ဒီတိုင်းအပျင်းပြေပေါ့
Vol. 7 Ch. 92
နိုင်ငံ၏ အဖိုးတန်ရတနာတစ်ဖြစ်လဲ ချီတုံ၏ ဇီဝအင်ဂျင်နီယာလက်တွေ့ခန်းသည် တစ်ညလုံးမီးလင်းနေသည်။ ထိုအခန်းထဲရှိ လူအားလုံးသည် ထိုသုတေသနနှင့် ပတ်သက်ပြီး တစ်ချိန်လုံးခေါင်းခဲခဲ့ရသည်။
မျိုးရိုးဗီဇပြုပြင်ထားသော အပင်များသည် မြေဆီလွှာကို ခိုင်မြဲစေသောအစွမ်းသတ္တိရှိသော်လည်း ထိုအပင်များ၏ ရှင်သန်နှုန်းလျော့ကျပြီး ကြီးထွားမှုစက်ဝိုင်းလည်း နှေးကွေးလာသည်။ ထို့ပြင် သဲကန္တာရထဲ မြေဆီလွှာဖြစ်ထွန်းမှုနှုန်းလည်း အလွန်နှေးကွေးလာတော့သည်။ ထို့ပြင် ထိုအပင်အစုလိုက် တစ်စုချင်းဆီကိုလည်း ငါးနှစ်မှ ဆယ်နှစ်ထိသာ အသုံးပြုနိုင်သည်။
သို့သော် သုတေသနတွေ့ရှိချက်အရ အခြေခံကျသော မျိုးရိုးဗီဇ စီစဉ်မှုပြီးသည့်နောက် အပင်၏ ကြီးထွားနှုန်းသည် နှစ်ဆမြင့်တက်လာသလို အပင်ရှင်နှုန်းလည်း သိသိသာသာမြင့်မားလာသဖြင့် အကြီးစားအသုံးပြုမှုအတွက် အဆင်ပြေချောမွေ့စေသည်။ သို့သော် အမှန်တကယ်လိုအပ်နေသည်မှာ လက်တွေ့စမ်းသပ်ချက်ဖြစ်သည်။
ထိုemailကိုပို့လိုက်သောလူသည် မျိုးရိုးဗီဇပြောင်းလဲဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး လျှို့ဝှက်ထားသည်။ ထိုသုတေသနမှာအချိန်အကြာကြီးအားစိုက်ထားသူမို့ နောက်ဆုံးမှာ မျှော်လင့်ချက်ရောင်ခြည်သမ်းလာသည့်အပေါ် ချီတုံတစ်ယောက်လည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရသည်။
ထိုလူက သူ့ကို ပြန်ပြီးဆက်သွယ်လာမည်ဆိုတာ သေချာပေါက်တပ်အပ်ပြော နိုင်သည်။ သူက ဤသုတေသနမျိုးကို လုပ်ဆောင်နေတာဆိုတာ တစ်ဖက်လူက သိပြီးဖြစ်နိုင်သည်။ ဖြစ်နိုင်သည်မှာ သူနှင့်အတူလက်တွဲပြီး လုပ်ဆောင်လိုသောကြောင့်ဖြစ်မည်။
နောက်တစ်နေ့နေ့လည်ခင်းတွင် ချီတုံ၏ဖုန်းမြည်လာခဲ့သည်။ ရှောင်းရီ၏ အကူအညီဖြင့် ဖန့်ကြွယ်ယွီ၏ အကောင့်နှင့် အချက်အလက်များကို လုံးဝဖုံးကွယ်ထားသဖြင့် ချီတုံက သူဘယ်သူလဲဆိုတာ မသိနိုင်ပေ။
