အိန်ဂျယ်နှလုံးသား
Vol. 7 Ch. 84
ရိုးရှင်းသောပုံစံရှိသော စိန်စွဲကြိုးဖြစ်ပြီး ဆွဲကြိုး၏အလှကို ဖော်ပြရန် တခမ်းတနားဝတ်စုံလည်းဝတ်ဖို့မလိုအပ်ပေ။ ထိုဆွဲကြိုးကို မည်သည့်ပွဲအခမ်းအနားမှာ မဆို ဝတ်စားဆင်ယင်နိုင်သည်။
အဓိက အပိုင်းမှာ ထိုလည်ဆွဲ၏ ဆွဲသီးဖြစ်သည်။ ဆွဲသီးကို နတ်သမီးတောင်ပံဖော်ထားသော အပြာရောင်ကျောက်နှင့် အသည်းပုံပုံစံအနီရောင်ကျောက်တို့ဖြင့်စီခြယ်ထားပုံက ဒီဇိုင်နာ၏ အနုပညာလက်ရာပြောက်မြောက်မှုကိုလှစ်ဟပြသနေသည်။ ထိုလည်ဆွဲကို ဆိုင်၏ အခမ်းနားဆုံးလက်ရာဟုတောင် တင်စားခေါ်ဆိုနိုင်သည်။
ကောရှင်းယွီက လည်ဆွဲကိုမြင်ရသောအခါ သူမ ၏ မျက်လုံးမှာအရောင်လက်ခနဲဖြစ်သွားသည်ကိုတွေ့ရသည်။ သူမ အလျင်အမြန်အိန္ဒြေဆယ်သော်လည်း ဖန့်ကြွယ်ယွီက မြင်လိုက်သည်။
“မင်းကြိုက်လား”
ရှင်းယွီက ခေါင်းခါပြသည်။
လည်ဆွဲက ကြည့်ရုံဖြင့် စျေးကြီးမည့်ပစ္စည်းပုံပေါ်တာမို့ ဖန့်ကြွယ်ယွီကို လည်ဆွဲတစ်ခုအတွက် ပိုက်ဆံများစွာမသုံးစွဲလိုပေ။
“ရှင်းယွီ မင်းလိမ်နေတာ ကိုယ်သိတယ်” ဟု ဆိုကာ ဖန့်ကြွယ်ယွီက သူမ၏ နှာခေါင်းကို ခပ်ဖွဖွညှစ်သည်။
“အားနာပါတယ် လူကြီးမင်း။ ဒီပစ္စည်းကတော့ ရောင်းမဲ့ထဲမပါပါဘူးရှင့်။ အခြားလည်ဆွဲတွေကြည့်ပါလားရှင့်။ ဒီဟာနဲ့ ပုံစံတူ လည်ဆွဲတွေပြပေးပါမယ်ရှင့်”
I “မင်းတို့မန်နေဂျာကိုခေါ်လိုက်ပါဦး” ဖန့်ကြွယ်ယွီက VIPကတ်ကိုထုတ်ပြပြန်သည်။ အရောင်းဝန်ထမ်းများကဆုံးဖြတ်ချက်မပေးနိုင်ပေမဲ့ မန်နေဂျာများကတော့ အထက်လူကြီးဆီမှ ခွင့်ပြုချက်တောင်းပေးနိုင်သည်။
ဤလည်ဆွဲက ရှင်းယွီအတွက် သူ၏ ပထမဆုံးသော ချစ်သက်လက်ဆောင်ဖြစ်တာမို့ မရရအောင် ဝယ်ပေးချင်သည်။ အကယ်၍ မရပါက ဤဆိုင်တစ်ဆိုင်လုံးကိုပိုင်ဆိုင်သော ကုမ္ပဏီကို ဝယ်ပစ်မည်ဟု ကြိမ်းဝါးထားသည်။
“ဒါက” ကတ်ကိုမြင်ရသောအခါ အခြေအနေကို နားလည်တာမို့ အနီးအနားမှာရှိနေသော မန်နေဂျာကို အပြေးအလွှားခေါ်ကြသည်။
သိပ်မကြာခင်မှာပင် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ဦးရောက်လာသည်။ သူက ဆိုင်မန်နေဂျာဖြစ်ပုံရသည်။ သို့သော် ထိုသူသည် ဟုန်ရတနာလုပ်ငန်း၏ ဆက်ခံသူစာရင်းဝင်တစ်ဦးဖြစ်သည်ဆိုတာ သိပ်မသိကြပေ။
