သူ ဘယ်သူလဲ မသိဘူးလား
Vol. 117 Ch. 1745
လင်းရီ မျက်လုံး လက်ခနဲ ဖြစ်သွားခဲ့ပြီး ကျီချင်းရန်အား အံ့အားကြီးစွာ ကြည့်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ ကနေဦး ကြံစည်ထားသည်ကလည်း ဤကိစ္စအား အသုံးချ၍ Tesla အား ညစ်ပတ်ရန်ပင်။
ရရှိသည့် အကျိုးအမြတ်က သေးမွှားစေကာမူ သူ့ကုမ္ပဏီအတွက် သို့မဟုတ် ဟွာရှရှိ လျှပ်စစ်ကား နယ်ပယ် ဖွံ့ဖြိုးမှုအတွက် တစ်စိတ်တစ်ပိုင်း အထောက်အကူ ဖြစ်စေခဲ့မည်ဆိုပါက သူ ကျေနပ်ပါသည်။
သို့သော် ကျီချင်းရန်မှာ ၎င်းတို့အား မောင်းထုတ်ပြီး မြေနေရာ၊ စက်ရုံနှင့် လေ့ကျင့်ပျိုးထောင်ပေးထားသည့် နည်းပညာရှင်များကိုပါ မောင်ပိုင်စီးလိုနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။
သူမကား ရက်စက်လွန်းလှ၏။
“ ငါတော့ အဲ့တာက သိပ်ကောင်းတဲ့ အကြံလို့ ထင်တယ်…”
လင်းရီ သူမအား လက်မ ထောင်ပြလိုက်၏။
“ ခုလို မှန်ကန်တဲ့ ဦးတည်ရာဘက်ကို လမ်းပြပေးတဲ့အတွက် ကျေးဇူးပါ ဥက္ကဌကျီ … မင်းက ကိုယ့်ဘဝရဲ့ မီးအိမ်ရှင်ပါပဲ … စိတ်ရင်းနဲ့ ကျေးဇူးတင်မှုကို ပြဖို့ ကိုယ် အနမ်းတစ်ပွင့်လောက် ပေးပါရစေ …”
“ ဟီးဟီး …”
ကျီချင်းရန် ခုခံဖို့ ကြိုးစားလိုက်ပြီး “ ဖီး ဖီး ဖီး .. နင်က ငါ့ကို အခွင့်အရေး လာယူနေတာပဲ … ဒါတောင် လေသံကိုက ဟုတ်သလိုလေသံနဲ့ …”
“ သိသွားပြီဆိုတော့လည်း ဟန်မဆောင်တော့ဘူးပေါ့ … ကိုယ့်ကတ်ကို စားပွဲပေါ် ချပြလိုက်ပြီ … ငါက ဒီတိုင်း မင်းကို နမ်းချင်ရုံပဲ …”
လင်းရီ သူမအား ရင်ခွင်ထဲသို့ ဆွဲထည့်၍ ပါးအား မွှေးကြူလိုက်၏။
ကျီချင်းရန်၏ မျက်လုံးလေးများက ဆန်းသစ်စ လကဲ့သို့ ဖြစ်သွားခဲ့ပြီး ပန်းပေါင်းတစ်ထောင် ပွင့်လန်းလာသလိုပါပင်။
နှစ်ယောက်သား ခေတ္တမျှ အီစီကလီ လုပ်နေခဲ့ကြပြီး ကျီချင်းရန်မှာ ရေချိုးရန်အတွက် အပေါ်ထပ်သို့ တက်သွားခဲ့သည့် အချိန်ကျမှ လင်းရီလည်း ရှားရှားပါးပါး နားရသည့် အခိုက်အတန့်လေးအား ခံစားနိုင်တော့သည်။
သူ ဖုန်းဂိမ်းဆော့ရန် အဆင်သင့် ဖြစ်နေခဲ့၏။
နောက်တစ်နေ့နံနက်ခင်းတွင် မနက်စာ စားပြီးနောက် လင်းရီသည် ကျီချင်းရန်အား ပုံမှန်အတိုင်း အလုပ်သို့ လိုက်ပို့ပေးသည်။
သို့သော် သွားနေသည့် လမ်းတစ်ဝက်၌ ဟော်ယွမ်ယွမ်ထံမှ ဖုန်းဝင်လာသည်။
ကျီချင်းရန် များများစဉ်းစားမနေဘဲ ဖုန်းအား ကိုင်လိုက်၏။
(လင်းရီ ဖုန်းကို ကျီချင်းရန်မှ ကိုင်လိုက်ခြင်း)
“ ဘာလဲ ယွမ်ယွမ် …”
“ ဟာဘာ … Tesla ရဲ့ ဒုက္ကဌက ဒီရောက်နေတယ်… သူဌေးနဲ့ တွေ့ချင်လို့တဲ့ ….”
