ကစားပွဲ စတင်ပြီ
Vol. 117 Ch. 1749
ရန်ထျန်းနန် ခေါင်းညိမ့်လိုက်သည်။ ဟာဘာ၏ စကားလုံးတို့က သူ့အား မျှော်လင့်ချက် ရောင်နီတစ်ချို့ သမ်းလာစေသည်။
အကယ်၍ နိုင်ငံတကာ ဖိအားဖြင့် ဆိုပါက လင်းယွင်အုပ်စုသည် အဆုံးထိ တောင့်ခံနိုင်မှာ မဟုတ်ချေ။ နောက်ဆုံး၌ အရှုံးရလဒ်အား ဝန်ခံသွားရမည့်လူမှာ ၎င်းတို့ကိုယ်တိုင်ပဲ ဖြစ်သွားနိုင်သည်။
“ ကျုပ်ရဲ့ အတွင်းရေးမှူးကို ခုချက်ချင်း လင်းယွင်အုပ်စု ဘက်ခြမ်းက သတင်းအချက်အလက်တွေ စုဆောင်းထားဖို့ ခိုင်းလိုက်မယ်… ပြီးရင် ညှိနှိုင်းဆွေးနွေးဖို့ သင့်လျော်မယ့် ဝင်မှတ်ကို ရှာကြတာပေါ့ …”
“ ကောင်းပြီ… ဒီအတိုင်း ဆက်လုပ်ကြမယ်….”
ရန်ထျန်းနန် သူ၏ အတွင်းရေးမှူးအား လှမ်းခေါ်လိုက်ပြီး တာဝန်ပေးလိုက်၏။
“ နားလည်ပါပြီ ဥက္ကဌရန် … ကျွန်မ အခုချက်ချင်းပဲ လင်းယွင်အုပ်စုရဲ့ သတင်းအချက်အလက်တွေကို သေချာ စုစည်းထားလိုက်ပါ့မယ်…” အတွင်းရေးမှူးမှ ပြောလိုက်ပြီး “ ဒါပေမယ့် အခုလေးတင်ပဲ မစ်ဆူအုပ်စုဘက်က လင်းယွင်အုပ်စုနဲ့ ပတ်သက်ပြီး ကြေညာချက် တစ်ခု ထုတ်ပြန်လာတယ်…”
“ သူတို့က ဘာပြောလဲ …” ရန်ထျန်းနန် အမှုမထားသည့် အမူအရာဖြင့် မေးမြန်းလိုက်၏။
“ သူတို့က လင်းယွင်အုပ်စုနဲ့ နက်ရှိုင်းတဲ့ ပါတနာ ဆက်ဆံရေးကို တည်ဆောက်ဖို့ အတွက် ၄၈ ဘီလီယမ်ယွမ် ရင်းနှီးမြုပ်နှံချင်တယ်လို့ ပြောလာတယ်…”
“ သူတို့က လင်းယွင်အုပ်စုနဲ့ ပါတနာ လုပ်ချင်တာလား …”
အဆိုပါ သတင်းကိုကြားတော့ ဟာဘာနှင့် ကျန်နှစ်ယောက်မှာ ကြက်သေသေသွားခဲ့ရလေသည်။
မစ်ဆူ အုပ်စုက နိုင်ငံတကာ၌ပင် အရေးကြီးသည့် ကုမ္ပဏီကြီး တစ်ခု ဖြစ်၏။
အတိုင်းအတာ တစ်ခုထိတိုင်အောင် ၎င်းက နိုင်ငံတကာ ငွေကြေးစီးဆင်းမှုအပေါ်၌ အကျိုးသက်ရောက်မှု ရှိနိုင်သည်။
ယခု သူတို့က ပထမဦးစွာ ပါတနာ ပြုလိုသည်ဟု ကြေညာလာခဲ့၏။ လင်းယွင်အုပ်စုဘက်မှနေပြီး ၎င်းတို့၏ ရပ်တည်ချက်ကို ကြေညာနေသည်မှာ သံသယ ဖြစ်ရန် မလိုပေ။