ဟုန်ရတနာလုပ်ငန်းသည် ရာနှင့်ချီပြီး သက်တမ်းရှိသောရတနာလုပ်ငန်းကြီးဖြစ်သည်။မိသားစုတစ်ခုလုံး ရတနာလုပ်ငန်းသာ လုပ်ကိုင်ကြပြီး မျိုးဆက်တစ်ခုဆီမှ အတော်ဆုံးလူကိုသာ အမွေဆက်ခံသူအဖြစ်သတ်မှတ်ကြသည်။ ရွေးချယ်သည့်နည်းလမ်းက အရည်အချင်းနှင့် လုပ်ဆောင်မှုအပေါ် အခြေခံသည်။
ဟုန်မိသားစု၏ ယခုမျိုးဆက်တွင် လူငယ်ခြောက်ဦးရှိပြီး တစ်ဦးကို ဆိုင်တစ်ဆိုင်စီတွင် နေရာချထားသည်။ ဒီနှစ် ဆိုင်၏ ရောင်းအားသည် သူတို့၏ နောက်ဆုံးအကဲဖြတ်ရလဒ်ဖြစ်ပေလိမ့်မည်။
တန်းတူညီမျှ ယှဉ်ပြိုင်ရန် မည်သူတစ်ဦးတစ်ယောက်ကိုမှ ပုဂ္ဂိုလ်ချင်းရင်းနှီးမှုကို အသုံးပြုခွင့်မပေးပေ။ ဆိုင်၏ အကျိုးအမြတ်ကိုအမြင့်ဆုံးရရန် စီမံခန့်ခွဲမှုနည်းလမ်းများကိုသာ သုံးခွင့်ပြုသည်။
ဟုန်ရတနာလုပ်ငန်းသည် တန်ဖိုးကြီးရတနာများကိုသာရောင်းချသည်။ ထို့ကြောင့် ဆိုင်၏ရတနာပစ္စည်းများက စျေးကြီးပြီး တော်ရုံမဝယ်နိုင်ပေ။
စျေးသင့်သည့် ရတနာပစ္စည်းများမှလည်း အမြတ်လောက်လောက်ငှငှမရနိုင်ပေ။ ဟုန်ယန်၏ လက်ရှိအခြေအနေက အပြိုင်အဆိုင်ဖြစ်နေသည်။ နှစ်တွေကြာပြီးနောက် သူ၏ စွမ်းဆောင်ရည်က အဆင့်လေးနေရာမှာရှိသည်။ သူ၏ ညီဝမ်းကွဲဟုန်ယွီက သန်းနှင့်ချီသော ရတနာပစ္စည်းများစွာကို ပထမနှစ်ဝက်မှာတင် ရောင်းချနိုင်ခဲ့သည်။ သူ၏ အမြတ်ငွေရှာနိုင်မှုက ဟုန်ယန်ထက် နှစ်ဆရှိသည်။ ထို့ကြောင့် သူတို့နှစ်ဦးကြားက အမြတ်ငွေရနိုင်မှုပမာဏသည် သန်းပေါင်းများစွာ သို့သန်းတစ်ရာလောက်ကွာဟနေသည်။
ဆိုင်တစ်ခုချင်းဆီမှာ ဝယ်သူများကို ဆွဲဆောင်နိုင်ရန် အပြောင်မြောက်ဆုံးသောလက်ရာကို ခင်းကျင်းထားသည်။
ထိုပစ္စည်းကို ရောင်းချဖို့အတွက် ခင်းကျင်းထားခြင်းမဟုတ်ပေ။ ထိုပစ္စည်းမရှိပါက ဆိုင်ကို ဝယ်သူခေါ်နိုင်သောလက်ရာဆုံးရှုံးသဖြင့် အမြတ်ငွေပါ လျော့ကျနိုင်သည်။
ဟုန်ယန်က သူတို့ဆိုင်၏ အမြတ်တနိုးတန်ဖိုးထားရသော လက်ရာကို ဝယ်လိုသည်ဆိုသော သတင်းကိုကြားရပြီး အပြေးလာခဲ့သည်။
ပထမဆုံး ဘယ်လိုလူမျိုးက ဝယ်ချင်တာလဲဆိုတာ အကဲခတ်ရမည်။ ဒုတိယတစ်ချက်က ဝယ်နိုင်သည့်အနေအထားရှိသော လူဖြစ်ပါက မိတ်ဆွေဖွဲ့ရမည်။
သူတို့မိသားစုက ခင်မင်ရင်းနှီးမှုကို အသုံးမချရန် တားမြစ်ထားသော်လည်း အရောင်းအဝယ်လုပ်ရင်း တွေ့သည့်ဖောက်သည်ကို ခင်မင်ပိုင်ခွင့်ရှိသည်။
