ဆုံတွေ့မှု လက်ဆောင်မွန်
Vol. 7 Ch. 90
ကားက ကျောင်းမှ ကီလိုမီတာ အနည်းငယ်ကွာဝေးသော ဝမ်လုံရင်ပြင်ထဲကိုမောင်းဝင်လာသည်။ ထိုနေရာသည် ကျောင်းသူကျောင်းသားများကြား နာမည်ကြီးနေရာတစ်ခုဖြစ်သည်။စျေးကြီးသောကြောင့် ကျောင်းသားအများစုအဖို့ ပစ္စည်းများမဝယ်နိုင်ဘဲ Window shoppingလောက်သာလုပ်နိုင်သည်။
သို့သော် ထိုနေရာမှာရှိသော စားသောက်ဖွယ်ရာများက စျေးသင့်တင့်သည်ဟု ဆိုနိုင်သည်။ လူတစ်ဦးအတွက် ပျမ်းမျှကုန်ကျစရိတ် ၁၀၀လောက်သာရှိသည်။ သို့သော် ထိပ်ဆုံးထပ်မှာရှိသော ပြင်သစ်စားသောက်ဆိုင်ကတော့ ပျမ်းမျှကုန်ကျစရိတ် ငါးရာကျော်ရှိတာမို့ စျေးကြီးသည်ဟု သတ်မှတ်နိုင်သည်။ သူတို့က ဤ နေရာကို ခဏခဏရောက်ကြသော်လည်း ထိုပြင်သစ်စားသောက်ဆိုင်ကိုတော့ တစ်ခါမှ မဝင်ရဲပေ။ ဒီတစ်ခါတော့ ဖန့်ကြွယ်ယွီပါတာမို့ ထိုဆိုင်မှာစားနိုင်သည်။
“ခင်ဗျားတို့ ကြိုက်တာမှာစားကြပါ။ ကျွန်တော့်ကို မရှက်ပါနဲ့” ဖန့်ကြွယ်ယွီက သူတို့ကို မီနူးကမ်းပေးသည်။ ဤစားသောက်ဆိုင်မှာရှိသော ဟင်းပွဲများ၏ စျေးက မနည်းပေ။ သို့သော် အစားအစာအတွက် သူပုံမှန်သုံးနေကျ ပမာဏထက် နည်းသည်။
ဖန့်ကြွယ်ယွီကို အမှီသဟဲပြုပြီး ဤဆိုင်မှာစားရသောအခါ ကောင်မလေးများက ဗိုက်ပြည့်နေသည့်အလား သိပ်မမှာကြပေ။
“နင်တို့ဘာတွေဟန်ဆောင်နေတာလဲ” ကောရှင်းယွီက သူတို့ပုံစံကိုကြည့်ပြီး အားပါးတရရယ်မိသည်။
သူတို့က အမြဲအတူတူစားသောက်နေကြဖြစ်သည်။ သူတို့ထဲမှာအငယ်ဆုံးဖြစ်သူ လုံဝေ့တောင်မှ ငါးလုတ်ပဲစားရုံဖြင့် ဟမ်ဘာဂါတစ်လုံးကုန်သည်။ ယခုအခါ လုံဝေ့က အသီးသုပ်နှင့်ဖရဲသီးဖျော်ရည်သာမှာထားသည်။
“ငါတို့မှာ ဘာအကြံအစည်မှမရှိပါဘူးဟာ။ အနာဂတ်သူဌေးမကြီးက ငါတို့ကိုအထင်သေးတာတော့ မခံနိုင်ဘူးနော်” ဟုပြောပြီး လုံဝေ့က စိတ်ဆိုးချင်ယောင်ဆောင်သည်။
“ဟုတ်ပါ့..နင်က မင်္ဂလာတောင်မဆောင်ရသေးဘူးနော်။ ယောကျာ်းတစ်ယောက်အတွက်နဲ့ သူငယ်ချင်းတွေအပေါ် အမြင်စောင်းနေပြီပေါ့လေ။ ရှင်းယွီ ငါတို့နင့်အပေါ် ထင်မြင်ခဲ့တာတွေမှားပြီ”
ကျောက်ကျင့်က စိတ်မကောင်းသည့်ပုံစံဖြင့်ပြောသည်။
“ဟုတ်ပါပြီဗျာ..ရှင်းယွီက ခင်ဗျားတို့ကို စတာပါ။ ကြိုက်တာမှာစားကြပါဗျာ” ဖန့်ကြွယ်ယွီက အခြေအနေကို ဝင်ထိန်းလိုက်ရသည်။
