ဝမ်မိသားစု၏ အစီအစဉ်
Vol. 117 Ch. 1743
“ အဲ့မှာ ရပ်နေစမ်း …” ချန်ယွမ်ချင် အေးစက်စွာ လှမ်းဟန့်လိုက်၏။
“ အကြီးအကဲ ပြောစရာ ရှိရင် ပြောပါ …”
“ ငါတော့ မင်း ငါ့ရဲ့ ဩဇာလွှမ်းမိုးမှုကို အထင်သေးနေတယ်လို့ ထင်တယ်…” ချန်ယွမ်ချင် တည်တင်းသည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး “ ငါပြောလိုက်မယ် … ငါက အနားယူသွားခဲ့ပြီဆိုရင်တောင် ငါ့စကား တစ်ခွန်း ပြောလိုက်တာနဲ့ မင်းတို့ လင်းယွင်အုပ်စု အေးအေးသာသာယာယာနဲ့ ဆက်ပြီး အလုပ်လုပ်နိုင်ဖို့ကို မေ့လိုက်တော့ ….”
“ ကျုပ်ကို ခြိမ်းခြောက်နေတာလား …” လင်းယွင် မျက်ခုံးပင့်လိုက်၏။
“ ငါက ဒီတိုင်း ငါ ဘယ်လောက် အင်အားကြီးလဲဆိုတာ မင်းသိအောင် ပြောပြနေရုံပဲ …”
လင်းရီ၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့ပြီး ချန်ယွမ်ချင်အား အပြုံးဖြင့် ကြည့်လိုက်သည်။
“ အကြီးအကဲ … ကျုပ် ဒီနေ့ ရောက်လာခဲ့တယ်ဆိုတာ ခင်များကို ကြောက်လို့မဟုတ်ဘူး … ဒီတိုင်း …. ခင်များက အိုနေပြီ .. ဒီတော့ အပြင်က ကိစ္စတွေ ဝင်မစွက်ဖက်ဖို့ သတိပေးချင်ရုံပဲ … မဟုတ်ရင် အသက်ကြီးချိန်မှ ဒုက္ခရောက်နေမှာကို ကျုပ် မဖြစ်စေချင်လို့ …”
ချန်ယွမ်ချင် ယမ်းပုံမီးကျ ဖြစ်သွားခဲ့၏။
“ မင်း ဘာတွေ လာပြောနေတာတုန်းကွ …”
“ ကျုပ် ဘာပြောနေလဲ အကြီးအကဲ နားလည်ပါတယ် … ဝမ်မိသားစုက အရင်လို ဩဇာမညောင်းတော့ဘူး … ကျုပ်ရှေ့မှာ အာဏာရှင်လာဆန်မပြနဲ့ ..” လင်းရီ သူ၏ ပခုံးအား ပုတ်၍ တည်ငြိမ်စွာဖြင့် “ ခေတ်တွေ ပြောင်းလဲသွားပြီ .. ‘တချင်’ ကလည်း ကျရှုံးသွားပြီ…”
“ မင်းကများ …… “
ချန်ယွမ်ချင် ၏ အမူအရာမှာ အလွန်အမင်း အကျည်းတန်နေလျက် ရှိ၏။ သူ့ရှေ့ရှိ လူက ဤသို့သော လျှို့ဝှက်ချက်မျိုးကို သိရှိနေလိမ့်မည်လို့ သူ လုံးဝ ထင်မှတ်မထားပါချေ။
ထိုအခါမှပဲ ချန်ယွမ်ချင်သည် သူ့အရှေ့ရှိ လူအား လေးလေးနက်နက်ဖြင့် နောက်တစ်ကြိမ် ပြန်အကဲဖြတ်မိသွားခဲ့၏။
လင်းယွင်အုပ်စုက သူ့အား ဤနေရာသို့ စေလွှတ်လိုက်သည်မှာ မထူးဆန်းတော့ချေ။ ဤလူက လုံးဝ မရိုးရှင်းချေ။
“ မင်း ဒီဥစ္စာတွေ သိထားတယ်ဆိုတော့ရော ဘာအရေးလဲ …”
ချန်ယွမ်ချင် ပြောလိုက်ပြီး “ ငါ့ရဲ့ အစွမ်းအစတွေ တစ်ခုတည်းနဲ့ဆိုရင်တောင် လင်းယွင်အုပ်စုကို တန်ကြေး တစ်ခု ပေးဆပ်ရအောင် လုပ်နိုင်တုန်းပဲ ….”
