အဆင့်မြင့် နည်းပညာတွေက သဘာဝလောက် မကောင်းဘူး
Vol. 117 Ch. 1751
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီသည် ရှောင်ပင်းနှင့် အခြားသူများအား သွားကြိုရမည် ဖြစ်သောကြောင့် လီရှန်းဟွေ့ထံသို့ ခွင့်တိုင်ကြားလိုက်၏။
လီရှန်းဟွေ့ကလည်း အင်မတန် တည့်တိုးဆန်သည့်လူ ဖြစ်သည့် အလျောက် မိနစ်ပိုင်းအတွင်းမှာပဲ ခွင့်ပြုပေးလိုက်လေသည်။
သူ့ဘက်က များများစားစား မပြောခဲ့ချေ။ မည်သို့ပင်ဆိုစေ သူတို့၏ အလုပ်က ပြောင်းလွယ်ပြင်လွယ်ရှီပြီး အမှု မရှိသည့် အခါ၌ လက်အောက်ငယ်သားများမှာ အလကား ဂုန်းလာဆင်းနေသည့် လူများနှင့် မခြားနားပါချေ။
ခွင့်တင်ပြီးသည့်နောက် လင်းရီသည် ကားအမောင်း၍ ကျီချင်းရန်အား ကုမ္ပဏီသို့ လိုက်ပို့ပေးရန် ဟန်ပြင်လိုက်သည်။
“ Tesla ကိစ္စ အခြေအနေ ဘယ်လိုရှိလဲ …”
လမ်းတွင် သူမဘက်က မေးလာခဲ့၏။
“ စတော့ ဈေးကွက်ကို ကြည့်လိုက် … ရင်းနှီးမြုပ်နှံသူတွေက မင်းကို ဖြေပေးလိမ့်မယ်….”
“ နင်က ပြောနိုင်နေတယ်ဆိုတော့ နင့်မှာ ယုံကြည်ချက် အပြည့် ရှိလို့ပဲ ဖြစ်ရမယ်… ငါစိတ်ပူမနေတော့ပါဘူးလေ….”
နှစ်ယောက်သား Tesla အကြောင်း ခေတ္တ စကားပြောပြီးသည့်နောက် မကြာမီ ကုမ္ပဏီသို့ ရောက်ရှိလာသည်။ သို့သော် လင်းရီမှာ ပြန်လည် ထွက်ခွာရန် အလျင်လို မနေခဲ့ချေ။ ထိုအစား ကျီချင်းရန်၏ ရုံးခန်းထဲတွင် ခေတ္တ ဝင်ထိုင်၍ စတော့ဈေးကွက်အား စောင့်ကြည့်နေလိုက်သေးသည်။
သူ ထင်မှတ်ထားခဲ့သည့်အတိုင်း Tesla ၏ ရှယ်ယာဈေးနှုန်းတို့က ဈေးကွက်ဖွင့်သည်နှင့် ချက်ချင်း ဆက်တိုက်ကျဆင်းနေပြီး ပြန်လည် ခုန်တက်မည့် အလားအလာ လက္ခဏာမျိုး မမြင်ရချေ။
အခြား တစ်ဖက်တွင်တော့ လင်းယွင်အုပ်စု၏ ရှယ်ယာဈေးနှုန်းတို့က ဆက်တိုက်ဆိုသလို မြင့်တက်နေပြီး အခြေအနေမှာ သိသိသာသာ ကောင်းမွန်နေသည်။
ယခု ထရန်းကို မြင်တော့ လင်းရီနှင့် ကျီချင်းရန်တို့က Tesla ၏ ရှယ်ယာ ဈေးနှုန်းများသည် နေ့လည်မတိုင်မီ အကန့်အသတ်သို့တိုင် ကျဆင်းလိမ့်မည်ဟု ရဲတင်းစွာ ဟောချက် ထုတ်လိုက်ကြ၏။ ပထမဦးဆုံး တိုက်ပွဲတွင် နိုင်ပွဲ ရလိုက်သည်ဟု မှတ်ယူနိုင်လေသည်။
မနက် ကိုးနာရီထိုးသည့်အချိန်၌ လင်းရီ သူ့ကားဖြင့် ပြန်မောင်းထွက်သွားခဲ့ပြီး ပြိုင်ပွဲကွင်းရှိ လူများအား ပြိုင်ကားများ အားလုံးကို လေဆိပ်သို့ မောင်းနှင်လာရန် ညွှန်ကြားလိုက်၏။ ရှောင်ပင်းနှင့် တခြားသူများကို ကြိုပေးရမည်။
မကြာမီ ရှောင်ပင်းတို့တတွေ တာမင်နယ်ထဲမှ ထွက်လာသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။
ရှေ့ဆုံးက ထွက်လာသူများမှာ အသင်းထဲရှိ အမျိုးသမီး သုံးဦးပင်။