သို့သော် ဖန့်ကြွယ်ယွီ၏ စကားလုံးများက အရာမထင်ပေ။ သူတို့သုံးဦးက စိတ်ကြိုက်မှာစားလို့ ရမရဆိုတာ ကောရှင်းယွီဆီကနေ ခွင့်ပြုချက်တောင်းနေပုံရသည်။
နောက်ဆုံးမှာ ကောရှင်းယွီလည်း သူတို့၏အကြည့်ကိုမခံနိုင်တော့ဘဲ သဘောတူလိုက်ရသည်။
“ရေး..ရှင်းယွီ..ချစ်လိုက်တာနော်” ဝူရှောင်လင်းက ရှင်းယွီကို ဖက်နမ်းမည့်ပုံပြင်သည်။
“ဒီဟာ..ငါ ဒီမီးတောင်အသားကင်စားချင်တယ်။ပြီးတော့ ဒီပုစွန်ဟင်းရောပဲ။ ပြစ်သစ်ဝိုင်နဲ့ချက်ထားတဲ့ ကြက်သားဟင်းရယ်..ပြီးတော့ black forest လည်းမှာမယ်”
“အကုန်မှာလိုက်မယ်။ ငါလည်း မက်စကီကန်စတိုင်ကြက်ရင်အုံသားအစပ်နဲ့ လက်ဖက်စိမ်းအချိုပွဲမှာမယ်”
“နင်တို့အရင်ဘဝထဲက ငတ်ပြတ်နေကြတာလား” ဖန့်ကြွယ်ယွီက တအံ့တဩကြည့်နေသည့်ပုံကိုမြင်ပြီး သူမခွင့်ပြုချက်ပေးမိတာကို နောင်တရမိသည်။
ရှက်လွန်းသဖြင့် သူမကိုယ်သူမ တွင်းထဲမြေမြှုပ်ပြီး နေလိုက်ချင်သည်။
“ရှင်းယွီ နင်ကလဲ။ နင်က အသားစားပြီး ငါတို့က ဟင်းချိုပဲထိုင်သောက်နေရမှာလား။ ဘာဖြစ်လို့လဲ။ နင်က ဥက္ကဌဖန့်လို သူဌေးကြီးနဲ့တွဲနေတာလေ။ ငါတို့လည်း နည်းနည်းပါးပါးတော့ ဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်တယ်လေ။ မရဘူးလား။ ပြီးတော့ ငါတို့က နေ့တိုင်း ဒီလိုမျိုး စားနေတာလည်းမဟုတ်ဘူးလေ”
ဟု ကျောက်ကျင့်က ချေပပြောဆိုသည်။
ကောရှင်းယွီက ကုန်ကျစရိတ်ကို စိတ်မပူဘဲ သူတို့၏ အပြုအမူက ရှက်စရာကောင်းနေမှာကို တွေးပူသည်။
“ဟုတ်တယ်လေ..ငါတို့မှာ နင့်ကို မနေ့ညက စိတ်တွေပူလိုက်ရတာ။ ဒီနေ့တော့ ငါတို့ကို အစားကောင်းကောင်းလေးလိုက်ကျွေးသင့်တယ်မဟုတ်လား” လုံဝေ့က ဝင်ပြောသည်။
“ဒါနဲ့ကိုလူချောဖန့်..ငါတို့ ရှင်းယွီကတစ်ခါမှ ရည်းစားမထားဖူးဘူး။ ဒါပေမဲ့ သူ့ကိုကြိုက်တဲ့သူကတော့ ကျောင်းပေါက်ကနေတန်းစီမယ်ဆို တောင်ပိုင်းရေကန်ထိတောင်ရှိတယ်။ သူ့ကိုကြိုက်လိုက်ရင်လည်း ပြိုင်ကားအမိုက်စားမောင်းတဲ့ သူဌေးသားတွေချည်းပဲ။ ရှင်းယွီကို ဘယ်လိုရအောင် လိုက်ခဲ့တာလဲ”
“ဒါကတော့ ကိုယ်ပိုင်အရည်အချင်းနဲ့ ဆွဲဆောင်မှုပေါ့ဗျာ ဟားဟား” ဖန့်ကြွယ်ယွီကပြန်ဖြေရင်း အားပါးတရရယ်မောသည်။
အား!
