← Chapters

ငါ့မှာ မင်းလိုချင်တာ အကုန်ရှိတယ်

Vol. 7 Ch. 91

ငါ့မှာ မင်းလိုချင်တာ အကုန်ရှိတယ်

Vol. 7 Ch. 91

“ညီလေးဖန့်..တောင်းပန်ပါတယ်။ ငါက ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် မြေနေရာရအောင် မစီမံနိုင်ခဲ့ဘူး” ကောရှင်းယွီတို့ကို ပြန်ပို့ပေးပြီးနောက် သူ့ထံသို့ ထိုသတင်းရောက်ချလာသည်။

မကြာသေးခင်က ရှန်တုံနားမှာ မြေယာလေလံပွဲရှိခဲ့သည်။ ယခင်တုန်းက စွန့်ပစ်မြေဖြစ်ဖူးခဲ့သော ထိုနေရာကအကျယ်ကြီးဖြစ်သည်။ ဒေသအာဏာပိုင်အစိုးရက ထိုနေရာကို ဖွံ့ဖြိုးတိုးတက်စေလိုသဖြင့် ထိုမြေအများအပြားကို ငှါးရမ်းခွင့်ချပေးသည်။

သေချာစုံစမ်းကြည့်သောအခါ သူတို့၏ ဆောက်လုပ်ရေးအစီအစဉ်အတွက်တော့ အနည်းငယ်ကျဉ်းသောနေရာဆိုသော်ငြား နောက်ပိုင်းမှာ ဘေးပတ်ဝန်းကျင်နေရာများက ဖွံ့ဖြိုးတိုးတက်မည့်အလားအလာများစွာရှိတာမို့ ထိုနေရာမှာဆောက်လုပ်ရေးလုပ်ဖို့ ရွေးချယ်သည့် အကြံက မဆိုးလှပေ။

အိမ်ခြံမြေဆောက်လုပ်သည့်လုပ်ငန်းရှင်များက ထိုလေလံဆွဲကြသည်။ သို့သော် စက်မှုမြို့တော်တည်ထောင်ရန် အဆိုပြုသော ကုမ္ပဏီကသာ လေလံအောင်ခဲ့သဖြင့် ဝမ်ချုံးကလက်ဗလာဖြင့်ပြန်ခဲ့ရသည်။

မြေနေရာရွေးချယ်မှုက အမြဲလိုလိုနှောင့်နှေးကြန့်ကြာနေသဖြင့် ဖန့်ကြွယ်ယွီကိုအားနာနေမိသည်။

“ဘာမှမဖြစ်ပါဘူး။ ငါလည်းနည်းလမ်းရှာလိုက်ပါဦးမယ်။ ဒီကိစ္စက အလောတကြီးလုပ်လို့မှ မရတာ” ဟု ဖန့်ကြွယ်ယွီက နှစ်သိမ့်သည်။

“မဟုတ်ဘူး။ အထူးပြုလုပ်ချက်အဖွဲ့ကို နှစ်နှစ်စာချုပ်နဲ့ငှါးထားပြီးပြီ။ ဒါကြီးကကြန့်ကြာနေမယ်ဆို သူတို့လည်း စိတ်ရှည်တော့မှာမဟုတ်ဘူး။ပြန်သွားကြလိမ့်မယ်”

“ဘာတွေတွေးပူနေတာလဲကွာ။ သူတို့ကို အပြတ်ပေးပြီးငှါးလိုက်ရင်ရတာလေ”

သူက မြေနေရာအကျယ်ကြီးဝယ်ယူဖို့ စိစဉ်နေချိန်တွင် ထိုအဖွဲ့လေးကြောင့် ဒုက္ခအရောက်မခံနိုင်ပေ။

သူတို့က ပြန်သွားလျှင်တောင်မှ ရှောင်းရီ၏ ဒေတာစနစ်တွင် သိမ်းဆည်းထားသော မှတ်ဥာဏ်ကို သုံးပြီး ထိုအထူးပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်လျှင်လည်း ကွာခြားချက်မရှိနိုင်ပေ

