အခန်း ၁၅၁၉
Vol. 102 Ch. 1519
အပိုင်း (၁၅၁၉)
သန္ဓေနတ်ဆိုးခန္ဓာကိုယ်ခြောက်ခုနှင့် ပေါင်းစပ်ပြီးသည့်နောက် သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်ကြီး ခြောက်ဆင့်ကို ခုန်တက်သွားခဲ့၏။ ရောင်မုန့်ယဉ်၏ ကျင့်ကြံခြင်းအဆင့် အမြန်နှုန်းသည် ကျွင်းချောင်ရှောင်းကို မနာလိုစွာဖြင့် အော်ငိုချင်စိတ်ပင် ပေါက်မိနေ၏။ သူမသည် လက်ကျန်နှစ်ခုဖြင့် ပေါင်းစပ်နိုင်မည်ဆိုပါက အမြူတေ ပြောင်းလဲခြင်းအဆင့်၏ ထိပ်ဆုံးကို ချိုးဖြတ်ရောက်ရှိသွားနိုင်လိမ့်မည် မဟုတ်ပါလား။
“နေအုံး... အပြင်ဘက်မှာ နောက်တစ်ယောက်ရှိသေးတာပဲ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ကျသွားမိ၏။ “ဒါဆိုရင် သူမက အစစ်အမှန် ရှာဖွေခြင်း အဆင့်ကို ရောက်သွားမှာပေါ့”
“ငိုမနေနဲ့ လက်ခံသူ”
စနစ်က နှစ်သိမ့်ပေးလိုက်သည်။ “မင်းအနေနဲ့ စတိုးထဲကို ဝင်ပြီးတော့ လုံလောက်တဲ့ Refresh တွေကိုသာ ရဲရဲရင့်ရင့် လုပ်မယ်ဆိုရင် မင်းရဲ့ကျင့်ကြံခြင်း အမြန်နှုန်းကလည်း သူမထက် နောက်မကျစေရဘူး”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်မိ၏။ “ဒါဆိုရင် နာရီအနည်းငယ်အတွင်းမှာ ဒီလောက် ကြီးမားတဲ့ အဆင့်ကြီးတွေတက်အောင် မင်းငါ့ကို လုပ်ပေးနိုင်လို့လား”
“..........”
စနစ်သည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ အမှန်ပင်ဖြစ်သည်။ ရောင်မုန့်ယဉ်၏ ကျင့်ကြံခြင်းနည်းလမ်းသည် မြန်ဆန်လွန်းလှချေ၏။ စနစ်၏ စတိုးထဲတွင် ရှိနေသော ပစ္စည်းများသည် ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့် နိုင်သည်ဆိုသော်လည်း ထိုကဲ့သို့ များများစားစား တိုးမြှင့်နိုင်ရန်တော့ မဖြစ်နိုင်ချေ။
ဆွစ်
ရုတ်တရက် အလင်းတန်းတစ်ခုသည် တခြားသောတည်နေရာဆီမှ ဖြစ်တည်လာခဲ့၏။
“ကောင်မလေး”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် ပြောလိုက်သည်။ “လာ မြန်မြန် သွားကြရအောင်”
လက်ရှိအခြေအနေ မှာတော့ အလင်းတန်းများ ပေါ်ပေါက်လာသည်ဆိုသည်နှင့် သန္ဓေနတ်ဆိုးခန္ဓာကိုယ်သည် စည်းကိုချိုးဖြတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရှိနေပြီဖြစ်၏။ တည်နေရာကို ရှာဖွေ တွေ့ရှိသည်ဆိုသည်နှင့် သူတို့သည် လျင်လျင်မြန်မြန်ပဲ သွားရောက်ကြ၏။
ဘုန်း
ခုနှစ်ခုမြောက် ကျောက်စင်မြင့်ကြီးပေါ်မှာတော့ အမျိုးသမီး နံပါတ် (၄) သည် ကန်ချခြင်းကို ခံရ၏။ ရောင်မုန့်ယဉ် သည် သန္ဓေနတ်ဆိုး ခန္ဓာကိုယ်ကို စတင်ကာ စုပ်ယူတော့၏။ ထင်မှတ်ထားသည့်အတိုင်းပင်။ သန္ဓေနတ်ဆိုး ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် သူမ၏ကျင့်ကြံခြင်းအဆင့်သည် အဆင့်ရှစ်မှသည် အဆင့်ကိုးဆီသို့ တိုးတက်ရောက်ရှိသွား၏။ လက်ရှိအချိန်မှာတော့ သူမသည် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးတွင် အားအကောင်းဆုံး ကျင့်ကြံသူဆိုသည့် ဘွဲ့ထူးကို ရရှိသွားခဲ့သည်။