သူ၏ခါးကို လိမ်ဆွဲလိုက်သည်ကို ဖန့်ကြွယ်ယွီခံစားမိသည်။ သူက ထိုနာကျင်မှုကို တောင့်ခံထားသည်။
“ဟုတ်ပါတယ် ခင်ဗျားတို့သိတဲ့အတိုင်း လူကောင်းအချင်းချင်းဆုံကြတာပေါ့ဗျာ။ ဘယ်သူက ဘယ်သူ့ကိုရလို့ အသာစီးရတယ်ဆိုတာ မရှိပါဘူး။ ဟုတ်တယ်မလား။ ရှင်းယွီ”
ဖန့်ကြွယ်ယွီက ကောရှင်းယွီကိုကြည့်ပြီး ပြုံးပြသည်။ ထိုကောင်မလေးများလည်း ချစ်သူရည်းစားရပါက ဘယ်လိုလူများနှင့် ဆုံကြမလဲဆိုတာ သူသိချင်သည်။
“အာ ဟုတ်သားပဲ..ကျွန်မ သူတို့ကို ရှင်နဲ့မိတ်မဆက်ရသေးဘူးနော်” ရုတ်တရက်ဆိုသလို သူမမေ့နေသောအရာကို အမှတ်ရလာသည်။
“ဒါက ငါတို့ အဆောင်ခေါင်းဆောင် ဝူရှောင်လင်း.. အသံမေဂျာကပေါ့။ သူက ဒီနယ်ခံပဲလေ။ ငါတို့ သုံးယောက်ကို သူပဲ အစစအရာရာ ကူညီစောင့်ရှောက်ပေးတာ”
“မင်္ဂလာပါ” ဝူရှောင်လင်းက သူနှင့် လက်ဆွဲနှုတ်ဆက်သည်။
“ဒါက ကျောက်ကျင့်ပါ။ သူကတော့ ယန်ကျင်းကလာတာ။ တယောမေဂျာအထူးပြုတက်နေတာ”
“သူကတော့ လုံဝေ့..ငါနဲ့ မေဂျာတူ အတန်းတူသူငယ်ချင်းပေါ့”
“မင်္ဂလာပါဗျ..ကျွန်တော့်နာမည် ဖန့်ကြွယ်ယွီလို့ခေါ်ပါတယ်။ ဇာတိကတော့ ဟိုင်ဟွာမြို့ပါ။ ခုလက်ရှိကတော့ ကျန်းနန်တက္ကသိုလ်မှာ နောက်ဆုံးနှစ်တက်မှာပါ” ဖန့်ကြွယ်ယွီက သူကိုယ်တိုင်ကိုယ်ကျမိတ်ဆက်သည်။
“ကျွန်တော်က စကားပြောလည်းမကောင်း မချော့လည်းမချော့တတ်ဆိုတော့ ရှင်းယွီကိုစိတ်ဆိုးအောင်လုပ်မိခဲ့ရင် ခင်ဗျားတို့ကိုအပူလာကပ်မယ်နော်”
“ရပါတယ်ရှင်..ဒီနေ့ညစာလိုက်ကျွေးတာနဲ့တင် ရှင်းယွီကို အပိုင်ပေးလိုက်ပါပြီ”
အချင်းချင်းစနောက်နေကြချိန်တွင် ကောင်မလေးများသတိထားမိတာတစ်ခုရှိသည်။ ဖန့်ကြွယ်ယွီက ကောရှင်းယွီကို ကြည့်သည့်အကြည့်များထဲတွင် အမှန်တကယ်ချစ်ခင်ကြင်နာစိတ်များကို အတိုင်းသားမြင်နေရသည်။
“ဒီနေ့မှာရုတ်တရက် ညစာစားဖို့ချိန်းလိုက်ရတာဆိုတော့လေ လောလောနဲ့ထွက်လာမိလိုက်တာ လက်ဆောင်တွေ သေချာပြင်ပြီးပေးဖို့ အချိန်မရလိုက်ဘူး။ ဒါလေးကိုတော့ ဆုံတွေ့မှုလက်ဆောင်အဖြစ် လက်ခံပေးကြပါ”
