မိဘများနှင့် တွေ့ဆုံခြင်း
Vol. 7 Ch. 94
“ကျွမ်းရီ..ငါနဲ့ ဒီအဝတ်အစားအဆင်ပြေလား”
“အာ..မလိုက်ဘူး။ ဒါဝတ်လိုက်တာ ပိုပိန်သွားတယ်”
“ဒါဆိုရင်ရော”
“အင်း ဒါကလည်း ပွဲတက်တဲ့ပုံစံကြီးမဟုတ်ဘူးလား”
“အာ့ဆိုရင် ဒါရော ထသွားထလာပုံပေါက်တယ်မဟုတ်လား”
မနက်စောစောမှာပင် ဖန့်ကြွယ်ယွီသည်မှန်ရှေ့မှာရပ်ရင်း အကျီတစ်စုံပြီးတစ်စုံလဲလှယ်နေသည်။ကောရှင်းယွီက သူတို့၏ ဆက်ဆံရေးအကြောင်းကို သူမ၏မိဘများကိုပြောပြလိုက်သည်။ ထို့ကြောင့် ယနေ့မှာ သူတို့မိသားစုကို ကြည့်ရှုစောင့်ရှောက်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြောလိုသဖြင့် ဖန့်ကြွယ်ယွီအားခေါ်လိုက်သည်။
သူမ၏ မိဘများနှင့် အရင်တစ်ခါက ဆုံဖူးခဲ့သော်ငြား သူစီစဉ်ပေးသော အိမ်မှာပြောင်းရွှေ့နေထိုင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခြင်းဖြစ်သည်။ ထို့ပြင်အရင်တစ်ခါက တွေ့ဆုံမှုနှင့် အနေအထားချင်းမတူသဖြင့် ဖန့်ကြွယ်ယွီက သေချာပြင်ဆင်နေခြင်းဖြစ်သည်။
“သခင်လေး..ဒီတစ်မနက်ထဲမှာပဲ ဝတ်စုံ (၂၃)စုံဖြစ်နေပြီ” ဆိုဖာပေါ်မှာ တောင်လိုပုံနေသော အဝတ်အစားများကို တစ်ချက်လှမ်းကြည့်ရင်း ကျွမ်းရီပြောသည်။
ပုံမှန်အားဖြင့် ဘဝကိုပေါ့ပါးပါးဖြတ်သန်းတတ်သော ဖန့်ကြွယ်ယွီက ပျာယာခတ်နေသည်။
“ဒါက ပထမဆုံးအကြိမ် သားမက်လောင်းအဖြစ် သွားလည်တာလေ။ ငါ့အမှတ်ရဖို့လိုတယ်လေ” ဟု ဖန့်ကြွယ်ယွီကပြောရင်းဆိုရင်း အဝတ်အစားတစ်စုံကို လဲပြန်သည်။
“ကျွန်မအထင် ရှင်းယွီမိဘတွေက သခင်လေးကို သဘောကျပြီးသားဖြစ်မှာပါ။ သခင်လေးက သူ့သမီးကို သစ္စာရှိရှိချစ်ပါမယ်ဆိုတာပဲ ပြဖို့လိုတာပါ။ ဝတ်စုံကို အရမ်းကြီးအာရုံစိုက်ဖို့မှ မလိုတာ”
ဟု ကျွမ်းရီက ပြောရင်းဆိုရင်း အဝတ်ပုံထဲမှ အသင့်တော်ဆုံးသောတစ်ထည်ကို ရွေးထုတ်သည်။
“ကျွန်မအထင် ဒီတစ်ထည်က သင့်တော်တဲ့ပုံပဲ။ လူကြီးလည်းဆန်တယ်။လိုက်လည်းလိုက်ဖက်တယ်”
“တကယ်လား” ဖန့်ကြွယ်ယွီက လှမ်းယူသည်။ သူ၏အဝတ်အစားများကို ကိုယ်ပိုင်စက်ရုံက သူ့အတွက် သီးသန့်ဖန်တီးချုပ်လုပ်ပေးထားသဖြင့် ကြည့်ကောင်းလှသည်။ သို့သော် ယနေ့သွားရမည့်နေရာနှင့် မအပ်စပ်နေပေ။
“တကယ်အဆင်ပြေတာ။အရေးကြီးတာက အချိန်မှန်ရောက်ဖို့နဲ့ မစ္စကောကို အကြာကြီး မစောင့်ခိုင်းမိစေဖို့ပဲ”
ကျွမ်းရီက ခန်းမဆောင်ထဲရှိနာရီကြီးကို မေးငေါ့ပြသည်။