“ဟူး..ဒီကိစ္စက တကယ့်ကို ပြသနာကြီးတစ်ခုပါလား” ဟု ဖန့်ကြွယ်ယွီ သက်ပြင်းချကာ ပြောသည်။ ဟွာရှားမှာမြေပေါသော်လည်း ပိုက်ဆံနှင့် အလွယ်တကူဝယ်ယူနိုင်ဖို့ မလွယ်ပေ။

“ပိုင်ရှင် လူတွေသိပ်မရှိတဲ့နေရာ လူတွေမနေနိုင်တဲ့နေရာမှာဆောက်မယ်ဆိုရင်ရော” ဟု ရှောင်းရီက အကြံပေးသည်။

“အာတိတ်တို့ အန္တာတိကတို့မှာ ဆောက်မှာလား” ဖန့်ကြွယ်ယွီ၏ ဦးနှောက်ကထိုနေရာနှစ်ခုကိုသာ စဉ်းစားမိသည်။

“ရူးနေလား”

“ကမ္ဘာပေါ် မြေနေရာက သေးသေးလေးပဲရှိတာ။ သမုဒ္ဓရာတို့ သဲကန္တာရတို့ဆိုတာ လူတွေမနေနိုင်တဲ့ အဆုံးအစမဲ့ ကွင်းပြင်ကျယ်တွေမဟုတ်လား။ တခြားမပြောနဲ့။ ပိုင်ရှင်က ရုပ်ရှင်ရိုက်ကွင်းကို သဲကန္တာရထဲမှာဆောက်လုပ်မယ်ဆိုလျှင် အစိုးရက အပြည့်အဝထောက်ပံ့ပေးမှာပဲ”

“အဲ့လောက်လွယ်လို့လား” ဖန့်ကြွယ်ယွီစဉ်းစားကြည့်သောအခါ သဲကန္တာရထဲမှာရိုက်ကွင်းမြို့တော်တည်ဆောက်လျှင် သူတို့ဇာတ်ကားထဲမှာပါသော သဲကန္တာရရိုက်ကူးရေးအတွက် ဆောက်လုပ်စရာမလိုတော့ပေ။ ပထမအဆင့်လုပ်ရမည့်အလုပ်များကို သုံးပုံပုံတစ်ပုံ လျှော့ချပေးနိုင်သည်။

“ဒါပေမဲ့ သဲကန္တာရမှာကျတော့ ဖောင်ဒေးရှင်းကမခိုင်ဘူး။ ပြီးတော့ ရေလည်းရှားမှာ။ လူတစ်ယောက်က အဲ့မှာရက်အတော်ကြာရှင်သန်ဖို့တောင်ခက်ခဲတာ။ ရုပ်ရှင်မြို့တော်တစ်ခုတည်ဆောက်ဖို့ ဖြစ်နိုင်ပါ့မလား”

“ပိုင်ရှင်က ငါ့ကိုအထင်သေးတာလား” ရှောင်းရီက မကျေနပ်ပေ။

“ငါ့ကိုဖန်တီးခဲ့တဲ့ကမ္ဘာက အရမ်းကိုအဆင့်မြင့်တာ ပိုင်ရှင်တို့ကမ္ဘာမြေကလူတွေ နားလည်မှာမဟုတ်ပါဘူး။ သဲကန္တာရမှာ ဆားပေါက်မြေက ပြသနာလို့ထင်နေတာ ဟုတ်တယ်မလား။ ပိုင်ရှင်မရှင်းနိုင်တဲ့ပြသနာကို ငါရှင်းနိုင်တယ်”

“မင်းမှာ နည်းလမ်းရှိလို့လား”

“ရှိတာပေါ့။ ပိုင်ရှင်က တွေးမိတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ပိုင်ရှင်လိုချင်တာမှန်သမျှ ငါ့မှာရှိတယ်” ဟု ရှောင်းရီက ယုံကြည်ချက်ရှိရှိဖြင့်ဆိုသည်။