“ ဒုဥက္ကဌက ဒီရောက်နေတယ် ဟုတ်လား ..”
ကျီချင်းရန် လင်းရီအား လှမ်းကြည့်လိုက်၏။ ဤသည်က သူမ ထင်မှတ်ထားသည်နှင့် အနည်းငယ် ကွဲလွဲနေသည်။
သူမနှင့် လင်းရီနှစ်ဦးလုံးက လက်ရှိ အခြေအနေ၌ Tesla သည် ရုန်းကန်ရန် အခွင့်အလမ်း မရှိတော့ဟူ၍ပင်။
Tesla ၏ ဟွာရှ ကော်ပိုရေးရှင်းမှ ခေါင်းဆောင် တစ်ဦး စေလွှတ်လာမည်ကို မျှော်လင့်ထားသော်လည်း ယခုလို ဒုဥက္ကဌ ကိုယ်တိုင် ရောက်လာလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ပါချေ။
သူတို့၏ ပုံစံက အရှုံးကို လက်ခံလိုသည့်ပုံမပေါ်ဘဲ လက်ရှိ အခြေအနေအား ကယ်တင်လိုသေးသည့် ဟန်ပင်။
“ သူ့ အတွင်းရေးမှူး ဆက်သွယ်လာခဲ့တာပဲ … ကျွန်မ ဘက်ကတော့ နောက်မှ အကြောင်းပြန်မယ်လို့ ပြောထားတယ်….”
“ ဒါဆိုလည်း အတူသွားတွေ့ကြတာပေါ့ …” လင်းရီ ဖျော့တော့စွာ ပြော၍ “ မနက် ဆယ်နာရီ … စင်ကျူရီ ရိပ်သာလမ်းက ကျွင်းဖူ လက်ဖက်ရည်အိမ်တော်မှာချိန်းလိုက် …”
“ ကောင်းပြီလေ.. ကျွန်မ သူ့ကို အသိပေးလိုက်မယ်….”
ဖုန်းချပြီးနောက် ကျီချင်းရန်သည် ခေတ္တမျှ အတွေးနက်သွားခဲ့ပြီး “ ငါ ဘာလို့ Tesla ဘက်က သဘောမတူလိုတာကို ခံစားနေရတာပါလိမ့်နော်….”
“ သာမန်ပါပဲ …” လင်းရီ ပြောလိုက်ပြီး “ ဒီကိစ္စက ဘယ်လိုမှ ဆက်ပြီး ထိန်းချုပ်လို့ မရတော့ဘူးလေ… ၂၀၀ ဘီလီယမ်ကျော်တဲ့ ဈေးကွက်တန်ဖိုးက ညတွင်းချင်း အငွေ့ပျံသွားမှာကို ရုံးချုပ်က ဒီကိစ္စ ကိုင်တွယ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်မှာ ကျိန်းသေပေါက်ပဲ … ဒါပေမယ့် ဟွာရှ တာဝန်ခံကတော့ ဒီကိစ္စမှာ ရုံးချုပ်က လူတွေ ဝင်ပြီး စွက်ဖက်မှာကို သေချာပေါက် လိုချင်မှာ မဟုတ်ဘူး … မဟုတ်ရင် သူတို့ မေးခွန်းထုတ်ခံရမှာပေါ့ … သူတို့တွေ ဟာဘာ ရောက်မလာခင် ဒီကိစ္စ ဖြေရှင်းချင်နေကြလောက်တယ်…”
“ နင်က အရမ်းဆိုးတာပဲ … တကယ်ကြီး သူတို့ကို အတူတွေ့ရအောင် ချိန်းလိုက်တယ်…” ကျီချင်းရန် နှုတ်ခမ်းအားကွယ်ရင်း တခစ်ခစ် ရယ်မောလိုက်၏။
“ ဒါက ပိုပြီး စိတ်ဝင်စားဖို့ကောင်းပြီ … အရင်က ဒီကောင်တွေ လူရှေ့မှာ ဆက်တိုက် ဟန်ထုတ်နေတာ … သူတို့ကို တန်ကြေး ပြန်ပေးခိုင်းဖို့ အချိန်ကျပြီပဲ…”
“ အမှန်ပဲ …. စီးပွားရေး ကိစ္စ ပြောနေစရာ အကြောင်း မရှိဘူး .. ဘယ်သူ့ဘက်က ကမ်းလှမ်းတာ ပိုကောင်းလဲဆိုတာ ကြည့်ရုံပဲ …”
