← Chapters

မင်း မသေသေးဘူး

Vol. 117 Ch. 1754

မင်း မသေသေးဘူး

Vol. 117 Ch. 1754

“ Tesla .. ဒီကောင်တွေ တော်တော် အတင့်ရဲနေတာပဲ …”

လင်းရီ ရေရွတ်လိုက်သည်။ ယခုဆို Tesla က ပိုပိုပြီး စက်ဆုပ်ဖို့ ကောင်းလာသည်ဟု သူ ခံစားနေရ၏။

“ ဘယ်လို အခြေအနေပဲ ဖြစ်နေပါစေ … သူတို့လို နာမည်ကြီး လူသိများတဲ့ ကုမ္ပဏီက နောက်ကွယ်မှာ ဒီလို လုပ်ရပ်မျိုးတွေ လုပ်လာမယ်လို့ ထင်မထားတာတော့ အမှန်ပဲ …”

“ အဆင်ပြေတယ်… ကျုပ် ဒီကိစ္စ ခင်များအတွက် ကိုင်တွယ်ပေးမယ်…”

လင်းရီသည် ဤကိစ္စတွင် သူ့ဘက်က ကြီးမားသည့် တာဝန်ယူမှုကို ပြုလုပ်သင့်သည်ဟု ခံစားနေရသည်။ အကယ်၍ သူ့ဘက်က အလွန်အကျွံ ဖိအားပေးနေခြင်းကြောင့်သာ မဟုတ်ပါက Tesla ၏ လူများသည် ယခုလို လုပ်ရပ်မျိုး ကျူးလွန်လာမှာ မဟုတ်ပါချေ။

ဤသည်က ကုမ္ပဏီတစ်ခုအတွက် အလွန်အမင်း အန္တရာယ်များသည့် အခြေအနေ ဖြစ်၏။ သို့သော် ယခု အဖြစ်အပျက်က Tesla သည် ကမ်းပါးအစွန်းနားသို့ ကျရာက်နေပြီး စတော့ ရှယ်ယာဈေးနှုန်းများ ဆက်တိုက် ကျဆင်းမှုနှင့် ရင်ဆိုင်နေရကာ ရွေးချယ်စရာ မရှိသည့်အဆုံး အကြံကုန် ဂဠုန် ဆားချက် လုပ်ရပ်အား ပြုလုပ်လာခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ လူတိုင်းက မိမိ၏ ဂုဏ်သတင်းကိုတော့ ဂရုစိုက်ကြမှာ အမှန်ပင်။

“ ကျေးဇူးတင်လိုက်တာ အရာရှိလင်းရယ် … နင်သာ ရောက်မလာခဲ့ရင် ငါတော့ ဘယ်လိုလုပ်လို့ လုပ်ရမှန်းကို မသိ‌တော့ပါဘူး …” ရန်ပင်း မျက်ရည်များအား သုတ်လိုက်ပြီး နီရဲသည့် မျက်ဝန်းတို့ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။

လင်းရီ နာရီအား တစ်ချက် ငုံ့ကြည့်လိုက်ရာ ဆယ်နာရီမတ်တင်း ရှိပြီ ဖြစ်ကြောင်းကို သတိထားမိလိုက်သည်။ တစ်ဖက်သူ၏ နောက်ဆုံး ကန့်သတ်ချိန်က ဆယ်နာရီ ဖြစ်သဖြင့် ထိုအချိန်သို့ ကျရောက်ရန်က သိပ်မလိုတော့ချေ။

“ အသေးမွှားလေးပါ .. ကျုပ်က ဒီအမှုကို တာဝန်ယူထားတဲ့လူဆိုတော့ ဒီလိုမျိုး တွေဖြစ်လာရင် တာဝန်ယူပေးရမှာက ကျုပ်ပဲလေ…”

“ နင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မခေါ်တော့ဘူးလား ….”

“ မလိုဘူး .. ကျုပ် တစ်ယောက်တည်းနဲ့ အဆင်ပြေတယ်…”

ရန်ပင်း ခေါင်းညိမ့်လိုက်သည်။ လင်းရီ ဤနေရာတွင် ရှိနေသည်နှင့် သူမ စိတ်ထဲ လုံခြုံမှုကို ခံစားလိုက်ရပြီး အရင်ကလောက် ကြောက်ရွံ့ခြင်း မရှိတော့ချေ။

“ မနက်အစောကြီး ဖုန်းဆက်လိုက်ရလို့ စိတ်မရှိပါနဲ့နော်….” ရန်ပင်း တောင်းပန်တိုလျှိုးစွာ ပြောလိုက်ပြီး “ မနက်စာရော စားခဲ့သေးလား … ငါ နင့်ကို တစ်ခုခု လုပ်ပေးမယ်….”