ရှောင်းပင်းနှင့် လော့ချီ အပြင် ကျန်သည့် မိန်းကလေး တစ်ဦးမှာ ယွီစီယင်ဟု ခေါ်သည့် မိန်းကလေး ဖြစ်သည်။ သူမက သုံးယောက်ထဲတွင် စကေး အရှိဆုံး အမျိုးသမီးလည်း ဖြစ်ပြီး သူမ၏ အဆင့်က စွေ့ချန်ပြီးနောက် ဒုတိယလိုက်လေသည်။
ကျန်သည့် ယောက်ျားလေး ငါးယောက်မှာတော့ သူတို့ သုံးယောက်၏ အနောက်မှ လိုက်ပါလာခဲ့ကြသည်။
သူတို့လက်ထဲတွင်တော့ အမျိုးမျိုးသော ခရီးဆောင်အိတ်များဖြင့် ပြည့်နှက်နေပြီး ၎င်းတို့၏ ကိုယ်ပိုင် အိတ်များအပြင် မိန်းကလေး သုံးယောက်၏ အိတ်များကိုပါ သယ်လာပေးကြသည့်ဟန်ပင်။ လူကြီးလူကောင်း ပီသသူများ ဖြစ်သည်ဟု မှတ်ယူ၍ ရ၏။
“ အစ်ကိုရီ …”
လင်းရီကို မြင်တော့ ရှောင်ပင်းမှ မရပ်နားတမ်း လက်ဝှေ့ရမ်းပြလိုက်သည်။ သူတို့ ရှစ်ယောက်လုံး ခပ်သွက်သွက်လျှောက်လိုက်ကြပြီး လင်းရီထံသို့ ရောက်ရှိလာသည်။
“ အစ်ကိုရီ ….”
“ ခေါင်းဆောင်လင်း …”
မိန်းကလေးများနှင့် လင်းရီကြားတွင် အကွာအဝေး အကန့်အသတ် မရှိသဖြင့် တရင်းတနှီးပဲ ခေါ်ကြသည်။
ကောင်လေးများကတော့ အနည်းငယ် ရိုကျိုးပြီး လင်းရီကို မြင်သည့် အချိန်၌ ရိုရိုသေသေဖြင့် ခေါင်းဆောင်လင်းဟု ခေါ်ဝေါ်ကြ၏။
“ အဆင်ပြေတယ်… ဘာလို့ မင်းတို့ အကုန်လုံး အတူလာခဲ့ကြတာ …”
“ လုပ်စရာ သိပ်မရှိလို့လေ… ကျုံးဝေ့တပ်ဖွဲ့က ကျွန်မတို့ကို အတူလေ့လာပြီး လေ့ကျင့်ဖို့ စီစဉ်ထားပေးတာ … ကျွန်မတို့လည်း ဘာလုပ်စရာမှ မရှိတာနဲ့ နိုင်ငံခြားထွက်ပြီး လမ်းလျှောက်ကြမလို့ … ကျွန်မတို့ ပြန်ပြီး လမ်းမလျှောက်ခင် အစ်ကိုရီဆီ လည်ပတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လေ…”
“ သွားစို့ .. ငါ့ဘက်က အကုန်စီစဉ်ထားပြီးသား … မင်းတို့ကို ကျိုးဟိုင်လိုက်ပြပေးမယ်…”
“ ဒါဆိုလည်း အားမနာတော့ဘူးနော်… ကျွန်မတို့ ဒီနေ့ အများကြီး စားပစ်မှာပဲ…” ရှောင်ပင်း အပြုံးလေးဖြင့် ပြောလာခဲ့၏။
“ သွားစို့ … ကားက အပြင်ဘက်မှာ …”
လင်းရီ အကုန်လုံးအား ဆော်ဩလိုက်ပြီး ရှစ်ယောက်လုံးက တာမင်နယ်ထဲမှ တက်ညီလက်ညီဖြင့် ထွက်လာခဲ့ကြသည်။
သို့သော် အပြင်ဘက်သို့ ရောက်သည့်အခါ၌ ရှစ်ယောက်သားလုံး ကြက်သေသေသွားခဲ့ကြ၏။
မလှမ်းမကမ်း တစ်နေရာတွင် စူပါကား ကိုးစင်းက ထိုးရပ်ထားပြီး အကုန်လုံးက ထိပ်တန်း ဘရန်းများ ဖြစ်ကာ ကမ္ဘာတစ်ဝှမ်းရှိ ရှားပါးကားများ စုဝေးနေသလိုပါပင်။ အကုန်လုံးက ဖလက်ရှစ် မော်ဒယ်လ်များ ဖြစ်ကြပြီး ဈေးအပေါဆုံး တစ်စင်းကပင် ယွမ် ၁၀သန်းကျော် တန်ကြေးရှိသည်။
ရှေ့ဆုံးရှိ ယွမ် သန်း ၁၂၀ ကျော် ပေးရသည့် La Voiture Noire သည် ရှောင်ပင်းနှင့် ကျန်သူများအား သွားရည်ယိုကျလု မတတ် ဖြစ်သွားခဲ့၏။
“ အစ်ကိုရီ … ဒီ Lineup ကြီးက သိပ် လက်ဇရီ ဆန်လွန်းတယ်… ဒီကားတွေ အကုန်ပေါင်းလိုက်ရင် သန်း ၃၀၀ ကျော်လောက်တယ်မလား ….”
