ဟန်ဆောင်ညီအမများ
Vol. 7 Ch. 89
“သခင်လေး..ဝင်လာလို့ရမလားရှင့်”
ကျွမ်းရီက ခေါ်သောအချိန်တွင် သူတို့နှစ်ဦးစလုံး မျက်နှာသစ် ပြီး ဖြစ်သည်။ ပုံမှန်ဆို သူမက တံခါးကိုဖွင့်ကာ ဖန့်ကြွယ်ယွီ၏ ဗီလာထဲဝင်လာနေကျဖြစ်သည်။
သို့သော် ကောရှင်းယွီက ဒီမှာရှိနေတာမို့ သူတို့နှစ်ဦး၏ အနေအထားကို အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်သည်။
“ဝင်လာခဲ့ပါ ရပါတယ်” ကျွမ်းရီက ဘာတွေးနေလဲဆိုတာ ဖန့်ကြွယ်ယွီ မသိပေ။ သူမက သူ၏ နေ့စဉ်ဘဝကို အမေ တစ်ဦးကဲ့သို့ စီစဉ်ပေးနေခဲ့သည်ကို မေ့လျော့နေမိသည်။
“မစ္စကော” ကျွမ်းရီက ရှင်းယွီကိုနှုတ်ဆက်သည်။ရှင်းယွီသည် သူမ၏ အနာဂတ်တွင် ဆက်ဆံရမည့် သခင်မလေးဖြစ်သည်။
မှော်ဝင်မြို့တော်မှာရှိတုန်းက သူမက စိတ်ရှုပ်ထွေးပြီး ဖန့်ကြွယ်ယွီကို အော်မိခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ ဖန့်ကြွယ်ယွီက ရှင်းယွီကိုအိမ်ကိုခေါ်လာခဲ့သည်။
“ရှင်းယွီ ဒါက ငါ့ရဲ့လက်ထောက်ပါ။ ကျွမ်းရီလို့ခေါ်တယ်”ဟု ဖန့်ကြွယ်ယွီက မိတ်ဆက်ပေးသည်။
“လက်ထောက် ဟုတ်လား”
ကောရှင်းယွီက အနည်းငယ်စိတ်မသက်မသာဖြစ်ရသည်။ သူမ၏ ရည်းစားနားမှာ ကောင်မလေးတစ်ဦးကို လက်ထောက် အဖြစ် မည်သည့်မိန်းကလေးကမှ မထားလိုပေ။
မိန်းမများ၏ စိတ်ကိုမိန်းမများက နားအလည်ဆုံးဖြစ်သည်။ ရှင်းယွီ ဘာတွေးနေလဲဆိုတာ ကျွမ်းရီက ချက်ချင်း နားလည် သည်။
“မစ္စကော..စိတ်မပူပါနဲ့။ ကျွမ်းမိသားစုက ဖန့်မိသားစုအတွက် မျိုးဆက်သုံးဆက်တိုင် တာဝန်ထမ်းပေးခဲ့တာပါ။ သခင်လေးကလည်း ငါ့အပေါ် စိတ်မဝင်စားတာမို့ မင်း တွေးပူနေဖို့မလိုပါဘူး” ဟု ကျွမ်းရီက ပြုံးပြုံးလေးဆိုသည်။
သူမ၏ အတွေးများကိုတစ်ဖက်လူကသိနေသည့်အပေါ် ရှင်းယွီ က ရှက်ရွံ့မိသည်။
“ဒါနဲ့ သခင်လေးမနေ့က မှာထားတဲ့ ရတနာပစ္စည်းတွေ ရောက်လာပါပြီ။ အိမ်ရှေ့ဝင်ပေါက်မှာ ကားထိုးထားပါတယ်” ဟု ကျွမ်းရီက လိုတိုရင်းပြောသည်။
ဟုန်ယန်က အလုပ်လုပ်တာ အလွန်တိကျသည်။ ဒီမနက် ဆယ်နာရီမှာ ကားက ကျန်းနန်ဥယျာဉ်ဆီ ရောက်လာသည်။ ထိုကားကို အစောင့်အကြပ်ကားသုံးစီးဖြင့် ပို့လိုက်ခြင်း ဖြစ်သည်။
