းရသမျှစံအိမ်ဖွဲ့စည်းပုံကို ဘောပင်နှင့်၊မှတ်စုနှင့်တောင်ချဆွဲထားသည်။ အချိန်ယူပြီးနောက် စံအိမ်ဖွဲ့စည်းပုံကိုရေးဆွဲပြီးသွားသည်။
နောက်ပြီး အပန်းဖြေစံအိမ်ထဲမှလုံခြုံရေးအစောင့်များ၏ပတ္တရောင်လမ်းကြောင်းနှင့်အလှည့်တာဝန်များကိုလည်းမှတ်တမ်းတင်ထားသည်။
နိုင်ငံတကာနံပါတ်တစ်သူခိုး Mike အနေနှင့် လုပ်ငန်းမစခင် ၁၀၀% သေချာအောင်လုပ်လေ့ရှိသည်။
သို့ရာတွင် ဒီအပန်းဖြေစံအိမ်ကို သူလုံးဝဂရုမစိုက်။
"Mike... စရံဒေါ်လာ ၅၀၀၀ ရောက်ပြီ''
သူ့ဘေးမှလူကပြောသည်။
Mike ကကျေကျေနပ်နပ်ခေါင်းညိမ့်လိုက်သည်။ တစ်ဖက်က ပြောတဲ့အတိုင်းလုပ်မှတော့ သူကကောင်းကောင်းလုပ်ရမည်။
အခု ဒီစံအိမ်ကိုမွှေနှောက်ရှာဖို့ အခွင့်ကောင်းတစ်ခုသာလိုတော့သည်။