← Chapters

ဆူပူမှု နှင့် ရှာဖွေခြင်း

Vol. 31 Ch. 452

ဆူပူမှု နှင့် ရှာဖွေခြင်း

Vol. 31 Ch. 452

သွေးရောင်အင်ပါယာ မြို့တော်၌ -

ထိုအချိန်အတောအတွင်းကို ဆူပူနေသည်ဟု ဖော်ပြ၍ ရနိုင်ပေသည်။

ပါရမီရှင်မင်းသားတဲရစ်က အမည်မသိ အကြောင်းရင်းအချို့ကြောင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခံခဲ့ရသည်။ သူသည် ၆လကြာအောင် မည်သည့် အပြင်လူကိုမျှ မတွေ့နိုင်တော့ပေ။

နတ်ဆိုးဘုံ၏ ထိပ်တန်းယန္တရားဆရာသခင်နှင့် ယန္တရားအစည်းအရုံး၏ ဥက္ကဋ္ဌ ဖြစ်သောနိတ်က အခြားသူများ၏ စွမ်းရည်များကို အထူးပါရမီများ အသုံးပြုခဲ့သည်။ ဆရာသခင်ဖွန်ဆက်နှင့် အခြားသူများအပေါ် သူ၏ မကောင်းကြံစည်မှုများလည်း ပေါက်ကြားသွားခဲ့ပြီ ဖြစ်သည်။ ‌ဖော်ကောင်ပြုလုပ်ခဲ့သူမှာ နတ်ဆိုးဘုံ၏ အနာဂတ် အကဲဖြတ် ဆရာသခင် နှင့် တိုးတက်လာသော ပါရမီရှင် ချန်လွေ့ပင် ဖြစ်လေသည်။ ရစ်ချတ်တွင် သေသွားသော ဆရာသခင်ဖွန်ဆက်၏ လျို့ဝှက်တပည့်ဟူသော နောက်ထပ် သရုပ်တစ်ခုလည်း ရှိသည်။ နိတ်၏စိတ်ရင်းအမှန်ကို ဖော်ထုတ်ပြီးနောက် သူက ဂုဏ်သိက္ခာရှိရှိ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့သည်။ နိတ်သည် ရုံးခန်းမှ ဖယ်ရှားခံထိပြီး အကျဉ်းကျခံခဲ့ရလေသည်။

ဒုတိယမင်းသား အက်မန်းနှင့် ဝန်ကြီးများက မဟာမင်းသား အဲလီးရက်စ်အား မတရား ပြုလုပ်သည့်အတွက် စွဲချက်တင်ခဲ့သည်။ တတိယဗိုလ်ချုပ် အားဒီလိတ် အပါအဝင် ဒုတိယမင်းသား၏ အင်အားစုများမှ အရေးပါသော အဖွဲ့ဝင်များက သူတို့သည် မဟာရိုင်ဇန်ကို ဖိအားပေးရန် နေမကောင်းဖြစ်နေကြကြောင်း ပြောဆိုခဲ့ကြသည်။

မဟာရိုင်ဇန်က ဒုတိယမင်းသား အက်မန်း၏ စွဲချက်ကို အပြစ်တင်ပြီး အဲလီးရက်စ်အား အမှားများအတွက် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရန် တံခါးပိတ် နေခိုင်းခဲ့သည်။

မဟာရိုင်ဇန်၏ ညီတူမျှတူ အပြစ်ပေးမှုအောက်တွင် မင်းသားနှစ်ပါးကြားမှ ပဋိပက္ခ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။ ထိုစဉ် ကိစ္စကြီးတစ်ခု ရုတ်တရက် ဖြစ်လာသည်။ နိတ် အဖြစ်အပျက်က ယန္တရားလောကကို လှုပ်ခါစေခဲ့သည်ဆိုလျှင် ယခုကိစ္စသည် သွေးရောင်အင်ပါယာတစ်ခုလုံးနှင့် နတ်ဆိုးဘုံကိုပင် လှုပ်ခါသွားစေနိုင်သည်။

အသစ်ခန့်အပ်ထားသော တတိယဗိုလ်ချုပ်၊ သွေးလှိုင်းဗိုလ်ခြေ၏တပ်မှူး အားဒီလိတ်သည် လွန်ခဲ့သော သုံးလေးရက်အကြာက နေအိမ်တွင် သေဆုံးသွားခဲ့၏။