“ငါ့မှာ အပင်တွေရဲ့ မျိုးရိုးဗီဇကိုပြုပြင်ပြောင်းလဲနိုင်တဲ့ နည်းပညာရှိတယ်။အဲ့အပင်ကို သဲကန္တာရမှာစိုက်လိုက်တာနဲ့ လျင်လျင်မြန်မြန် အမြစ်တွယ်နိုင်မယ်။ အဲ့အမြစ်တွေက ဟိုးမြေလွှာအောက်ထိ ဆင်းပြီး မြေအောက်ရေကို ဆွဲယူမယ်။ အဲ့အပင်ကရှင်တာနဲ့တစ်ပြိုက်နက် မြေဆီလွှာက ခိုင်မာလာမယ်။အဲ့အပင်ကို စိုက်ပြီးတစ်နှစ်အတွင်း သဲကန္တာရမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ နေရာတစ်ခုကို ဖန်တီးနိုင်မယ်”

“မိုက်လှချည်လား”

“ကမ္ဘာမြေမှာရှိတဲ့ နည်းပညာနဲ့ဆို လုပ်လို့ရနေပါပြီ။ တချို့နိုင်ငံတွေမှာဆို တိုးတက်မှုအလားအလာတွေပြနေပြီ

။ ဒါပေမဲ့ဒီအပင်ကို တီထွင်နိုင်ဖို့ဆို ဆယ်နှစ်နဲ့အထက်တော့ အချိန်ယူရမယ်”

“ငါတို့နိုင်ငံမှာ အဲ့လိုသုတေသနလုပ်နေတဲ့လူရှိလား” ထိုနည်းပညာက မပေါ်သေးဘူးဆိုတာ ဖန့်ကြွယ်ယွီသိနေသည်။ သူက သဲကန္တာရမြေကို အသုံးချလိုပါက ကြားခံတစ်ခုလိုအပ်သည်။ ထိုကြားခံက အနိမ့်ဆုံး ရှောင်းရီပြောသော နည်းပညာကို အသုံးပြုရန် လိုအပ်နေသည်။

“အင်း ဒါပေမဲ့ အများကြီးတော့မဟုတ်ဘူး။ ခုမှ ဖြည်းဖြည်းချင်းစမ်းသပ်တီထွင်နေကြတာ။” ရှောင်းရီက ချက်ချင်းဆိုသလို သက်ဆိုင်ရာစာရွက်စာတမ်းအကုန်ရှာလိုက်သည်။

“ခုချိန်မှာ အကောင်းဆုံးရလဒ်ထွက်နေတာက မင်းတို့ကျန်းနန်တက္ကသိုလ်က ပရော်ဖက်ဆာ ချီတုံဦးဆောင်တဲ့ ပရောဂျက်အဖွဲ့ပဲ။အပင်ကို မျိုးရိုးဗီဇဖွဲ့စည်းပုံပြောင်းလဲပြီးတဲ့နောက် အပင်ရဲ့ ကြီးထွားမှုသံသရာနဲ့ လုပ်ဆောင်တဲ့အပိုင်းမှာတင် ရပ်နေပြီးရှေ့မဆက်နိုင်ကြတာ။ဒီနည်းပညာကိုအသုံးပြုနိုင်ဖို့ သူတို့နဲ့ ဆွေးနွေးညှိနှိုင်းကြည့်မယ်ဆိုရင်ရော”

“ ပြီးတော့ နည်းပညာက ဟဲဟဲဟဲ…” ဖန့်ကြွယ်ယွီက ရယ်ကျဲကျဲလုပ်ပြသည်။

“ငါ့ကို အဖေလို့ခေါ်လေ”

“စိတ်ကူးယဉ်မနေနဲ့”

“ဒါဆိုလည်း ထားလိုက်တော့လေ”

“အဖေ”

“ဒီလိုမှပေါ့ လိမ်မာတယ်”

နာရီဝက်အကြာမှာ ဖန့်ကြွယ်ယွီက နားထင်ကိုပွတ်ကြည့်သောအခါ သူ့မှာရှိသော ဗဟုသုတတချို့ကို ရလာသည်။ ထိုအရာများကို အသေးစိတ်နားလည်နိုင်ဖို့ အခြေခံဇီဝဗေဒသဘောတရားများနှင့် မျိုးရိုးဗီဇဆိုင်ရာဗဟုသုတများကို သူ့ဦးနှောက်ထဲထည့်ပေးသည်။