ထိုအခိုက်အတန့်တွင် လျန်ရူရွှယ်သည် မျက်နှာမာ့စ်အား ချွတ်၍ လင်းရီထက်အရင် ပြောလာခဲ့၏။
“ ကျွန်မ မေးပါဦးမယ်… အကြီးအကဲက ဘယ်လိုနည်းလမ်းနဲ့ လင်းယွင်အုပ်စုကို ဖြေရှင်းမှာလဲ ….”
လျန်ရူရွှယ်ကို မြင်တော့ ချန်ယွမ်ချင် ကြက်သေသေသွားခဲ့သည်။
သူသည်လည်း ဤအသိုင်းအဝိုင်း အဖွဲ့သား တစ်ယောက် ဖြစ်သဖြင့် သူ့နယ်ပယ်ရှိ လှုပ်ရှားမှုများအား စဉ်ဆက်မပြတ် သတိထား စောင့်ကြည့်နေလျက် ရှိလေသည်။
လျန်ရူရွှယ် မာ့စ်ချွတ်လိုက်သည့် အချိန်တွင်ပဲ သူ့ဘက်က လျန်ရူရွှယ် မည်သူဖြစ်ကြောင်းကို တပ်အပ်သိရှိသွားပြီး ဖြစ်သည်။
သူမလည်း ဤနေရာသို့ ရောက်လာခဲ့လိမ့်မည်လို့ ချန်ယွမ်ချင် တစ်ကြိမ်တစ်ခါလေးပင် စိတ်ကူးမယဉ်ခဲ့မိဖူးပါချေ။
“ အတွင်းရေးမှူးလျန် … မင်း ဘယ်လိုလုပ်ပြီး . . . . . .”
“ သိပြီးသား လူအချင်းချင်းဆိုတော့ အချိန်ဆွဲမနေတော့ဘူး … ဘာတွေ ဖြစ်နေလဲဆိုတာ အကြီးအကဲလည်း ကောင်းကောင်းကြီး သိပါတယ်… ကျွန်မ ဒီနေ့ ဒီလာခဲ့တာက အကြီးအကဲကို မျက်နှာသာပေးဖို့ပဲ .. အကြီးအကဲဘက်က ဒီကိစ္စကို ထပ်ပြီး ဝင်မစွက်ဖက်ဖို့ မျှော်လင့်တယ်… မဟုတ်ရင် အကြီးအကဲအတွက် ကောင်းမှာ မဟုတ်ဘူး ….”
လျန်ရူရွှယ်၏ စကားတို့က အန္တိမ ဆုံးဖြတ်ချက် ချရန်အတွက် မရှိမဖြစ်ပင်။ ချန်ယွမ်ချင် ဘာတစ်ခုမျှ ထပ်မပြောဝံ့တော့ချေ။
သို့သော် ထိုအခိုက်အတန့်၌ သူ့ မျက်ဝန်းထဲရှိ ယုံကြည်မှု အရောင်တို့ကလည်း သိသိသာသာ မှိန်ပြသွားခဲ့ပါသည်။
ယခု လက်ရှိ အခြေအနေမျိုးနှင့် ရင်ဆိုင်ရာ၌ သူ့တွင် လွတ်လမ်းဟူ၍ မရှိသကဲ့သို့ တတ်နိုင်သည့် အရာဟူ၍လည်း မရှိပါချေ။
“ ဒါ ငါ့အမှားပဲ … ဒီမှာပဲ အဆုံးသတ်ကြတာပေါ့ …”
လျန်ရူရွှယ် ဘာစကားမျှ မဆိုချေ။ လင်းရီအား ကြည့်၍ “ သွားကြစို့ …”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး အိမ်ထဲမှ ထွက်ကာ ကားထဲသို့ ပြန်ဝင်လာခဲ့ကြလေသည်။
“ သိပ်ကောင်းတယ်… မင်းဘက်က ပြေးပေါက်လေးတောင် ချန်မထားပေးဘူးပဲ …”
“ သူက ဝမ်မိသားစုရဲ့လူလေ … ဘာလို့ ယဉ်ကျေးနေမှာ …” လျန်ရူရွှယ် ပြောလိုက်ပြီး “ မိသားစု နှစ်ခုကြားထဲ ဆက်ဆံရေးက အမြဲတမ်း တင်းမာပြီး ရှုပ်ထွေးနေတာ ဒီကနေ့ လူကို ပြုံးပြချင် ပြုံးပြနေမယ် … ဒါပေမယ့် မနက်ဖြန်ကျ နောက်ကျော ဓားနဲ့ ထိုးမသွားဘူးလို့ မပြောနိုင်ဘူး … ဒီလိုမျိုးနဲ့ ပျက်စီးသွားရတဲ့ လူတွေမှ အများကြီးပဲ … ဒီလို နယ်ပယ်မှာ ရှင်သန်ဖို့ ကြိုးစားရတာကလည်း ထင်ရတာထက် အများကြီး ခက်ခဲလွန်းပါတယ်ဟယ် ….”