စစ်တပ်၏ အဓိက ခေါင်းဆောင် သုံးဦးထဲမှ တစ်ယောက်ဖြစ်သော နတ်ဆိုးဘုံ အစွမ်းထက်ဆုံး အင်ပါယာ၏ ဗိုလ်ချုပ်သည် အမှန်တကယ်ပင် ထိုကဲ့သို့ သေဆုံး သွားခဲ့သည်။ စစ်မြေပြင်၌မဟုတ်။ သူ၏နေအိမ်တွင်သာ ဖြစ်၏။

အားဒီလိတ်က ဒုတိယမင်းသား အက်မန်း၏ စွဲချက်ကို ထောက်ခံရန်အတွက် နေမကောင်းဖြစ်သည်ဟုဆိုကာ အိမ်တွင် နေနေခဲ့သည်။ သို့သော်လည်း ထို “ရောဂါ”က အမှန်တကယ် အဆုံးသတ် ဖြစ်သွားခဲ့သည်။

ဗိုလ်ချုပ်အားဒီလိတ်သည် နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်သည်။ ထိုကဲ့သို့ သေဆုံးခြင်းအတွက် အထူးအကြောင်းရင်းတစ်ခု ရှိရပေမည်။ မြို့တော်မှ ခေါင်းဆောင်များက သတင်းကို တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားကြပြီး လူအများကလည်း အမြင်အမျိုးမျိုး ရှိကြလေသည်။ သူတို့အားလုံးက အားဒီလိတ် သေရခြင်းမှာ မင်းသားများ၏ ပဋိပက္ခမှုနှင့် သက်ဆိုင်နိုင်ကြောင်း မှန်းဆနေကြသည်။

အမှန်တကယ်၌ မဟာရိုင်ဇန်သည် ယခုတွင် အရေးအကြီးဆုံး သက်ဆိုင်ရာ အစီရင်ခံစာ အနည်းဆုံး နှစ်ခု လက်ခံရရှိခဲ့သည်။ ပထမတစ်ခုမှာ အားဒီလိတ်ထံမှ လျို့ဝှက်မှတ်တမ်းဖြစ်ပြီး ၎င်းတွင် အားဒီလိတ်က အရေးကြီးကိစ္စအချို့ကို ရိုင်ဇန်အား ဖွင့်ပြာပြထားသည်။ ထိုလျို့ဝှက်မှတ်တမ်းမှာ မပြီးစီးသေးကြောင်း သတိထားမိနိုင်သည်။ ထိုသို့ဆိုသည့်တိုင် ထိုထဲမှ သတင်းအချက်အလက်များမှာ ရိုင်ဇန်ကို အံ့အားသင့်စေရန် လုံလောက်သည်။ ၎င်းသည် အားဒီလိတ် အမှန်တကယ် သေဆုံးရခြင်း၏ အကြောင်းရင်း ဖြစ်နိုင်ပေသည်။

ဒုတိယအစီရင်ခံစာမှာ လျို့ဝှက်သတင်းအချက်အလက်ဌာန၏ ခေါင်းဆောင်ငယ် တစ်ယောက်အကြောင်း ဖြစ်သည်။ ထိုအဖွဲ့ခေါင်းဆောင်မှာ မန်တီလာ ဖြစ်သည်။ သူက အားဒီလိတ်အကြောင်း သံသယဖြစ်စရာများကို ရှာတွေ့သွားပြီးနောက် အားဒီလိတ်၏ အကျဉ်းချခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူက အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်သွားခဲ့သည်။ သူ့ကို ရှာတွေ့သည့်အခါ သေဆုံးနေပြီ ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်သည် သေခါနီးအချိန်၌ အထူးအမှတ်အသားတစ်ခုကိုသာ ချန်ရစ် ခဲ့နိုင်သည်။ ထိုစကားလုံးမှာ အားဒီလိတ်၏ လျို့ဝှက်မှတ်တမ်းတွင်လည်း ခဏခဏ ပါဝင်နေလေသည်။

