ဆွေးနွေးလို့ အဆင်မပြေ
Vol. 117 Ch. 1746
“ သူက လင်းယွင်အုပ်စုရဲ့ ဥက္ကဌ .. “
လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် နှစ်ဦးစလုံး ချွေးအေးများ စို့လာကာ အမူအရာမှာလည်း အကျည်းတန်သွားခဲ့ကြသည်။
တစ်ချိန်တည်းတွင် သူတို့ရင်ထဲ ရှိနေသည့် သံသယများအားလုံး ရှင်းလင်းသွားခဲ့ချေပြီ။
Tesla ကို ဆန့်ကျင်ဖို့ သူ့မှာ ယုံကြည်ချက် ရှိနေတာ မဆန်းတော့ပါဘူး … Tesla ရဲ့ထမင်းအိုးကို ရိုက်ခွဲပစ်မယ်လို့တောင် ခြိမ်းခြောက်လိုက်သေးတယ်..
လင်းယွင်အုပ်စုက အရင်ဦးဆုံး ဝင်စွက်ဖက်လာတဲ့ ကိစ္စအတွက်လည်း အကြောင်းပြချက် ရှိသွားပြီ … သူက စေခိုင်းခဲ့တဲ့သူကိုး …
အဲ့ဒီနောက်မှာ ဆက်တိုက်ဆိုသလို ချိန်းကွင်းဆက်တွေ(တခြား ကုမ္ပဏီတွေပူးပေါင်းပါဝင်လာပြီး) ဖြစ်လာပြီး Tesla ကို မျှော်လင့်ချက်မဲ့တဲ့ အခြေအနေထိ ဖြစ်သွားစေတယ်…
ထိုအကြောင်း တွေးမိတော့ နှစ်ယောက်စလုံး၏ မွေးညှင်းပေါက်များ ထောင်ထလာသည်ဟု ခံစားလိုက်ရ၏။
သူတို့တွေက မရည်ရွယ်ဘဲနဲ့ ဒီလို ပုဂ္ဂိုလ်ကြီးကိုမှ အပြစ်ပြုခဲ့မိတာပဲ ..
ဒါပေမယ့် သူကရော ဘာလို့ သေးငယ်တဲ့ အရာရှိ အသေးစားလေး လုပ်နေလဲ … အဲ့လို လုပ်နေတာက ဘာအကြောင်းနဲ့လဲ ..
ဟာဘာ ထိုနှစ်ယောက်အား များများစားစား တွေးတောရန် အခွင့်အရေး မပေးပေ။ လင်းရီ ထံသို့ တန်းမတ်စွာ လျှောက်လှမ်းသွားပြီး စိတ်အားထက်သန်စွာဖြင့် လက်ဆွဲနှုတ်ဆက်လိုက်၏။
“ ဥက္ကဌလင်း … အလုပ်များနေတဲ့ ကြားက အချိန်ခွဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…. Tesla အရေးနဲ့ ပတ်သက်ပြီး ငါ မင်းနဲ့ လေးလေးနက်နက် စကားပြောချင်တယ်…”
လင်းရီ ယဉ်ကျေးစွာ တုံ့ပြန်၍ ဟာဘာနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။
“ ပြောစရာ ရှိတယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့ … ဘာပဲဆိုဆို လူတိုင်းရဲ့ အချိန်က အကန့်အသတ်နဲ့လေ… ရည်ရွယ်ချက်ကို ဖုံးကွယ်ရင်း အချိန်တွေ ဆွဲနေဖို့ မလိုပါဘူး …”
“ အဲ့လိုဆို ကောင်းတာပေါ့ …” ဟာဘာ ပြောလိုက်ပြီး “ ငါတို့ ခုလက်ရှိ မျှော်လင့်တာက လင်းယွင်အုပ်စု ဒီကိစ္စကို ထပ်ပြီး ရှေ့ဆက်တိုးနေတာတွေ ရပ်တန်းက ရပ်ဖို့ပဲ … ဒါက ငါ ဟွာရှကို လာရင်း ကိစ္စရဲ့ အကြီးမားဆုံး တောင်းဆိုချက်ပဲ …”
“ ဒါပေမယ့် ခင်များ နားလည်ထားသင့်တာ ဒီကိစ္စက လင်းယွင်အုပ်စုနဲ့ ဘာမှ မသက်ဆိုင်တော့ဘူးဆိုတာပဲ … ခင်များတို့ရဲ့ မမှန်ကန်တဲ့ လုပ်ရပ်က လူထုကို ဒေါသထွက်စေတယ်… ကျုပ်ဘက်က ရပ်တန့်လိုက်ရင်တောင် တခြားသူတွေက ရပ်တန့်သွားမှာ မဟုတ်ဘူး …”