“ဟဲလို ပရော်ဖက်ဆာ ချီ။ မနေ့က ကျွန်န်တော်ပို့တဲ့ emailရလိုက်လား”ဟု ဖန့်ကြွယ်ယွီက ယဉ်ကျေးစွာမေးသည်။
ချီတုံက ထိုသုတေသနကို ဘဝတစ်လျှောက်လုံး တစိုက်မက်မက် လုပ်ဆောင်ခဲ့သူမို့ လေးစားဖို့ထိုက်တန်သည်မဟုတ်ပါလော။
“ဟ ငယ်လှချည်လား” သူ့ကိုဆက်သွယ်သောလူက သူနှင့်ရွယ်တူလောက်ရှိလိမ့်မည်ဟု ယူဆခဲ့သည်။ ယခုကြားလိုက်ရသောအသံအရ အလွန်ငယ်သေးသည့်ပုံပေါ်သည်။
“ရပါတယ်။ စမ်းသပ်မှုတွေ လုပ်ခဲ့လိုက်တယ်။ အဲ့မျိုးရိုးဗီဇကွင်းဆက်က မူလအသွင်အပြင်တွေကို မထိခိုက်စေဘဲ ငါတို့အစီအစဉ်ကို လုံးဝပြီးမြောက်စေတယ်။ လုံးဝပြီးပြည့်စုံပါတယ်”
“ဒါပေမဲ့ ဒီနည်းလမ်းက သုံးရအဆင်ပြေပါ့မလား။ ကျွန်တော်ကြားရသလောက်ဆို ဒီကမ္ဘာပေါ်မှာ ဘယ်အဖွဲ့အစည်းကမှ ဒီနည်းလမ်းကို မသုံးနိုင်သေးဘူးလို့ ဆိုကြတယ်”
“ဟုတ်ပါတယ်။ဒီ ဇီဝမျိုးရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းပညာကိုကျွန်တော် နားလည်တတ်ကျွမ်းပြီးတာမို့ ဒီနည်းပညာက ခုကျွန်တော့်လက်ထဲရောက်နေတာပါ”
ထိုလူက နည်းပညာနှင့်ပတ်သက်ပြီး သေချာပေါက်ပိုင်ပိုင်နိုင်နိုင်ပြောနေတာကို သူသတိထားမိသည်။ထိုနည်းပညာကို တစ်ဖက်လူ၏ လက်ထဲမှာရောက်နေပြီးသားမို့ စမ်းသပ်စစ်ဆေးမှုအဆင့်အားလုံးအတွက် အသင့်ဖြစ်နေသည့်သဘောဖြစ်သည်။
“ပရော်ဖက်ဆာချီနဲ့ လက်တွဲပြီး လုပ်ဆောင်လိုတဲ့အတွက် ဖုန်းဆက်ခဲ့တာပါ” ဟု ဖန့်ကြွယ်ယွီက သူ၏ရည်ရွယ်ချက်ကို ရှင်းပြသည်။
“လက်တွဲမယ်..ဟုတ်လား” ချီတုံက အံ့အားသင့်သွားသည်။
ထိုနည်းပညာနှင့်ဆို နေရာပေါင်းစုံမှာအလွယ်တကူအသုံးပြုနိုင်တာမို့ အဖွဲ့အစည်း သို့ နိုင်ငံကိုတောင် ထိုနည်းပညာကိုပြန်လည်ရောင်းချနိုင်သည်။ ထိုဇီဝပြောင်းလဲမှုနည်းပညာနှင့်ဆို ဇီဝဆိုင်ရာ နိုဘယ်ဆုစာရင်းတောင် အမည်တင်သွင်းခံရနိုင်သည်။