ကုကျောင်းရှစ်ပင်လျှင် သူမ၏နောက် ဒုတိယနေရာသို့ ရောက်ရှိသွား၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီသို့ ပထမဦးဆုံး ဝိညာဉ်ကူးပြောင်းရောက်ရှိလာသည့်အချိန်တွင် ကျွင်းချောင်ရှောင်း၏ ကျင့်ကြံခြင်းအဆင့်သည် အချိန်အနည်းငယ် ကြာသည်အထိ သူ၏ တပည့်များထက် နိမ့်ကျနေခဲ့၏။ ပြီးသည့်နောက် သူ့အား ကျော်ဖြတ်နိုင်သည့်လူဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။ လက်ရှိအခြေအနေမှာတော့ တပည့်တစ်ယောက်သည် သူ့ကို လိုက်မှီနိုင်ရုံသာမက သူ့ထက်ပင် ပိုမိုကာ တိုးတက်သွားခဲ့၏။ ဤအရာသည် ဂုဏ်ပြုရလောက်သည့်အရာပင် ဖြစ်ပေလိမ့်မည်။
ဟုတ်ပေသည်။ ကုန်းရှန့်သည် ရောင်မုန့်ယဉ်နှင့်ပတ်သက်၍ ပျော်ရွှင်လျက်ပင် ရှိနေသေး၏။ တပည့်သည်သာ ပိုမိုအားကောင်းလာသည်ဆိုလျှင် ဂိုဏ်းသည် ပိုမိုကာ အားကောင်းလာမှာဖြစ်၏။ လက်ရှိအချိန်မှာတော့ ဂိုဏ်းချုပ် တစ်ယောက်အနေနှင့် သူသည် တခြားသူများကို မှီခို၍ သက်တောင့်သက်သာ နေနိုင်စွမ်း ရှိပေလိမ့်မည်။
“ကောင်မလေး”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “အနာဂတ်မှာ ဂိုဏ်းအနေနဲ့ မင်း အပေါ်မှာ မှီခိုရတော့မှာပဲ။ ငါ့ကို စိတ်မပျက်စေနဲ့တော့”
“ဟင်... မင်းဟာက အစောကြီးကတည်းက မှီခိုနေပါလား” စနစ်သည် ဆွံ့အသွားမိသည်။
“အင်း...”
ရောင်မုန့်ယဉ်သည် သက်ပြင်းရှည်ကြီး ချလိုက်၏။ ပြီးနောက် ခေါင်းကို လေးလေးပင်ပင်ဖြင့် ညိတ်ကာ ပြောလိုက်သည်။ “ဂိုဏ်းအတွက် ကျွန်မက ဖြစ်နိုင်သမျှ အရာတွေ အားလုံးကို ပြုလုပ်ပါမယ်”
၎င်းတို့နှစ်ယောက် စကားပြောနေတုန်းမှာပဲ ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ထိုးတက်လာခဲ့၏။ အလျင် အမြန်ဖြင့် ထိုနေရာဆီသို့ သွားရောက်ပြီးသည့်နောက် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်အား တားဆီးကာ သန္ဓေ နတ်ဆိုးခန္ဓာကိုယ်အား စတင်ကာ စုပ်ယူပြန်၏။
ဝှစ်
ဟူး ဟူး
ရှစ်ခုမြောက်ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် ရောင်မုန့်ယဉ်သည် များပြားလွန်းလှသော အော်ရာများကို ထုတ်ဖော်လျက်ရှိ၏။ သူမက ပြောလိုက်သည်။ “ကျွန်မက အမြူတေပြောင်းလဲခြင်း ထိပ်ဆုံးအဆင့်ကို ရောက်ရှိ သွားခဲ့ပြီ”
“.........”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ သို့ပေမဲ့ သူသည် လေးလေးနက်နက် ပြောလိုက်သည်။ “နောက်တစ်ယောက် ကျန်သေးတာပဲ”
အသုဘခန်းဆောင်မှ ဂိုဏ်းခွဲမှူး၏ ပြောဆိုချက်အရဆိုလျှင် နတ်ဆိုးဘိုးဘေးကြီးသည် သန္ဓေနတ်ဆိုးခန္ဓာကိုယ် အား ဆယ်ခုအဖြစ် ပိုင်းခြားထားခဲ့၏။ အထက်နယ်မြေတွင် ၎င်းတို့အားလုံး ပေါ်ပေါက်လာချိန်၌ ၎င်းသည် ပြန်လည် ရှင်သန်လာမှာ ဖြစ်၏။
ယခု အခြေအနေ အားလုံးသည် အကောင်းဆုံးသော အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်သောကြောင့် ဆယ်ယောက်မြောက် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ကလည်း ပေါ်ပေါက်လာမှာ သေချာ၏။ သို့ပေမဲ့ အရေအတွက်အရ ဤတည်နေရာကြီးကို ဖွင့်လှစ်နိုင်ခဲ့သည်ဆိုသော်လည်း ဆယ်ယောက်မြောက် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်သည် မည်သည့်နေရာတွင် တည်ရှိနေသနည်းဆိုသည်ကို မသိရှိနိုင်ပေ။
.........
