ဟင်းသီးဟင်းရွက်ကို ဆေးထင်လား?
Vol. 57 Ch. 854
ကမ္ဘာ့နံပါတ်တစ်သူခိုးကို ရုံချန်းတွင်ဖမ်းမိသောသတင်းက နိုင်ငံတကာသို့ပြန့်သွားပြီး နိုင်ငံအတော်များများမှအထူးအေးဂျင့်များ၊နိုင်ငံတကာရဲများ အလှောင်ခံရသည်။
အရှေ့တိုင်းနိုင်ငံစီရင်စုသေးသေးလေးမှပြစ်မှုဆိုင်ရာရဲက နိုင်ငံတကာနံပါတ်တစ်သူခိုး Mike ကိုဖမ်းမိတာ သူတို့မယုံနိုင်။ Mike အယောင်ဆောင်ပြီး လူအာရုံစိုက်ခံရအောင်လုပ်တာဖြစ်မည်။
သူတို့အားလုံးကိုယ်တိုင် Mike ၏အစွမ်းကိုကြုံဖူးကြသည်။ Mike ကိုသာဖမ်းရလွယ်ရင် သူတို့လက်ထဲရောက်တာကြာပေါ့။
နောက်ပြီး နိုင်ငံအတော်များများမှရဲများက Mike အကြောင်းထုတ်ပြန်ထားကြသည်။
အရှေ့တိုင်းနိုင်ငံစီရင်စုငယ်လေးမှာ Mike ကိုဖမ်းမိတာ အတုအယောင်ဟုဆိုဖွယ်ရာရှိသော်လည်း ဖြစ်ချင်တော့ သူတို့က အတုနှင့်အစစ်တောင်ခွဲခြားနိုင်စွမ်းမရှိချေ။
သူတို့ဝန်မခံလိုခြင်းသာ။ မဟုတ်ရင် သူတို့နိုင်ငံရဲက အရှေ့တိုင်းကရဲကိုမမီတဲ့သဘောဖြစ်မသွားဘူးလား?
စီရင်စုငယ်လေးရဲ့ရဲဌာနက သူတို့အထူးအေးဂျင့်တွေထက်အားကောင်းနေတယ်ပေါ့?
နိုင်ငံတကာရဲအရာရှိက စာထုတ်ပြန်ထားသည်:
'ကျွန်တော်တို့ Mike ရှိတဲ့နေရာကိုအတည်ပြုပြီး သူ့ကိုဖမ်းဖို့အထူးအေးဂျင့်တွေလွှတ်ထားပါပြီ... မကြာခင် Mike ကိုဖမ်းမိမယ်လို့ ယုံကြည်ပါတယ်'
အဓိပ္ပါယ်ကရှင်းသည်။ ပန်းချီကားခိုးသူက Mike ဖြစ်ကြောင်း သူတို့လက်မခံသေး။ အတုသာဖြစ်သည်။ နောက်ပြီး နိုင်ငံတစ်နိုင်ငံမှရဲအရာရှိက Mike အတုဟုအတည်ယူထားသည်။
သတင်းကပြည်တွင်းအင်တာနက်တွင်ပြန့်သွားပြီး အတုလား၊အစစ်လား ခွဲခြားရခက်သွားလေသည်။
အတော်များများ ရုံချန်းရဲမှားသလားဟုပင် ထင်လာကြသည်။
တစ်ခါတလေ အချက်အလက်များက စကားထက်အသံပိုကျယ်သည်။ အကြောင်းမှာ ပေကျင်းနိုင်ငံတကာပြတိုက်တွင် ရုတ်တရက်ပြခန်းပစ္စည်းတစ်သုတ်တိုးလာသောကြောင့်ပင်။
ထိုပြခန်းပစ္စည်းများက နိုင်ငံအသီးသီးမှအဖိုးတန်ရှေးဟောင်းပစ္စည်းများ၊ရတနာများဖြစ်လေသည်။ နိုင်ငံတကာပြတိုက်များမှ Mike ခိုးလာသော နိုင်ငံ့ရတနာများလည်းပါသည်။ အခု ပစ္စည်းများပြန်တွေ့ပြီဖြစ်၍ ပြန်ပို့ရမည်။
ထိုပစ္စည်းများချပြသောအခါ နိုင်ငံအားလုံးမှရဲများ ဆွံ့အသွားလေသည်။
Mike သာ အဖမ်းမခံရရင် ဒီပစ္စည်းတွေဘယ်လိုလုပ်တွေ့ပါ့မလဲ?