“ အလုပ်ရှုပ်ခံစရာ မလိုပါဘူး … ကျုပ် ဒီကိစ္စ ဖြေရှင်းပြီးရင် အပြင်ထွက်စားလိုက်မယ်….”

“ ဘာလို့ အပြင်မှာ စားမှာလဲ … အိမ်မှာ ပေါက်စီတွေ ကျန်သေးတယ်.. မနေ့ညက လုပ်ထားတာတွေလေ… အဲ့တာတွေ နင့်ဖို့ ပြန်နွှေးပေးမယ်…”

လင်းရီ ငြင်းဆန်ချင်သော်လည်း ရန်ပင်း၏ စေတနာကို မခုခံနိုင်သဖြင့် သူ ဘာမှ ဆက်မပြောတော့ချေ။

ရင့်ကျက်သည့် အမျိုးသမီးတို့က အခြားသူများအား မည်သို့ ဂရုစိုက်ပေးရမလဲဆိုတာကို ကောင်းကောင်းသိကြသည်ဆိုသည့် စကားက အတော်လေး မှန်သည်။ ယောက်ျားသား တော်တော်များများက သူမကဲ့သို့သော အစ်မကြီး တစ်ယောက် ပုံစံ မိန်းကလေးမျိုးကို နှစ်သက်သဘောကျကြသည်မှာ မဆန်းတော့ချေ။ သူမတွင်လည်း သူမ၏ အားသာချက်များနှင့် ရှိ၏။

မကြာမီ ရန်ပင်းမှ ပေါက်စီတစ်ချို့အား နွှေးပြီးသွားပြီး ကြက်ဥနှစ်လုံးနှင့် ပဲနို့တစ်ခွက်ကို လင်းရီအနားသို့ ယူလာပေးသည်။

အနည်းငယ် ရိုးရှင်းသော်လည်း အကယ်၍ လင်းရီ အပြင်၌ ထွက်စားလျှင်ပင် မနက်စာကို ဤသို့ ရိုးရိုးရှင်းရှင်းပုံစံသာ မှာစားမိပေလိမ့်မည်။

“ အိမ်မှာက အစ်မ တစ်ယောက်တည်းလား ….”

ရန်ပင်း ဆံပင်အား နောက်သို့ ပင့်သပ်လိုက်ပြီး လင်းရီအား မသိစိတ်အလျောက် ကြည့်မိလိုက်ရင်း “ အစ်မ ယောက်ျားက အလုပ်ခရီးထွက်နေတာလေ… တစ်နှစ်နေလို့ အိမ်ကို သုံးလေးခေါက်ပဲ ပြန်လာဖြစ်တယ်…” ပြောနေရင်းဖြင့် ရန်ပင်းမှ တွေးပေးတတ်စွာ လင်းရီအား ကြက်ဥကမ်းပေးလိုက်သည်။

လင်းရီ၏ နှုတ်ခမ်းတို့ အနည်းငယ် လှုပ်ခတ်သွားခဲ့ရသည်။ သူ ယခု ခံစားနေရသည်မှာ အမှုအား လာရောက်ကိုင်တွယ်နေတာ မဟုတ်ဘဲ အီစီကလီ လာလုပ်နေသည်နှင့် ပိုဆင်တူနေသည်။

မနက်စာအား အလျင်အမြန် အပြတ်ဖြတ်ပြီးနောက် ရန်ပင်းမှ ပန်းကန်များအား ပြန်သိမ်းသွားခဲ့သည်။ ထိုအချိန်တွင် တံခါးသို့ ခေါက်သံတစ်ခု ထွက်ပေါ်လာသည်။

ရန်ပင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ပြီး လင်းရီအနောက်သို့ အလျင်အမြန်ပြေးကာ အကာအကွယ်ယူလိုက်သည်။

“ မပူနဲ့ … ကျုပ် သွားပြီး တစ်ချက်ကြည့်လိုက်ဦးမယ်…”