“လူကြီးမင်းရှင့် ဆိုင်ရဲ့မန်နေဂျာရောက်ပါပြီ”
“မန်နေဂျာရှင့် ဒီလူကြီးမင်းက ဆိုင်ရဲ့ အမြတ်နိုးရဆုံးရတနာပစ္စည်းကို ဝယ်ယူချင်ပါတယ်တဲ့”
“ဟုတ်ပြီ မင်းတို့ကိုယ့်အလုပ်ကိုယ်လုပ်ကြတော့။ ဧည့်သည်ကို ငါပဲရှင်းပြလိုက်မယ်”
“မင်္ဂလာပါ။ ခင်ဗျားက ဒီဆိုင်မန်နေဂျာလား။ ငါ့ကောင်မလေးက ဒီလည်ဆွဲကိုကြိုက်နေတာ။ ဒါကြောင့်မို့ ဒါလေးကို ဝယ်လို့ရမရ သိချင်တယ်”ဟု ဖန့်ကြွယ်ယွီက ဒဲ့တိုးပြောသည်။
“လည်ဆွဲလေးအကြောင်း အရင်ဆုံးမိတ်ဆက်ပါရစေ..” ဟု ဟုန်ယန်က ဆိုသည်။ ဖန့်ကြွယ်ယွီကလည်း ဒီလည်ဆွဲနှင့် ပတ်သက်သည့်အကြောင်းကို အသေးစိတ်သိချင်သည်။
“ ဒီစိန်လည်ဆွဲလေးကို အိန်ဂျယ်နှလုံးသားလို့ နာမည်ပေးထားပါတယ်။ ဆွဲသီးလေးကို ၁၃.၅ ကာရက် စိန်ပြာနဲ့ ၂၀.၆ ကာရက်ရှိတဲ့ စိန်နီတို့နဲ့ အလှပဆုံး စီခြယ်ထားပါတယ်”
“နတ်သမီး နှလုံးသား ချစ်ဖို့ကောင်းလိုက်တာ နာမည်လေးက “
ထိုကျောက်များကို ပတ္တမြားနှင့် နီလာကျောက်များဟု ထင်ခဲ့မိသည်။ ယခုအခါ ထိုကျောက်များက ရှားပါးအရောင်ရှိသော စိန်ဟု သိလိုက်ရသဖြင့် အံ့ဩသွားရသည်။
နိုင်ငံ့ရတနာတစ်ပါးဖြစ်သော သမုဒ္ဓရာနှလုံးသားလည်ဆွဲရှိ ကျောက်သည် ၄၀ကာရက်ရှိသော စိန်ပြာတစ်ခုဖြစ်သည်ကို သတိရသွားသည်။ “ဒီလည်ဆွဲကို နိုင်ငံတကာနာမည်ကြီးဒီဇိုင်နာက စိန် ၂၀၈လုံးနဲ့ အလှပဆုံး ဖန်တီးပေးထားပါတယ်။ ဖန်တီးပြီးတော့ ဟုန်မိသားစုရဲ့ ရုံးချုပ်မှာ ခင်းကျင်းပြသထားပြီး ဒေါ်လာ ၃၈သန်းတန်ပါတယ်”
“စျေးကြီးလိုက်တာ” မယုံနိုင်လောက်အောင်များပြားလှသည့် ပမာဏကိုကြားမိပြီး ကောရှင်းယွီအာမေဋိတ်ပြုမိသည်။
“ဒါက စျေးကြီးလွန်းတယ်။ တခြားဒီဇိုင်းကြည့်ကြရအောင်။” ကောရှင်းယွီက ဖန့်ကြွယ်ယွီ၏ အကျီစကို ဆွဲပြီး ပြောသည်။
“ဘာမှမဖြစ်ဘူး။ မင်းကြိုက်တယ်ဆို စျေးဘယ်လောက်ဖြစ်ဖြစ် ဝယ်ပေးမယ်။ ပြီးတော့ ဒီလောက်ပမာဏကို တစ်ခဏလေးအတွင်း ငါပြန်ရှာနိုင်ပါတယ်”
သူပိုင်ဆိုင်သော ငွေပမာဏကို စစ်ကြည့်သောအခါ ၅၀၃.၂ ဘီလီယံဖြစ်နေတာမို့ လည်ဆွဲကို ဒီ့ထပ်ပိုပြီး စျေးကြီးစေလိုသည်။
ဒေါ်လာ ၃၈သန်းဟူသော ပမာဏက ဘာမှ မဟုတ်ဘူးဟူသော စကားကိုကြားရသောအခါ ဟုန်ယန် တစ်ယောက်ခေါင်းနပန်းကြီးကုန်သည်။
ဒီကောင်လေးက သူ့ကိုယ်သူ ကမ္ဘာ့အချမ်းသာဆုံးလူလို့ မှတ်နေတာလား!
