ချစ်ခင်မှုရရှိဖို့ အနမ်းတစ်ပွင့်
Vol. 7 Ch. 83
သူမ၏ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ယောကျာ်းလေးတစ်ဦးနှင့်အတူတူ ယခုမှသာ ရုပ်ရှင်ကြည့်ဖူးခြင်းဖြစ်သည်။ ထိုယောကျာ်းလေးကလည်း သူမကြိုက်နှစ်သက်သောလူဖြစ်နေသည်။ ထိုအနေအထားကြောင့် သူမကဇာတ်ကားထဲအာရုံမစိုက်နိုင်ပေ။
သူမက ဖန့်ကြွယ်ယွီကို ခဏခဏခိုးကြည့်နေမိသည်။ အစစအရာရာပြီးပြည့်စုံအောင် ခန့်ညားသောသူသည် မိန်းကလေး၏ နှလုံးသားကိုဖမ်းစားနိုင်သည်။
ဆိုဖာက ၅ပေ၆ပေကျယ်သော်လည်း သူတို့နှစ်ဦးက ပူးပူးကပ်ကပ်ထိုင်နေသဖြင့် တစ်ဦး၏ကိုယ်သင်းရနံ့ကို တစ်ဦးက ရနေသည်။
“ဒီအချိန်မှာ အချိန်တွေရပ်တန့်သွားရင်သိပ်ကောင်းမှာပဲ” ထိုသို့တွေးမိကာ သူမပြုံးမိသည်။ မှိန်ပျပျအလင်းရောင်အောက်တွင် လူငယ်နှစ်ဦးက ကိုယ်ပိုင်အတွေးကမ္ဘာထဲမှာ လွင့်မျောနေကြသည်။
ရုတ်တရက်ဆိုသလို ကောရှင်းယွီ၏ ဦးခေါင်းက သူ့ပုခုံးထက်ကျလာသည်။ ထိုအခါမှာ ဖန့်ကြွယ်ယွီ၏ ခန္ဓာကိုယ်တစ်ခုလုံး မလှုပ်နိုင်တော့ပေ။
“ဒုတ်ဒုတ်” သူ၏ နှလုံးခုန်သံများ ပိုမိုမြန်ဆန်လာပြီး သူ၏ စိတ်ထဲမှာ ယောက်ယက်ခတ်နေမိသည်။ သူက ခန္ဓာကိုယ်ကို တစ်လက်မလေးတောင် မရွေ့လျားရဲပေ။ သူလှုပ်လိုက်ပါက စိတ်လှုပ်ရှားနေသည့်အကြောင်း ရှင်းယွီသိသွားမှာဆိုးသည်။
“ရှင့်နှလုံးခုန်သံတွေမြန်လှချည်လား” သူတို့နှစ်ကိုယ်တည်း ကြားနိုင်သော လေသံဖြင့်ရှင်းယွီက ဆိုသည်။
“ငါ..ငါ စိတ်တွေလှုပ်ရှားနေတာ။ “ ဖန့်ကြွယ်ယွီက ဘာပြောရမှန်းမသိတော့ပေ။ ရှင်းယွီက သူထင်ထားသည်ထက်ပိုပြီး ရဲတင်းသည်။ ယခုကဲ့သို့ ရင်ထဲတလှပ်လှပ်ဖြစ်ပြီး စိတ်လှုပ်ရှားခြင်းက ဒီတစ်ခါ ပထမဆုံးဖြစ်သည်။
ကောရှင်းယွီက ပြုံးမိသည်။ သူ့ရုပ် သူ့အရည်အချင်းနှင့်ဆို ကြိုက်သည့်အမျိုးသမီးကိုမဆို ရနိုင်သောဖန့်ကြွယ်ယွီ၏ စိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်ပြီး သူက ချစ်မှုရေးရာမှာ အတွေ့အကြုံသိပ်ပြီး မရှိဘူးဆိုတာ သိလိုက်ရသည်။
နှလုံးခုန်မြန်ဆန်တာကိုတော့ ဘယ်လိုမှ ဖုံးကွယ်မရပေ။
