နောက်ဆုံး ပိတ်ကား
Vol. 117 Ch. 1755
“ ဟက် …”
ဆံပင် အတိုနှင့် အမျိုးသားမှ နှာခေါင်းရှုံ့လိုက်ပြီး “ မင်းက အတော်လေးတော့ သိသားပဲ .. မာစတာဝေ့က ဘယ်သူမှန်း မင်းသိမှတော့ အခု မင်း ဘာဖြစ်ပြီလဲဆိုတာလည်း သိပြီမလား ….”
ဝှစ် …
လင်းရီ အချိန်ဆွဲမနေဘဲ ဆံပင်အတိုနှင့် အမျိုးသားအား ခြေဖဝါးဖြင့် ဆောင့်ကန်လိုက်သည်။
“ သူ့ကိုယ်သူ ဘာကောင်ထင်နေလို့ … အဲ့ကောင်ကို အခု ဖုန်းခေါ်လိုက် … သူ ငါ့ရှေ့မှာ လေသံမာရဲလား ကြည့်စမ်းမယ်….”
ဆံပင်အတိုနှင့် အမျိုးသားမှာ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ရသည်။
“ မင်း အလိုက်ကန်းဆိုး မသိတဲ့ကောင် … မာစတာဝေ့ကို နောက်ကွယ်မှာ ဘယ်လိုတောင် စော်ကား ပုတ်ခတ်ဝံ့နေတာလဲ … ငါပြောလိုက်မယ် … မင်းတော့ အဆုံးသတ်ပြီ… မာစတာဝေ့တာ ဒီအကြောင်း သိသွားလို့ကတော့ သူမင်းကို သတ်ပြီပဲ …”
“ ငါ စောင့်နေမယ်… သူ့ဆီ ဖုန်းခေါ်ပြီး သူ ငါ့ကို သတ်ရဲလား ကြည့်ကြတာပေါ့ … ငါ့ နာမည် လင်းရီဆိုတာပါ သူ့ကို ထည့်ပြောလိုက် ….”
ဆံပင်အတိုနှင့် အမျိုးသားမှာ ဘာမှ ထပ်မပြောတော့ချေ။ သူ့ဖုန်းထုတ်၍ ဝေ့ရီဟွားထံသို့ ဖုန်းခေါ်လိုက်၏။
“ မာစတာဝေ့ … ကျွန်တော် ဝူလေးလေ….”
“ ပြီးပြီလား …” ဝေ့ရီဟွား၏ အသံဩဩကြီးမှာ ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ ဒီမှာ ပြဿနာ တစ်ချို့ တက်နေလို့ … ရန်ပင်းလို့ ခေါ်တဲ့ ကောင်မက အားကိုးတစ်ယောက် ရှာထားပြီး သူ့နာမည်က လင်းရီလို့ ခေါ်တယ်… သူပဲ ကျွန်တော်တို့ အကုန်လုံးကို အနိုင်ယူသွားတာ … သူက လူကို ဓားနဲ့တောင် ထိုးတယ် မာစတာဝေ့ …”
“ မင်း ဘာပြောလိုက်တယ်… မင်း ဥက္ကဌလင်းရဲ့ တွေ့ခဲ့ရတယ် ဟုတ်လား ….”
ထိုစကားလုံးများ ပြောထွက်လာသည်နှင့် လူတိုင်း၏ မျက်လုံးတို့မှာ ဆံပင်အတိုနှင့် အမျိုးသားထံ ကျရောက်သွားခဲ့လေသည်။
ဝေ့ရီဟွား၏ လေသံနှင့် သဘောထား အပြုအမူမှာ သူတို့အား အံ့အားသင့်သွားစေခဲ့သည်။ ဤသည်က သူတို့ မျှော်လင့်ထားသည်နှင့် အခြားနားကြီး ခြားနားနေသည်။
“ ကျွန်တော် …. ကျွန်တော်လည်း မသိဘူး … သူက သူ့နာမည် လင်းရီ ဆိုတာပဲ ပြောတယ် … စကားပြောတာလည်း မောက်မောက်မာမာနဲ့ မာစတာဝေ့ကိုတောင် စာမဖွဲ့သလိုမျိုး ဆက်တိုက်ပြောနေတာ ….”