“ဒီလိုဆိုရင်ရော ပရော်ဖက်ဆာချီ ဒီနေ့အချိန်ရမယ်ဆို တွေ့ချင်ပါတယ်”
“ရတယ် ရတယ်” ချီတုံက လှိုက်လှိုက်လှဲလှဲသဘောတူသည်။ ထိုသုတေသနကို ဖော်ထုတ်နိုင်ခဲ့သူနှင့် သူကတွေ့ဆုံလိုသည်။
ပူးပေါင်းမှုကိစ္စက အရေးမကြီးပေ။တစ်ဖက်လူဆီက နည်းပညာနှင့်ပတ်သက်ပြီး လေ့လာသင်ယူလိုသည်။ပညာမှာ ကြီးသည်ငယ်သည်ဆိုသော အသက်ကန့်သတ်ချက်မရှိဘဲ ပညာအနေအထား ကွာဟမှုသာ အရေးကြီးသည်။ တစ်ဖက်လူက သူ့ထက် အသက်ငယ်သော်ငြား ပိုပြီးထူးချွန်နေပါကသူ့ကိုယ်သူ နှိမ့်ချပြီး သင်ယူဖို့ ဝန်မလေးပေ။
“ငါက ရွှဲ့လင် (၃)လမ်းနားမှာရှိတဲ့ အကယ်ဒမီအိမ်ယာ အိမ်အမှတ် (၈)မှာနေပါတယ်။ ကျောင်းမှာဆို လွတ်လွတ်လပ်လပ်ဆွေးနွေးဖို့အဆင်မပြေဘူး။ အကယ်၍ အိမ်ရှာရခက်နေတယ်ဆို လူလွှတ်ပြီးလာကြိုခိုင်းလိုက်ပါ့မယ်”
ထိုကိစ္စမျိုးက သိုသိုသိပ်သိပ်လုပ်ဆောင်ပြီး မပေါက်ကြားဖို့ အရေးကြီးကြောင်းချီတုံသိသည်။
“ရပါတယ်ဗျ။ ကျွန်တော့်ဘာသာလာခဲ့ပါ့မယ်။ ကျွန်တော်က ကျောင်းဝန်းနားမှာနေတာပါ။ နီးပါတယ်”ဍ
“ဘယ်လို။ မင်းကလဲ ကျန်းနန်တက္ကသိုလ်ကပဲလား” ချီတုံအံ့အားသင့်သွားသည်။
သူ၏ သုတေသနအဖွဲ့သည် ကျန်းနန်တက္ကသိုလ်တွင် အကောင်းဆုံးဇီဝအင်ဂျင်နီယာလက်တွေ့ခန်းကို ပိုင်ဆိုင်ထားသည်။ ဤရလဒ်ကို တခြားသုတေသနအဖွဲ့က ရရှိခဲ့တာလား။
သူက တခြားအဖွဲ့ကို အထင်သေးတာမဟုတ်ပေ။ သို့သော် သူတို့အဖွဲ့၏ သုတေသန စွမ်းရည်များကို မည်သည့်အဖွဲ့မှ မယှဉ်နိုင်ပေ။ သူတို့ မလုပ်နိုင်သည့်ကိစ္စကို တခြားအဖွဲ့က လုပ်ဆောင်နိုင်ဖို့ သိပ်မလွယ်ကူပေ။
“ဟုတ်ပါတယ်ဗျ။ ကျွန်တော့်ကို ပေါ့ပေါ့ပါးပါးပဲပြောဆိုဆက်ဆံပါ။ ကျွန်တော်က ကျောင်းသားပဲရှိပါသေးတယ်။ အရမ်းကြီး တလေးတစားပြောဖို့ မလိုပါဘူးဗျ”
“ဒါဆို နေ့လည်လာလို့ရမလား”
“ကျောင်းသား” ချီတုံ ပိုပြီးအံ့အားသင့်ရပြန်သည်။ သူက သူအမေဗိုက်ထဲတွင် ရှိစဉ်ကတည်းက ထိုသုတေသနကို လုပ်နေခဲ့တာများလား!!