လင်းရီ သူ့ခွက်ထဲသို့ ရေနွေးကြမ်းအား ဖြည်းညင်းစွာ လောင်းထည့်၍ “ ကျုပ်ဆီ လာနေမယ့်အစား ခင်များ ဒီကိစ္စကို အတွင်းကျကျ ကြည့်ရှုသင့်တယ်… နားလည်တယ်မလား …”
“ မင်းပြောချင်တာကို နားလည်တယ်…” ဟာဘာ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့ဘက်ကလည်း လင်းယွင်အုပ်စုရဲ့ ကျိုးဟိုင်မှာ ရှိတဲ့ အဆင့်အတန်းနဲ့ လွှမ်းမိုးမှုကို သတိမပြုဘဲ မနေနိုင်ဘူး … မင်းကသာ ဦးဆောင်ပြီး ဥပမာ တစ်ခု လုပ်ပြလိုက်ရင် ဒီကိစ္စကို လျင်လျင်မြန်မြန်နဲ့ ဖြေရှင်းနိုင်ဖို့ ယုံကြည်တယ်… မဟုတ်ရင် ငါ ဟွာရှကို ရောက်တာနဲ့ ချက်ချင်း ဘာလို့ မင်းနဲ့ လာတွေ့နေတော့မှာ ….”
“ ဟင်းဟင်း …”
လင်းရီ နှာမှုတ်၍ “ ခင်များ ဘာထပ်ပြီး ပြောချင်သေးလဲ …”
“ မရှိတော့ဘူး … ဒါ ငါ့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ …”
လင်းရီသည် ရေနွေးကြမ်းခွက်ကို လက်ထဲတွင် ဖြည်းညင်းစွာ လှည့်ကစားနေရင်း “ ဒီနေ့ ဒီကိစ္စပဲ ပြောချင်တယ်ဆိုရင်တော့ ကျုပ်တို့ရဲ့ စကားဝိုင်းကို ဒီမှာပဲ ရပ်လိုက်သင့်ပြီလို့ ထင်တယ်… ဒီကိစ္စ ဘယ်အတိုင်းအတာထိ ရောက်သွားမလဲဆိုတာတော့ ကျုပ်ကို မမေးနဲ့ … တောင်ပေါ်သွားပြီး ဘုရားကျောင်းမှာ အမွှေးတိုင်ထွန်းရင်း စာချပြီး ဗုဒ္ဓကိုသာ မေးကြည့်လိုက်တော့ …”
ရန်ထျန်းနန်နှင့် ကျောက်ဖုန်းဟွာတို့၏ အမူအရာများ ပြောင်းလဲသွားခဲ့ကြတော့သည်။
ယခု လင်းရီ ဒေါသထွက်နေသည်မှာ သံသယ ဖြစ်ရန် မလိုပေ။
သို့သော် ဟာဘာမှာ အံ့အားသင့်သွားခဲ့ရ၏။ အဘယ်ကြောင့် ယခုလိုတွေ ဖြစ်နေလဲဆိုတာကို သူနားမလည်နိုင်ပေ။
“ ဥက္ကဌလင်း … ငါ အမေရိကားကနေ ဒီကို စိတ်ရင်းအမှန်နဲ့ ပြေးလာတာနော်… မင်း ဒီလိုပဲ ထွက်သွားတော့မလို့လား …”
“ ခင်များ စောက်ရူးလား …” လင်းရီ ပွင့်ပွင့်လင်းလင်း ပြောပစ်လိုက်ပြီး “ ဒီပြဿနာက ခင်များတို့ရဲ့ အမှားဆိုတာ အရှင်းကြီးပဲ .. အခု ခင်များတို့ဘက်က ဖြေရှင်းနည်းလမ်းကို မကမ်းလှမ်းလာဘဲနဲ့ ကျုပ်ကို ဒီအရှုပ်ထုပ်တွေ ကိုယ့်ဘာကိုယ် ဖြေရှင်းခိုင်းချင်နေတယ် … ကျုပ်က ခင်များရဲ့ အဖေမို့လား …”
ရန်ထျန်းနန်နှင့် ကျောက်ဖုန်းဟွာတို့မှာ အတော်လေး ထိတ်လန့်သွားလှုပ်သွားခဲ့ကြပြီး သူတို့၏ နှလုံးခုန်သံမှာ မရပ်မနား မြည်တမ်းနေသည်။
လင်းရီ ယခုလို လေသံမျိုးဖြင့် စကားပြောလိမ့်မည်လို့ မည်သူကမျှ ထင်မှတ်မထားကြချေ။