လင်းရီက ဒါတောင် လုပ်နိုင်တယ်ဆိုတော့ သူက ဘယ်လောက်တောင် အင်အားကြီးမားနေတာလဲ …
“ မစ်ဆူအုပ်စုက အဲ့လိုပြောထားတာပဲ .. သူတို့ ထုတ်ပြန်လာတဲ့ သတင်း အသေးစိတ်ကို ကြည့်ရတာ သတင်းအတုတော့ ဖြစ်မယ့်ပုံ မပေါ်ဘူး … သူတို့ တကယ်ကြီး ပူးပေါင်းဆောင်ရွက်ချင်နေတာလည်း ဖြစ်နိုင်တယ်…”
သုံးယောက်လုံး ငြိမ်ကျသွားခဲ့တော့သည်။ ဤသတင်းက သူတို့၏ ယုံကြည်မှုသို့ နောက်ထပ် ပြင်းထန်သည့် ထိုးနှက်ချက် တစ်ခု ဖြစ်လေသည်။
သူနှင့် သက်တူရွယ်တူများပင် လင်းရီ၏ လုပ်နိုင်စွမ်းကြောင့် အံ့အားတကြီး ဖြစ်မိရ၏။
အချိန် ခဏမျှသာ ကြာမြင့်သေးသော်လည်း တစ်ဖက်က ၎င်းတို့၏ အင်အားကို သွယ်ဝိုက်ပြီး ချပြလာနေသည်။
ထိုသို့သော ကြောက်မက်ဖွယ်ရာ စီးပွားရေးအမြင် ထက်ရှမှုမှာ လင်းရီ၏ ခွန်အားအပေါ် အထင်သေး၍ မရကြောင်း သက်သေပြရန် လုံလောက်ပေသည်။
“ နားလည်ပြီ… ငါ ပြောသလို အရင်လုပ် .. လင်းယွင်အုပ်စုရဲ့ သတင်းအချက်အလက်ကို စုံစမ်း … ငါတို့ သူတို့ လုပ်ချင်တဲ့အတိုင်း လုပ်ခွင့် ပေးထားလို့ မရဘူး ….”
“ နားလည်ပါပြီ ဥက္ကဌရန် …”
အတွင်းရေးမှူးမှ ခေါင်းညိမ့်ပြီး ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
“ မစ္စတာ ဟာဘာ … ကျုပ်တို့ မြန်နိုင်သမျှ မြန်မြန် တုံ့ပြန်မှပဲ ဖြစ်တော့မှာ …” ရန်ထျန်းနန် ပြောလိုက်ပြီး “ လင်းရီရဲ့ လုပ်ရပ်တွေက ကျုပ်တို့ကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာ အသိသာကြီးရယ်… တကယ်လို့ ကျုပ်တို့သာ အစီအစဉ်တစ်ခုနဲ့ အမြန် ထွက်မလာဘူးဆိုရင် ပိုခက်ခဲတဲ့ အနေအထားကို ရောက်သွားနိုင်တယ်….”
“ ငါလည်း အဲ့တာကို သတိထားမိတယ်…”
ဟာဘာ သူ၏ ဖုန်းအားထုတ်၍ လေးနက်သည့် လေသံဖြင့် “ ငါ ဆမ်ဆောင်းကို ဆက်သွယ်ပြီး သူတို့ကို Semiconductor နယ်ပယ်မှာ ဖိအားတစ်ချို့ ပေးခိုင်းလိုက်မယ်….”