ဝေ့ရီဟွားသည် ဆံပင်အတိုနှင့် အမျိုးသားအား လျစ်လျူရှုထားလိုက်ပြီး မဝံ့မရဲ လေသံလေးဖြင့် “ ဟယ်လို ဥက္ကဌလင်း .. ရှိနေလား ….”
“ ငါ ရှိတယ်… မင်း ပြောစရာ ရှိရင် အမြန်ပြော ….”
“ ဥက္ကဌလင်း … စိတ်လျှော့ပါ … ဒါက ကျုပ်တို့ အမှားပါ … သူက ဥက္ကဌလင်းရဲ့ အမျိုးသမီးမှန်း ကျုပ် မသိခဲ့လို့ပါ … ကျုပ်သာ ကြိုသိခဲ့ရင် သတ္တိအဆတစ်ရာ ပေးတောင် ဒီလို မလုပ်ဝံ့ပါဘူး …”
ထိုစကားကြားလိုက်ရသည့် လူတိုင်း၏ နှလုံးခုန်သံမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဒိန်းကနဲ မြည်ဟည်းသွားခဲ့၏။
မာစတာဝေ့ဆိုသည်မှာ ကျိုးဟိုင်တွင် နာမည်ကြီး လူသိများသည့် လူအများထဲက တစ်ယောက်ပင်။ သူက ထိပ်တန်း ပုံရိပ်ရှိသည့် ပုဂ္ဂိုလ်တစ်ယောက်ဟု ပြောလျှင်ပင် မမှားယွင်းနိုင်ချေ။
သို့သော် ထိုကဲ့သို့သော လူစားမျိုးက သူတို့ရှေ့ရှိ ဤလူအား ထိုမျှ ရိုကျိုးနိမ့်ချသည့် လေသံဖြင့် စကားပြောလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ ဝေ့ရီဟွား … မင်း သတ္တိတွေက တော်တော်ကောင်းနေတာပဲ … မင်း အတောင်တွေ မာလာပြီဆိုတော့ ဘယ်လို အလုပ်အကိုင်မျိုးမဆို လက်ခံလို့ ရပြီ ထင်နေတယ်ပေါ့ ဟုတ်လား … ဒါမှမဟုတ် ကျိုးဟိုင်မှာ မင်းကို ဖိနှိပ်နိုင်တဲ့လူတွေ မရှိတော့ဘူးလို့ ထင်နေတာလား ….”
“ မဟုတ်ပါဘူး မဟုတ်ပါဘူး .. ကျုပ်အဲ့လို မထင်ပါဘူး ….၊ ဥက္ကဌလင်း … ကျေးဇူးပြုပြီး စိတ်လျှော့ပါ ….”
ဝေ့ရီဟွား အလျင်အမြန် ရှင်းပြလိုက်ရပြီး ရှိသမျှ အမွှေး အကုန်ထောင်မတ်လုမတတ် ကြောက်ရွံ့နေမိတော့သည်။
“ ကျုပ်က Tesla ဥက္ကဌနဲ့ ဆက်ဆံရေး တစ်ချို့ ရှိထားတော့ သူက ကျုပ်ကို ဆက်သွယ်လာပြီး အကျိုးအမြတ်တွေ အများကြီး ပေးလာတယ်လေ… ကျုပ်လည်း ရွေးချယ်စရာ ဘယ်ရှိမှာ … ဘာပဲဆိုဆို ကျုပ်ညီကိုတွေရဲ့ စားဝတ်နေရေးကလည်း ကျုပ်ကို မှီခိုနေရတာမလား… ဥက္ကဌလင်း ဒီကိစ္စကို ဗွေမယူဖို့ မျှော်လင့်ပါတယ်.. ကျုပ် အခုချက်ချင်း ဒီကိစ္စကို လက်လျှော့လိုက်ပါတော့မယ်….”
“ မင်းက ဒီအကြောင်း ပြောဖို့ သတ္တိရှိသေးတယ်ပေါ့ …” လင်းရီ ကျိန်ဆဲလိုက်ပြီး “ Tesla အခု လက်ရှိ ဘာတွေ ဖြစ်နေလဲ … သူတို့ရဲ့ သတင်းတွေကို မင်းမမြင်ဘူးလား … အဲ့တာတောင် မင်းက သူတို့ ပိုက်ဆံကို လက်ခံရဲသေးတယ်ပေါ့ …..”