“ ငါ နားလည်တယ်… အဲ့တာက တော်တော်တော့ ပြဿနာများမှာပဲ …”
“ ကောင်းပြီ… ဒီအကြောင်း ဆက်မပြောကြစို့ …” လျန်ရူရွှယ် ပြောလိုက်ပြီး “ အရင်ဆုံး တစ်ခုခု သွားစားကြစို့ … ငါ ဗိုက်ဆာနေပြီ…”
“ အင်း သွားစို့ …”
…………
နှစ်ယောက် ထွက်ခွာသွားပြီးသည့်နောက် ချန်ယွမ်ချင်သည် ဆိုဖာပေါ်၌ ထိုင်နေရင်း ငူငူငိုင်ငိုင်ကြီး ဖြစ်နေကာ အချိန်အတော်ကြာသည်အထိ သတိဝင်မလာသေးချေ။
ဆယ်မိနစ် ကြာပြီးနောက် ချန်ယွမ်ချင်သည် ‘ဟင်း…’ ခနဲ မြည်အောင် သက်ပြင်းမောကြီး တစ်ချက် ချလိုက်ရင်း ဝမ်ထင်ရှန်း၏ နံပါတ်အား နှိပ်လိုက်၏။
ရန်ကျင်းရှိ ဝမ်ထင်ရှန်း၏ အိမ်တွင်တော့ လူငါးယောက်မှာ ဧည့်ခန်းထဲတွင် အသီးသီး ထိုင်နေသည်။
အဓိက ထိုင်ခုံနေရာကိုတော့ ဝမ်ထင်ရှန်းမှ နေရာယူထားပြီး သူ၏ စစ်ရေး အကြံပေး ချိန်ချူဖုန်းက ဘယ်ဘက်တွင် ထိုင်ကာ ညာဘက်တွင်တော့ ဝမ်မြန်က ထိုင်နေသည်။
အခြားတစ်ဖက်ခြမ်းတွင်တော့ သက်လတ်ပိုင်း လူတစ်ယောက်က ထိုင်နေလျက် ရှိသည်။ သူက အသက် လေးဆယ် အရွယ်မျှ ရှိမည် ဖြစ်ပြီး ဆံပင်တိုကာ ညိုနွမ်းသော မျက်နှာအသားအရေကို ပိုင်ဆိုင်ထားသည်။ လည်ပင်းတွင်လည်း ထင်ရှားမြင်သာသည့် အမာရွတ်ကြီး တစ်ခုက ရှိနေသည်။
သက်လတ်ပိုင်း အမျိုးသား၏ နာမည်က ချိန်ကွမ်းကျဲ့ ဖြစ်ပြီး ဝမ်မိသားစု၏ တိုက်ရိုက်မျိုးဆက်မှ ဆင်းသက်လာသူ တစ်ဦး ဖြစ်ကာ ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ ၏ အသင်းခေါင်းဆောင်လည်း ဖြစ်၏။
ဤလူများ အပြင် ဝမ်ထင်ရှန်း၏ လက်ထောက် ၊ လီမီသည်လည်း ဘေးတွင် ရပ်နေလျက်ရှိကာ ဝမ်ထင်ရှန်း ဖုန်းပြောသည်အား စောင့်ဆိုင်းနေရင်း ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များအား ဆက်လက်ဆွေးနွေးဖို့ရာ အသင့်ပြင်နေလျက် ရှိ၏။
မကြာမီ ဝမ်ထင်ရှန်း ဖုန်းပြန်ချလိုက်သည်။ မျက်နှာ အမူအရာမှာတော့ ကောင်းလို့ မနေချေ။
“ ဘာဖြစ်တာလဲတဲ့ …” ချိန်ချူဖုန်း မေးမြန်းလိုက်သည်။
“ ချန်ယွမ်ချင် ခုတင်ပဲ ကျုပ်ဆီ ဖုန်းဆက်လာတယ် … သူပြောတာ လင်းရီနဲ့ လျန်ရူရွှယ် သူ့ဆီ လာရှာတယ်တဲ့ …”
“ သူတို့နှစ်ယောက်ကလား …..”