အပြင်ဘက်
လေဝဲကြီးသည် တုန်ခါနေရာမှ ရပ်တန့်သွားပြန်၏။ အစောင့်အရှောက်ကြီးသည် တည်ငြိမ်လျက် ရှိနေသေး၏။ ဤကဲ့သို့သော အခြေအနေမျိုးသည် ပုံမှန်အတိုင်း ဖြစ်နေကြဟု သူကခန့်မှန်းမိခဲ့၏။ သို့ပေမဲ့ အချိန်အတော်ကြာ တုန်ခါပြီးသည့်နောက် စည်းသည် မကြာခင်မှာ ကျိုးပြတ်တော့မည်ဖြစ်ကြောင်း သူက သိရှိနေ၏။
အမဲရောင်ဝတ်စုံနှင့်လူက ပြောလိုက်သည်။ “လျှို့ဝှက်မှတ်တမ်းတွေအရဆိုရင် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင် ဆယ်ဦးက စည်းကိုဆွဲဖြတ်ဖို့ လိုအပ်နေတယ်လေ။ အပြင်ဘက်မှာ တစ်ယောက်ရှိနေသေးတယ်ဆိုတော့ လိုအပ်ချက်နဲ့ မကိုက်ညီမှာ စိုးရတယ်”
“ဒါဆိုရင်…..” အစောင့်အရှောက်ကြီး၏ အမူအရာသည် လေးနက်သွားခဲ့၏။ ဆယ်ယောက်မြောက် ခန္ဓာကိုယ်ပိုင်ရှင် အား မည်သည့်အရာက အစားထိုး၍ အထဲသို့ ဝင်ရောက်ခဲ့သည်ကို သူက မသိရှိချေ။ သို့ပေမဲ့ တခြားသော ကိုးယောက်နှင့် ပေါင်းစပ်၍ အထဲသို့ ဝင်သွားနိုင်သည်ဆိုမှတော့ ထိုသူသည် နတ်ဆိုးကျင့်ကြံသူ ဖြစ်ပေလိမ့်မည်။ သူတို့ထဲမှ တစ်ယောက်ဟု သတ်မှတ်ရပေလိမ့်မည်။ သို့ပေမဲ့ အရေးကြီးသည့် တစ်စုံတစ်ယောက် လိုအပ်နေခြင်းသည် မကောင်းလှပေ။
“လွယ်ပါတယ်”
ခဏလောက် တိတ်ဆိတ်ပြီးသည့်နောက် အစောင့်အရှောက်ကြီးသည် ဆယ်ယောက်မြောက် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်အား ဆွဲမလိုက်သည်။ “သူက သန္ဓေနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်ပဲလေ။ ဘာ အတားအဆီးမှ မရှိဘဲ အထဲကို ဝင်လို့ရတယ်”
ပြောပြီးသည့်နောက် ထိုသူအား လေပွေထဲသို့ ပစ်ထည့်လိုက်တော့၏။
ဆွစ်
ထို ဆယ်ယောက်မြောက်လူသည် အတားအဆီး အစီအရင်ကို ချိုးဖြတ်ကာဖြင့် အထဲသို့ ရောက်ရှိသွား၏။ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်ပြီးသည့်နောက် သူသည် မရင်းနှီးသည့်လောကကြီးကို မြင်ကာဖြင့် နဝေတိမ်တောင် မေးလိုက်မိသည်။ “ဒါ ဘယ်နေရာကြီးပါလိမ့်”
သူသည် ယခင်ခန္ဓာကိုယ်ပိုင်ရှင်ရှစ်ယောက်တို့နှင့် တူညီလွန်းလှ၏။ ပထမတုန်းက သူ၏စိတ်သည် စွမ်းအင်တစ်မျိုး နှင့် ထိန်းချုပ်ခြင်းကို ခံခဲ့ရ၏။ သို့ပေမဲ့ နတ်ဆိုး နယ်မြေထဲသို့ ရောက်ရှိပြီးသည့်နောက် သူသည် ချက်ချင်းပဲ နိုးထလာခဲ့၏။
ထိုသူသည် အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်နီးပါးခန့်ရှိသော လူတစ်ယောက်ဖြစ်၏။ သူသည် သာမန်ကျလှ၏။ ယခုမှ အထက်နယ်မြေသို့ တက်လှမ်းလာသည်ဖြစ်သောကြောင့် အားအင်အဆင့်မှာ မကောင်း လှချေ။ အချိန်အတော်ကြာ ကြောင်အပြီးသည့်နောက် ထိုဆယ်ယောက်မြောက် လူသည် လမ်းတစ်ခုဆီကို ရည်မှန်းချက်ကင်းမဲ့စွာဖြင့် လျှောက်လျက်ရှိသည်။ သို့ပေမဲ့ တစ်နာရီလောက် ကြာပြီးသည့်နောက် အဝေးဆီမှ အားကောင်းလှသော စိတ်စွမ်းအင်တစ်ခုဖြစ်တည်လာပြီး သူ၏စိတ်ကို လွှမ်းမိုးသွားသည်။
သူသည် တီးတိုးပြောလိုက်မိ၏။ “စည်းအစီအရင်ကြီးကို ဖျက်ဆီးရမယ်။ စည်းအစီအရင်ဆီကိုသွားရမယ်”
အရင်ရှစ်ယောက်နည်းတူပင် သူသည်လည်း သူနှင့်သက်ဆိုင်ရာ စည်းစင်မြင့်ဆီသို့ လှမ်းလျှောက်တော့၏။ ထိုသို့ လှမ်းလျှောက်ရာတွင် ဘာမှန်းမသိသည့် စွမ်းအင်တစ်ခု၏ လွှမ်းမိုးမှုကို ခံထားရပြီး တဖြည်းဖြည်းချင်း လှမ်းလာ နေသည်။
ဤနေရာတွင် မေးခွန်းတစ်ခုရှိသည်မှာ အဘယ်ကြောင့် ရောင်မုန့်ယဉ်သည် အဆင်ပြေနေရသနည်း။ အဘယ်ကြောင့် ထိုကဲ့သို့သော လွှမ်းမိုးမှုကို မခံရဘဲ စင်မြင့်ဆီသို့ လှမ်းလျှောက်ခြင်း မရှိရသနည်း။ ဘယ်သိမှာလဲ။
.............