“ တော်လိုက်တာ…. ကိုယ့်မိန်းမလို့ကို မပြောရဘူး... ”
မကြာမီ လင်းရီသည် ကျီချင်းရန်အား ချောင်ရန် အုပ်စုသို့ လိုက်ပို့ပေးလိုက်ပြီး ရုံးတွင် ခေတ္တထိုင်လိုက်သည်။
ထို့နောက် ကျွင်းဖူ လက်ဖက်ရည်အိမ်တော်သို့ မောင်းထွက်လာခဲ့လေသည်။
လင်းရီ ရောက်သည့်အချိန်၌ ရန်ထျန်းနန်နှင့် ကျောက်ဖုန်းဟွာတို့ နှစ်ယောက်မှာ ရောက်နှင့်နေကြပြီး ဖြစ်သည်။
လင်းရီကို မြင်တော့ မည်သူကမျှ ဟိတ်ဟန် လုပ်နေကြခြင်း မရှိချေ။ တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ရပ်၍ လင်းရီကြား အထဲသို့ ကြိုဆိုကြ၏။
“ လူကြီးမင်းလင်း … ကျေးဇူးပြုပြီး ဒီလမ်းကြွပေးပါ ….” ရန်ထျန်းနန် ယဉ်ကျေးစွာ စကားဆိုလိုက်သည်။
“ အလုပ်ချိန်ကြီးကို အပြင်ထွက်လာခဲ့ခိုင်းလိုက်ရတာ အားနာလိုက်တာ …”
ရန်ထျန်းနန်မှာ အတော်လေး ယဉ်ကျေးနေခဲ့၏။ စိတ်ရင်း လေးနက်မှုအား ပြသရန်အတွက် လင်းရီအား ရေနွေးကြမ်းခွက်ပင် ငှဲ့ပေးလိုက်သေးသည်။
“ အသေးအမွှားလေးပါ …” လင်းရီ ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး “ ခင်များတို့လည်း ရောက်လာပြီဆိုမှတော့ ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့ … ဘာမှ ဖုံးကွယ်နေဖို့ မလိုဘူး …”
“ လူကြီးမင်းက ပြောလာပြီဆိုမှတော့ ကျုပ်တို့ဘက်ကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်.. ကျုပ်တို့ စိတ်ရင်း လေးနက်မှု အပြည့်နဲ့ ဒီကို လာခဲ့တာပါ …” ရန်ထျန်းနန် ပြောလိုက်ပြီး “ ကျုပ်တို့ သိချင်တာ အင်တာနက်ပေါ်က ကိစ္စတွေက … တကယ်ပဲ လူကြီးမင်းလင်း လုပ်ထားတာတွေလား …”
“ ကျုပ်မှာ အဲ့လို အစွမ်းအစ ရှိမယ်လို့ ခင်များတို့ထင်လား …”
“ ဒီခု အချိန်ရောက်မှတော့ ဒီလို ဆတ်တငံ့ငံ့ဖြစ်အောင် လုပ်ဖို့ မလိုတော့ဘူးထင်တာပဲ …” ရန်ထျန်းနန် ပြောလိုက်ပြီး “ အပေါ်ယံမှာ လူကြီးမင်းက ရဲအရာရှိ တစ်ယောက်ဆိုတော့ ဒီလိုမျိုး အစွမ်းအစ ရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး … ဒါပေမယ့် ဒီကိစ္စက တိုက်ဆိုင်မှု သပ်သပ်ပဲလို့တော့ ကျုပ် မထင်ဘူး .. မင်းက မီးထဲ လောင်စာထည့်တာပဲ ဖြစ်မယ်…”
“ မှန်တယ်… ခင်များတို့က ထင်သလောက်တော့ မတုံးဘူးပဲ …”
လင်းရီ၏ အတည်ပြု အဖြေကို ကြားလိုက်ရပြီးနောက် နှစ်ယောက်လုံးမှာ ရင်ခုန်နှုန်း မမြန်ဆန်ဘဲ မနေနိုင်ပေ။