အနည်းဆုံး ထိုနှစ်ပိုင်းမှာ သူက ကျွမ်းကျင်သူတစ်ဦးနှင့် မခြားနားတော့ပေ။

“ရှောင်းရီ ငါ့ဦးနှောက်ထဲ ဗဟုသုတတွေထည့်တဲ့အခါတိုင်း မအီမသာဖြစ်မှာလား”

ဖန့်ကြွယ်ယွီက သုံးညလောက် မအိပ်ထားရသော လူအလား ပင်ပန်းနွမ်းလျနေသည့်ပုံပေါ်သည်။

“ဘာလို့လဲဆို ပိုင်ရှင်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အားနည်းနေလို့ အချက်အလက်အများကြီးကို

ချက်ချင်းထည့်နိုင်ဖို့ဆိုတာ သိပ်မလွယ်ကူသေးတာပါ။ ပိုင်ရှင့်အဖေဆို စက္ကန့်အနည်းငယ်ဆို ရတယ်။ ဒါကြောင့်မို့ပြောတာ။ ရယူပိုင်ဆိုင်ခွင့်အဆင့်ကို မြန်မြန်ပြီးအောင်လုပ်ပါလို့”ဟု ရှောင်းရီက ရှင်းပြသည်။

“ဘာပဲဖြစ်ဖြစ် မင်းနည်းပညာက တကယ့်ကိုကောင်းလွန်းတယ်။ အခြေခံကျတဲ့ မျိုးရိုးကွင်းဆက်တစ်ခုမှာ နောက်ထပ်အပိုင်းတွေဆက်တာ။ မျိုးရိုးဗီဇပြောင်းလဲပြင်ဆင်ဖို့ အတွဲသစ်တွေထည့်တယ်ဆိုတဲ့ နည်းပညာကိုမကြားဖူးသေးတာအမှန်ပဲ”

“ဒါက ပါမွှားလေးတွေပါ။ အပင်တွေကို ပြောင်းလဲတယ်ဆိုတာက တကယ့်အခြေခံလွယ်လွယ်လေး။ ပိုင်ရှင်လုပ်ချင်တယ်ဆို လူသားတွေကို ပြောင်းလဲပစ်လို့တောင်ရတယ်။ ငါတို့ကမ္ဘာမှာတော့ ဒီလိုနည်းပညာရှိတာကြာပြီ။ ကမ္ဘာမြေကအတွေးအခေါ်တွေကိုတော့ ငါ့အစွမ်းအစတွေနဲ့ လာမပေါင်းစပ်လိုက်ပါနဲ့”

ရှောင်းရီ၏ ပုံစံက အနည်းငယ်မောက်မာသော်ငြား သူတို့ကမ္ဘာက နည်းပညာက ကမ္ဘာမြေပေါ်ရှိနည်းပညာထက်တော့ သာလွန်သည်မှာ ငြင်းနိုင်ဖွယ်မရှိပေ။

“ဒါနဲ့ဆို ကိစ္စတော်တော်များများ အဆင်ပြေပြီ”

ကျောင်းမဖွင့်သေးသော်လည်း ကျောင်းသားအများစုက ပိတ်ရက်မရသေးပေ။ ကျန်းနန်တက္ကသိုလ်က ပရော်ဖက်ဆာ ချီတုံက နာမည်ကြီးတစ်ဦးဖြစ်သည်။ သူသည် အသက်၂၈နှစ်အရွယ်မှာ ပါရဂူဘွဲ့ရခဲ့ပြီး Nature ဟူသော နာမည်ကြီးနိုင်ငံတကာဂျာနယ်တစ်စောင်တွင် ဦးဆောင်သုတေသီတစ်ဦးအနေဖြင့် စာတမ်းရှစ်စောင် ထုတ်ဝေနိုင်ခဲ့သည်။ ထို့ကြောင့် သူ့ကို ကျန်းနန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ခန့်အပ်ခဲ့သည်။