“ကျွန်မခေါင်းက အရမ်းလေးနေလား”
“မလေးပါဘူး။ “ သူမ၏ ဦးခေါင်းအလေးချိန်ကိုမခံစားမိဘဲ သူ၏ခေါင်းထဲမှာ အတွေးများစွာမျောလွင့်နေသည်ကို သတိထားမိသည်။
“ငါ သူ့ပုခုံးပေါ်လက်တင်ရမလား..သူ့ကိုဖက်ထားရမလား” ထိုသို့ပြုမူပါက ကောရှင်းယွီစိတ်ပျက်သွားမည်ကို စိတ်ပူသည်။
“ပိုင်ရှင် တုံးလှချည်လား။ မိန်းကလေးဘက်က ဒီလောက်အချက်ပြနေတာ။ ပိုင်ရှင်က သူ့ကိုလှုပ်ရှားစေချင်တာလား” ဟု ရှောင်းရီက ပြောသည်။
“ကောင်းပြီလေ..ငါသူ့ကိုဖက်မယ်။ ငါ မလုပ်ရဲဘူးလို့ မင်းထင်နေလား”
ပြောရင်းဆိုရင်းနှင့်သူက ညာလက်ကိုဆန့်ထုတ်ပြီး ရှင်းယွီ၏ ပုခုံးပေါ်တင်လိုက်သည်။
ထိုအချိန်မှာ ရှင်းယွီ၏ နှလုံးခုန်သံများမြန်ဆန်လာပြီး ထိန်းချုပ်မရတော့ပေ။
တဖြည်းဖြည်းချင်းနှင့် သူတို့ကရုပ်ရှင်ကိုအာရုံစိုက်ပြီးကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးလုံးလည်း ဘာမှဆက်မလှုပ်ရှားတော့ပေ။
ဇာတ်ကားပြီးခါးနီးလေ ဇာတ်ရှိန်တက်လာလေဖြစ်သည်။ ချစ်ကြည်နူးဖွယ်တေးဂီတသံကိုနောက်ခံထားပြီး ဇာတ်ဆောင်များက ချစ်မြတ်နိုးစွာ နမ်းရှုံ့နေကြသည်။
ထိုအချိန်မှာ ရုပ်ရှင်ရုံထဲရှိ အတွဲများကတစ်ဦးကိုတစ်ဦးကြည့်ပြီးဖက်နမ်းနေကြသည်။
ထိုအနေအထားမျိုးမှာ ချစ်ကြည်နူးဖွယ်အတွေးများ မည်သူက မတွေးဘဲနေနိုင်မည်နည်း။
သူက ကောရှင်းယွီကို လှည့်ကြည့်သောအခါ ချစ်ရည်ရွှန်းလဲ့သောမျက်ဝန်းအစုံဖြင့် သူ့ကိုကြည့်နေသောရှင်းယွီကို တွေ့ရသည်။ ထိုမြင်ကွင်းကိုမြင်ပြီး သူ၏စိတ်များလှုပ်ရှားလာပြီး အာခေါင်ခြောက်လာသည်။
သူက ရှင်းယွီဘက်ကိုလှည့်လိုက်သောအခါ သူတို့နှစ်ဦး၏ အသက်ရှုသံများပိုမိုမြန်ဆန်လာသည်။ သူတို့ မသိလိုက်ခင်မှာပဲ မျက်လုံးများကိုမှိတ်ထားမိကြသည်။
ချစ်ကြည်နူးဖွယ်တေးဂီတသံ၊ ပတ်ဝန်းကျင်အနေအထားမှာ သူတို့၏ ခပ်ပြင်းပြင်း အသက်ရှုသံများကို အတိုင်းသားကြားနေရသည်။ သူမ၏ ခါးနားကို ဖက်ထားသော လက်တစ်ဖက်ရှိပြီး ကျန်တစ်ဖက်က သူမ၏ ဆံပင်များကိုခပ်ဖွဖွပွတ်သပ်ပေးနေသည်။