ဟာဘာ ဖုန်းခေါ်ဆိုမှု ပြုလုပ်လိုက်ပြီး တစ်ဖက်သူနှင့် နာရီဝက်ကြာအောင် ဖုန်းပြောလိုက်သည်။ ထို့နောက် အပြုံးတစ်ပွင့်ဖြင့် ဖုန်းပြန်ချလိုက်၏။
“ သူတို့ ဘာပြောလဲ …” ကျောက်ဖုန်းဟွာ မေးမြန်းလိုက်၏။
“ သူတို့ဘက်က စခရင်နဲ့ ဟာ့ဝဲ ထောက်ပံ့မှု အများစုကို ဖြတ်တောက်ပေးမယ်တဲ့ … သူတို့ရဲ့ မိုဘိုင်းဖုန်း စီးပွားရေးက မကြာခင် အဆုံးသတ်ပြီပဲ …”
“ ကောင်းတယ်… နောက်ဆုံးတော့ သူတို့ကို ပညာပြန်ပြနိုင်ပြီ…”
“ ဒီလောက်လေးကို စိတ်မလှုပ်ရှားသေးနဲ့ … ခုက အစပဲ ရှိသေးတယ်… ငါ ထိုင်တယန့်ကို ဖုန်းခေါ်ပြီး ချစ်ပ်ကဏ္ဍမှာ ဖိအားတစ်ချို့ပေးဖို့ ပြောလိုက်မယ်…”
ဟာဘာ ဖုန်းအား ပြန်ကောက်ကိုင်လိုက်ပြီး ထိုင်တယန့်၏ ဥက္ကဌ ကျန်းကျုံးမိုထံသို့ ဖုန်းခေါ်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ သူတို့ မိနစ် လေးဆယ်ကြာအောင် ဖုန်းပြောခဲ့ကြလေသည်။ ၎င်း၏ အမူအရာကို ကြည့်ရသလောက်တော့ ရလဒ်ကောင်းများ ရှိနေသည့် ပုံပါပင်။
“ ထိုင်တယန့်လည်း အဆင်ပြေတယ်မလား …” ရန်ထျန်းနန် မေးမြန်းလိုက်၏။
“ ဒါပေါ့…” ဟာဘာ ပခုံးတွန့်လိုက်ပြီး “ ငါတို့ဘက်က ပြည်တွင်းနဲ့ ပြည်ပ နှစ်ခုလုံးမှာ လင်းယွင်အုပ်စုရဲ့ Semiconductor နဲ့ ချစ်ပ်နယ်ပယ်ကို ဖိအားပေးလိုက်မယ်ဆိုရင် လင်းယွင်အုပ်စုလည်း ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး …”
“ ကျုပ် ဒီသတင်းကို အခုပဲ လွင့်ခိုင်းလိုက်တော့မယ်… ဒီလို ကုမ္ပဏီ အကြီးအစားတွေရဲ့ အကူအညီနဲ့ဆိုရင် ကျုပ်တို့ စတော့ ဈေးကွက်လည်း အမြန်ပြန်ကောင်းလာမှာ သေချာတယ်…”
ဟာဘာ ခေါင်းညိမ့်ပြီး မှတ်ချက်ပေးလိုက်၏။
“ ဒီခု အခြေအနေမှာ ငါတို့လည်း လင်းယွင်အုပ်စုကို တုပပြီး ငါတို့နဲ့ ဒီကုမ္ပဏီနှစ်ခုက နက်နက်ရှိုင်းရှိုင်း ပါတနာ ချိတ်ဆက်ထားတယ်လို့ ကြေညာလိုက် … ဒါက စတော့ ဈေးကွက်မှာ ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိလာမှာ အသေအချာပဲ … ငါတို့ရဲ့ Tesla လည်း ဖြည်းဖြည်းချင်း နိုင်ငံတကာ ကုမ္ပဏီကြီးတွေရဲ့ အကူအညီကို ရလာလိမ့်မယ်….”
“ ကောင်းပြီ… ကျုပ် အခုပဲ သွားစီစဉ်လိုက်တော့မယ်…”
ထိုအချိန်တွင် နှစ်ဘက်ခြမ်းလုံးက ၎င်းတို့ အင်အားစုများ၏ အခြေခံ အကျဆုံး စီစဉ်မှုများအား စီစဉ်ပြီးမြောက်ထားနေချေပြီ။
ကျန်ရှိတော့သည်က ရွှပ်ရွှပ်ချွံချွံ တိုက်ခိုက်မှုသည်သာလျှင်ပင်။
နောက်ဆုံးတွင် မည်သူက ရယ်မောပြီး ကျန်ရစ်နိုင်မည်လဲဆိုတာကတော့ မိမိတို့ လက်ဖျံထဲတွင် ဝှက်ထားသည့် ဖဲချပ်များကသာ စကားပြောသွားလိမ့်မည်။
လင်းယွင်အုပ်စု၌ အစည်းအဝေးကျင်းပပြီးနောက် လင်းရီ သူ့ရုံးခန်းသူ ပြန်ရောက်လာခဲ့သည်။
နှစ်ဘက်ခြမ်းရှိ ကစားပွဲက ယခုမှ စတင်သာ ဖြစ်ပြီး အခြေအနေကလည်း မတည်ငြိမ်သေးချေ။ သူက ဤနေရာ၌ ရှိနေပြီး စစ်တပ်၏ စိတ်ဓာတ်ကို ပံ့ပိုးပေးရမည် ဖြစ်ကာ အခြား ထင်မှတ်မထားသည့် အခြေအနေတို့ ပေါ်ပေါက်လာခြင်းမှ ကာကွယ်ရန် အသင့်ရှိနေရပေမည်။
သူ၏ ရုံးခန်းသို့ ပြန်လာပြီးသည့်နောက် မကြာမီ လင်းရီသည် ရှောင်ပင်းထံမှ ဖုန်းခေါ်ဆိုမှုကို ရရှိလိုက်သည်။
“ အစ်ကိုရီ .. ကျွန်မတို့ မနက်ဖြန် မနက် ၁၀ နာရီလောက် ကျိုးဟိုင်ကို ရောက်မယ်… ရှင့်အတွက် အဆင်ပြေတယ်မလား …”
“ ပြေတယ်… မင်းတို့ လာချင်တဲ့ အချိန် လာခဲ့ကြ … ရောက်တဲ့အချိန် လာကြိုပေးမယ်….”
