အစစအရာရာငါအကုန်တာဝန်ယူတယ်
Vol. 7 Ch. 85
“မစ္စတာဟုန်..ဒါဆို အိန်ဂျယ်နှလုံးသားကို လုံးဝရောင်းပေးလို့မရဘူးပေါ့..ဒါပေမဲ့ ခင်ဗျားတို့ မိသားစုပြိုင်ပွဲမှာတော့ အသာစီးရဖို့ဆို အကျိုးအမြတ်များများရဖို့လိုတယ်မဟုတ်လား”
“မစ္စတာဖန့်က သဘောပေါက်လွယ်သားပဲ”
“ဒါဆို ခင်ဗျားက အရောင်းပိုင်းမှာ တခြားလူတွေထက် သာအောက်လုပ်ပေးလျှင် ဒီလည်ဆွဲကိုငါ့ကိုရောင်းပေးမှာလား”
“မစ္စတာဖန့်က ဘာကိုဆိုလိုချင်တာလဲ” ဖန့်ကြွယ်ယွီ၏ စကားမှာ လျှို့ဝှက်အဓိပ္ပါယ်များပါဝင်နေတာကို သူသတိထားမိသည်။
“ငါ ပြောချင်တာက ဒီဆိုင်က ရတနာပစ္စည်းအကုန်ဝယ်မယ်ဆို မစ္စတာဟုန်က အိန်ဂျယ်နှလုံးသားလည်ဆွဲကိုရောင်းပေးမှာလား”
“ပစ္စည်းအကုန်ဝယ်မယ်” ဟုန်ယန်က သွေးအန်မတတ် ထိတ်လန့်မိသည်။ ဤဆိုင်မှာ ရှိသမျှ ပစ္စည်းအားလုံးကို ဝယ်ယူပါက မည်မျှကုန်ကျလဲဆိုတာ ဖန့်ကြွယ်ယွီ သိရဲ့လားဟု မေးချင်မိသည်။
“တကယ် အကုန်ဝယ်မှာ” တကယ်တော့ ဤပစ္စည်းများကို ရောင်းချရမှာဖြစ်သည်။ လူအများကိုရောင်းမလား သို့ ဖန့်ကြွယ်ယွီတစ်ဦးထဲကိုရောင်းမလားဆိုတာပဲ ကွဲပြားသည်။
သူ့တစ်ဦးတည်းရောင်းပါက အချိန်သက်သာစွာနှင့် အမြတ်မြန်မြန်ရသဖြင့် ခဲတစ်လုံးနှင့်ငှက်နှစ်ကောင် ပစ်သလိုဖြစ်သည်။
ဖန့်ကြွယ်ယွီမှာ ဝယ်နိုင်သော ပိုက်ဆံပမာဏလုံလောက်စွာရှိပါက ဟုန်ယန်ဘက်က ငြင်းပယ်စရာမရှိဘဲ အကြိမ်တစ်သောင်းလောက် ခေါင်းညိမ့်မိမည်။ ဤပစ္စည်းများအကုန်ရောင်းထွက်ပါက သူ့ညီအကိုငါးဦးလုံး၏ စုစုပေါင်းရောင်းအားထက် သာလိမ့်မည်။ ထိုသို့ဖြစ်လျှင် နောင်တစ်ချိန်အမွေဆက်ခံမည့်လူက သူပဲဆိုတာ ငြင်းဖွယ်မရှိပေ။
“မစ္စတာဖန့်..နောက်နေတာလား။ ကျုပ်တို့ဆိုင်က ပစ္စည်းတစ်ခုစီက အနည်းဆုံး သန်းနဲ့ချီပြီးတန်တာ။ အားလုံးပေါင်းဆို သန်းပေါင်းများစွာရှိတာမို့ စျေးမသေးဘူး”
“မနောက်ဘူးအတည်ပြောနေတာ”ဟု ဆိုပြီး ဖန့်ကြွယ်ယွီက ပြုံးပြသည်။ “ ဒီနေ့က ငါ့ကောင်မလေးနဲ့ ပထမဆုံးဖြတ်သန်းရတဲ့ ချီရှီးနေ့မို့လို့ သူ့အတွက် အထူးလက်ဆောင် အမှတ်တရပေးချင်တာ။ဘယ်လောက်ပဲကုန်ကုန် ကိစ္စမရှိဘူး။ သူ ပျော်ဖို့ပဲလိုတာ”