ရှိနေကြသည့်လူတိုင်း လင်းရီနှင့် လျန်ရူရွှယ်ကို ကောင်းကောင်း ရင်းနှီးကြသည်။
သို့သော် သူတို့ နှစ်ယောက်က အဘယ်ကြောင့် ချန်ယွမ်ချင်အား သွားတွေ့ကြလဲဆိုတာကို စဉ်းစားမရ ဖြစ်နေကြလေသည်။ ယုတ္တိကျကျ ပြောရမည်ဆိုပါက သူတို့နှစ်ဘက်ကြားတွင် မည်သည့် ထိတွေ့ဆက်နွယ်မှုတို့မျှ မရှိသင့်ချေ။
“ ခုတလော Tesla ရဲ့ ကိစ္စ ဟိုလေးတကြော်ကြော် ဖြစ်နေတာ အကုန်လုံးလည်း ကြားကြရောပေါ့ …” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ Tesla ကို ဒီခေါ်လာခဲ့တဲ့လူက ချန်ယွမ်ချင်ပဲ … အခု သူတို့ ပြဿနာ တက်တော့ တစ်ဖက်က သူ့ဆီ အကူအညီတောင်းလာတယ်… အဲ့ဒါနဲ့ပဲ လင်းရီနဲ့ လျန်ရူရွှယ်က သူနဲ့ လာတွေ့ကြတာပဲ ….”
“ ကျွန်တော်လည်း အဲ့အကြောင်း မိတယ် … သိရသလောက်ဆို လင်းယွင်အုပ်စုက ဒီကိစ္စမှာ အရင်ဆုံး ဝင်စွက်ဖက်လာခဲ့တာပဲ …”
“ ဒီကောင်လေးက Tesla ကို ဒီလို အချိန်မှာ တိုက်ခိုက်လာတယ်ဆိုတော့ တော်တော်လေး ဉာဏ်ကောင်းတယ် … ဒီကိစ္စက ပြည်တွင်း လျှပ်စစ်ကား ကုမ္ပဏီတွေအတွက် ကောင်းတဲ့ ကိစ္စဆိုတာ သံသယ ဖြစ်စရာတောင် မလိုဘူး …” ချိန်ချူဖုန်းမှ ပြောလိုက်သည်။
ဝမ်ထင်ရှန်း ခေါင်းညိမ့်ပြီး ချိန်ချူဖုန်း၏ စကားကို ထောက်ခံလိုက်သည်။
အကယ်၍ သူသာ လင်းရီ ဖြစ်ခဲ့မည်ဆိုပါက ယခုလို အချိန်မျိုးတွင် လှုပ်ရှားမည်မှာ မလွဲမသွေပင်။
Tesla ကဲ့သို့သော ကုမ္ပဏီက ပြည်တွင်းရှိ လျှပ်စစ်ကားများ၏ တိုးတက် ဖွံ့ဖြိုးမှုအတွက် ဆူးညှောင့်ခလုတ် တစ်ခု ဖြစ်နေမည်မှာ ကျိန်းသေပေါက်ပင်။
“ ဒါပေမယ့် လျန်ရူရွှယ်ပါ ထွက်လာတာကတော့ လျန်မိသားစုက ဝမ်မိသားစုအပေါ် လေးစားမှု တစ်စက်မှ မရှိတော့ဘူးလို့ ဆိုလိုက်တာနဲ့ အတူတူပဲ ….”
မည်သူမျှ ဘာမှ မပြောကြချေ။ ထိုအရာကလည်း အမှန်တရား ဖြစ်နေသည်။
“ ကျွန်တော့်အထင်တော့ ကျွန်တော်တို့ ပနားမား တူးမြောင်းမှာ ဒီထက်ပိုပြီး အချိန်မဖြုန်းသင့်တော့ဘူးလို့ ထင်တယ်… နောက်ရက်အနည်းငယ်လောက်ကျရင် အစီအစဉ် စကြစို့ … ဒီထက်ပိုပြီးစောင့်ဖို့ကို ဘယ်လိုမှ စိတ်မရှည်နိုင်တော့ဘူး …” ဝမ်မြန် ပြောလိုက်သည်။
ဝမ်ထင်ရှန်း ခေတ္တ တိတ်ဆိတ်သွားခဲ့ပြီး “ အကြီးအကဲချိန် .. ခင်များရော ဘယ်လိုထင်လဲ …”
“ ငါလည်း အချိန်ကျပြီလို့ ထင်တယ်… တိုက်ဆိုင်ရင်တော့ သူတို့လူတွေလည်း အဲ့မှာရှိနေတယ်မလား .. သူတို့နဲ့ စလိုက်ကြတာပေါ့ …”
ဝမ်ထင်ရှန်း ခေါင်းညိမ့်လိုက်၏။ “ လီမီ .. ဒီကိစ္စ ရှင်းပြလိုက် … ဒါပေမယ့် ကိုယ့်အထားအထားကို သတိထားပြီး ထုတ်ဖော်ပြသလို မဖြစ်အောင်လည်း အာရုံစိုက်ဦး …”
“ ဟုတ်ကဲ့ … နားလည်ပါပြီ သခင်ကြီး ..”