“သခင်လေး ဘာလို့ ရတနာပစ္စည်းတွေအများကြီး ဝယ်ရတာ လဲ” ကျွမ်းရီက ပစ္စည်းများအတွက် ငွေရှင်းပေးလိုက်သော် လည်း ဖန့်ကြွယ်ယွီက ဘာကြောင့်ဝယ်ရလဲဆိုတာ နားမလည်နိုင်ပေ။ သူက ရတနာပစ္စည်းဝယ်လိုပါက သူ့ကိုယ်ပိုင်ဆိုင်မှာ ပိုပြီးတန်ဖိုးကြီးသော ရတနာပစ္စည်းများ ဝယ်ယူနိုင်သည်။
ကျွမ်းရီကိုယ်တိုင်ကပင် ထိုရတနာပစ္စည်းများကို သိပ်သဘော မတွေ့လှပေ။
“ဘာမှ ထွေထွေထူးထူးမရှိပါဘူး။ မနေ့ညက ရှင်းယွီကို လက်ဆောင်ပေးရင်းနဲ့ ရတနာလုပ်ငန်းလုပ်တဲ့လူနဲ့ မိတ်ဆွေဖြစ်လာတာပါ”
“ဒါတွေကို ငါ့ဆိုင်မှာ ပြန်ပြီးရောင်းရင်ရောင်း။ မဟုတ်ရင် ပြန်ပြီးဒီဇိုင်းပြန်ဖော်ချင်ဖော်ပါ။ မင်းအဆင်ပြေသလိုလုပ်လေ”
“ဟုတ်ပါပြီ ကျွန်မအဆင်ပြေသလို စီစဉ်လိုက်ပါ့မယ်”
“ဒါနဲ့ ရှင်းယွီ မင်းမှာ အခန်းဖော်ဘယ်နှယောက်ရှိလဲ”
“သုံးယောက်လေ ဘာလို့လဲ”
“ဪ ဒီလိုပါပဲ။ မင်းရဲ့ အခန်းဖော်တွေကို ညစာပထမဆုံး ဖိတ်ကျွေးတာမဟုတ်လား။ ဒီတိုင်းလက်ဗလာကြီးနဲ့သွားလို့ ဘယ်ကောင်းပါ့မလဲ”
ဖန့်ကြွယ်ယွီက ကျွမ်းရီဘက်ကိုလှည့်ပြီး “အမရီ အဆင်ပြေတဲ့ သုံးခုလောက် ရွေးပြီး လက်ဆောင်ပေးဖို့ ထုပ်ပိုးပေးပါဦး”
“ဟာ အဲ့လောက်ကြီးလုပ်ဖို့ လိုလို့လား” သူတို့ဝယ်လာခဲ့သော ရတနာပစ္စည်းများက သန်းနှင့်ချီပြီး တန်ကြေးရှိသည်။ ညစာအတူတူစားရင်း ထိုမျှလောက်စျေးကြီးသော ပစ္စည်း များကို လက်ဆောင်အဖြစ် ပေးဖို့မလိုဘူးဟု ထင်မြင်မိသည်။
“ဒါပေါ့။ ဒါပေမဲ့ မင်းသူငယ်ချင်းတွေက ငါ့အပေါ် ကောင်းတဲ့ အမြင်ပဲ မြင်စေချင်တာလေ။ သူတို့ရှေ့မှာ မျက်နှာရဖို့ဆို ဒီလက်ဆောင်တွေပေးဖို့တန်ပါတယ်”
တခြားလူများက အားကျလောက်အောင် ဂရုစိုက်ပေးသည့် ရည်းစားကို မိန်းကလေးတိုင်းလိုချင်ကြသည်။ ဖန့်ကြွယ်ယွီက ပိုပြီးကောင်းပြလေလေ ရှင်းယွီက သူမ၏ သူငယ်ချင်းတွေ ရှေ့မှာ မျက်နှာရလေလေ ဖြစ်သည်။
လူသုံးယောက်ထိုင်ဖို့အတွက် သူ၏ကားက မဆံ့နေပေ။ ဖန့်ကြွယ်ယွီမှာထားသမျှ ကားအကုန်လုံးသည် ဂိုဒေါင်ထဲ ရောက်နေပြီဖြစ်သည်။ သူစီးနေကျကားကို ပြင်ဖို့အတွက် စက်ရုံဘက်ကိုပြန်ပို့လိုက်သည်။
“ရှင့်မှာ သာမန်ကားလိုလေးဘာလေးမရှိဘူးလား” ကောရှင်းယွီက ကားဂိုဒေါင်ကိုကြည့်သောအခါ ကားပြပွဲ တစ်ခုအလား ထင်မြင်မိသည်။