ဒါက ဘယ်လိုလုပ်ပြီး ဥက္ကဌအဆင့် ပုံရိပ် ရှိတဲ့လူ ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … လမ်းဘေးလူမိုက်နဲ့မှ ပိုတူဦးမယ်…
လင်းရီ၏ ကြိမ်းမောင်းဆူငေါက်ခြင်းကို ခံလိုက်ရပြီးနောက် ဟာဘာ မျက်နှာ ကွက်ခနဲ ပျက်သွားခဲ့၏။
“ ကားက စက်ရုံထုတ်ကုန် တစ်ခုပဲ … ဒီလို ပြဿနာတွေ ရှိတယ်ဆိုတာ ဘယ်လိုမှ လွှဲဖည်လို့ ရတဲ့ အရာတွေ မဟုတ်ဘူး … ငါတို့ဘက်က လျော်ကြေးပေးဖို့ သဘောတူထားပြီးပြီကို ဥက္ကဌလင်း၊ မင်းက မကျေနပ်နိုင်သေးဘူးလား ..”
“ ခင်များထင်နေတာ လျော်ကြေးပေးလိုက်တာနဲ့ အလုပ်ဖြစ်ပြီ ထင်နေတယ်ပေါ့ …” လင်းရီ ပြောလိုက်ပြီး “ ယုံချင်ယုံ ၊ မယုံချင်နေ… ခင်များ ဒီလက်ဖက်ရည်ဆိုင်ထဲက ထွက်သွားတာနဲ့ ဘရိတ်ပျက်နေတဲ့ Tesla ကားတစ်စင်းက ခင်များကို ဝင်အောင်းသွားဖို့ အသင့်ဖြစ်နေတယ်ဆိုတာ သိလား … ခင်များ မယုံဘူးဆို အတွေ့အကြုံရအောင် ကျုပ် တစ်စီး စီစဉ်ခိုင်းထားလိုက်မယ်….”
အကယ်၍ လင်းရီ၏ အစောပိုင်း စကားတို့က နှလုံးခုန်နှုန်း မြန်ဆန်အောင် ပြုလုပ်ခဲ့သည်ဆိုပါက ယခု စကားလုံးတို့မှာ လည်ချောင်းဝက ခုန်ပေါက်ထွက်ချင်လာအောင် ပြုလုပ်နေသည်။
ဤသည်က ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်နေခြင်းပင်။ ထို့ပြင် တစ်ဖက်သူကလည်း Tesla ၏ ဒုဥက္ကဌ တစ်ဦး ဖြစ်၏။
သူကား အတင့်ရဲလွန်းလှသည်။
ကျောက်ဖုန်းဟွာ သူ့နဖူးထက်မှ ချွေးအေးတို့အား တိတ်တိတ်လေး ခိုးသုတ်လိုက်၏။
သူ့ကိုယ်သူ ငကြောင် တစ်ကောင်နှယ် ခံစားနေရသည်။ ယခင်တုန်းက သူသည် အရှက်မရှိ လင်းရီအား ခြိမ်းလား ခြောက်လား ပြုခဲ့ဖူးသည်။
တစ်ဖက်သူ၏ မျက်လုံးထဲတွင်တော့ သူ၏ ပုံစံက မည်မျှတောင် ရယ်ချင်စရာ ကောင်းနေမလဲဆိုတာကို သူ မတွေးချင်သလို တွေးလည်း မတွေးဝံ့ပေ။
“ ဒါဆို ငါတို့ ဘာလုပ်သင့်တယ်လို့ ထင်လဲ … ဒါက ယုတ္တိအရှိဆုံး မဟုတ်ဘူးလား …”
“ ခင်များတို့ဘက်က ပြဿနာ ရှိနေတဲ့ ကားတွေ အကုန်လုံးကို ပြန်ခေါ်ပြီး လူသိရှင်ကြား မတောင်းပန်သရွေ့ ဒီကိစ္စ အဆုံးသတ်မှာ မဟုတ်ဘူး … ကျုပ်ကို လျော်ကြေးပေးမယ်ဆိုတဲ့ စကားလည်း လာမပြောနဲ့… ကျုပ်တို့ ဟွာရှန့်တွေ ငွေနည်းနည်းလောက်လေးကို ချို့တဲ့မနေဘူး …”
လင်းရီ ပြောလိုက်ပြီး “ ဘယ်လိုလုပ်မလဲဆိုတာတော့ … ရွေးချယ်ပိုင်ခွင့်က ခင်များတို့ လက်ထဲမှာပဲ … ကျုပ်ရဲ့ စိတ်ရှည်သည်းခံမှုကို လာမစမ်းသပ်နဲ့ … ခင်များ မပြောနဲ့ .. အီလွန်ကိုယ်တိုင် ရောက်လာလည်း ကျုပ် စိတ်ပြောင်းမှာ မဟုတ်ဘူး ….”