“ဂိုဏ်းချုပ်”
ရောင်မုန့်ယဉ်က မေးလိုက်သည်။ “ဒါပြီးရင် ဘယ်ကိုသွားကြမလဲ”
“နေဦး။ ငါစဉ်းစားလိုက်အုံးမယ်”
ကျွင်းချောင်ရှောင်းသည် စည်းအစီအရင်၏ ဘေးနားတွင် ခြေချိတ်ကာ ထိုင်လျက် ရှိ၏။ သူသည် မျက်လုံးကို ပိတ်ပြီးသည့်နောက် ခေါင်းပေါ် လက်နှစ်ချောင်း တင်လိုက်၏။ ကြည့်ရသည်မှာ ကံစမ်းတော့မည်ပုံပေါက်၏။
ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ထဲတွင် သန္ဓေနတ်ဆိုးခန္ဓာကိုယ်ရှစ်ခုကို ပေါင်းစပ်ပြီးပြီဖြစ်၏။ ထို့ကြောင့် စည်းအစီအရင်ကို ချိုးဖြတ်ခံရမည်မှာ စိုးရိမ်စရာ မလိုတော့ချေ။ ထိုသို့ဆိုလျှင် နောက်ထပ်လုပ်ရမည့် အရာသည် ဖျက်ဆီးရန်သာ ဖြစ်ပေလိမ့်မည်။ နတ်ဆိုးနယ်မြေ၏ အစစ်အမှန်အန္တရာယ်ဆိုသည်မှာ ဘာဖြစ်သနည်း။ စည်းခတ်ခံထားရသည့် များပြားလွန်းသည့် စစ်သည်များပင် ဖြစ်ပေလိမ့်မည်။
နတ်ဆိုးဘိုးဘေးသည်သာ ပြန်လည်ရှင်သန်လာပြီး ဤစည်းအစီအရင်ကြီးကို ဖျက်ဆီးနိုင်သည်ဆိုပါက အထဲတွင် ရှိနေသော စစ်သည်များကို ခေါ်ထုတ်ကာ ပြဿနာ ရှာပေလိမ့်မည်။ ထိုအရာကို ကြိုတင်ကာကွယ်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းကို ပြောဆိုရမည်ဆိုလျှင် ထိုသူများအားလုံးကို သတ်ဖြတ်ခြင်း သို့မဟုတ် ၎င်းတို့၏ တိုက်ခိုက်နိုင်မှု စွမ်းအင်ကို ယုတ်လျော့သွားအောင် ပြုလုပ်ခြင်းတို့ပင်ဖြစ်၏။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တခြားနေရာတွေသွားပြီး ကြည့်ကြမယ်”
နတ်ဆိုး နယ်မြေ၏ အဓိကတည်နေရာမြို့များတွင် များပြားလှသော စစ်သည်များရှိ၏။ ထို့အပြင် စစ်သူကြီး အနည်းငယ်တို့လည်း တည်ရှိနေသေးသည်။ အလျင်စလိုနှင့် ထိုလူများအားလုံးကို သတ်၍ တခြားသောမြို့များဆီသို့ သွားရောက် ကြည့်ရှုရန် စဉ်းစားလိုက်တော့သည်။ သေးငယ်သည့် မြို့အသီးသီးကို အနိုင်ယူတိုက်ခိုက်ပြီးမှသာလျှင် အဓိက မြို့ကြီးကို သွားရောက်တိုက်ခိုက်ရန် သူစဉ်းစားထား၏။