သူ့အတွက် သန်းနှင့်ချီသောပမာဏက ဘာမှမဟုတ်ဘူး ဟုဆိုသော ဖန့်ကြွယ်ယွီပြောဖူးခဲ့သည့် စကားက အပို ပြောခြင်းမဟုတ်ဘူးဆိုတာ နားလည်လိုက်သည်။
“ဒါက…” ဖန့်ကြွယ်ယွီက လှည့်ပတ်ကြည့်နေသည်။ ဝူလင်းဟုန်ဂန်ကားမှလွဲပြီး မည်သည့်ကားမှ သုံးသန်းအောက် တန်ကြေးမရှိပေ။
အဆုံးသတ်မှာ လူငါးယောက်ဆံ့နိုင်သော ဘန်တလေကားကို သူထုတ်လိုက်သည်။ သူယူလိုက်သောကားက ကျယ်ဝန်းပြီး တခြားဇိမ်ခံကားတွေထက် ပိုပြီးစျေးလျော့သည်။
ကျန်းနန်ဂီတအကယ်ဒမီရှေ့တွင် ကောင်မလေးသုံးဦး ရပ်စောင့်နေသည်။
သူတို့အဆောင်က အကုန်လုံး သင့်သင့်မြတ်မြတ်ရှိကြသည်။
ဝူရှောင်လင်းက အသက်အကြီးဆုံးဖြစ်ပြီး သူတို့သုံးယောက်ကို အမကြီးသဖွယ်စောင့်ရှောက်ပေးသည်။ ရှင်းယွီက ညတုန်းက အဆောင်မပြန်လာသဖြင့် သူတို့အားလုံးစိတ်ပူနေရသည်။
သို့သော် ယနေ့မှာတော့ ဖန့်ကြွယ်ယွီနှင့် ဖုန်းပြောခဲ့ရသည်။ ဖုန်းထဲမှကြားရသော အသံကိုအကဲခတ်ကြည့်ရသလောက် သူက ယုံကြည့်ရမည့်ပုံပေါ်သည်။ သို့သော် သူတို့၏ အချစ်ဆုံး သူငယ်ချင်း ရှင်းယွီကိုတွဲလိုပါက သူတို့စမ်းသပ်စစ်ဆေးတာကို အရင်ဦးဆုံးဖြတ်ကျော်ရမည်။
“ငါတို့တွေ ဒီနေ့ ရှင်းယွီရဲ့ကောင်လေးကိုအကဲခတ်ရမယ်။ သူက အချိုးမပြေဘူးဆို ချက်ချင်းသင်ခန်းစာပေးခဲ့ရမယ်”ဟု ဝူရှောင်လင်းကဆိုသည်။
“ရှင်းယွီက ဘယ်လောက်ပဲချစ်နေပါဦးတော့ လူကောင်း ဖြစ်မှသဘောတူမယ်”
“သူ့ရုပ်ရည်၊ အသွင်အပြင်၊ မျိုးရိုး၊ မိသားစုနောက်ခံ၊ စိတ်နေ စိတ်ထား၊ အပြုအမူအားလုံးကို ဆန်းစစ်ရမယ်။ ရှင်းယွီနဲ့
လိုက်ဖက်ဖို့ဆို သူက အဖက်ဖက်က ပြည့်စုံနေမှ ရမယ်” ကျောက်ကျင့်က ထပ်ထည့်ပြောသည်။
“ဟုတ်တယ် ထမင်းတစ်နပ်လိုက်ကျွေးရုံနဲ့ လွယ်လွယ် လက်ခံ လို့မရဘူး” အငယ်ဆုံးလေး လုံဝေ့ကလည်း ခပ်တည်တည် ထပြောသည်။
သူတို့သုံးယောက် စကားစမြည်ပြောနေချိန်တွင် အနီးအနား ကနေ ဘန်တလေကားတစ်စီးဖြတ်သွားသဖြင့် သူတို့အားလုံး ၏ အာရုံက ထိုကားအပေါ်ရောက်သွားသည်။
“ဟေ့ ငါပါ” ကားမှန်ကိုချလိုက်သောအခါ ကောရှင်းယွီက ကားထဲကနေ သူတို့ကိုလက်ပြနေသည်ကို တွေ့ရသည်။
သူတို့ကအသံလာရာကိုကြည့်သောအခါ ကားခေါင်းခန်းတွင် ထိုင်နေသော ရှင်းယွီနှင့် သူမ၏ ဘေးတွင် ငယ်ရွယ်ချောမော သောကောင်လေးတစ်ဦးကို တွေ့ရသည်။