“ အဲ့တာ မဖြစ်နိုင်ဘူး …” ဟာဘာ ငြင်းဆန်လိုက်ပြီး “ ကားတွေ ပြန်ခေါ်တာရော ၊ လူသိရှင်ကြား တောင်းပန်တာရော ငါတို့ တစ်ခုမှ သဘောမတူနိုင်ဘူး … ဒါက ဒီတိုင်း တစ်သီးပုဂ္ဂလနဲ့ဆိုင်တဲ့ ကိစ္စပဲ … မင်း တစ်စိတ်ကို တစ်အိတ်လာမလုပ်နဲ့ ….”
“ တစ်စိတ်ကို တစ်အိတ်လုပ်တာလား ….”
လင်းရီနှာမှုတ်လိုက်ပြီး “ ကျုပ်တို့ ကြည့်ကြတာပေါ့ … ကျုပ် တခြားတော့ မပြောရဲဘူးဆိုပေမယ့် နှစ်ဝက်အတွင်း Tesla ရဲ့ ဈေးကွက်တန်ဖိုးကို ငါးဆယ်ရာခိုင်နှုန်းအထိ ဖြတ်တောက်နိုင်ဖို့တော့ ယုံကြည်ချက်ရှိတယ်….”
ဟာဘာ မျက်နှာ မသာမယာ ဖြစ်သွားခဲ့ပြီး မခံချိ မခံသာ ဖြစ်စွာဖြင့် “ မင်းအဲ့လို ပြောဝံ့နေတယ်ဆိုရင်တော့ ငါတို့ ကုမ္ပဏီကို အထင်သေးလိုက်တာပဲ … ကြီးမြတ်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ငါတို့ကို အနိုင်ယူခွင့် မပေးနိုင်ဘူး …”
“ ချီးကို ကြီးမြတ်နေလိုက် … မင်းတို့ သူဌေးလည်း နေ့တိုင်း ကြွားနေတာပဲ … လပေါ်ပဲဖြစ်ဖြစ် ၊ မာစ်းပေါ်ပဲ ဖြစ်ဖြစ် အဲ့ကောင်ပါတယ်.. ဒီတိုင်း ရင်းနှီးမြုပ်နှံသူတွေဆီက ပိုက်ဆံ လိမ်နေတာကိုများ … သူ့ရည်မှန်းချက်က ကြယ်ပင်လယ်ကြီးဆိုတိုင်း သူ့ကိုယ်သူ လူတမူထူးသွားပြီလို့ ထင်နေလား မသိဘူး … “
“ ဥက္ကဌလင်း … ငါတို့က ဒီနေ့ စိတ်ရင်း အစစ်အမှန်နဲ့ လာခဲ့တာကို မင်းက ဒီလို ဆိုးရွားတဲ့ အပြုအမူနဲ့ စကားပြောနေတယ်ဆိုတော့ …. ငါတို့ ဆက်ပြီး စကားပြောနေဖို့ မလိုတော့ဘူးလို့ ထင်တာပဲ .. ပြီးတော့ မင်းရဲ့ ဒီနေ့ အမူအကျင့်တွေကို ကြည့်ရတာတော့ မင်းက အရည်အသွေးပြည့်မီတဲ့ စီးပွားရေး သမား တစ်ယောက်နဲ့လည်း မတူဘူး … မင်းက ရုန့်ရင်းကြမ်းတမ်းလွန်းတယ်….”