ပထမတုန်းက ကုန်းရှန့်သည် ၎င်းတို့၏ ချပ်ဝတ်နှင့် လက်နက်ပစ္စည်းများကို သိမ်းဆည်းရုံသာ ဆန္ဒရှိ၏။ ၎င်းတို့၏ အသက်များကို မယူချင်ပေ။ အမြူတေ ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ရသည်မှာ နှမျောစရာ ကောင်းလွန်းလှ၏။ နတ်ဆိုးဘိုးဘေးကြီး၏ ရည်မှန်းချက်ကို ခန့်မှန်းပြီးသည့်အချိန်မှာတော့ သူသည် သနား ညှာတာခြင်းကို မပြသနိုင်တော့ချေ။ ထိုသူများအားလုံးသည် ယနေ့တွင် သေဆုံးခြင်းမရှိပါက အနာဂတ်တွင် အန္တရာယ်ကြီးအဖြစ် ဖြစ်လာမှာ သေချာသည်။
ဆွစ်
နောက်ဆုံးတွင် အလင်းတန်းတစ်ခု ထပ်မံကာ ပေါ်ပေါက်လာ၏။ ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “တစ်စုံတစ်ယောက်က စည်းကို ချိုးဖြတ်ဖို့ ထပ်ပြီးကြိုးစားနေတာပဲ။ သွားကြရအောင်”
ဆွစ် ဆွစ်
၎င်းတို့နှစ်ယောက်သည် အလျင်အမြန်ဆုံး သွားပြီးသည့်နောက် စည်းစင်မြင့်ပေါ်တွင် မတ်မတ်ရပ်လျက် ရှိနေသည့် ဆယ်ယောက်မြောက်လူကို မြင်လိုက်ရသည်။ ထိုသူ၏ ပါးစပ်ဆီမှ အလင်းတန်းများ ထွက်ပေါ်နေ၏။
“ဒါဘယ်သူလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာတာလဲ။ ကောင်မလေး ဒီကိစ္စကို မင်းကိစ္စထားလိုက်တော့မယ်”
“အင်း”
ရောင်မုန့်ယဉ်သည် အစောကြီးကတည်းက ပြင်ဆင်ပြီးသားဖြစ်၏။ ထို့ကြောင့် တစ်ဖက်လူဆီမှ သန္ဓေ နတ်ဆိုးခန္ဓာကိုယ် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူမသည် တားဆီးကာဖြင့် ထိုအရာကို စုပ်ယူသန့်စင် တော့၏။
ကျွင်းချောင်ရှောင်းအနေဖြင့် ထုံးစံအတိုင်းပင် ဆယ်ယောက်မြောက်လူကို စင်မြင့်ပေါ်မှ ကန်ချကာဖြင့် နှစ်ချက်သုံးချက်ရိုက်နှက်ကာ သတိဝင်အောင် ပြုလုပ်လိုက်သည်။ တခြားသူများအား သတိဝင်အောင် ပြုလုပ်ခိုင်းမည် ဆိုလျှင် ရေနှင့်ပက်ခြင်း သို့မဟုတ် နူးညံ့သော တနည်းနည်းဖြင့် ကြိုးသားလိမ့်မည်။ သို့ပေမဲ့ ကုန်းရှန့်သည် လက်တွေ့အကျဆုံးနည်းဖြင့် ရိုက်နှက်ခဲ့သည်။
ဟူး...