“ ထင်ရတာပဲ … မင်းတို့ တစ်ယောက်ကို တစ်စင်းစီ … ကိုယ်ကြိုက်တဲ့ကား ရွေးကြ ….”
“ ငါတော့ ရှေ့ဆုံးက ကောင်လေးကို မောင်းချင်တယ်…” လော့ချီ အားတောင့်အားနာ ပြုမနေဘဲ အကောင်းဆုံး ကားအား ချက်ချင်း တန်းရွေးချယ်လိုက်သည်။
“ ငါတော့ စိတ်မရှိဘူး .. ဒါပေမယ့် အဲ့တာက မင်းရဲ့ hand speed အပေါ် မူတည်တယ်နော်….”
“ လက်အမြန်နှုန်းနဲ့ ပတ်သက်လာရင်တော့ ငါတို့လို ဘာမှမသိတဲ့ အင်နိုးစန့်လေးတွေက ချီချီကို မယှဉ်နိုင်ပါဘူး .. သူက ရာသီ ချန်ပီယံလေ….”
“ ဟေ့ .. တို့က သိပ်ကို ဖြူစင်ပြီးသား သိရဲ့လား …. ထူးထူးဆန်းဆန်းတွေ လာမပြောနဲ့ … ဒီက ခုမှ ၁၆ နှစ်ပြည့်ခါစပဲ ရှိသေးတယ်… လူကြီးတောင် ဖြစ်သေးတာ မဟုတ်ဘူး …”
“ အစ်မကြီး … နင့်မှာ အရှက်လေး ဘာလေး ရှိပါဦးလား … နင့်ဆိုဒ်ကဖြင့် D cup တောင် ရောက်နေပြီကို ကိုယ့်ကိုယ်ကို ၁၆ နှစ်ပြည့်ခါစ လုပ်နေတယ်….”
လော့ချီ ရည်ရွယ်ချက် ရှိရှိ ရင်အား ကော့လိုက်ပြီး “ ဘယ်တတ်နိုင်မှာ .. ငါ့ကို ဒီလောက်ထိ ပါရမီရှိအောင် ဘယ်သူကဖန်တီးပေးထားလဲမှ မသိတာ ….”
“ ဟေ့ ဟေ့ ဟေ့ … အစ်မယွီ… လော့ချီ ရင်ကော့တာက တစ်ကဏ္ဍ .. ဒါပေမယ့် မင်းကပါ ဘာလို့ လိုက်လုပ်နေတာ .. မင်းက B cup ပဲ ရှိတာလေဟာ …” အမျိုးသား အသင်းဝင် ကျန်းချောင်ယွဲ့မှ စနောက်လိုက်၏။
“ ကျစ် … ငါက သူတို့နဲ့ မတူဘူးဆိုတာ ပြတာပါအေ …” ယွီစီယင် ဂုဏ်ယူစွာ ကြေညာလိုက်ပြီး “ ငါက အသင်း ၁ ထဲကို ကိုယ့် ကိုယ်ပိုင် အစွမ်းအစနဲ့ကိုယ် ဝင်လာခဲ့တာ … သူတို့နှစ်ယောက်က အနောက်တံခါး သုံးပြီး ဝင်လာကြတဲ့လူတွေ ….”