လင်းရီ ထရပ်၍ တံခါးဝသို့ တန်းမတ်စွာ ဦးတည်လျှောက်လှမ်းသွားသည်။ သို့သော် တံခါးကို ချက်ချင်း မဖွင့်ဘဲ ထိုအစား ချောင်းကြည့်ပေါက်မှ တစ်ဆင့် အပြင်သို့ ကြည့်ရှုလိုက်၏။ အံ့အားသင့်စရာကောင်းလောက်အောင် အပြင်တွင် လူတစ်ယောက်မှ ရှိမနေချေ။

လင်းရီ သူ့လက်ကို တံခါး လက်ကိုင်ဘုသို့ တင်၍ တံခါးအား ညင်သာစွာ တွန်းဖွင့်လိုက်သည်။

ထိုအချိန်တွင်ပဲ ပုံရိပ်လေးခုမှာ ကော်ရစ်ဒါ၏ ထောင့်လေးခုမှ တိုးဝင်လာပြီး လင်းရီရှေ့သို့ ရောက်ရှိလာသည်။

“ ဟမ် … အိမ်ထဲမှာ ယောက်ျားတစ်ယောက် ရှိနေတာပဲ …”

ခေါင်းဆောင် ဖြစ်ဟန်တူသည့် ဆံပင်အတိုနှင့် အမျိုးသားက ပြောလိုက်သည်။ သူက အသက်သုံးဆယ် အရွယ်ဟု ထင်ရပြီး အသားညိုညိုနှင့် မျက်လုံးတို့က စူးရှတောက်ပနေကာ ကြောက်ဖို့ကောင်းသည့် ခံစားချက်တို့အား ပေးစွမ်းနေသည်။

“ မင်းတို့ကောင်တွေက ဒီကို ပြဿနာလာရှာကြတဲ့လူတွေလား …” လင်းရီ မျက်ခုံးပင့်ပြီး မေးလိုက်သည်.

“ အပိုတွေ မပြောနဲ့ …”

ဆံပင်အတိုနှင့် အမျိုးသားမှ လင်းရီအား တွန်းထိုး၍ အိမ်ထဲသို့ ဝင်လာသည်။

ထိုအချိန်တွင် ရန်ပင်းလည်း သူမ၏ အိမ်ထဲသို့ လူလေးယောက် တိုးဝင်လာနေသည်ကို မြင်တွေ့လိုက်ရပြီး မျက်နှာဖြူလျော်သည်အထိ ထိတ်လန့်သွားခဲ့၏။ လသာဆောင်အနားတွင် ရပ်နေရင်း တုတ်တုတ်မလှုပ်ရဲခဲ့ပေ။

ဝင်လာကြသည့် လူလေးယောက်မှာ လင်းရီအား ရှိနေသည့် လူဟူ၍ပင် သဘောမထားကြချေ။

ဆံပင်အတိုနှင့် အမျိုးသားမှ ရန်ပင်းအား အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် ကြည့်ရှုလိုက်ပြီး “ ငါ မနေ့က ပြောထားတဲ့ စကားကို မင်းက မေ့သွားတာလား … ဒါမှမဟုတ် မင်းထင်နေတာ မင်းဘေးမှာ ယောက်ျားတစ်ယောက် ရှိတာနဲ့ပဲ သူ့ကို အားကိုးလို့ ရပြီ ထင်နေတာလား ….”

ပြောရင်းဖြင့် ဆံပင်အတိုနှင့် အမျိုးသားသည် သူ၏ အိတ်ထောင်ထဲမှ ခေါက်ဓားကို ထုတ်လိုက်ပြီး ရန်ပင်းထံသို့‌ လျှောက်လှမ်းလာခဲ့၏။

“ ငါ ဒီမှာ ရှိသေးတာကို မင်းတို့က လေးလေးနက်နက် မရှိကြဘူးပဲ …” လင်းရီ ဖြည်းညင်းစွာ ပြောလိုက်သည်။

လှုပ်ရှားတော့မည့်စဲစဲ ဆံပင်အတိုနှင့် လူမှာ လင်းရီအား နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူ့အား စုံချည်ဆန်ချည် တစ်ချက် အကဲခတ်လိုက်၏။

“ ဘာလဲ … မင်းက ဒီကောင်မဘက်ကနေ ရပ်တည်ပေးချင်နေတယ်ပေါ့ … မင်းကိုယ်မင်း သေမှာ မကြောက်ဘူးလား ….”

“ ငါ သေမှာကြောက်တယ်ဆိုရင်တောင် … သူ့ဘက်က ရပ်တည်ပေးဦးမှာပဲ …”

“ ဟက် ….”