ဖန့်ကြွယ်ယွီက သူ၏အိတ်ကပ်ထဲမှ ဗူးလေး(၃) ဘူးကိုထုတ်သည်။
“ဖန့်ကြွယ်ယွီ ရှင်က သဘောကောင်းလိုက်။ လက်ဆောင်တွေပေးဖို့မလိုပါဘူး” ဟု ကောင်မလေးများက ပြောရင်း လက်ဆောင်ကိုလက်ခံသည်။
“ဒီလက်ဆောင်လေးပေးလို့လေ လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ ရှင်းယွီနဲ့ ငါက အတူတူရေချိုးနေတာဆိုတော့ သူမက ပိန်ပေမဲ့လေ”
“ဝေဝေ နင်သေချင်ပြီလား” ကောရှင်းယွီက ရှက်လွန်းပြီးမျက်နှာများ နီရဲတက်လာသည်။
“ဟဲဟဲ..ဒါကတော့ တကယ့်လျှို့ဝှက်ချက်ပဲလို့ ငါထင်တယ်” ဖန့်ကြွယ်ယွီက သူ့တစ်ကိုယ်ကြားပြောသည်။
“ဒါက ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်။မယူပါရစေနဲ့။ “ ကျောက်ကျင့်က ဗူးကိုဖွင့်ပြီး တအံ့တဩဖြစ်သွားသည်။ ဗူးထဲမှာ ပုတီးလက်ကောက်တစ်ခုခုဟု ထင်ထားသော်လည်း အမှန်တကယ်ဗူးကိုဖွင့်ကြည့်သောအခါ တလက်လက်ထနေသော စိန်ကိုမြင်ပြီး ထိတ်ထိတ်ပျာပျာဖြစ်သွားရသည်။
စျေးနှုန်းလည်းပါတာမို့ တစ်သီတစ်တန်းကြီးဖြစ်နေသော သုညအရေအတွက်ကိုကြည့်ပြီး သွေးတက်ကာ မူးနောက်နောက်ပင်ဖြစ်ချင်လာသည်။
စိန်လည်ဆွဲ၏ တန်ဖိုးသည် ၅၇၀,၀၀၀ တန်ကြေးရှိသည်။
သူဌေးများက သူတို့ရည်းစား၏ သူငယ်ချင်းများကို ညစာဖိတ်ကျွေးရင်း သိန်းပေါင်းများစွာတန်သော လည်ဆွဲကိုလက်ဆောင်ပေးနေကျလား။
အမှန်တော့ ကျွမ်းရီက သန်းပေါင်းများစွာတန်ကြေးရှိသော လည်ဆွဲများကိုပြင်ဆင်ထားခဲ့သည်။ သို့သော် စတွေ့တွေ့ချင်း ထိုမျှစျေးကြီးသောလက်ဆောင်များကို ပေးခြင်းက အမြင်မတော်မှာဆိုးပြီး စျေးနည်းသောလည်ဆွဲများနှင့် သူ ပြန်လဲခဲ့ခြင်းဖြစ်သည်။
သို့သော် စျေးပေါသည့် လည်ဆွဲတောင်မှ သိန်းနှင့်ချီပြီး တန်ကြေးရှိသည်။