ယခုအချိန်တွင်တော့ သူတို့၏ ခန့်မှန်းချက်များအား နောက်ဆုံးတွင် အတည်ပြုသွားနိုင်ခဲ့ချေပြီ။
သူတို့ အပြစ်မပြုနိုင်သည့်လူက ယခု အရှေ့ရှိ ဤလူပဲ ဖြစ်ရမည်။
“ လူကြီးမင်းလင်းက ဒီလိုမျိုး လုပ်နိုင်တယ်ဆိုရင် မင်းက ဒီတိုင်း ရိုးရှင်းတဲ့ ရဲအရာရှိလေးပဲ ဆိုတာကို ကျုပ်တို့က ဘယ်လိုလုပ် ယုံကြည်ပေးနိုင်တော့မှာ …” ရန်ထျန်းနန်၏ လေသံမှာ ပိုပိုပြီး ယဉ်ကျေးလာခဲ့၏။
ချန်ယွမ်ချင်ကိုယ်တိုင်က သူ၏ အထောက်အထားကို အတည်ပြုထားပေးသဖြင့် သူတို့ အပြစ်ပြု၍ မတတ်နိုင်သည်မှာ ကျိန်းသေသည်။
“ ဒီနေရာအထိ ရောက်လာပြီးမှတော့ ကျုပ်ရဲ့ အထောက်အထားကို ဖုံးကွယ်ထားဖို့လည်း အစီအစဉ် မရှိပါဘူး ….”
လင်းရီ လက်ဖက်ရည်ခွက်အား ကိုင်၍ တစ်ကျိုက်မော့လိုက်ပြီး နာရီအား တစ်ချက်ကြည့်လိုက်သည်။
“ ဒါပေမယ့် ကျုပ်ကိုယ်တိုင် ထုတ်ပြောလိုက်ရင် စိတ်ဝင်စားဖို့ ဘယ်ကောင်းတော့မှာ … ခဏကျရင် တစ်ယောက် ရောက်လာလိမ့်မယ်… အဲ့လူက ခင်များတို့ သိချင်တာတွေ ပြောပြပေးလိမ့်မယ်….”
“ နောက်တစ်ယောက် လာဦးမှာလား ….”
နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ကြပြီး စိတ်အတွင်း၌ မကြောင့်ကြဘဲ မနေနိုင်ကြချေ။
ဒီနေ့ တွေ့ဆုံပွဲက သီးသန့် တွေ့ဆုံပွဲလေ။
သူက ဘယ်သူ့ကို ဖိတ်ထားသေးတာလဲ။
ထိုအချိန်တွင် လှေကားထစ်မှ ခြေလှမ်းသံများ ထွက်ပေါ်လာခဲ့ပြီး နှစ်ယောက်သား မသိစိတ်အလျောက် လှမ်းမျှော်ကြည့်လိုက်ကြရာ အောက်မှ လမ်းလျှောက်တက်လာနေသည့် ဟာဘာအား မြင်တွေ့လိုက်ရ၏။
ဟာဘာကို မြင်တော့ နှစ်ဦးသားလုံး အံ့အားသင့်သွားခဲ့ကြသည်။
နှစ်ဘက်လုံးက ဖုန်းထဲတွင် ကြိုတင် စကားပြောထားပြီး ဖြစ်၏။ ရန်ထျန်းနန်က သူ့အား လေဆိပ်တွင် လာကြိုမည်ဟု ပြောဆိုခဲ့သော်လည်း တစ်ဖက်က လက်မခံချေ။
သူ ပြောသည်မှာ ကုမ္ပဏီသို့ မလာမီ အခြား ကိစ္စများ ကိုင်တွယ်စရာ ရှိသည်ဟူ၍ပင်။ ထိုလူက ဤနေရာသို့ တိုက်ရိုက် ရောက်လာခဲ့လိမ့်မည်လို့ သူ မထင်ထားခဲ့ပါချေ။
ထိုစဉ် ဟာဘာသည်လည်း တူညီစွာ ခံစားနေရ၏။ ရန်ထျန်းနန်နှင့် ကျောက်ဖုန်းဟွာတို့ကို ဤနေရာ၌ မြင်တွေ့လိုက်ရ၍ အတော်လေး အံ့ဩသွားခဲ့မိသည်။
“ မစ္စတာဟာဘာ … ခင်များက ဒီကို လူကြီးမင်းလင်းနဲ့ လာတွေ့တာလား …” ရန်ထျန်းနန် မေးမြန်းလိုက်သည်။
“ အင်း … ဆိုတော့ မင်းတို့ကလည်း ဥက္ကဌလင်းနဲ့ ချိန်းထားကြတယ်ပေါ့ ….”