“ ဟုတ်ပါတယ် ဟုတ်ပါတယ်… လက်မခံသင့်ဘူး … ကျုပ်အမှားပါ ဥက္ကဌလင်း … ကျေးဇူးပြုပြီး ကျုပ်ကို နောက်ထပ် အခွင့်အရေးလေးပဲ ပေးပါ … နောက်တစ်ခါကျ ဒီလို ညစ်ပတ်တဲ့ နည်းလမ်းတွေနဲ့ ပိုက်ဆံမရှာရဲတော့ပါဘူး ….”
“ ဝေ့ရီဟွား … ငါမင်းကို နောက်ဆုံးအကြိမ် အခွင့်အရေး ပေးလိုက်မယ်.. မင်း ဒါမျိုး ထပ်လုပ်ရဲရင် ကျိုးဟိုင်ကနေ ပျောက်ကွယ်သွားဖို့ ပြင်ဆင်ထားလိုက်တော့ ….”
“ ကျုပ်နားလည်ပါပြီ ဥက္ကဌလင်း ... အခွင့်အရေးပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်…. ကျုပ် နောက် ထပ်မလုပ်ရဲတော့ပါဘူး …”
ထိုသို့ ပြောပြီးနောက် ဝေ့ရီဟွား၏ လေသံမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ဆံပင်အတိုနှင့် အမျိုးသားအား ပိတ်ငေါက်လိုက်၏။
“ ဥက္ကဌလင်းကို မြန်မြန်တောင်းပန်ပြီး အဲ့အိမ်ကနေ ထွက်ခဲ့စမ်း ….”
“ ဟုတ် .... ဟုတ်ကဲ့ မာစတာဝေ့ ….”
ဆံပင် အတိုနှင့် အမျိုးသား၏ နှလုံးမှာ လည်ချောင်းဝမှ ခုန်ပေါက်ထွက်လုနီးပါး ဖြစ်နေသည်။
သူ၏ ရင်ထဲတွင် ဝေ့ရီဟွားက ပြိုင်ဘက်ကင်း တည်ရှိမှုကြီး ဖြစ်၏။
ကျိုးဟိုင်၏ ဒေသတွင်း အာဏာရှင် လူမိုက်ကြီးများပင် ဝေ့ရီဟွားအား ထိကပါး ရိကပါး လာမလုပ်ဝံ့ကြချေ။
ယခုလို တစ်နေ့၌ သူ၏ ဘော့စ်သည်ပင် အောက်စည်းမှ နေ၍ စကားပြောရသည့် ပုဂ္ဂိုလ်မျိုး ရှိလာလိမ့်မည်လို့ သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပါချေ။
ထိုအခိုက်အတန့်တွင် သူ၏ ကမ္ဘာကြီးအပေါ် အမြင်သည်လည်း အကုန် ဗြောင်းဆန်ကုန်တော့၏။
“ ဥက္ကဌလင်း .. ဒါကျုပ်တို့ အမှားပါ … ဥက္ကဌလင်း ဘယ်အချိန်လောက် အားလဲ … ကျုပ်တို့ကို သေချာလေး တောင်းပန်ဖို့ အခွင့်အရေးလေး ပေးနိုင်မလားဗျ….”
“ အဲ့လောက်ထိ အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး .. ဒါပေမယ့် ငါမင်းတို့ကို လုပ်ခိုင်းချင်တာလေး တစ်ခုတော့ ရှိတယ်…”
“ လိုအပ်တာရှိရင် ဒီတိုင်း ပြောလိုက်ပါ ဥက္ကဌလင်း … ကျုပ် ဝေ့ရီဟွား တတ်နိုင်သရွေ့ တုံ့ဆိုင်းမနေစေရဘူး …”
“ မင်းကို ဆက်သွယ်လာတဲ့လူက ရန်ထျန်းနန် ဆိုတဲ့ လူလား ….”
“ သူပဲ … ကျုပ်ဆီ ဆက်သွယ်လာပြီး ရန်ပင်းဆိုတဲ့ အမျိုးသမီးကို တရားခွင်မှာ အယူခံဝင်ထားတာကို သူ့သဘောနဲ့သူ နှုတ်ထွက်အောင် ဖိအားပေးခိုင်းတာ ….”