“ဖန့်ကြွယ်ယွီ ရှင်ဘာတွေလုပ်နေတာလဲ။ အဲ့လောက်မလိုဘူးလို့ ကျွန်မပြောတယ်လေ” အမျိုးသမီးတိုင်းက ရတနာပစ္စည်းကို နှစ်သက်ကြတာမို့ ကောရှင်းယွီလည်း အတူတူပဲဖြစ်သည်။ သူမက မြင်မြင်ချင်းပင် အိန်ဂျယ်နှလုံးသားလည်ဆွဲကို နှစ်သက်ခဲ့သည်။ သို့သော် ကြိုက်နှစ်သက်သည်ဆိုတိုင်း ပိုင်ဆိုင်ရဖို့ မမျှော်လင့်ပေ။
ဖန့်ကြွယ်ယွီ၏ စကားလုံးများက သူမကိုပျော်ရွှင်စေသည်။ ဒါပေမဲ့ လည်ဆွဲက အလွန်စျေးကြီးသည့်အပြင် ဖန့်ကြွယ်ယွီက မလိုအပ်ဘဲနှင့် တစ်ဆိုင်လုံးကို ဝယ်ဖို့ ပြောနေသည်။
“ကိစ္စမရှိဘူး။ ငါ့နာမည်နဲ့ရောင်းချတဲ့ဆိုင်တွေဆီကို ဒီရတနာတွေလွှဲပေးလိုက်မယ်လေ။အလဟသမဖြစ်ပါဘူး” ဖန့်ကြွယ်ယွီက အိန်ဂျယ်နှလုံးသားကို ဝယ်လိုသည့် ဆန္ဒသာရှိသည်။
“ရှင်ဝယ်ပေးရင်တောင် ကျွန်မမဝတ်ဘူးနော်” ဟုကောရှင်းယွီက ဆိုသည်။
“မင်းမဝတ်လျှင်လည်းရတယ်လေ။ ကန်ထဲလွှင့်ပစ်လိုက်မယ်”ဟု ဖန့်ကြွယ်ယွီက စနောက်သည်။ တစ်ခါတရံ သူသည် တခြားလူများထက် ပိုပြီးခေါင်းမာသည်။
“ရှင်းယွီ..မင်းက ငါ့ကို မလိုအပ်ပဲ ပိုက်ဆံသုံးတာလျှော့ပြီး ပိုက်ဆံစုစေချင်တာ မဟုတ်လား။ ဒါပေမဲ့ ဒေါ်လာသန်းနဲ့ချီတဲ့ပမာဏဆိုတာ ငါ့အတွက်ဘာမှမဟုတ်ဘူး။ မင်းက ငါပေးတဲ့လက်ဆောင်ကိုကြိုက်ဖို့ပဲ ဂရုစိုက်တာ”
ရှင်းယွီက တစ်စုံတရာပြောဖို့ဟန်ပြင်သော်လည်း ဖန့်ကြွယ်ယွီက သူမနှုတ်ခမ်းပေါ်လက်ချောင်းတင်လိုက်ပြီး “မင်းက ငါနဲ့အတူတူ အချိန်အကြာကြီးရှိဦးမှာ။ တဖြည်းဖြည်းနဲ့ မင်း အသားကျသွားလိမ့်မယ် နားလည်လား” ဟု ဆိုသည်။
ဖန့်ကြွယ်ယွီပြောသမျှကို မငြင်းဆန်နိုင်ဘဲ ရှင်းယွီလက်ခံလိုက်ရသည်။
“ဒီလိုမှပေါ့..ကဲ့ မန်နေဂျာဟုန် အားလုံးပေါင်းဘယ်လောက်ကျလဲဆိုတာ တွက်ပေးပါ..ငါ ချက်ချင်းရှင်းပေးမယ်”
ဟုန်ယန်တင်မကဘဲ တစ်ဆိုင်လုံးက ဝန်ထမ်းအကုန် ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။ သူဝယ်သောအရာက စျေးထဲရှိ ကြက်၊ ဝက်၊ ဘဲ မဟုတ်ဘဲ စိန်၊ ရွှေ ရတနာဖြစ်သည်။ မည်သူမှ ထိုကဲ့သို့ ဝယ်ယူခြင်းမျိုး တစ်ခါမှ မကြုံဖူးပေ။
“ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေပဲဝယ်မှာလား။ ဒါမမဟုတ် စက်ရုံမှာရှိတဲ့ရတနာပစ္စည်းအကုန်လား” “အားလုံးဝယ်မယ်လေ။ အဲ့လောက်ဆို မန်နေဂျာဟုန်က ဒီနှစ်အတွက် အရောင်းချန်ပီယံဖြစ်ပြီလား”
“သေချာပေါက်ဖြစ်ပြီလေ” ပုံမှန်အနေအထားမှာဆို သာမန်ရတနာပစ္စည်းများ၏ သုံးပုံတစ်ပုံတောင်မှ ရောင်းမထွက်ပေ။ တန်ဖိုးကြီး ရတနာပစ္စည်းများ ရောင်းနိုင်ပါက ထိပ်သီးသုံးဦးထဲပါနိုင်သည်။
ယခုလို တစ်ဆိုင်လုံးရောင်းထွက်လျှင်တော့ သေချာပေါက် နံပါတ်တစ်ဖြစ်ပေလိမ့်မည်။
“ဒါဆို မစ္စတာဟုန် အိန်ဂျယ်နှလုံးသားကို ရောင်းပေးမှာလား”
“ရောင်းမယ်လေ။ ခန့်မှန်းစျေး ဒေါ်လာ ၃၈သန်းဆို ဘယ်လိုလဲ မစ္စတာဖန့်” ထိုအချိန်မှာ ဖန့်ကြွယ်ယွီသည် သူ၏ကယ်တင်ရှင်ဖြစ်သည်။ အပြိုင်အဆိုင်များလှသည့်မိသားစုပြိုင်ပွဲတွင် အသာရဖို့ ဖန့်ကြွယ်ယွီ၏ အကူအညီလိုအပ်သည်။
ဖန့်ကြွယ်ယွီကြောင့်ပင် သူသည် ဟုန်မိသားစု၏ အမွေဆက်ခံသူဖြစ်ဖို့ သေချာသလောက်ဖြစ်နေသည်။
“မန်နေဂျာ အားလုံးတွက်ပေးရမလား”
“တွက်လိုက်ပါ”
ထိုအချိန်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသားတစ်ဦးဆိုင်ထဲကို ဝင်လာသည်။ နှစ်ဦးစလုံးက ဟုန်ရတနာနှင့် မစိမ်းပေ။ ဟုန်ရတနာပစ္စည်းများက အရည်အသွေးကောင်းပြီး ဝန်ထမ်းများကလည်း ဆက်ဆံရေးအထူးကောင်းမွန်သည်။
ဧည့်သည်ဝင်လာသည်နှင့်အပြေးအလွှားခရီးဦးကြိုပြုသည်။ သို့သော် ယနေ့တွင် ဝန်ထမ်းများက သူတို့ကို အာရုံစိုက်ချိန်မရဘဲ ကွန်ပျူတာများတွင် ခေါင်းစိုက်ပြီး အလုပ်များနေကြသည်။
“အဟမ်း” အမျိုးသားဖြစ်သူက ချောင်းဟန့်ပြသည်။ ကောင်တာအရောင်းဝန်ထမ်းက သတိထားမိပြီး လာတောင်းပန်သည်။ “တောင်းပန်ပါတယ် လူကြီးမင်းရှင့် လူကြီးမင်းတို့ကို မရောင်းပေးနိုင်တော့ပါဘူးရှင့်”
“ဘယ်လို မရောင်းနိုင်တော့ဘူး ဟုတ်လား။ ဒါဆို ကောင်တာမှာပြထားတဲ့ ပစ္စည်းတွေကို မရောင်းတော့တာလား။ ဟုန်ရတနာဆိုင်ဆိုတာ နာမည်တစ်ခုရပြီးသားဆိုင်ပါ။ ဘယ်လိုဖြစ်တာလဲ”