“ ဥက္ကဌလင်း ….”
အဆိုပါ ဂုဏ်ပုဒ်ကို ကြားမိလိုက်သည်တွင် နှစ်ယောက်လုံး အလွန်အမင်း ရှော့ခ်ရသွားခဲ့ကြ၏။
ဟာဘာ အဘယ်ကြောင့် လင်းရီအား ထိုသို့သော ခေါင်းစဉ်တပ်ပြီး ခေါ်ဆိုနေလဲဆိုတာကို သူတို့ နားမလည်နိုင်ကြချေ။
“ မင်းတို့ မျက်နှာတွေက ဘာကြီးတွေလဲ … သူ ဘယ်သူလဲ မသိဘူးလို့တော့ မင်းတို့ လာမပြောနဲ့ ….”
ဟာဘာ ထိုနှစ်ယောက်အား ကြည့်ရှုလိုက်၏။ သူ၏ မျက်ဝန်းတို့ကတော့ ရှုပ်ထွေးမှု အပြည့်ဖြင့်ပင်။ ဤသည်က တော်တော်လေး မယုံကြည်နိုင်ဖွယ် ကောင်းသည်ဟု ခံစားနေရ၏။
“ သူ ဘယ်သူ ဆိုတာတောင် မသိဘဲနဲ့ ဒီမှာတွေ့ဖို့ ဘာလို့ စီစဉ်နေသေးလဲ …”
“ လင်း … လူကြီးမင်း လင်းက သူ့ အထောက်အထားကို ကျုပ်တို့ဆီ တစ်ခါမှ မပြောပြခဲ့ဖူးဘူး ..”
ဤကိစ္စအား မည်သို့ ရှင်းပြရမည်ဆိုတာကို ရန်ထျန်းနန် လုံးဝ မသိတော့တော့ချေ။ ထို့ကြောင့် သူ အရှိအတိုင်းသာ ပြောလိုက်တော့၏။
သိသာစွာဖြင့် ။ ဟာဘာ၏ အမူအရာသည်လည်း ပြောင်းလဲသွားခဲ့လေသည်။
ဒီလောက် ကိစ္စအကြီးကြီး ဖြစ်ပျက်နေတာတောင် ဒီကောင်တွေက တစ်ဖက်သူရဲ့ အထောက်အထားကို မသိကြဘူး …
ဒီလူတွေ အလုပ်လုပ်တာ အရမ်းကို နမော်နမဲ့ နိုင်လွန်းတယ်…
“ မင်းတို့က ဥက္ကဌလင်း ဘယ်သူဆိုတာ မသိသေးဘူးဆိုတော့ ငါ ပြောပြမယ်…” ဟာဘာ အနည်းငယ် မပျော်မရွှင် ဖြစ်နေပြီး “ မင်းတို့ ရှေ့မှာ ထိုင်နေတဲ့လူက လင်းရီ … လင်းယွင် အုပ်စုရဲ့ ဥက္ကဌလင်းပဲ ….”