“ဒါဆို ငါအခုအိမ်ပြန်ပြီး မင်းလာတာကို စောင့်နေပါမယ်” ချီတုံက သူ၏ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ သူ၏ ကျောင်းသားများသည် သူနှင့်အတူနှစ်ပေါင်းများစွာရှိနေခဲ့သည်။ မည်သည့်အခြေအနေမှာမဆို သူတို့၏ ဆရာက တည်တည်ငြိမ်ငြိမ်ပဲဖြစ်သည်။ နိုင်ငံတကာစာတမ်းဖတ်ပွဲများနှင့်ကွန်းဖရင့်များမှာတောင် တည်ငြိမ်အေးဆေးလှသည်။ ထိုကဲ့သို့ပျာယာခတ်နေသည့်ပုံစံကို ယခုမှ မြင်ဖူးခြင်းဖြစ်သည်။
“ထောင်ဖန်း..လက်တွေ့ခန်းသုံးတာနားလိုက်တော့။အားလုံးလည်းအပြင်လေးဘာလေးထွက်ပြီး ပျော်ပျော်ပါးပါး အပန်းဖြေကြ နားနားနေနေ နေလိုက်ကြဦး။ ဒီအခန်းကြီးထဲမှာပဲ နေ့တိုင်းအချိန်မကုန်နေကြနဲ့”
ချီတုံက ထိုသို့ပြောရင်း ခပ်သုတ်သုတ်ပြေးထွက်သွားသည်။
ပါရဂူဘွဲ့နှင့် မာစတာဘွဲ့တက်နေသော ကျောင်းသားများက ထူးဆန်းသလိုကြည့်နေကြသည်။ သူတို့၏ ဆရာကို တစ်ခါမှ ဒီလိုပုံစံမမြင်ဖူးပေ။ သူက ပင်စင်ယူခါနီးလေ အလုပ်ပိုကြိုးစားလေလေဖြစ်သည်။ သူတို့မှာနားရက်ပင်မရခဲ့ပေ။
ဒါဆို ဒီသုတေသနမှာ ရလဒ်ကောင်းထွက်လာတာကြောင့်လား!!
အကယ်ဒမီရပ်ကွက်သည် ကျန်းနန်တက္ကသိုလ်ထဲရှိ လူနေအိမ်ရာတစ်ခုဖြစ်သည်။ ထိုနေရာတွင် ပညာရှင်များ၊ ပရော်ဖက်ဆာများနေကြသည်။ သူဌေးများက သူတို့၏သားသမီးများ ပတ်ဝန်းကျင်ကောင်းတစ်ခုတွင် နေထိုင်နိုင်ရန် ဤနေရာမှာ စျေးကြီးပေးပြီးအိမ်ဝယ်ကြသည်။ ဤနေရာမှာရှိသော အိမ်စျေးနှုန်းများက ခေါင်ခိုက်နေသည်။
ထိုနေရာမှာရှိသော ပန်းခြံတွင်မြင်တွေ့သူအများစုမှာ ပညာရှင်များ၊ သို့ ပါမောက္ခများဖြစ်ကြသည်။
ဤနေရာမှာလုံခြုံရေးက အလွန်တင်းကြပ်သည်။ အဆင့်မြင့်ပညာရှင်များသည် နိုင်ငံ့အတွက် အဖိုးတန်ရတနာများဖြစ်တာမို့ လုံခြုံရေးတင်းကြပ်ရပေမည်။ စစ်ဘက်ဆိုင်ရာအရာရှိကြီးများကိုယ်တိုင် ဤနေရာမှာအခြေချနေထိုင်ကြသည်။
သူက ကျန်းနန်တက္ကသိုလ်ကျောင်းသားဖြစ်တာမို့ လုံခြုံရေးစစ်ဆေးမှုများကို အသာလေးဖြတ်လာနိုင်သည်။ သူ့ကို ဒီနေရာမှာနေထိုင်သော ဆရာ၏ ကျောင်းသားတစ်ဦးဖြစ်မည်ဟု ယူဆကြသည်။