“ယူလိုက်ပါ။ ငါက အာဖရိကမှာ စိန်တွင်းတွေပိုင်တာ။ ဒါကြောင့်မို့ ဒီလည်ဆွဲလောက်က ငါ့အတွက် မပြောပလောက်ဘူး။ ရှင်းယွီကို အခုကာလတွေမှာ သေချာစောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့လည်း ပေးချင်လို့ပါ”
“စိန်တွင်း” ထိုစကားကိုကြားပြီး ကောင်မလေးသုံးယောက်ပါးစပ်အဟောင်းသားဖြစ်ကုန်ကြသည်။
ဖန့်ကြွယ်ယွီနှင့် ပတ်သက်ပြီး သတင်းမျိုးစုံထွက်သည်။ တချို့ကပြောကြသည်မှာ သူက ကားလုပ်ငန်းစုကြီး၏ ဒါရိုက်တာဟုဆိုပြီးဖြစ်သည်။ တချို့ကျတော့ သူက သူဌေးကြီးတစ်ဦး၏ တိတ်တိတ်ပုန်းသားဟု ဆိုပြန်သည်။ တချို့ကျတော့ သူဌေးကြီး၏ တရားဝင်သားဟု ပြောနေကြသည်။
သူက အာဖရိကတိုက်မှာ စိန်တွင်းတွေပိုင်ဆိုင်သည်ဆိုသော အကြောင်းကို မည်သူမှ မပြောဖူးပေ။
“ရှင် ဒါတွေကို တကယ်ပေးတာလား” အိပ်မက်မက်နေသလို ခံစားနေရသည်။ ကောရှင်းယွီကတော့ လူရွေးမှန်သွားပြီဖြစ်သည်။
“တကယ်ပေးတာပါ။ သေသေချာချာလေး သိမ်းထားကြပါ”
“ဪ ဒါနဲ့နောက်လကျရင် စုလွင်ရဲ့ ဂီတဖျော်ဖြေပွဲရှိတယ်မဟုတ်လား။ မင်းတို့အတွက်လက်မှတ်တွေ ရှင်းယွီနဲ့ ထည့်ပေးလိုက်မယ်။ ရှေ့တန်းကကြည့်ရမဲ့ VIP ခုံလက်မှတ်တွေပေါ့”
“ရေး” သူတို့သုံးဦးက စုလွင်၏ ပရိတ်သက်များဖြစ်ကြသည်။ သူ၏ ဖျော်ဖြေပွဲကြည့်ဖို့ လက်မှတ်ဖိုးကို အစာငတ်ခံပြီးတောင် ပိုက်ဆံစုကြသည်။ သို့သော် သူတို့ကလက်မှတ်ကို ဝယ်မရဖြစ်နေခဲ့သည်။ ထိုသတင်းက လည်ဆွဲပေးတာထက် ပိုပြီးအဖိုးတန်သည်။
“ရှင်က စုလွင်နဲ့လည်းသိတာပဲလား” ဝူရှောင်လင်းကမေးသည်။
“ဆိုပါတော့..အရင်တစ်ခါ ဆန်ယာကိုသွားတုန်းက သူက ငါ့လေယာဉ်နဲ့လမ်းကြုံလိုက်လာတာ”
“ရှင်းယွီ နင်အရင်ဘဝက နိုင်ငံကိုများကယ်တင်ပေးခဲ့တာလား” ဖန့်ကြွယ်ယွီ၏ ချမ်းသာကြွယ်ဝမှုကို အံ့ဩမဆုံးဖြစ်နေကြသည်။
“ငါက ဟောဒီစကြာဝဠာတစ်ခုလုံးကို ကယ်ခဲ့တာဖြစ်မယ်” ရှင်းယွီက ဖန့်ကြွယ်ယွီကို ချစ်ရည်ရွှန်းလဲ့သောအကြည့်ဖြင့်ကြည့်သည်။
“သူဌေးသားလေးမှာ အကိုတွေညီတွေများမရှိဘူးလား။ ရှိရင် ငါတို့နဲ့ မိတ်ဆက်ပေးပါဦး”