“အို ဘုရားရေ” သုံးဦးလုံးပြိုင်တူ အာမေဍိတ်ပြုကြသည်။
ကောရှင်းယွီ၏ ကောင်လေးက ချောမောလိမ့်မည်ဟု ထင်ထား သော်လည်း သူတို့ထင်ထားသည်ထက် ပိုပြီးကြည့်ကောင်းလှ သည်။
“ရှင်းယွီ..သူငယ်ချင်းတွေကို ကားပေါ်ခေါ်လိုက်လေ”ဟု ဖန့်ကြွယ်ယွီက ညင်ညင်သာသာဆိုသည်။
“နင်တို့တွေ ဘာရပ်လုပ်နေတာလဲ။ ကားပေါ်တက်လေ” ဟု ရှင်းယွီက ဆိုသည်။
သူတို့က ဒီလောက်ကောင်းသောကားကို တစ်ခါမှ မတွေ့ဖူးပေ။ ဒီကားက ဖန့်ကြွယ်ယွီပိုင်ဆိုင်သမျှထဲ တန်ကြေး အနည်းဆုံးကားဆိုတာ သိခဲ့လျှင် သူတို့ဘယ်လို ဖြစ်ကြမည် နည်း။
“ညစာက ဘယ်မှာစားကြမလဲ။ ဆိုင်ရွေးပြီးသားလား။ ဒါက ကျွန်တော်က အားလုံးကို လိုက်ဝယ်ကျွေးတာပါ။ နောက်ပိုင်း ရှင်းယွီစိတ်ဆိုးစိတ်ကောက်ရင် ခင်ဗျားတို့ကိုပဲ အားကိုးရမှာ”
“ရှင်..ရှင်က ဖန့်ကြွယ်ယွီဆိုတဲ့တစ်ယောက်လား” ရှင်းယွီ၏
အခန်းဖော်က ချက်ချင်းမှတ်မိသည်။
“ဟုတ်ပါတယ် ကျွန်တော်ပါ”
သုံးယောက်လုံး၏ အကြည့်ကရှင်းယွီဆီကို ရောက်လာသည်။
“ဝိုး ရှင်းယွီ..နင်ငါတို့ မသိအောင် သေသေချာချာ လျှိုထား တာပဲ”
ကောရှင်းယွီ၏ ပရိတ်သက်တစ်ဦးက သူဌေးကြီးတစ်ဦးဆိုတာ သိပြီးသားဖြစ်သည်။ ချိုင်နားဂျွိုင်းကပုံ ထွက်လာကတည်းက သူမကိုမေးခဲ့သော်လည်း ရှင်းယွီက အမြဲငြင်းဆိုခဲ့သည်။
ဖန့်ကြွယ်ယွီက သရုပ်ဆောင်မဟုတ်သော်လည်း နာမည်ကြီး မင်းသားတစ်ဦးလောက်နီးပါး လူသိများသည်။ သူ၏ချမ်းသာမှု က ဥက္ကဌဝမ်ကိုတောင် မှေးမှိန်သွားစေစည်။
“မဟုတ်ပါဘူး။ ရှင်းယွီ ငါတို့က နင့်ကိုစိတ်ပူနေတာ။ ဒီကိစ္စကို ညစာလေးတစ်ခုထဲနဲ့ မကြေလည်နိုင်ဘူး”
“ဟုတ်တယ် ဥက္ကဌဖန့်က ဒီလောက် ချမ်းသာတာမို့ သူဒီထက် ပိုကောင်းတာကျွေးရမှာ”
ကောရှင်းယွီကဖန့်ကြွယ်ယွီအပေါ်သက်သက်ညှာညှာဆက်ဆံဖို့ စာပို့ထားခဲ့ပြီးဖြစ်သည်။
“နင်တို့တွေကလည်း” ကောရှင်းယွီက သူတို့ဘက်ကိုလှည့်ပြီး မျက်စောင်းထိုးသည်။
သို့သော် သူမ၏ အရိပ်ပြ ပုံက အရာမထင်လှပေ။ ကောင်မလေး များက စကားတပြောပြောနဲ့ ဆက်ပြီး စနောက် နေကြသည်။
စားသောက်ဖွယ်ရာများ၏ ဆွဲဆောင်မှုအောက်တွင် မနက်ခင်းကပေးထားခဲ့သော ကတိများအကုန် မေ့သွား ကြပုံရသည်။
“ပလတ်စတစ်ခင်မင်မှု”ဟု နာမည်တပ်လို့ရပေမည်။