ကိုးခုမြောက်သန္ဓေနတ်ဆိုးခန္ဓာကိုယ်နှင့်ပေါင်းစပ်ပြီးသည့်နောက် ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်တွင် ဆန်းကြယ် လွန်းသော နတ်ဆိုးအော်ရာများ ထွက်ပေါ်လာ၏။ သူမ၏ အမဲရောင်ဆံနွယ်များသည်ပင်လျှင် လေထဲသို့ လွင့်လျက်ရှိပြီး နဖူးပေါ်ရှိအနီရောင်လခြမ်းပုံစံသည် တောက်ပလာခဲ့၏။
ကျွင်းချောင်ရှောင်းသည် ကြောင်သွားမိ၏။ တခြားရှစ်ယောက်နှင့် ပေါင်းစပ်တုန်းက ဤကဲ့သို့သောပုံစံမျိုး သူမမြင်ခဲ့ဖူးချေ။
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ အမဲရောင်အလင်းတန်းဆယ်ခုသည် ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာပြီးသည့်နောက် သူမ၏ ခေါင်းထက်တွင် အမဲရောင်ဘောလုံးကြီးကဲ့သို့ ဖြစ်တည်လာပြီး ချာချာလည်နေ၏။
“ငါနားလည်ပြီ”
စနစ်က ပြောလိုက်သည်။ “သန္ဓေနတ်ဆိုးခန္ဓာကိုယ်တွေက အသီးသီးကို ခွဲပြားနေကြတာ။ အခု တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ စုစည်းလာပြီဆိုတော့ ပြန်လည်ပေါင်းစပ်နေတာပေါ့”
ဟူး ဟူး
ကြောက်မက်ဖွယ်ရာကောင်းလှသည့် နတ်ဆိုးအော်ရာများသည် ရောင်မုန့်ယဉ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အနောက်ဘက်တွင် ကြီးမားသည့် အမဲရောင်အရိပ်ကြီးတစ်ခု ဖြစ်တည်လာသည်။ ၎င်းသည် သူမ၏ အနောက်တွင် သတ်ဖြတ်လိုခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ မတ်မတ်ရပ်လျက်ရှိပြီး ခြောက်ခြားဖွယ်ရာ ကောင်းလှသည့် အသံကြီးနှင့် ပြောဆိုလိုက်၏။
“ကောင်းကင်နဲ့ မြေကြီးတည်ရှိနေသ၍ နတ်ဆိုးလမ်းစဉ်က တည်ရှိနေလိမ့်မယ်”
..............
သွေးကန်ယစ်ပုလ္လင်
အကြွင်းအကျန်ဝိညာဉ် ဘောလုံးထဲတွင်သာ တည်ရှိနေသေးသည့် နတ်ဆိုးဘိုးဘေးသည် ရုတ်တရက် ထအော် လိုက်၏။
“အိုး.... မဟုတ်တော့ဘူး။ ငါ့ရဲ့ သန္ဓေနတ်ဆိုးခန္ဓာကိုယ်ဆယ်ခုကို တစ်စုံတစ်ယောက်က ရယူသွားခဲ့ပြီ။ အသက်သွေးဝိညာဉ်ကိုတောင် ရေးထိုးနေတာပဲ”