“ နင် အဲ့လိုပြောရင် ငါမပျော်တော့ဘူးနော်…” လော့ချီ သူမ၏ လက်အား ခါးကြဉ်ကြဉ်လေးထက်သို့ တင်လိုက်ပြီး “ နောက်တံခါး မပြောနဲ့ … ရှေ့တံခါးသုံးပြီး ဝင်လာတဲ့လူတောင် တစ်ယောက်မှ မရှိဘူး …”
“ နင်တို့ ရင်ထဲမှာ ဘာရှိလဲ နင်တို့ နှစ်ယောက်လုံ သိပါတယ်…” ယွီစီယင် ဘဝင်လေဟပ်စွာ ပြောလိုက်၏။
“ ဟေ့ … လူတစ်ချို့က E cup မရှိနိုင်ပေမယ့် တစ်ချို့လူတွေကတော့ ထာဝရ B cup မှာပဲ ရှိနေမယ့် လူတွေ ….” ရှောင်ပင်းမှ မှတ်ချက်ပေးလိုက်သည်။
“ သေစမ်း ….”
“ မင်းတို့နှစ်ယောက် အစ်မယွီကို သိပ် ဖိအား မပေးကြနဲ့ … တော်နေကြာ အစ်မယွီက အဆင့်မြင့် နည်းပညာ သုံးပြီး စီလီကွန် နှစ်လုံးနဲ့ မင်းတို့ နှစ်ယောက်လုံးကို မိနစ်ပိုင်းအတွင်း ဖိသတ်လိုက်နေဦးမယ်…”
“ စီလီကွန်တွေ ဘယ်လောက်ကောင်းကောင်း ငါတို့လောက်တော့ မကောင်းနိုင်ပါဘူး … မယုံဘူးဆိုရင် အစ်ကိုရီကို မေးကြည့်လိုက် … သူက ဒီမှာ ပြောရေးဆိုခွင့် အရှိဆုံးပဲ …”
“ ဟင်း … မင်းတို့ကောင်တွေတော့ မရှိတဲ့ ငါ့သိက္ခာလေးတွေကို ဇွတ်အတင်း ချနေကြတော့တာပဲ … ဒီက တစ်ခါမှတောင် ထိဖူးတာ မဟုတ်ဘူး … ငါ့ ဂုဏ်သတင်းကို မစော်ကားကြနဲ့ ….”
“ ဒါက အသေးမွှား ကိစ္စလေးကို … ခဏကျရင် တစ်နေရာ ရှာလိုက်လေ… ကျွန်မ အစ်ကိုရီကို ပေးကြိုးစားကြည့်မယ်…” လော့ချီ မျက်လုံး တစ်ဖက် မှိတ်ပြလိုက်၏။
“ ဒီအကြောင်း ဆက်မပြောကြစို့ … မင်းတို့ရဲ့ အစ်မယွီကို မျက်နှာသာ တစ်ချို့ ပေးကြရအောင် ဟုတ်ပြီလား …”
ယွီစီယင် “ …. “
လူတိုင်း ရယ်မောနေစဉ် လင်းရီမှ သူ၏ ကားသော့များအား ထုတ်လိုက်သည်။
“ မင်းတို့ ကြိုက်တဲ့ တစ်ခုယူကြ ….”
လော့ချီ အားတောင့်အားနာ ပြုမနေဘဲ La Voiture Noire သော့ကို ယူလိုက်ကာ အနှီ ဟိုက်ပါကား၏ စွမ်းဆောင်ရည်အား တွေ့ကြုံခံစားရန် အသင့် ဖြစ်နေတော့၏။
ကားသော့များအား ခွဲဝေပေးပြီးနောက် လူတိုင်း ကားပါကင်သို့ လျှောက်လာခဲ့ကြသည်။
တစ်ချိန်တည်းတွင် ကြီးမားသည့် လူအုပ်ကြီးမှာ စူပါကား ကိုးစင်းအား ဝိုင်းရံနေလျက် ရှိပြီး အမျိုးသား ဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ ၊ အကုန်လုံးက မိမိတို့၏ ဖုန်းများဖြင့် ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်နေခဲ့ကြ၏။
“ အစ်ကိုရီ … ရှင့်ကားတော့ လူစောင့်ကြည့်ပေးတာ ခံနေရတာပဲ …” လော့ချီ ပြောလိုက်သည်။
“ အလျင်လိုစရာ မလိုပါဘူး … တစ်ချက် အရင် ကြည့်ကြတာပေါ့ ….”