“ လောင်ချိန် … တကယ်လို့ လီမီဘက်က တစ်ခုခု လွဲချော်သွားခဲ့ရင် ခင်များ လှုပ်ရှားရမယ် …”
“ စိတ်ချထားလိုက် …” ချိန်ကွမ်းကျဲ့မှ ပြောလိုက်သည်။
………..
ချန်ယွမ်ချင်၏ အိမ်မှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီသည် လျန်ရူရွှယ်အား စီချွမ် စားသောက်ဆိုင် တစ်ဆိုင်သို့ ခေါ်သွားပြီး ညစာ စားကာ ရုပ်ရှင်ဆက်ကြည့်ကြသည်။
မူလတုန်းကတော့ ရုပ်ရှင်ကြည့်ပြီးသည့်နောက်တွင် လျန်ရူရွှယ်အား ရှော့ပင်းမောလ်သို့ ခေါ်သွားပြီး သူမအတွက် အဝတ်အစား တစ်ချို့ ဝယ်မေးတော့မလို့ပင်။
သို့သော် လျန်ရူရွှယ်က လူမြင်ကွင်းတွင် သူမ မျက်နှာအား ဖော်ပြရသည်ကို မနှစ်သက်သဖြင့် ရုပ်ရှင်ကြည့်ပြီးသည့်နောက် ရိုးရိုးရှင်းရှင်း လမ်း ခေတ္တလျှောက်ကာ သူမအား အိမ်သို့ ပြန်ပို့လိုက်သည်။
ထိုအချိန်တွင်တော့ ရန်ထျန်းနန်၏ ရုံးခန်းသည် တိတ်ဆိတ်ငြိမ်သက်နေပါသည်။
သူနှင့် ကျောက်ဖုန်းဟွာတို့ မရပ်တမ်း ဆေးလိပ်သောက်နေခဲ့ကြပြီး မည်သည့်မျက်နှာအမူအရာကိုမှလည်း ဖော်ပြနေကြခြင်း မရှိချေ။ သူတို့ ဘာတွေ စဉ်းစားနေလဲဆိုတာကို မည်သူကမျှ မသိရှိနိုင်ချေ။
“ ဒီလောက်ကြာနေပြီကို ခေါင်းဆောင်ချန်ဆီက ဘာလို့ ဘာသတင်းမှ မလာသေးလဲ မသိဘူးနော်…” ကျောက်ဖုန်းဟွာ စိုးရိမ်ကြောင့်ကြာစွာဖြင့် ထုတ်ပြောလိုက်မိ၏။
“ ဟာဘာက ခဏနေဆို ရောက်လာတော့မှာ … ကျုပ်တို့သာ ဒီကိစ္စ မဖြေရှင်းနိုင်သေးဘူးဆိုရင် ကျုပ်တို့ရဲ့ အနာဂတ်တွေ ခက်ခဲသွားနိုင်တယ်….”
“ ငါ သိတယ်…” ရန်ထျန်းနန် အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။
“ ဒါပေမယ့် ငါတော့ ကြီးမားတဲ့ ပြဿနာလို့ မထင်ဘူး… သူက အနားယူသွားခဲ့ပြီ ဆိုပေမယ့် သူ့ရဲ့ အရင်က အဆက်အသွယ်တွေက သန်မာနေသေးတုန်းပဲ … ပြီးတော့ ငါကြားမိတာ သူ့နောက်ကွယ်မှာ အတော်လေး အားကောင်းတဲ့ ကျောထောက်နောက်ခံ တစ်ခုလည်း ရှိတယ်ဆိုပဲ … သူ့ဖို့ ဒီကိစ္စ ကိုင်တွယ်ဖို့ဆိုတာ လုံးဝ ပြဿနာ မရှိနိုင်ဘူး … ဒီတိုင်း လိုအပ်တာက အချိန်တစ်ချို့လောက်ပဲ …”
ကလင် ကလင် ကလင် …
နှစ်ယောက် ဤအရေးကိစ္စအား ဆွေးနွေးနေစဉ်မှာပဲ ရန်ထျန်းနန်၏ ဖုန်းသံ မြည်ဟည်းလာခဲ့သည်။
“ သူခေါ်လာပြီ….”