နိုင်ငံတကာရဲများက အရင်ကြေညာချက်ကိုတောင် အမြန်ဖျက်လိုက်ကြသည်။
သူတို့ဇဝေဇဝါဖြစ်နေကြ၏။ သူတို့ကိုအရုပ်လိုကစားပြီး ဘာမှမတတ်နိုင်အောင်လုပ်တဲ့ Mike က ဒီနိုင်ငံရဲ့စီရင်စုငယ်လေးကရဲဖမ်းတာခံရသတဲ့လား?
တချို့က လေလွင့် Mike ဟုတောင်ခေါ်ကြသည်။
သို့သော် ဖျတ်ခနဲ တစ်ခုခုမှားသလိုခံစားရသည်။
Mike က လေလွင့်အမှိုက်ဆိုရင် အမှိုက်ကိုတောင်မဖမ်းနိုင်တဲ့သူတို့က ပိုအသုံးမကျဘူးမလား?
မြို့တော်အမျိုးသားပြတိုက်က ထိုပစ္စည်းများချပြပြီးနောက် နိုင်ငံအသီးသီးမှပြတိုက်များကလည်း သံတမန်စာပို့ပြီး သူတို့နိုင်ငံပိုင်ရတနာများပြန်ယူလိုကြောင်းပြောကြသည်။
အကြောင်းပြချက်က Mike ခိုးသွားပြီး ခိုးရာပါပစ္စည်းဖြစ်၍ သူတို့ပြန်ယူရမည်တဲ့။
သို့ရာတွင် မြို့တော်အမျိုးသားပြတိုက်က ဒီပစ္စည်းများချပြရသောရည်ရွယ်ချက်ရှိသည်။
ဒါညစ်ပတ်တာဆိုရင် ၈ နိုင်ငံမဟာမိတ်ကလုယူသွားတာရော မညစ်ပတ်ဘူးလား?
သို့ဖြစ်၍ ပေကျင်းအမျိုးသားပြတိုက်၏ သဘောထားကလည်း အလွန်ရှင်းသည်။ သူတို့ကဒီပစ္စည်းများပြန်ယူပြီး တခြားပစ္စည်းနှင့်လဲရမည်။ မဟုတ်ရင် သူတို့ပစ္စည်းတွေကိုဒီအတိုင်းပြထားမည်။
ဒီရက်ပိုင်း မြို့တော်မှာခမ်းခမ်းနားနားပြသထားစဉ် ရုံချန်းစီရင်စုကလည်း အတော်လေးအသက်ဝင်နေသည်။
နိုင်ငံတကာနံပါတ်တစ်သူခိုး Mike ကို ရုံချန်းမှာဖမ်းမိသောသတင်းက အုတ်အော်သောင်းတင်းဖြစ်နေသည်။ ထို့ကြောင့် အတော်များများက နိုင်ငံတကာနံပါတ်တစ်သူခိုး Mike ၏မျက်နှာကိုကြည့်ချင်ကြသည်။
အခု Mike ကို ရုံချန်းထောင်မှာထားပြီး တရားရုံးအမိန့်ချရန်စောင့်နေသည်။ စီရင်စုကဒီလိုလုပ်သည့်အတွက် သက်ဆိုင်ရာဌာနအားလုံး အတော်သတိထားရသည်။
ရုံချန်းက Mike ကိုစောင့်ကြည့်ရန် လက်နက်ကိုင်ရဲတပ်ဖွဲ့တောင် တောင်းဆိုထားသည်။

ဘာပဲဖြစ်ဖြစ် သူကနိုင်ငံတကာနံပါတ်တစ်သူခိုး။ နိုင်ငံတကာရဲများကိုတောင် သူကစားနိုင်သည်။
ဒါကြောင့်လည်း ခေါင်းဆောင်ဟုန်နှင့်ချင်းလင်စံအိမ်ပတ္တရောင်လှည့်ရဲများမှာ အလွန်နာမည်ကြီးလာပြီး အင်တာနက်တခွင်တွင်ချီးကျူးခံနေရသည်။