ဖန့်ကြွယ်ယွီက နာရီကိုလှမ်းကြည့်ရင်း “ဟာ..ဘာလို့ စောစောက မပြောတာလဲ” အချိန်က ကိုးနာရီ လေးဆယ်နီးပါးဖြစ်တော့မည်။ သူက ရှင်းယွီနှင့် ဆယ်နာရီဆုံရန် ချိန်းထားသည်။ သူ၏အိမ်မှ ကျန်းနန်ဂီတအကယ်ဒမီဆီသို့နာရီဝက်နီးပါး မောင်းရသည်။
သူက အဝတ်အစားများကို ခပ်သွက်သွက်ဝတ်ပြီး “ အားလုံးအဆင်သင့်ဖြစ်ပြီလား”
ဟု မေးသည်။
“စိတ်မပူပါနဲ့။အကုန်ပြင်ပြီးပါပြီ။ ဒီမနက်ပဲ မှာထားတဲ့ ပစ္စည်းအကုန်လာပို့သွားတာပါ။ သခင်လေးရဲ့ ဘန်တလေကားပေါ်မှာ ပစ္စည်းတွေရောက်နေပါပြီ။ ဪ သခင်လေးမှာထားတဲ့ ဝိုင်လည်း ပါတယ်နော်”
“အားလုံးအဆင်ပြေအောင် စီစဉ်ပေးလို့ကျေးဇူးပါ။ ကျွမ်းရီ အာ့ဆို ငါသွားပြီ” ဖန့်ကြွယ်ယွီက ကားသော့ကိုယူပြီး ကပျာကယာပြေးထွက်သည်။
“ခစ်ခစ်” ဖန့်ကြွယ်ယွီထွက်သွားမှ ကျွမ်းရီလည်း အသံထွက်ပြီးရယ်မိသည်။
“ဒါတွေက မများလွန်းဘူးလား”
ကောရှင်းယွီက ထိုင်ခုံမှာ ဝင်ထိုင်ရင်းမေးလိုက်သည်။ မနေ့ကတည်းက သူမအတန်တန်မှာနေသည့်ကြားမှ ဖန့်ကြွယ်ယွီသည် လက်ဆောင်ပစ္စည်းများကို အလျှံအပယ်ပြင်ဆင်လာခဲ့သည်။
ကားတစ်စီးလုံးလည်း ပင်လယ်စာ၊ ဝိုင်၊ အားဆေး၊နှင့် နှစ်ပေါင်း ၅၀၀သက်တမ်းရှိသော ဂျင်စင်းအမြစ်နှစ်ချောင်း စသည့် လက်ဆောင်များနှင့် ပြည့်နေသည်။ ထိုဂျင်စင်းကို သူ့မိသားစုက လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ခန့်က ချန်ဘိုင်တောင်တွင် တည်ထောင်ထားသော ဂျင်စင်းစိုက်ခင်းမှ လတ်လတ်ဆတ်ဆတ် ခူးခိုင်းခဲ့ခြင်းဖြစ်သည်။
ဒါတင်မကသေးဘဲ ကောရှင်းယွီ၏ မောင်လေးဖြစ်သူ ကောကျွင်းယွီအတွက် အရုပ်ပါဝယ်လာခဲ့သည်။ သူ၏ ယောက်ဖဖြစ်လာမည့်သူနှင့် အပိုင်ပေါင်းထားဖို့ လိုအပ်သည် မဟုတ်ပါလော။
ကောကျွင်းယွီက အာကာသယာဉ်မှူးဖြစ်ချင်သည်ဟု ပြောဖူးတာကို မှတ်မိနေသည်။ ထို့ကြောင့် ကြယ်တာရာများကိုကြည့်ရန် တန်ကြေးမြင့်သော အဝေးကြည့်မှန်ပြောင်းကို ဝယ်လာခဲ့သည်။
“မများပါဘူးကွာ။ ငါတို့ဆက်ဆံရေးကိုချပြပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မင်းအိမ်ကို လာလည်တာ မဟုတ်လား။ သေချာပြင်လာရမှာပေါ့”
“ကျွန်မတို့အိမ်မှ မဟုတ်တာ။ ကျွန်မတို့က ရှင့်အိမ်မှာခဏနေနေကြတာလေ။ ဪ ပြောရဦးမယ်။ အဖေက သူ့မိတ်ဆွေတွေနဲ့ စီးပွါးရေးပြန်လုပ်တော့မှာမို့ အခြေအနေတွေအဆင်ပြေပြီဆိုတာနဲ့ အိမ်ပြန်ပြောင်းဖို့ကြံနေတာ”