လင်းရီ မျက်ခုံးပင့်၍ ဟာဘာအား ကြည့်လိုက်သည်။ “ ကျုပ်ကို ခြိမ်းခြောက်နေတာလား …”
“ ငါက ဒီတိုင်း အချက်ကို ပြောပြနေရုံပဲ … မင်း အခု လုပ်နေတာတွေက စီးပွားရေး လောဂျစ်တွေကို လိုက်နာနေတာလည်း မရှိဘူး …” ဟာဘာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး “ ငါတို့ဘက်က အလျှော့ပေးဖို့ ဆန္ဒရှိတယ်… ဒါ ငါတို့ရဲ့ အကြီးမားဆုံး လိုက်လျောမှုကြီးပဲ … မင်း တခြားဟာတွေ ထပ် မတောင်းဆိုသင့်တော့ဘူး …”
“ ကျုပ် တစ်ခါ ထပ်ပြောလိုက်မယ်… စောင့်ကြည့်ကြတာပေါ့ ….”
“ လင်းယွင်အုပ်စုက ဟွာရှ Semiconductor နယ်ပယ်မှာ ဒိတ်ဒိတ်ကျဲ ကုမ္ပဏီတစ်ခုဆိုတာ ငါတို့ သိတယ်… ဒါပေမယ့် မင်းတို့ရဲ့ ကမ္ဘာတစ်ဝှမ်းမှာ လွှမ်းမိုးမှုက ငါတို့နဲ့ ယှဉ်ရင် မပြောပလောက်တာကိုတော့ သိမှာပါ … မင်းက ငါတို့ကို ခြိမ်းခြောက်ဖို့ မပြောနဲ့ မျက်လုံးထဲတောင် ဝင်မဆံ့နိုင်ဘူး …”
“ အဲ့လောက်ထိ ဟိတ်ဟန်များနေတော့ရော ဘာအသုံးဝင်လို့ …” လင်းရီ ပြုံးလိုက်ပြီး “ ခင်များတို့ကိုယ် ခင်များတို့ သောက်ရမ်း အံ့ဩဖို့ ကောင်းနေတယ် ထင်ရင်လည်း ဟွာရှဈေးကွက်ကနေ ချက်ချင်း နှုတ်ထွက်ကြောင်း ကြေညာလိုက်လေ … အဲ့လိုဆို ဘယ်သူမှ ခင်များတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး …”
ဟာဘာ၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ကမ္ဘာတွင် အလျင်မြန်ဆုံးနှင့် စီးပွားရေး တိုးတက်ဖွံ့ဖြိုးနေသည့် ဒေသဖြစ်သည့် ဟွာရှ ဈေးကွက်အတွင်းမှ သူတို့ မည်သည့်နည်းနှင့်မျှ ထွက်ခွာသွား၍ မဖြစ်ပေ။
“ ဥက္ကဌလင်းက ငါတို့နဲ့ စကားပြောလိုစိတ် မရှိဘူးဆိုမှတော့ Tesla ဘက်ကလည်း တန်ပြန်တိုက်ခိုက်ဖို့ အသင့်ပဲ … ဒီကိစ္စကနေပြီး Tesla ဘယ်လောက် ပြိုင်ဘက်ကင်းလဲဆိုတာ ပြပေးမယ်….”
“ ဒါဆိုလည်း လာခဲ့လိုက် … ခင်များတို့ကောင်တွေ ဘယ်လောက်ထိ အံ့ဩဖို့ကောင်းလဲဆိုတာ ကျုပ် ကြည့်ရတာပေါ့ ….”
ပြောပြီးနောက် လင်းရီသည် နောက်သို့ ပြန်လှည့်ကြည့်ခြင်း မရှိဘဲ နေရာမှ ထွက်ခွာသွားခဲ့၏။
ဟာဘာမှာ နေရာ၌ ထိုင်နေရင်း မောက်မာမြဲ မောက်မာနေလျက်ပင်။ သို့သော် ရန်ထျန်းနန်နှင့် ကျောက်ဖုန်းဟွာတို့မှာတော့ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ယင်နေကြလေသည်။
သူတို့ထဲ မည်သူကမျှ ယခုလို အကွဲအပြဲတွေ ဖြစ်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ကြချေ။
စည်းမျဉ်းအတိုင်း မကစားတတ်သည့် ထိုလူက ရှေ့ဆက် ဘာတွေ လုပ်ပြလာဦးလာမလဲဆိုတာကို သူတို့ ပိုလို့ပင် မသေချာပေ။