“ ဧည့်ဝတ်ပျူငှာမှု အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုရီ … ကျွန်မတို့ ရှင့်ကို အားနာမနေတော့ဘူးနော်….”
ရှောင်ပင်းနှင့် ခေတ္တ ဖုန်းပြောပြီးသည့်နောက် လင်းရီ ဖုန်းချလိုက်သည်။
ထို့နောက် သူ လျန်ကျင်းမင်အား ဖုန်းခေါ်လိုက်၏။
“ လင်းကော … မင်း ဘာတွေ ညွှန်ကြားချင်တာ ရှိလို့ ….”
သူတို့လည်း လင်းရီနှင့် Tesla ကြား ပြဿနာကို သိထားပြီး လင်းရီဆက်သွယ်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြကာ အချိန်မရွေး ကူညီနိုင်ရန် အသင့်ပြင်ထားကြ၏။
“ ထွေထူး ကိစ္စကြီး မဟုတ်ပါဘူး … ငါ့ သူငယ်ချင်း တစ်ချို့ ကျိုးဟိုင်လာမှာမို့ သူတို့က မနက်ဖြန် ရွက်လှေ ပါတီ တစ်ခု ကျင်းပဖို့ စီစဉ်နေတာ ဒီကိစ္စ မင်းနဲ့ လွှဲထားလိုက်ပြီနော်….”
“ အတည်ကြီးလား … ဒါဆို အလှလေးတွေလည်း ပါမှာပေါ့ ….”
“ သူတို့ရဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်က ပြဿနာ မရှိဘူး … ဒါပေမယ့် မင်းသူတို့ကို ကြံမယ်တော့ မလုပ်လိုက်နဲ့ … မင်းရဲ့ ဘော်ဒီ သေးသေးလေးနဲ့ တောင့်ခံနိုင်မှာ မဟုတ်ဘူး ….”
“ ငိုးပဲ … လင်းကော … မင်းငါ့ကို အဲ့လို လှောင်ရယ်တယ်ပေါ့ ….” လျန်ကျင်းမင် ကျွဲမြီးတိုသွားခဲ့ပြီး “ ဒါပေမယ့် ငါမင်းကို တစ်ခု မေးချင်တယ်…”
“ ဘာလဲ ….”
“ မင်း ဥက္ကဌကျီကို နည်းလမ်းရှာပြီး အဝေးပို့ထားလိုက်ပါလား … ဥပမာ သူ့မိဘအိမ်မှာ သုံးလေးရက်လောက် သွားနေခိုင်းထားလိုက် … ငါ မင်းရဲ့ ရေကူးကန်ကြီးကို မျက်စိကျနေတာ အတော်ကြာပြီ … အဲ့မှာတာ ရေကူးကန် ပါတီ လုပ်လိုက်ရင် တော်တော် စိတ်လှုပ်ရှားဖို့ကောင်းမှာဟ….”