“ဟမ် အိမ်ပြန်ပြောင်းမယ် ဟုတ်လား။ နေရတာ အဆင်မပြေလို့လား”
“အဲ့လိုမဟုတ်ပါဘူး။ ဒီမှာနေရတာ ကျွန်မမိဘတွေက အရမ်းသဘောကျတာ။ သူတို့က တခြားသူရဲ့ လောင်းရိပ်မှာ မနေချင်လို့” ဟု ကောရှင်းယွီက ပြန်ဖြေသည်။
“ငါတို့ကြားမှာ “မင်းအိမ်” “ငါ့အိမ်” ဆိုပြီး မရှိပါဘူး။ ငါတို့က မိသားစုတွေလေ။ အဲ့ကိစ္စကို ဦးလေးတို့နဲ့ နောက်မှ တိုင်ပင်လိုက်ဦးမယ်”
သူတို့၏ ကားက အိမ်ထဲကို ဝင်လာသောအခါ ကောရှုနှင့် ယောင်ရီဖန်းက ရပ်စောင့်နေကြတာကို တွေ့ရသည်။
ရှင်းယွီနှင့် ဖန့်ကြွယ်ယွီတို့ တွဲသွားကြသည့်အပေါ် သူတို့လည်း ဝမ်းနည်းဝမ်းသာဖြစ်နေကြသည်။ ရှင်းယွီအတွက် ယုံကြည်ကိုးစားလောက်သော လက်တွဲပေါ်တွေ့သည့်အပေါ် ဝမ်းသာရသလို တစ်ဖက်မှာလည်း ဖန့်ကြွယ်ယွီ၏ အနေအထားက သူတို့နှင့်ယှဉ်ပါက မိုးနှင့်မြေလိုကွာခြားနေသည်။ အကျင့်စာရိတ္တအပိုင်းမှာတော့ ဖန့်ကြွယ်ယွီက အပြစ်ပြောစရာမရှိပေ။
“ဘာလို့ ပစ္စည်းတွေအများကြီးယူလာရတာလဲ” ယောင်ရီဖန်းက ဖန့်ကြွယ်ယွီကို ဝမ်းပန်းတသာခရီးဦးကြိုသည်။ ကောရှုကတော့ သူတို့နှစ်ဦးကို ပြုံးပြုံးကြီးကြည့်နေသည်။
“ယူလာရမှာပေါ့။ ခုမှပထမဆုံးသေချာလာလည်ဖြစ်တာလေ။ လက်ဗလာနဲ့လာလို့ ဘယ်ဖြစ်ပါ့မလဲ”
ဖန့်ကြွယ်ယွီက ယူလာသော အိတ်များကိုသယ်ရင်း လှေကားပေါ်တက်လာသည်။
“ရှောင်းယွီရော ကျောင်းကပြန်မလာသေးဘူးလား” ဟု ဖန့်ကြွယ်ယွီကမေးသည်။
“သူက ကျောင်းမှာပဲရှိသေးတာ။ ခဏနေမှပြန်လာမှာ” ဟု ကောရှုက ပြန်ဖြေသည်။
ကောကျွင်းယွီသည် ပုဂ္ဂလိကကျောင်းကောင်းကောင်းတစ်ခုမှာတက်နေပြီး ပိတ်ရက်တိုင်းမှာလည်း အချိန်ပိုသင်တန်းများရှိသည်။
သူတို့သုံးဦးသား ဧည့်ခန်းမှာ စကားလက်ဆုံကျနေချိန်တွင် ယောင်ရီဖန်းက မီးဖိုချောင်မှာပြင်ဆင်ချက်ပြုတ်နေသည်။
“ကြွယ်ယွီ..ငါရော မင်းအန်တီရော မင်းနဲ့ရှင်းယွီကို သဘောတူပါတယ်။ တစ်ခုရှိတာက သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ။ စိတ်ချမ်းသာအောင်ထားပေးပါ။ အဲ့ နှစ်ခုကို မင်းလုပ်နိုင်မလား”
ကောရှုက တိုတိုနှင့်လိုရင်းကို ပြောသည်။
“ဒီစကားမျိုးက ညစာလေးဘာလေးစားပြီးမှ ပြောရမှာမဟုတ်ဘူးလား” ဟု ဖန့်ကြွယ်ယွီတွေးနေမိသည်။
သူ၏ ယောက္ခထီးက သာမန်မဟုတ်ပေ။