“ မင်း ဖုန်းပြောမှတ်တမ်း တင်ထားတာတွေ မရှိဘူးလား … စကားပြောတာကို မှတ်တမ်းတင်ထားတာတွေပေါ့ …”
“ အဲ့လိုတော့ မရှိဘူး .. ဒါပေမယ့် သူ ဒါမျိုး လုပ်ခိုင်းတာကို သက်သေပြနိုင်မယ့် စကားဝိုင်းမှတ်တမ်း တွေတော့ ရှိတယ် … “
“ ငါ ခဏနေ အီးမေးလ်လိပ်စာတစ်ခု ပို့လိုက်မယ်… အဲ့တာတွေ အကုန် ပို့ခဲ့လိုက် .. ပြီးရင် တရားခွင်မှာ မျက်မြင်သက်သေ ထွက်ဆိုခိုင်းဖို့ မင်းတို့ လူတစ်ယောက်ကိုလည်း လိုမယ်… ပြဿနာရှိလား ….”
“ ကျိန်းသေပေါက် ပြဿနာ ဘယ်ရှိမှာ … ဥက္ကဌလင်း ပြောတဲ့အတိုင်းပဲ ကျုပ်လုပ်မှာပါ …”
“ ကောင်းပြီ … မင်းတို့ သွားလို့ရပြီ..”
“ ဟုတ်ကဲ့ … ဥက္ကဌလင်းကို ဆက်မနှောင့်ယှက်တော့ပါဘူး …”
ဝေ့ရီဟွားသည် လင်းရီ၏ အချိန်အား ဆက်လက် မဖြုန်းဝံ့တော့ဘဲ ဖုန်းတန်းချသွားခဲ့၏။
အခန်းထဲတွင် အချိန်အတော်ကြာသည်ထိအောင် တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့တော့သည်။
ဆံပင်အတိုနှင့် အမျိုးသားမှာ လင်းရီအား ထပ်ခါတလဲလဲ ဦးညွှတ်တောင်းပန်လိုက်ပြီး “ ဥက္ကဌလင်း … ကျွန်တော်တို့ မှားမှန်း သိပါပြီ .. ဒါမျိုး နောက် ထပ်မလုပ်ရဲတော့ပါဘူး .. ကျွန်တော်တို့ကို သွားခွင့်ပေးဖို့ မျှော်လင့်ပါတယ်…."
“ အိမ်ထဲကနဲ့ တံခါးက သွေးကွက်တွေ အကုန် သန့်ရှင်းသွား .. ပြီးတော့ မင်းတို့ ဘော့စ်ကို ငါ့ မေးလ် ပို့ပေးလိုက်ဦး …”
“ ဟုတ်ကဲ့ .. နားလည်ပါပြီ…”
သို့နှင့် လင်းရီသည် သူ၏ မေးလ်ကို ဆံပင်အတိုနှင့် လူထံသို့ ပို့လိုက်ပြီး ဝေ့ရီဟွားထံ ပို့ခိုင်းလိုက်သည်။
လင်းရီ၏ အမြင်တွင် ဤသည်က Tesla ကို အမှု့န်ကျေသွားစေမည့် နောက်ဆုံးသော မြက်ထုံးလေး တစ်ခုပါပင်။
ဆံပင်အတိုနှင့် အမျိူးသားမှာ ဒဏ်ရာရထားသောကြောင့် သူ့ညီကိုများထဲက တစ်ယောက်၏ ဆေးရုံသို့ လိုက်ပို့ခြင်းကို ခံလိုက်ရသည်။
ကျန်နှစ်ယောက်ကတော့ အိမ်တွင် သန့်ရှင်းရေးလုပ်ရန်အတွက် ကျန်ရစ်ခဲ့၏။ ကြမ်းတိုက်တံနှင့် ရေပုံးကို တွေ့သွားခဲ့ပြီး ကြမ်းပြင်ရှိ သွေးကွက်များအာ သေချာ ပွတ်တိုက် ဆေးကြောလိုက်ကြ၏။
ပြီးသည့်နောက် ထွက်ခွာ မသွားမီ တံခါးကို သန့်ရှင်းလုပ်ပြီး ဆေးပြန်သုတ်ဖို့ လူလွှတ်လိုက်မည်ဖြစ်ကြောင်း ပြောသွားခဲ့ကြသေးသည်။ သူတို့တွေ နောက်တစ်ခါထပ်ပြီး မဆင်မခြင် လုပ်ဝံ့မှာ မဟုတ်တော့ချေ။
ပြဿနာအား ဖြေရှင်းပြီးသည့်နောက် အိမ်ထဲတွင် လင်းရီနှင့် ရန်ပင်းတို့ နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့လေသည်။
သို့သော် တစ်ဖက် မိန်းကလေး၏ အကြည့်တို့မှာ စူးစမ်းချင်စိတ်တို့ဖြင့် ပြင်းပြနေပြီး လင်းရီအား စေ့စေ့စပ်စပ် အကဲခတ်နေလျက် ရှိ၏။
“ ကျုပ်ကို ဘာလို့ အဲ့လို လာကြည့်နေတာ …”
“ အရာရှိလင်း … နင်က တကယ်ရော ရဲအရာရှိတစ်ယောက် ဟုတ်ရဲ့လား … သူတို့က နင့်ကို ဘာလို့ အဲ့လို လေသံမျိုးနဲ့ ပြောပြီး ဥက္ကဌလင်းလို့ ခေါ်ကြလဲ ….”