“မန်နေဂျာ မင်းနာမည်လေး တစ်ချက်လောက်”
“မျိုးရိုးနာမည်က ဟုန် ပါ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို ဟုန်ရတနာလုပ်ငန်းက မိသားစုပိုင်လုပ်ငန်းကြီးပါ” ဟု ပြန်ဖြေသည်။
“ကောင်းတာပေါ့။ ဒါဆို မင်းမှာ လုပ်ပိုင်ခွင့်ရှိမှာပဲ။ ငါ ဒီလည်ဆွဲကိုယူမယ်။ မင်း စျေးပြောလေ”
“အားနာနာနဲ့ ငြင်းပယ်ပါရစေ။ ဒီပစ္စည်းက ဆိုင်ရဲ့အဖိုးတန်ပစ္စည်းပါ။ရောင်းချဖို့ တင်ထားတာမဟုတ်ဘဲ ဝယ်သူတွေကို ဆွဲဆောင်နိုင်ဖို့ တင်ထားတာပါ။ ဒါကိုဝယ်သွားမယ်ဆိုကျွန်တော်တို့ ဆိုင်အတွက် နစ်နာပါလိမ့်မယ်”
“ဒါဆိုလည်း ဘယ်လိုအခြေအနေဆို မန်နေဂျာဟုန်တို့က ဒီပစ္စည်းကို ရောင်းပေးမှာလဲ”
“ လူကြီးမင်း နာမည်လေးတစ်ချက်လောက်သိပါရစေ”
“မျိုးရိုးနာမည်က ဖန့်ပါ”
“လူကြီးမင်းဖန့် အိန်ဂျယ်နှလုံးသားက ရောင်းကုန်မဟုတ်ပါဘူး။ ကျွန်တော်က ဒီဆိုင်အတွက် အမြတ်ငွေရအောင်လုပ်ပေးရမယ်လေ”
ဖန့်ကြွယ်ယွီက သူ၏ငွေသုံးစွဲနိုင်သော ပမာဏကိုသိရန် VIPကတ်ကိုပြသည်။ ဟုန်ယန်က သူ့မိသားစုအခြေအနေကို ဖန့်ကြွယ်ယွီကိုရှင်းပြသည်။
“အားနာပါတယ်ဗျာ..ဒီပစ္စည်းက ရောင်းလို့မရလို့ပါ။ တကယ်လို့ အရမ်းလိုချင်တယ်ဆို နှစ်ကုန်ပိုင်းလောက် ပြန်လာခဲ့ပါ။ အဲ့အခါကျ ဒီပစ္စည်းက ဒီလောက်အရေးမပါတော့ဘူးလေ”
“သိပြီ..” ဟုန်ယန်က ဘာကိုဆိုလိုချင်လဲဆိုတာ သူ သဘောပေါက်သည်။ ဟုန်မိသားစု၏ ရွေးချယ်သည့်စနစ်က အလွန်ထူးခြားသည်။
ချက်ချင်းဆိုသလို ဖန့်ကြွယ်ယွီ အတွေးပေါ်လာသည်။ ဒီတစ်ခေါက်မှာ သူ့ပိုက်ဆံများကို အသုံးပြုဖို့ နည်းလမ်းကောင်းများရှာတွေ့ပြီးဖြစ်သည်။