ဆံပင်အတိုနှင့် အမျိုးသားမှ နှာခေါင်းရှုံ့လိုက်ပြီး သူ့နောက်ရှိ လက်အောက်ငယ်သား သုံးယောက်အား ပြောလိုက်သည်။ “ ဒီကောင်ကို မင်းတို့နဲ့ လွှဲထားခဲ့မယ်… သူ့ကို ဘယ်လိုပြုမူရမလဲဆိုတာ သင်ပေးပြီး သူရဲကောင်း လုပ်ချင်ရင် ပေးဆပ်ရမယ့် အဖိုးအခကို ပြပေးလိုက် ….”

“ အိုကေ ….”

သုံးယောက်သားလုံး လင်းရီထံသို့ ပြိုင်တူ စုဝေးလာကြပြီး လှောင်ပြောင်သည့် မျက်ဝန်းတို့ဖြင့် ဝိုင်းရံထားလိုက်ကြသည်။

“ ညီကို .. ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်တာကို ပြဿနာ မတက်ချင်စမ်းနဲ့ … မိန်းမလှလေးကို ကယ်တင်တဲ့ လူစွမ်းကောင်းကြီး လုပ်ဖို့ မင်းအတွက် အချိန်ကောင်း မဟုတ်ဘူး … ကိုယ့်အတွက် ဘာက ကောင်းမှန်း သိတယ်ဆို ထွက်သွားလိုက်တော့ … အသားနာပြီးမှ ထွက်သွားရတာထက်စာရင် ပိုကောင်းတာပေါ့ မဟုတ်ဘူးလား ….”

လင်းရီ ဘာမျှ မဆိုချေ။ သူ့ခြေထောက်မြှောက်၍ ထိုစကားပြောသည့် လူအား ကန်ကျောက်လိုက်သည်။

“ အု ….”

တစ်ဖက်လူမှာ အချိန်မီ မတုံ့ပြန်နိုင်လိုက်ဘဲ ခပ်အုပ်အုပ် အသံပေး၍ နောက်သို့ လွင့်ထွက်သွားခဲ့ကာ တံခါးနှင့် သွားဆောင့်လေသည်။

“ ကြောင်ကြီး …”

ကျန်နှစ်ယောက်မှာ လင်းရီအား ဆက်လက် မတိုက်ခိုက်ဝံ့တော့ဘဲ သူတို့ အဖော် လဲကျသွားသည့် နေရာသို့ ချက်ချင်း ပြေးသွားခဲ့၏။

သူတို့ထဲ မည်သူကမျှ လင်းရီ အရင်ဦးစွာ လှုပ်ရှားလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။

ထိုအထဲ ဆံပင်အတိုနှင့် အမျိုးသားလည်း ပါသည်။ လင်းရီ၏ လုပ်ဆောင်ချက်တို့က သူ မျှော်လင့်ထားသည့် အတိုင်းအတာကို ကျော်လွန်နေပြီး ဖြစ်သည်။

“ မင်းလည်း သိုင်းပညာ လေ့ကျင့်တဲ့ လူတစ်ယောက် ဖြစ်နေမယ်လို့ ငါ မထင်ထားဘူး … မင်းမှာ စကေးတစ်ချို့တော့ ရှိသားပဲ ….”

“ ငါ့မှာ မင်းနဲ့ ပေါက်တတ်ကရတွေ ပြောနေဖို့ အချိန်မရှိဘူး … ငါ မေးတာကိုပဲ အမှန်အတိုင်းဖြေ ..” လင်းရီ အသံကို နိမ့်၍ ပြောလိုက်သည်။

“ ငါ့ကို ခြိမ်းခြောက်နေတာလား ….”