ထိုစကားလုံးမှာ “သွေးမြေကျ”ပင် ဖြစ်လေသည်။

ထိုအဖြစ်အပျက်ကြောင့် ရိုင်ဇန် အလွန်ပင် ဒေါသထွက်သွားခဲ့သည်။ သူက မြို့တော်တစ်လျှောက်နှင့် အင်ပါယာတစ်ခုလုံးရှိ သံသယရှိသူများကို သေသေချာချာ ရှာဖွေရန် အမိန့်ထုတ်ခဲ့သည်။ တော်ဝင်မျိုးနွယ်များပင် မကျန်ပေ။ ထိုကဲ့သို့ သံသယရှိသူများကို ကြီးကြီးမားမား လိုက်လံရှာဖွေပြီး ထိုးနှက်သည်ကို ကြည့်ခြင်းအားဖြင့် ယခုတွင် မဟာရိုင်ဇန်သည် အမှန်အကန် လှုပ်ရှားနေကြောင်း သိနိုင်ပေသည်။

ချက်ချင်းပင် သွေးမြေကျအဖွဲ့အစည်းက တစ်ချိန်တည်း သွေးရောင်အင်ပါယာ၊ အရိပ်နက်အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာတို့၏ သုတ်သင်ခြင်းခံရကာ ထိုးနှက်ခံခဲ့ရသည်။ ၎င်းတို့ သတိလက်လွတ်ဖြစ်သွားပြီး ကြီးကြီးမားမား ဆုံးရှုံးခဲ့ကြသည်။

သွေးမြေကျကိုယ်တိုင်သည်ပင် ထိုကဲ့သို့အဆင့်အထိ ထိုးနှက်ခံရကြောင်း နားလည်ကြမည် မဟုတ်ပေ။ သွေးမြေကျက ထိုကိစ္စအားလုံးကို ဦးဆောင်ခဲ့သူမှာ “သေဆုံးပြီး”သောသူ ဖြစ်နေမည်ကိုလည်း ထင်ထားကြမည် မဟုတ်ပေ။

ထိုသူသည် ယခုတွင် သွေးရောင်အင်ပါယာ နောက်ဘက်ရှိ ဆက်ဖေးတောင်သို့ အမြန်သွားနေလေသည်။

ထိုအချိန်၌ ချန်လွေ့သည် ဂူစတက်ဗ်နှင့် တိုက်ခိုက်ခဲ့စဉ်က ရရှိခဲ့သော ဒဏ်ရာများအားလုံး ပြန်ကောင်းလုနီးပါး ဖြစ်သွားပြီ ဖြစ်သည်။ သူ အားအင်ပြန်ဖြည့် နေစဉ်အတွင်း စာအုပ်ပေါင်းချုပ်ခန်းမ စတုတ္ထအလွှာတွင် နားလည်သ‌ဘောပေါက်ခဲ့သည့် အခြေခံ ဥပဒေသစွမ်းအားများကို ပိုမိုသဘောပေါက်သွားခဲ့ကာ ပိုင်နက်စွမ်းအားလည်း ပြောင်းလဲသွားခဲ့လေသည်။ ထို့ပြင် စတုတ္ထအလွှာ၌ သူရရှိခဲ့သော ယန္တရားပညာဆိုင်ရာ အတွေ့အကြုံများနှင့် အဖိုးတန်အချက်အလက်များက သူ့အတွက် အတော်လေး အကျိုးဖြစ်ထွန်းစေခဲ့သည်။

အားဒီလိတ်သည် သေချာပေါက် အသက်ဆက်မရှင်နိုင်ပေ။ အင်ပါယာ၏ တတိယ ဗိုလ်ချုပ် ဖြစ်သည့်အလျောက် သူသည် သတင်းအချက်များကို ပိုမိုထောက်ပံ့နိုင်ပြီး သွေးမြေကျအကြောင်း လျို့ဝှက်ချက်များကိုပင် ပိုမိုစုံစမ်းနိုင်သည်။ သို့သော်လည်း အားဒီလိတ်ကို သိသွားနိုင်သည့် အခွင့်အရေးမှာ အတော်လေး မြင့်မားသည်။ ၎င်းမှာ ၁၀၀% နီးပါးပင် ဖြစ်သည်။ ချန်လွေ့သည် ရိုင်ဇန်၏ မျက်လုံးကို ကျော်ဖြတ်နိုင်မည်ဟု မထင်ပေ။