“ အဲ့တာက ကျုပ်ရဲ့ တခြား အထောက်အထားပါ … ခင်များ အာရုံထားမနေပါနဲ့ ….” လင်းရီ ပြောလိုက်ပြီး “ ပြဿနာက ဒီမှာ ဖြေရှင်းပြီးသွားပြီဆိုတော့ အစ်မရဲ့ အိမ်ကို နောင်ကျ ဘယ်သူမှ ပြဿနာ ထပ်လာရှာရဲမှာ မဟုတ်တော့ဘူး … ရှိတယ်ဆိုလည်း ကျုပ်ကို ဖုန်းဆက်လိုက်ပေါ့ …”
“ အရာရှိလင်း …”
လင်းရီ နောက်လှည့် ထွက်ခွာတော့မည့် အချိန်မှာပဲ ရန်ပင်းသည် သူ့အား အနောက်မှ လှမ်းဟန့်တားလာသည်။
“ တခြား ရှိသေးလို့လား ….”
ရန်ပင်း ဆံပင်အား သပ်တင်၍ “ နင် ဒီည အားလား … ထမင်း တစ်နပ်လောက်ဖိတ်ကျွေးချင်လို့ … နင်က ငါ့ကို အများကြီး ကူညီပေးထားတာဆိုတော့ ငါ့ကို ကျေးဇူးတင်ခွင့်လေးတော့ ပေးဦးမှပေါ့ ဟုတ်တယ်မလား …”
“ ဒါ ကျုပ်သင့် လုပ်ထိုက်တာတွေပါပဲ … စိတ်ထဲ ထားမနေနဲ့ … ကျုပ်သွားပြီ….”
လင်းရီသည် ရန်ပင်း၏ ဖိတ်ကြားချက်ကို လက်မခံဘဲ လှည့်ထွက်လာခဲ့လိုက်၏။
မဟုတ်ပါက နောက်ဆက်တွဲလိုက်လာမည်က နောက်ထပ် ရမ္မက်ပြင်းပြသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားလိမ့်မည်။
ရန်ပင်း၏ အိမ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီသည် ဟိုတယ်သို့ ပြန်မောင်းလာခဲ့ပြီး ရှောင်ပင်းတို့နှင့် တွေ့ဆုံရန် ဟန်ပြင်လိုက်သည်။
ထိုစဉ် Tesla ၏ အမှုဆောင် အဖွဲ့ဝင်များကတော့ ၂ နာရီကြာသည့် အစည်းအဝေးအား ယခုမှ ပြီးဆုံးတာ ဖြစ်၏။
မီတင်၏ အကြောင်းအရာတို့ကတော့ လက်ရှိ အခြေအနေအား မည်သို့ ကယ်တင်မည်လဲဆိုတာပင်။ အစည်းအဝေးခန်းထဲမှ ထွက်လာခဲ့ပြီးနောက် ဟာဘာသည် ရန်ထျန်းနန်အား ကြည့်၍
“ မင်းဘက်ခြမ်းက ပြင်ဆင်ထားတာတွေ အခြေအနေ ဘယ်လိုရှိလဲ … လက်ရှိ အခြေအနေက ငါတို့အတွက် တော်တော် အရေးမသာတဲ့ အခြေအနေ ဖြစ်နေပြီ … နောက်ထပ် ဘယ်လို မတော်တဆမှုမျိုးတွေမှ ထပ်ဖြစ်လာခွင့် ပြုလို့ မရတော့ဘူး …”
စာစဉ် ( ၁၁၇) ပြီး၏။