ပြီးပြီ၊ လုံးဝပြီးပြီ!
Vol. 57 Ch. 851
မာဟုန်တို့က ချက်ချင်း Hogg ကိုကြည့်လိုက်ကြသည်။ Mike စကားကြောင့် သူတို့တစ်ခုခုတွေးမိသည်။
ထို့ကြောင့် ချက်ချင်းလက်ငင်းပင် Hogg က အဓိကပစ်မှတ်ဖြစ်လာသည်။
"သူ့ကိုအရင်ကြည့်ပြီးမှ ဘာဖြစ်နေလဲအဖြေရှာကြတာပေါ့''
သူကရှင်းရှင်းပြောလိုက်၍ သူ့ဘေးမှလူနှစ်ယောက်က Hogg နားတန်းလျှောက်သွားသည်။
တစ်ခဏအတွင်း Hogg ၏ညည်းသံနှင့်ကြောက်စရာအော်သံကြီးထပ်ထွက်လာသည်။
ဒီနောက်လိုက် Hogg က အကြံအစည်များပြီး တစ်ဖက်သားကိုတမင်သက်သက်ဖော်ကောင်လုပ်မှန်း သူတို့လည်းသိသည်။
မာဟုန်က Mike ကိုကြည့်ပြီး စသလိုနောက်သလိုမေးသည်_
"အခုတော့ သိသင့်တာသိပြီလား?''
မာဟုန်မျက်နှာထားကိုမြင်ပြီး Mike ရင်တုန်သွားသည်။ သူကအမှတ်တမဲ့ ဗလုံးဗထွေးနှင့်_
"ပစ္စည်းတွေအကုန်လုံး မေတ္တာကမ်းရိုးတန်းမှာ... သတ္တုစပ်သေတ္တာနဲ့ထည့်ပြီး ပင်လယ်ထဲမြှုပ်ထားတာ... တိတိကျကျပြောရရင် အရှေ့လောင်ဂျီကျူ**မြောက်လတ်တီကျူ***!''
စောစောက နှိပ်စက်ညှဉ်းပန်း၊မေးမြန်းခံရပြီးကတည်းက သူ့စိတ်အခြေအနေပြိုလဲသွားသည်။ အခုတော့ ထောက်လှမ်းသူအဖြစ်အသတ်မခံရအောင် နိုင်ငံတကာနံပါတ်တစ်သူခိုးဖြစ်ကြောင်းသာအတည်ပြုချင်နေသည်။
မာဟုန်ကနားထောင်ရင်း Mike မျက်လုံးထဲတည့်တည့်ကြည့်လိုက်သည်။
Mike ပခုံးတွန့်သွား၏။ Hogg ၏စိတ်ပျက်စရာအော်သံကိုကြားပြီး သူကဝူးဝူးဝါးဝါးနှင့်_
"ဆွစ်ဇာလန်ဘဏ်အကောင့် *** လျှို့ဝှက်နံပါတ် *** Belgium နိုင်ငံတကာဘဏ်အကောင့် *** လျှို့ဝှက်နံပါတ် *** ''
Mike က နိုင်ငံတကာဘဏ်အကောင့်တချို့ကိုပြောပြသည်။ မာဟုန်၏လူများက အသေးစိတ်လိုက်မှတ်ထားပြီး မာဟုန်ကိုပေးသည်။
မာဟုန်ကချက်ချင်းသူ့ဖုန်းထုတ်ပြီး ဂဏန်းသုံးလုံးသာရှိသောနံပါတ်တစ်ခုကိုဆက်လိုက်သည်။
သာမန်လူ ဒီနံပါတ်ကိုဆက်ရင် ဝင်ဖို့မဖြစ်နိုင်။ အထူးဖွဲ့စည်းပုံနှင့်အဆက်အသွယ်ရှိသူသာ ဆက်နိုင်သည်။
ထိုနံပါတ်က ရုံးချုပ်မှဆက်သွယ်ရေးအချက်အလက်ဖြစ်သည်။
"မေတ္တာကမ်းရိုးတန်းမှာ ဘယ်သူရှိလဲကြည့်လိုက်... အရှေ့လောင်ဂျီကျူ ** မြောက်လတ္တီကျူ ** နေရာက ပင်လယ်အောက်ခြေကိုသွားပြီး တစ်ချက်ကြည့်... ပြီးတော့ ဘဏ်အကောင့်တွေကိုစစ်... သူတို့မှာငွေဘယ်လောက်ရှိလဲကြည့်''

မာဟုန်က Mike ပြောသောဘဏ်အကောင့်များကိုပြောပြသည်။
ခဏအကြာ သူ့ဖုန်းထဲမှအသံထွက်လာသည်_
"အကောင့်အမျိုးမျိုးနဲ့ငွေအများကြီးရှိတာ အတည်ပြုပြီးပါပြီ... စုစုပေါင်း တစ်ဘီလီယံထက်မနည်းပါဘူး!''