ထို့ကြောင့် ထပ်ကာထပ်ကာ စဉ်းစားပြီးနောက် သူက အားဒီလိတ်ကို သေရန် ဆုံးဖြတ်ခဲ့သည်။ သူက ရိုင်ဇန်နှင့် သွေးမြေကျကို အပြင်လူ ပါဝင်ပတ်သက်ကြောင်း မသိရှိစေချင်ပေ။ ထို့ပြင် ချန်လွေ့သည် သေဆုံးသွားပြီးသော လျို့ဝှက် သတင်းအချက်အလက် ဌာနခေါင်းဆောင် မန်တီလာကိုလည်း အသုံးချခဲ့သည်။

မန်တီလာမှာ ပမွှားတစ်ယောက်သာ ဖြစ်သည်။ သူကဲသို့ အယောက်၁၀၀ သေသွားသည့်တိုင် အာရုံစိုက်စရာ ဖြစ်လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း အားဒီလိတ် သေဆုံးသွားသည့်အတွက် သူ၏ “သရုပ်”မှာ အခြေအနေအရ မြင့်တက်သွားမည်မှာ သေချာပေသည်။ အမှန်တကယ်၌ သူတို့နှစ်ယောက်က ဖော်ပြသော သွေးမြေကျ အကြောင်းမှာ များများစားစား မရှိပေ။ အထူးသဖြင့် မန်တီလာသည် စကားတစ်လုံးသာ ချန်ရစ်ခဲ့သည်။ ၎င်းသည် ရိုင်ဇန်၏အာရုံကို ဖမ်းစားရုံ လုံလောက်ခဲ့သည်။

မန်တီလာ၏ “နောက်ဆုံးစကား”တွင် အသုံးပြုခဲ့သော လျို့ဝှက် သတင်းအချက်အလက် ဌာန၏ လျို့ဝှက်အမှတ်အသားမှာ အမှောင်နတ်ဆိုး၏ စုံစမ်းမှု ရလာဒ်တစ်ခု ဖြစ်ပေသည်။

ရိုင်ဇန်သည် “သွေးမြေကျ” အင်အားစုကို သိနေခဲ့ပြီး အာရုံစိုက်ထားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ ယခု တတိယဗိုလ်ချုပ် အားဒီလိတ် သေဆုံးသွားခြင်းက သွေးမြေကျကို သုတ်သင်ရန် သူ့အတွက် ဆွပေးသလို ဖြစ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက အာရုံပြောင်းနိုင်ပြီး အက်မန်းနှင့် အဲလီးရက်စ်တို့ကြားရှိ ပဋိပက္ခကို လျှောချနိုင်သည်။ ၎င်းမှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း၏ ပြော၍ ရနိုင်ပေသည်။

ယခုတွင် သွေးရောင်အင်ပါယာ၏ ဆူပူမှုများမှာ ချန်လွေ့နှင့် မသက်ဆိုင်တော့ပေ။ သူက ဖွန်ဆက်အတွက် အတော်များများ လက်စားချေပေးခဲ့ပြီး သွေးမြေကျကို ကြီးကြီးမားမား ထိခိုက်မှုဖြစ်စေခဲ့သည်။ သြဇာယွမ်မြေကို ရှာတွေ့သောအခါ၌ သူသည် အမှောင်လနယ်မြေသို့ ပြန်သွားမည် ဖြစ်သည်။

စီစဉ်ထားသည့်အတိုင်းပင် အရိပ်နက်အင်ပါယာသို့ လည်ပတ်ခဲ့သော ရှီရာက အမှောင်လသို့ စောစော ပြန်ရောက်ခဲ့သည်။ သွေးနွယ်နယ်မြေနှင့် အမှောင်လကြားရှိ ပူးပေါင်းမှုမှာ ယခုတွင် တည်ငြိမ်သောအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ဗိုလ်ချုပ် ခရောဖို့ဒ် ကတိပေးခဲ့သော မှော်ပညာရှင်တစ်ထောင် ဗိုလ်ခြေသည်လည်း ယခုတွင် နေရာချပြီးလောက်လေပြီ။ ၎င်းမှာ အလွန်ကြီးမားသော အကျိုးအမြတ် တစ်ခုပင် ဖြစ်၏။