ထိုအထိအတွေ့များကြားမှာ သူမ နစ်မျောနေမိသည်။
တစ်ခဏအကြာမှ သူတို့နှစ်ဦး၏ နှုတ်ခမ်းများခွါလိုက်ကြသည်။ ကောရှင်းယွီက ရှက်ပြီးခေါင်းငုံ့ထားမိသည်။
သူမက ဖန့်ကြွယ်ယွီကို တိတ်တခိုးနမ်းခဲ့တုန်းက ယောကျာ်းလေးတစ်ဦးကို ပထမဆုံးအကြိမ်နမ်းဖူးခြင်းဖြစ်သည်။
ရုတ်တရက်ဆိုသလို သူမ၏လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်ကို ခံစားမိသည်။
ဖန့်ကြွယ်ယွီက သူမကိုစူးစိုက်ကြည့်ကာ”ရှင်းယွီ မင်း ငါနဲ့ တွဲမလား”ဟု ဖန့်ကြွယ်ယွီက အရဲစွန့်ပြီး မေးသည်။
“အင်း” ရှင်းယွီက တိုးတိုးလေးပြန်ဖြေသည်။
မီးရောင်မှိန်မှိန်လေးအောက်တွင် ရှက်ရွံ့ပြီး ပျော်ရွှင်နေသော သူတို့နှစ်ဦး၏ပုံကို တွေ့ရသည်။ သူတို့က နောက်တစ်ဖန်ထပ်ပြီး အနမ်းခြွေကြပြန်သည်။
ဇာတ်ကားပြီးသည့်နောက် အတွဲများက လက်ကိုကိုင်ထားပြီး ရုပ်ရှင်ရုံထဲမှ အလျှိုလျှိုထွက်လာကြသည်။ သူတို့နှစ်ဦးသား၏ ခံစားချက်များကို အချင်းချင်းအပြန်အလှန်နားလည်ကြတာမို့ ရည်းစားဖြစ်ဖို့ အချိန်မယူလိုက်ရပေ။
“ခုချိန်ကစပြီး ချီရှီးပွဲတော်နေ့က ငါတို့ရဲ့နှစ်ပတ်လည်နေ့ဖြစ်သွားပြီ။ ငါ ခုနကတည်းက မင်းကို လက်ဆောင်ပေးဖို့ ပြောခဲ့တယ်မလား။ ခုနက မင်းငြင်းတယ်လေ။ ခုရော ငါ့လက်ဆောင်ကိုလက်ခံပေးမလား”
ကောရှင်းယွီက ခေါင်းညိမ့်ပြကာ” ဒါပေမဲ့ အရမ်းတန်ဖိုးကြီးတာတွေ လျှောက်မဝယ်ရဘူးနော်”
“ဟား..စိတ်မပူပါနဲ့ ငါတို့ဆွေစဉ်မျိုးဆက် သုံးမကုန်ဖြုန်းမကုန်ပါဘူး”
“ဘယ်သူက ရှင်နဲ့ယူမယ်ပြောသေးလို့လဲ” ကောရှင်းယွီက သူ့ပုခုံးကို ခပ်ဖွဖွလေးထုသည်။
ဖန့်ကြွယ်ယွီက သူမကိုတစ်ချက်လှမ်းကြည့်သောအခါ လည်ပင်းဖြူဖြူလေးပေါ်တွင် တစ်စုံတစ်ရာလိုအပ်နေသည်ဟု ခံစားမိသည်။
“အောက်ထပ်က ဆိုင်တွေမှာ လိုအပ်တာလေးတွေသွားကြည့်ရအောင်”
ဘိုင်တာပလာဇာတွင် အလယ်အလတ်မှ ထိပ်တန်းအဆင့်မြင့် ဆိုင်ပေါင်းများစွာရှိသည်။ သူတို့သည် နှစ်ပေါင်းများစွာကြာ ရတနာလောကတွင်နေရာရခဲ့သောဆိုင်ထဲကိုဝင်လာခဲ့သည်။
“ဒီဆိုင်က ငါပိုင်တာပဲလား” ဖန့်ကြွယ်ယွီ ရေရွတ်မိသည်။