ဆံပင်အတိုနှင့် အမျိုးသားမှ ဓားမြောင်အား ကိုင်ပြီး လင်းရီထံသို့ ထေ့ပြုံးဖြင့် ရောက်ရှိလာသည်။

“ ငါ့ကို ကြောက်ပြီး ကြီးပြင်းလာတဲ့ကောင်လို့ မင်းထင်နေလား … အခု ငါ့ဘက်က တိုက်ခိုက်ဖို့ အသင့်ပဲ … မင်းကိုယ်မင်း ကြောက်စိတ်နဲ့ မြေဆွေးအဖြစ်ခံလိုက်တော့ …”

စကားဆုံးသည်နှင့် ဆံပင်အတိုနှင့် အမျိုးသားမှာ ဓားအား လက်ထဲတွင် လှည့်ကစားလျက် ကျားသစ်မှ သားကောင်အား ခုန်အုပ်သည့် ဟန်ဖြင့် ဓားအား လင်းရီထံသို့ ထိုးစိုက်လာသည်။ သို့သော် လင်းရီ၏ လှုပ်ရှားမှုက ပိုမိုမြန်ဆန်နေပြီး ဘေးသို့ တစ်ချက်ရွေ့လျား၍ ဓားချက်အား ရှောင်တိမ်းလိုက်သည်။

ထို့နောက် လင်းရီ၏ ညာဘက်လက်က ဆံပင်အတိုနှင့် အမျိုးသား၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး အောက်သို့ ချိုးလိမ်လိုက်သည်။

“ အားးး …..”

နောက်ထပ် အော်မြည်သံ တစ်ချက်နှင့်အတူ ဆံပင်အတိုနှင့်အမျိုးသားသည် နာကျင်မှုကို သည်းမခံနိုင်တော့ပဲ လက်ထဲရှိ ဓားအား လွှတ်ချလိုက်ရ၏။ လင်းရီမှ ပြုတ်ကျလာသည့် ဓားကို အလျင်အမြန် လှမ်းဖမ်းလိုက်ရင်း ဆန့်ကျင်ဘက်သို့ ထိုးသွင်းလိုက်သည်။

“ မင်း …”

ဆံပင်အတိုနှင့် အမျိုးသားက သသူ၏ အနာကို ဖိနှိပ်ထားရင်း မြေပြင်တွင် ဒယီးဒယိုင် ဖြစ်နေခဲ့သည်။ သွေးစက်တို့က သူ၏ အင်္ကျီတစ်ဝိုက်သို့ ပျံ့နှံ့သွားပြီး ထိုမှတဆင့် အခန်း၏ ကြမ်းပြင်သို့ စီးကျလာလေသည်။

အခန်းထဲရှိ လူတိုင်း လင်းရီအား ပြူးကျယ်စွာ ငေးမောနေမိကြသည်။

ကြည့်နေရင်းဖြင့် မမြင်နိုင်သည့် ကြောက်ရွံ့မှုက သူတို့စိတ်ထဲ ပျံ့နှံ့လာခဲ့၏။

လင်းရီသည် ဓားအား အမှိုက်ပုံးထဲသို့ ပစ်ထည့်၍ ထမင်းစားပွဲရှိ ထိုင်ခုံကို အနားသို့ ဆွဲယူကာ ထိုင်ချလိုက်သည်။

“ မပူနဲ့ .. ငါ့အကန့်အသတ်ကို ငါသိတယ်… မင်း မသေပါဘူး …”

ဆံပင်အတိုနှင့် လူမှာ အံကို တင်းတင်းကြိတ်ထားမိပြီး သူ၏ မျက်ဝန်းထဲတွင်တော့ အေးတိအေးစက် အရိပ်အယောင်တို့ ဖြစ်ပေါ်နေသည်။

“ ကောင်လေး .. မင်းတော့ ပြဿနာ တက်ပြီပဲ … ငါတို့က မာစတာဝေ့ရဲ့ လူတွေ … မင်း မာစတာဝေ့ရဲ့ အစီအစဉ်တွေကို ဖျက်စီးဝံ့ရင် မင်းအနာဂတ်အတွက် ကောင်းမှာ မဟုတ်ဘူးကွ …”

“ မာစတာဝေ့ …” လင်းရီ ရေရွတ်လိုက်မိသည်။

သူ့ စိတ်ထဲ ဤနာမည်က အတော်လေး ရင်းနှီးနေသယောင် ရှိနေသည်။

အရင် ရက်အနည်းငယ်ခန့်က ချောင်ရန်အုပ်စု၏ ပရောဂျက်ကို လူလွှတ် ကဖျက်ကယက် ပြုလုပ်ခဲ့သူမှာ ထိုသူ ဖြစ်နေဟန်ပင်။

အချိန်အတော်ကြာပြီး ဖြစ်သော်လည်း လင်းရီ သူ့အပေါ်တွင် အမြင်တစ်ချို့ ကျန်ရစ်နေဆဲပင်။

“ မင်းပြောနေတာ ဝေ့ရီဟွားကိုလား ….”

All Chapters