ခေါင်းဆောင်ဟုန်တို့ကမူ မျက်စိမျက်နှာပျက်နေကြနေ၏။ သူတို့ဖမ်းခဲ့တာမဟုတ်ပါဘဲ အမှန်အတိုင်းမပြောပြဖို့ သူတို့ကိုသတိပေးခြင်း၊ညွှန်ကြားခြင်းခံထားရသည်။ လူကိုဖမ်းမိတာ သူတို့မဟုတ်။
အပြင်လောကအတွက် ဒီကိစ္စကဒဏ္ဍာရီဆန်ဆန်ဖြစ်နေသည်။ ဒီအကြောင်းကိုဇာတ်အိမ်ဖွဲ့ပြီး ရုပ်ရှင်ရိုက်ချင်ကြောင်းပြောသောနာမည်ကြီးဒါရိုက်တာများတောင်ရှိသည်။
ချန်လီလည်း စွန်းရှန်ရုံးခန်းထဲတွင် ဒီကိစ္စကိုအာရုံစိုက်နေသည်။
သူတို့နှစ်ဦးလည်းဝမ်းသာနေကြသည်။ ဘာပဲဖြစ်ဖြစ် ရုံချန်းကိုအာရုံစိုက်ခံရသည့်အပြင် ရုံချန်း၏လုံခြုံရေးပြဿနာများကိုဖြေရှင်းနိုင်မည့်အခွင့်ကောင်းလည်းဖြစ်သည်။
သို့သော် တစ်ခါတလေ အကောင်းချည်းဖြစ်မနေ။ အံ့ဩစရာလေးတွေကရှိတတ်စမြဲ။ ရုံချန်းလည်း ဒီအတိုင်းပင်။
ချန်လီက စွန်းရှန်ရုံးခန်းထဲမှထွက်မည်အပြုတွင် စွန်းရှန်၏အတွင်းရေးမှူးပြေးဝင်လာပြီး_
"စွန်းရှန်.. လက်ထောက်ချန်.. မကောင်းတော့ဘူး... ကျွန်တော်တို့ရုံချန်းက သတင်းတက်ပြန်ပြီ... ဒီတစ်ခါ အကောင်းတော့မဟုတ်ဘူး''
"ဘာဖြစ်လို့လဲ?''
စွန်းရှန်မျက်မှောင်ကြုတ်လိုက်သည်။
"စီရင်စုမိုဘိုင်းလုပ်ငန်းမှာ ပြဿနာတက်နေပြီ''
အတွင်းရေးမှူးကချက်ချင်းသူ့ဖုန်းထုတ်ပြီး သတင်းရှာကာ စွန်းရှန်ဆီပေးလိုက်သည်။
ချန်လီလည်းချက်ချင်းသွားပြီး ဗီဒီယိုကိုကြည့်သည်။
မကျေမနပ်ပြောနေသောအမျိုးသမီးတစ်ဦးအသံပင်:
"အမေက မရှိတော့ဘူး... ကျွန်မသူ့ဖုန်းနံပါတ်တောင်မလိုတော့ဘူး... ဘာလို့ပိုက်ဆံအဖြတ်ခံရမှာလဲ? အခုဒီလာတာလည်း အမေ့ဖုန်းနံပါတ်ကိုဖျက်သိမ်းဖို့''
"ပြီးတော့ အမေမှမရှိတော့တာ... ဘာလို့လူကိုယ်တိုင်လာခိုင်းနေတာလဲ? ဘယ်လိုလုပ်လာနိုင်မှာလဲ?''
"အဲဒီတုန်းက ကျွန်မစာရွက်စာတမ်းအကုန်ယူလာခဲ့တယ်... သေစာရင်းရော.. မီးသင်္ဂြိုလ်တဲ့မှတ်တမ်းရော... ဒါပေမဲ့ မရဘူးတဲ့!''
"အဲဒါကြောင့် အမေ့ပြာအိုးကိုယူလာတယ်လေ... အဲကျတော့ ဒီပြာတွေကဘယ်ကမှန်းမသိနိုင်လို့ မျက်နှာအစစ်ကိုတွေ့ဖို့လိုတယ်တဲ့!''
“……”
ဗီဒီယိုကြည့်ပြီး စွန်းရှန်နှင့်ချန်လီက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
မိုဘိုင်းဌာနကလူတွေ ဘာဖြစ်နေတာလဲ?
ဒါသက်သက်မဲ့ ပြဿနာရှာနေတာမလား?