“တောင်းပန်ပါတယ်ရှင့်။ ဆိုင်ထဲမှာရှိတဲ့ ရတနာတွေရော စက်ရုံမှာရှိတဲ့ ရတနာတွေရောအကုန်လုံးကို ဟိုမှာရပ်နေတဲ့လူကြီးမင်းက ဝယ်လိုက်ပြီမို့ နောက်ထပ်ဆိုင်ခွဲတစ်ခုမှာပဲ ဝယ်လို့ရပါတော့မယ်ရှင့်”
“အကုန်ဝယ်ပစ်တယ်။ နောက်နေတာလဲ” ထိုအမျိုးသားက ချက်ချင်းသဘောမပေါက်ပေ။
“ဟေ့လူ ခင်ဗျားလည်း ရတနာပစ္စည်းဝယ်ဖို့လာတာလား” ဟု ဖန့်ကြွယ်ယွီကမေးသည်။
“ခင်ဗျားက ပစ္စည်းအကုန်ဝယ်ပစ်တယ်ဆိုတာအမှန်ပဲလား”
ဖန့်ကြွယ်ယွီက ခင်းကျင်းထားသော အိန်ဂျယ်နှလုံးသားလည်ဆွဲကိုညွှန်ပြပြီး “ဟုတ်တယ် ဒါပေမဲ့ခင်ဗျားဝယ်ချင်တယ်ဆို ဒီတစ်ခုကလွဲကျန်တဲ့ပစ္စည်းကြိုက်တာရွေးပါ။ ငါ့ဆီက လက်ဆောင်ရတယ်ပဲ သဘောထားလိုက်ပါ” ဟု ဆိုသည်။
“ဘယ်လို ခင်ဗျားတကယ်ပြောတာလား”
“တကယ်ပေါ့”
“ဒါဆို အရင်ဆုံး လျှောက်ကြည့်လိုက်ဦမယ်”
ထိုကောင်လေးက တစ်ဆိုင်လုံးကို ဘာကြောင့်ဝယ်နိုင်ရသလဲဆိုတာ သိချင်သည်။
“မန်နေဂျာ..ဒေါ်လာ ၁၀၅သန်းတန် တန်ဖိုးကြီးရတနာပစ္စည်းမျိုးစုံနဲ့ ၁၄ သန်းတန်ပစ္စည်းအစုံ စုစုပေါင်းဆို ၄.၅၇ ဘီလီယံကျသင့်ပါတယ်။ တန်ဖိုးနည်းရတနာပစ္စည်းတွေကတော့ တွက်ချက်ရပါဦးမယ်”
“ဒါဆို တန်ဖိုးနည်းပစ္စည်းတွေမယူတော့ဘူးလေ။ ဒီပမာဏလောက်ချန်ခဲ့ရုံနဲ့ မန်နေဂျာဟုန်ရဲ့ အရောင်းပမာဏကို မထိခိုက်ဘူးမလား”
“ဒါဆိုလည်း ကျွန်တော်ဆုံးဖြတ်ချက်ချမယ်ဗျာ။ အိန်ဂျယ်နတ်သမီးအပါအဝင်အားလုံးပေါင်း သန်း၇၀၀ ဆိုရလား”
“ကိစ္စမရှိဘူးလေ။ ခင်ဗျားအကောင့်သာပေးပါ”
ဟုန်ယန်က ဖန့်ကြွယ်ယွီအား ဘဏ်အကောင့်ပေးသည်။ သူ၏ ဘဏ်ကတ်တွင် တစ်နေ့အသုံးစရိတ်ပမာဏကိုသာ ထည့်ထားသဖြင့် ကျွမ်းရီကိုလှမ်းခေါ်သည်။
ထိုပမာဏလောက်ကိုဘာကြောင့်လိုအပ်လဲဆိုတာ ကျွမ်းရီကမမေးပေ။ သူမ၏ တာဝန်က ကြွယ်ယွီပိုက်ဆံရှာပြီး သုံးနိုင်အောင် ကူညီရန်ဖြစ်သည်။
ငါးမိနစ်အကြာမှာ ဟုန်ယန်၏ဖုန်းသံမြည်လာပြီး သူ၏ ကုမ္ပဏီဘဏ်အကောင့်ထဲကို သန်း၇၀၀ရောက်လာသည်။
ဖန့်ကြွယ်ယွီက သန်း၇၀၀လုံးကို ချက်ချင်းပေးနိုင်သည်။
“ဟေ့လူ ငါယုံသွားပြီ” ထိုအဖြစ်အပျက်ကိုမြင်ရသော အမျိုးသားက လက်မထောင်ပြသည်။ ထိုသူ၏ အမျိုးသမီးက ရှင်းယွီကို အားကျသည့်အကြည့်ဖြင့်ကြည့်နေသည်။