"ပိုက်ဆံပြန်လွှဲဖို့လုပ်ပါ''
မာဟုန်ကပြောသည်_
"အဲဒါနိုင်ငံတကာသူခိုးဆီကရွှေမည်းတွေ''
"ကောင်းပါပြီ!''
ဖုန်းထဲမှ ခပ်ဆတ်ဆတ်၊ခပ်ပြတ်ပြတ်အသံထွက်လာသည်။
"ပြီးတော့ မေတ္တာကမ်းရိုးတန်းကသတင်းကို အမြန်ဆုံးအတည်ပြုပေးပါ''
မာဟုန်ကဖုန်းချပြီး စိတ်ကျေနပ်သွားပုံနှင့် Mike ကိုကြည့်ကာ_
"မင်းကအရမ်းရိုးသားတာပဲ... အရမ်းကောင်းတယ်!''
ထို့နောက် မာဟုန်က Hogg ကိုကြည့်လိုက်သည်။
အခု ဒီနောက်လိုက်ကောင်ကိစ္စက အရေးအကြီးဆုံးဖြစ်လာပြီ။
Mike လည်း သူ့ကိုကြည့်ပြီး သက်ပြင်းချလိုက်တော့သည်။
သူ့မှာရှိတာ ဒါအကုန်ပဲဟု Hogg ကထင်နေသော်လည်း သူ့မှာဒေါ်လာသန်း ၃၀၀ နှင့်ရတနာဝှက်ထားသောနေရာရှိသေးသည်။ သူအသက်ရှင်ပြီးလွတ်လပ်ခွင့်ပြန်ရနိုင်သရွေ့ အေးအေးဆေးဆေးနေနိုင်သေးသည်။
ခဏအကြာ Hogg ၏စူးစူးဝါးဝါးအော်သံကြီးရပ်သွားသည်။
ဒီတစ်ကြိမ်တွင် သူတုန်ယင်နေပြီ။ သူ့ကို Mike ကပြန်ပြီးသစ္စာဖောက်မည်ဟုမထင်မိပေ။
မာဟုန်ကသူ့ဆီလျှောက်လာသောကြောင့် သူကလွှတ်ခနဲပြောလိုက်သည်_
"မြွေခေါင်း.. မြွေခေါင်းပါ... သူဌေးတစ်ယောက်အိမ်ကကြုံလို့ခိုးခဲ့တာ... New York မြို့စွန်က **စံအိမ်အောက်ထဲမှာရှိတယ်... အဲဒီကိုသူများနာမည်သုံးပြီးယူသွားတာ... ငါတစ်ခါပဲရောက်ဖူးတယ်... ဘယ်သူမှမသိဘူး... ဒီတစ်ခါက တကယ်အကူပဲလုပ်တာပါ... Mike ကိုပန်းချီကားခိုးဖို့ သူများကငှားတာ''
ဘယ်သူကအခရာလဲ မာဟုန်ဂရုမစိုက်။
သူကချက်ချင်းဖုန်းထုတ်ပြီး စောစောကဆက်ထားသောနံပါတ်ကိုခေါ်လိုက်သည်။

သူ့အဖို့ နိုင်ငံတကာသူခိုးနှစ်ယောက်က သိပ်အရေးမပါသော်လည်း သူတို့လက်ထဲမှပစ္စည်းကြောင့် အံ့ဩမိသည်။
သူနဲ့ကြုံမှတော့ သူဖြေရှင်းရတော့မည်။
…
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်မှာအိပ်နေရင်း ကြားလိုက်ရသောသတင်းကြောင့် နည်းနည်းအံ့ဩသွားသည်။
အပန်းဖြေစံအိမ်မှာ ဒီလိုကိစ္စကြီးဖြစ်လာမည်ဟုမထင်မိပေ။
အထူးသဖြင့် မာဟုန်တို့က စံအိမ်ကလူများကိုအလန့်တကြားမဖြစ်စေဘဲ မြန်မြန်ဆန်ဆန်ကိုင်တွယ်ဖြေရှင်းလိုက်ကြသည်။
မာဟုန်တို့အတွက် ကျူးကျော်ဝင်ရောက်သူတွေကအားနည်းလွန်းနေသည်။
သူချင်းလင်စံအိမ်လုံခြုံရေးအခန်းထဲရောက်သောအခါ မာဟုန်ကအရှုပ်ထုပ်စရှင်းနေပြီ။ လုံခြုံရေးအခန်းထဲတွင် လက်ထိပ်ခတ်ထားသောနိုင်ငံခြားသားနှစ်ယောက်ကိုလည်းတွေ့ရသည်။
ထိုအချိန်တွင် နိုင်ငံခြားသားနှစ်ယောက်မှာကြက်သေသေနေပြီး ပုံစံကလဲကျတော့မတတ်ရှိနေ၏။
"ခေါင်းဆောင်မာ... သူတို့ကဘယ်သူတွေလဲ သိလား?''