ပရော်ဖက်ဆာချီတုံသည် အခုအခါ အသက် ၆၅နှစ်အရွယ် ပညာရှင်တစ်ဦးဖြစ်နေသည်။ သူ၏ ပရောဂျက်အဖွဲ့သည် နိုင်ငံ၏ သဲကန္တာရဖြစ်ထွန်းမှုကိုတိုက်ဖျက်နိုင်ရန် မျိုးရိုးဗီဇဆိုင်ရာနည်းပညာအသစ်ကို တီထွင်နိုင်ရန် ကြိုးပမ်းကြသည်။ သို့သ်ော ဤနည်းပညာက အဆင့်မြင့်လွန်းလှသည်။ ဆယ်နှစ်လောက်လေ့လာသည့်တိုင် တိုးတက်မှုအနည်းငယ်နှင့်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကြုံတွေ့နေရသည်။

ပရော်ဖက်ဆာချီက ရုံးမှာထိုင်ရင်း ထိုဘာသာရပ်အကြောင်း နောက်ဆုံးထွက်ရှိထားသော စာစောင်များကိုဖတ်နေသည်။ သူ့၏ အဖွဲ့က ထိုဘာသာရပ်နှင့်ပတ်သပ်ပြီး ရှေ့တန်းရောက်နေသည်ဟု ဆိုနိုင်သည်။

သူက ပင်စင်ယူရမည့်အရွယ်ရောက်သော်ငြား သူ့ကိုကျောင်းကဆက်လက်ပြီး ခန့်အပ်ထားသည်။ သူက သုတေသနလုပ်ရန် စိတ်အားထက်သန်သော်ငြား သူ့ကျန်းမာရေးက အင်တိုက်အားတိုက်လုပ်ရသော သုတေသနလုပ်ငန်းများကို လုပ်ဆောင်ဖို့ အထောက်အပံ့မဖြစ်တော့ပေ။ဒီနည်းပညာ၏ တိုးတက်မှုများကို မမြင်လိုက်ရမည်ကို သူစိုးရိမ်သည်။

ထိုအချက်ကိုစဉ်းစားပြီး ရင်မောလာကာ သက်ပြင်းချမိသည်။

ရုတ်တရက် သူ့ထံသို့ emailတစ်စောင်ဝင်လာသည်။ ကျောင်းပိုင်ပစ္စည်းများကို အသုံးပြုခွင့်အား ကျောင်းသားတစ်ဦးက သူ့ထံမှလာတောင်းသည်ဟုထင်ကာ သိပ်ပြီးအလေးမထားပေ။

သို့သော် emailကိုစစ်ကြည့်သောအခါ သူထင်သလို မဟုတ်ဘဲ ကျောင်း emailတစ်ခုမှ ပို့လာခြင်းဖြစ်သည်။ထိုemailတွင် စာတစ်စောင်တွဲထားသည်။ သူဖွင့်ကြည့်သောအခါ မျိုးရိုးဗီဇဆိုင်ရာ ပုံတစ်ပုံဖြစ်ပြီး အထဲမှာမှတ်စုများစွာရေးမှတ်ထားသည်။

“ဒါက” အတွေ့အကြုံရှိပညာရှင်တစ်ဦးဖြစ်တာမို့ တစ်ချက်ကြည့်ရုံဖြင့် အဖိုးတန်အချက်အလက်များဆိုတာ တန်းသိသည်။

ချက်ချင်းဆိုသလို သူ၏ ပါရဂူကျောင်းသားဆီ ဖုန်းလှမ်းဆက်သည်။

“ချောင်ဖန်း.လျှိုယန် မင်းတို့အဖွဲ့နဲ့ ဂျူနီယာတွေကို ငါ့ရုံးခန်းထဲမှာ စုကြမယ်လို့ပြောလိုက်။ ငါတို့ model တစ်ခုကို ဆန်းစစ်ရမယ်။ အဖိုးတန်တဲ့ ရှာဖွေတွေ့ရှိမှုကြီးတစ်ခုတွေ့ထားတယ်”

All Chapters