“ စဉ်းတောင် မစဉ်းစားနဲ့ … အကြောင်းထူး တစ်ခုခု မရှိသရွေ့ သူ့မိဘအိမ် ပြန်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး … မင်း တခြားမှာ စီစဉ်တာပဲ ကောင်းမယ်…”
“ ကောင်းပြီလေ… ငါနဲ့ စိတ်ချထားလိုက် …” လျန်ကျင်းမင် ပြောလိုက်ပြီး “ Tesla နဲ့ ပတ်သက်လို့ရော အခြေအနေ ဘယ်လို ရှိလဲ … ငါတို့ ကူညီပေးဖို့ လိုသေးလား ….”
“ အဲ့ကိစ္စ စိတ်မပူနဲ့ … ငါ ယွမ်ယွမ်ကို ညွှန်ကြားပြီးသား … မင်းတို့လုပ်ဖို့က ငါ့အတိုင်း ကြီးကြီးကျယ်ကျယ်တွေ ပြောပေးဖို့ပဲ ….”
“ အိုကေ … ဒါပေမယ့် လိုအပ်တာ ရှိရင် အချိန်မရွေး ပြောလိုက် … ညီကိုချင်းပဲကို … ဒါတွေကို မရှက်ပါနဲ့ …”
“ အိုကေ …”
စီစဉ်စရာ ရှိသည်များအား စီစဉ်ပြီးနောက် လင်းရီ အညောင်းဆန့်လိုက်သည်။
ဤကဲ့သို့ မခံစားရသည်မှာ အတော်လေး ကြာနေချေပြီ။ ယင်းက သူ့အား အနည်းငယ် စိတ်လှုပ်ရှားစေသည်။
နောက်ဆက်တွဲ ကာလများ၌ လူတော်တော်များများက လင်းယွင်အုပ်စုနှင့် Tesla ကြားရှိ အထိကရုဏ်းကို သတိပြုမိလာကာ စတော့ ဈေးကွက်၏ မြားဦးတည်ရာတို့သည်လည်း ရှုပ်ထွေးလာတော့သည်။
တစ်ခါတစ်ရံ လင်းယွင်အုပ်စု လက်အောက်ရှိ အများပြည်သူပိုင် အဖြစ် စာရင်းဝင်ထားသည့် ကုမ္ပဏီတို့၏ စတော့ရှယ်ယာဈေးမှာ ကျဆင်းသွားတတ်၏။ သို့သော် မကြာမီ အချိန်အတွင်း ပုံမှန်ပြန်ဖြစ်လာသည်။
Tesla အတွက်လည်း ထို့အတူပင်။ စတော့များက ဆက်တိုက်ဆိုသလို နိမ့်ချည် မြင့်ချည် ဖြစ်ပေါ်နေလျက် ရှိသည်။
၎င်း၏ အထွတ်အထိပ်သို့ မရောက်ရှိသေးသော်လည်း အခြေအနေကိုတော့ တည်ငြိမ်အောင် ပြုလုပ်ထားပြီး ဖြစ်သည်။
အဆိုပါ အခြေအနေ အရပ်ရပ်တို့ကြောင့် နိုင်ငံခြားနှင့် ဒေသတွင်းရှိ စွန့်ဦး စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းနှီးမြုပ်နှံသူတို့မှာ အခြေအနေအား ရေရာ ပြတ်သားစွာ ဝေဖန်ဆုံးဖြတ်ရန် အခက်တွေ့လာကြရ၏။
သို့သော် မည်သည့်ဘက်ခြမ်းကမျှတော့ အားနည်းဟန် မပြကြချေ။
ညနေ လေးနာရီတွင် အိပ်တ်ချိန်းမှာ ပိတ်သွားခဲ့ပြီး ကွယ်ရာတစ်လှည့် ၊ ပေါ်တင်တစ်လှည့် တိုက်ခိုက်နေကြသည့် ကုမ္ပဏီနှစ်ခု၏ တိုက်ပွဲသည်လည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့၏။
ကွန်ပျူတာပေါ်ရှိ စတော့ဈေးကွက်ပြဇယားကို ကြည့်နေရင်း လင်းရီ ပြုံးလိုက်သည်။
“ ဈေးကွက်က နောက်ဆုံးတော့ ပိတ်သွားပြီပဲ … တကယ့်ပြပွဲက စလာတော့မယ်…”