လင်းရီနှင့် ကျန်သူများမှာ ၎င်းတို့၏ လက်ဆွဲအိတ်များ ဆွဲလာပြီး သူတို့၏ ကားများထံ စိတ်ဝင်တစားဖြင့် လျှောက်လှမ်းလာကြလေသည်။
La Voiture Noire ၏ ရှေ့မှောက်၌ ကလက်တက်တက် ရှိမည့် အမျိုးသမီး တစ်ဦးက ပို့စ် အမျိုးမျိုး ဆက်တိုက်ပေးနေပြိး တစ်စုံတစ်ယောက်က သူမရှေ့တွင် ရပ်ကာ ဖုန်းဖြင့် ဓာတ်ပုံဗွီဒီယိုများအား ရိုက်ကူးပေးနေသည်။
ထိုစဉ် အမျိုးသမီးမှာတော့ သူမကိုယ်သူမ အမွှမ်းတင်နေပြီး ကြိုတင် စီစဉ်ထားသည့် အွန်လိုင်း ဇာတ်ညွှန်းအား အလွတ်ရွတ်ပြနေလျက် ရှိသည်။
“ အလုပ်ကြိုးစားတဲ့ အချိန်မှာ တည်ငြိမ်တဲ့ လမ်းကြောင်းကို ဘယ်တော့မှ မရွေးချယ်နဲ့ … တောင်တန်းတွေက ပြိုလဲပျက်စီးနိုင်တယ်… လူတွေကလည်း ပျံသန်းနိုင်ရမယ်… အမျိုးသမီးတွေကလည်း ကိုယ့်ရဲ့ ကိုယ်ပိုင် အလုပ်အကိုင် ရှိရမယ်… ဒါပေမယ့် စထွင်းမင်း နယ်ပယ်ဆိုတာ စိတ်မချရတဲ့ နယ်ပယ်ပဲ … ယူတို့ တောင့်ခံနိုင်မှာ မဟုတ်ဘူး … ဒါပေမယ့် ယူတို့ မိသားစုဝင်တွေထဲမှာ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း စတင်ချင်နေတဲ့လူတွေ ရှိတယ်ဆိုရင်တော့ ကျွန်မ အခု ပြောမယ့် စကားကို သေချာလေး အာရုံစိုက်ပေးပါ … ဒီည လိုက်စထွင်းကျရင် ကျွန်မဘက်က စမတ်ဖုန်း ငါးသောင်းကို ဂေ့ဝေး ပေးပြီး ကျွန်မ ဘာကြောင့် ဒီခုလို အသက် ၂၅ နှစ်အရွယ်နဲ့ ယွမ် သန်း ၁၂၀ ကျော်တန် La Voiture Noire ကို နှစ်ဝက်အတွင်းငွေသားသီးသန့်ပေးပြီး ဝယ်သွားနိုင်လဲ ဆိုတဲ့ လျှို့ဝှက်ချက်ကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်…”
အမျိုးသမီး၏ စကားကို ကြားတော့ လင်းရီနှင့် ကျန်သူများအာလုံး သူမအစားရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ကြသည်။ နောက် အနီးနားရှိ မော်တော်ဆိုင်ကယ်လေးသို့ မှီလိုက်ရင်း ၎င်းတို့ ဖျော်ဖြေတင်ဆက်သည်အား ပြုံးတုံ့တုံ့ အမူအရာဖြင့် ကြည့်နေလိုက်၏။
သို့သော် ထိုအချိန်တွင်ပဲ မှတ်တမ်းတင် ရိုက်ကူးပေးနေသည့် အမျိုးသားမှာ နောက်သို့ လှည့်လာပြီး လင်းရီအား အော်ငေါက်လိုက်၏။
“ မင်း အဲ့တာ ဘာလုပ်နေတာ .. ငါ့ဆိုင်ကယ်ပေါ် မှီဖို့ ဘယ်ကောင် မင်းကို ခွင့်ပြုလိုက်တာလဲ …”
“ ဒါ မင်းဆိုင်ကယ်လား ….”
“ မဟုတ်တော့ မင်းဟာမို့လို့လား …” အမျိုးသားမှာ မောက်မောက်မာမာဖြင့် လင်းရီအား ပိတ်ငေါက်လိုက်သည်။
“ ငါ့ ဆိုင်ကယ်နဲ့ ဝေးဝေးနေစမ်း … ဒါ ယွမ် တစ်သောင်းပေးပြီး ဝယ်ထားရတာကွ… တစ်ခုခု ထိခိုက်သွားရင် မင်းတို့လို အစုတ်ပလုတ် ရုံးဝန်ထမ်းတွေက လျော်ပေးနိုင်မှာ မဟုတ်ဘူး …”