“ရပ်စမ်း..မင်းအဲ့လို ဝင်လို့မရဘူး” ချီတုံ၏ အိမ်ရာသည် အလွန်ကြီးကျယ်ခမ်းနားသည်။ သူ၏ အိမ်အဝင်ဝနားမှာ ဂိတ်အသေးလေးတစ်ခုရှိပြီး လက်နက်ကိုင်စစ်သားနှစ်ဦးက စောင့်ကြပ်နေသည်။
“ကျွန်တော် ပရော်ဖက်ဆာချီနဲ့ ချိန်းထားလို့ပါ။ မေးကြည့်ကြည့်ပါ”
အစောင့်နှစ်ဦးက တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။
ပရော်ဖက်ဆာချီက အရေးကြီးပုဂ္ဂိုလ်တစ်ဦးလာလိမ့်မည်ဟု မှာခဲ့သော်ငြား ဤလူငယ်လေးက သူတို့မှန်းထားသည့်ပုံစံနှင့် မတူပေ။
“ခဏလေး ငါ သွားမေးကြည့်မယ်” ဟုဆိုကာ စစ်သားတစ်ယောက်က အထဲကိုဝင်သွားသည်။
တစ်ခဏအကြာမှာ လူကြီးတစ်ယောက်က အိမ်ထဲမှ အူယားဖားယားပြေးထွက်လာသည်။
သူက ဂိတ်ကိုတစ်ချက်ကြည့်ပြီး ဖန့်ကြွယ်ယွီဆီ သူ့အကြည့်ရောက်သွားသည်။
“မင်းက”
“ဟုတ်ပါတယ် ပရော်ဖက်ဆာချီ။ ကျွန်တော်ပါ”
သုတေသနများကိုတော့ တရားဝင်မထုတ်ပြန်ရသေးပေ။ ပုံမှန်အားဖြင့် ရလဒ်များကို နိုင်ငံတကာဂျာနယ်များတွင် ထုတ်ပြန်ပါက လုံးဝနာမည်ကြီးသွားလိမ့်မည်။
“မနေ့က မင်းပို့လိုက်တဲ့ဟာက မင်းကိုယ်တိုင်လုပ်ခဲ့တဲ့ သုတေစသနလား” ဟု ချီတုံကမေးသည့်အပေါ် “ဆိုပါတော့ဗျာ”ဟု ဖန့်ကြွယ်ယွီက ပြန်ဖြေသည်။
“မိုက်တာပေါ့။ ငယ်ငယ်လေးနဲ့ ဒီလောက်တော်တာ။ မင်းရဲ့ ဆရာက ဘယ်သူလဲ”
သူ့ဆရာဘယ်သူဖြစ်မလဲဆိုတာ ချီတုံသိချင်သည်။ သူ့ကို နိုဘယ်ဆုရှင်ဟောင်းက လမ်းပြပေးခဲ့တာလား။ ကျန်းနန်တက္ကသိုလ်မှာ နိုင်ငံတကာပညာရေးဖလှယ်ပွဲအစီအစဉ်များရှိတာမို့ ထိုလူငယ်လေးကို နိုင်ငံခြားတက္ကသိုလ်က ဆရာက လမ်းပြပေးခဲ့တာများလားဟု တွေးတောနေမိသည်။
“ဆရာရယ်လို့ သီသန့်မရှိပါဘူး။ ဇီဝဗေဒဘာသာကိုစိတ်ဝင်စားလို့ ကျွန်တော့်မိသားစုက ကျွန်တော်ဝါသနာပါရာကို လုပ်နိုင်ဖို့ ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ပေးခဲ့တာပါ”
သူ၏ စကားများအပေါ် ချီတုံအံ့ဩမှင်သက်ရသည်။ သူက အသက်ကြီးကြီးပရော်ဖက်ဆာတစ်ဦးဖြစ်သော်လည်း ဒါမျိုးကို ယခုမှ ကြားဖူးခြင်းဖြစ်သည်။
ဇီဝဗေဒဘာသာရပ်ကို ဝါသနာပါလို့ ဓာတ်ခွဲခန်းလုပ်ပေးတယ်!
ဘယ်လိုလူချမ်းသာများက လုပ်ပေးနိုင်တာလဲ!
သူ့ရဲ့ သာမန်တီထွင်စမ်းသပ်မှုက တခြားလူများဘဝတစ်လျှောက်လုံးကြိုးစားလို့ မရခဲ့သည်များကို ရခဲ့တာဆိုတာ သူမသိလေရော့လား။