ချင်လင်ကသိချင်စိတ်နှင့် မာဟုန်ကိုမေးလိုက်သည်။
မာဟုန်ကရှင်းပြသည်_
"သူဌေးချင်... ဒီနှစ်ကောင်က နိုင်ငံတကာသူခိုးတွေပါ... တစ်ယောက်က နိုင်ငံတကာနံပါတ်တစ်သူခိုး Mike... သူ့ကိုဒေါ်လာသန်း ၅၀ စရံပေးပြီး ဒီကပန်းချီကားသုံးချပ်ခိုးခိုင်းတဲ့သူရှိတယ်''
"သူ့ကိုခိုင်းတာဘယ်သူလဲသိလား?''
ချင်လင်ကချက်ချင်းမျက်မှောင်ကြုတ်သွားသည်။
ဒီပန်းချီကားသုံးချပ်တန်ဖိုးကိုအားလုံးအသိပင်။ နောက်ပြီး ဗန်ဂိုးနှင့်ပီကာဆို၏ပန်းချီကားကိုဝယ်ယူဖို့ကြိုးစားနေသော ဟော်လန်နှင့်ရှီပန်းယနှစ်နိုင်ငံမှလူများရှိသည်။
ဒီတော့ ဒီနိုင်ငံတကာသူခိုးတွေကို အဲဒီနှစ်နိုင်ငံကငှားတာဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ပြည်တွင်း၊ပြည်ပကသူဌေးတွေငှားတာဖြစ်မည်။
နာမည်ကြီးပန်းချီကားစုရန်ဝါသနာကြီးသူတချို့က ဒါမျိုးတကယ်လုပ်နိုင်သည်။
ဒီလိုလူမျိုးတွေသာ ဒီပန်းချီကားသုံးချပ်ကိုတွေ့ရင် တဏှာရူးက ဝတ်လစ်စားလစ်မိန်းမလှလေးကိုတွေ့တာထက်ပိုဆိုးနိုင်သည်။
မာဟုန်ကခေါင်းခါပြီး_
"သူဌေးချင်... Mike လည်း နောက်ကွယ်ကလူကိုမသိဘူး... သူ့ကိုအံတိုနေတဲ့ပွဲစားကြီးကထောက်ခံပေးတာ... အဲလိုပွဲစားမျိုးတွေက ပိုက်ဆံပဲကြည့်ကြတာ... ဖောက်သည်ဘယ်သူဖြစ်ဖြစ်ဂရုမစိုက်ဘူး... အဲဒါကြောင့် သူ့ကိုအပ်တာပဲ''
ချင်လင်ကနားလည်၍ခေါင်းညိမ့်ပြီး_
"ခေါင်းဆောင်မာ... Mike က စရံငွေ US ဒေါ်လာသန်း ၅၀ ပဲရသေးတယ်မလား? စာရင်းရှင်းရဦးမယ် ဟုတ်တယ်မလား? Mike နဲ့ပူးပေါင်းပြီးတော့ ဒီနောက်ကွယ်ကလူစိတ်ပျက်သွားအောင်လုပ်ဖို့နည်းလမ်းများရှိလား?''