“ထားနိုင်ပါတယ်ဗျာ။ စိတ်ချပါ” ဟု သူကတိပေးသည်။”အကယ်၍ ကျွန်တော်က ရှင်းယွီအပေါ်ဆိုးခဲ့လျှင် ဦးလေး ကျွန်တော့်ကို တုန်နဲ့သာ နာနာရိုက်ပါ”
ကောရှုက အားပါးတရရယ်မောရင်း “ဟားဟား..ငါ ခုမှပဲ စိတ်အေးတော့တယ်”ဟု ဆိုသည်။
ထိုစကားပြောပြီးသည့်နောက် စကားဝိုင်းက ပြန်ပြီး သက်တောင့်သက်သာဖြစ်သွားသည်။ ကောရှုကဖန့်ကြွယ်ယွီစိတ်ဝင်စားလောက်မည့် အကြောင်းများကို စီကာပတ်ကုံးပြောပြသည်။
“ထူးဆန်းလိုက်တာ။ ရှောင်းယွီ ပြန်ရောက်ရမဲ့အချိန်ရောက်နေပြီ။ဘာလို့ ပြန်မရောက်သေးတာပါလိမ့်” ယောင်ဖန်းက နေ့လည်စာပြင်ရင်း နာရီကိုကြည့်သောအခါ ၁၁:၃၀ နေပြီဖြစ်သည်။
“သူ့သူငယ်ချင်းတွေနဲ့ ကစားနေလို့များလား” ဟု
ကောရှင်းယွီက မေးသည်။
“မဟုတ်လောက်ပါဘူး” သူတို့၏ အိမ်မှ ကျွင်းယွီ၏ ကျောင်းကို ဆယ်မိနစ်ပဲသွားရသည်။
သူက ကစားနေသည်ဆိုဦးတော့ ပြန်ရောက်သင့်နေပြီဖြစ်သည်။
“သူ့ကို ဖုန်းခေါ် ကြည့်ပါလား”
ပညာရေးကို အနှောင့်အယှက်ဖြစ်မှာဆိုးပြီး ကျွင်းယွီကို ဖုန်းမပေးထားပေ။ သို့သော် ပြောဆိုဆက်ဆံနိုင်ဖို့ smartwatch တစ်လုံးပေးထားသည်။
သို့သော် သူတို့ခေါ်တာကို ပြန်မဖြေဘဲ မအားသေးဘူးဟု ပြန်ဖြေသည်။
ကောင်းတဲ့သဘောမဟုတ်သဖြင့် သူတို့မိသားစုက ကျွင်းယွီအတွက် စိုးရိမ်ပူပန်လာသည်။
“စိတ်အေးအေးထားကြပါဦး။ ဘတ်ထရီကုန်သွားတာလည်းဖြစ်နိုင်ပါတယ်” ဖန့်ကြွယ်ယွီက မိသားစုဝင်များကို ဖျောင်းဖြသည်။
“အန်တီ သူ့ဆရာမကို ခေါ်ကြည့်ရင်ရော”
“ဟုတ်တယ် ဆရာမကို အရင်ဆုံးခေါ်ကြည့်ရမယ်”
ယောင်ရီဖန်းက ဆရာမဆီဖုန်းဆက်သည်။ ကျောင်းက အချိန်ပိုခေါ်သော အတန်းများအားလုံး ၁၁နာရီ မတိုင်ခင်ထဲက ဆင်းသွားပြီဟု ဆိုသည်။
ဒါဆိုရင် ကောကျွင်းယွီက အိမ်ပြန်ရောက်သင့်နေပြီ မဟုတ်ပါလော။
“ဘယ်လိုလုပ်ကြမလဲ” ဖန့်ကြွယ်ယွီပင် စိုးရိမ်လာမိသည်။
“သူ ကျောင်းသွားတဲ့ လမ်းတစ်လျှောက်လိုက်မေးကြည့်ရင်ရော။ တစ်ယောက်ယောက်ကတော့ သူ့ကိုမြင်မှာပါ”
“ရဲ..ရဲခေါ်လိုက်ရမလား” ယောင်ရီဖန်းက စိတ်နှင့်ကိုယ် မကပ်တော့ပေ။
“အလျင်စလိုမလုပ်ပါနဲ့ဦး။ တစ်ခုခုကြောင့်အိမ်ပြန်နောက်ကျတာဖြစ်နေပါ့မယ်” ကောရှုက စိတ်ကိုအေးအေးထားပြီးပြောသည်။
“အရင်ဆုံး ငါတို့ဘာသာ ကလေးကိုလိုက်ရှာကြမယ်။ ရှာလို့မတွေ့တော့မှ ရဲစခန်းသွားပြီးတိုင်ကြတာပေါ့”
မည်သို့ပင်ဆိုစေကာမူ ယနေ့နေ့လည်စာကို လူစုံတက်စုံ မသုံးဆောင်နိုင်တော့ပေ။