လမ်းတစ်လျှောက်၌ ချန်လွေ့သည် သံသယရှိသူများကို “ရိုက်နှက်”နေသော သွေးရောင်အင်ပါယာ စစ်တပ်ကို မြင်တွေ့ခဲ့ရသည်။ စစ်တပ်သာမက လျို့ဝှက် သတင်းအချက်အလက်ဌာန အကုန်လုံးနီးပါးကိုပါ တပ်ဖြန့်ထားခဲ့သည်။ သူတို့သည် အတူတကွ တိတ်တဆိတ် လှုပ်ရှားနေကြသည်။ တိုက်ခိုက်မှုအတိုင်းအတာမှာ အရိပ်နက်အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာတို့ထက်ပင် သာလွန်သည်။ ၎င်းမှာ ရိုင်ဇန်၏ပုံစံ ဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် မလှုပ်ရှားပေ။ လှုပ်ရှားလျှင်လည်း အင်အားကုန် ထုတ်သုံးလေသည်။

ကံကောင်းစွာပင် ချန်လွေ့သည် အပြစ်မဲ့သူများကို မထိခိုက်စေရန်အတွက် အမှောင်နတ်ဆိုးများအား ထောက်လှမ်းခြင်းကိစ္စများကို ရပ်တန့်ထားရန် ဟိုးကတည်းက အမိန့်ပေးထားခဲ့လေည်။

လမ်းတစ်လျှောက်၌ အတော်များများ စုံစမ်းပြီးနောက်တွင် ချန်လွေ့က သွေးရောင်အင်ပါယာ၏ မြောက်ပိုင်းအစွန်ဆုံးဖြစ်သော ဆက်ဖေးတောင်သို့ ဝင်ရောက် လာခဲ့သည်။ ဆက်ဖေးတောင်တန်းမှာ မူလကတည်းက လူနေကျဲပါးပြီ ခေါင်ပါးသော တောင်တန်းနယ်မြေတစ်ခု ဖြစ်သည်။ ပို၍ဝေးသောမြောက်ဘက်တွင် လူမနေသော မြေရိုင်းတစ်ခု ရှိသည်။ အခြားအင်ပါယာများ၏ အစွန်အဖျားများမှာလည်း ထိုအတိုင်းပင် ဖြစ်လေသည်။ ဥပမာပြောရလျှင် ချော်ရည်ပြာနယ်မြေ၏ တောင်ဘက်အစွန်ဆုံးတွင် ပင်လယ်သေရှိသည်။ ပင်လယ်သေ၏ တောင်ဘက်တွင် မြေနေရာများ ရှိနေသေးသည်။ နတ်ဆိုးဘုံသည် အင်ပါယာ၃ခုရောက်နိုင်သည်ထက် ပို၍ကျယ်ပြန့်လှသည်။ သို့သော် အင်ပါယာ၏လူဦးရေ မတိုးပွားလျှင် သူတို့၏ နယ်စပ်များက ထိုနေရာသို့ ဖြန့်ကျက်နိုင်မည် မဟုတ်ပေ။

ချန်လွေ့သည် စာအုပ်ပေါင်းချုပ်ခန်းမ၏ စတုတ္ထအလွှာတွင် ဆက်ခ်ရက်တောင် ပုံသဏ္ဌာန်ကို မြင်ခဲ့ဖူးသည်။ သို့သော်လည်း ဆက်ဖေးတောင်တန်းသည် အလွန်ပင် ကျယ်ပြောလှပြီး တောင်ကုန်း၊ တောင်စောင်းများကို တိမ်တိုက်များနှင့် မြူနှင်းများက ဖုံးလွှမ်းထားလေသည်။ ပျံသွားလျှင်ပင် ၎င်းကို သေသေချာချာ မြင်ရမည် မဟုတ်ပေ။ ချန်လွေ့က ကောက်ရိုးပုံ၌ အပ်ရှာနေသကဲ့သို့ပင် ခံစားသွားရသည်။

ချန်လွေ့က ဆက်ဖေးတောင်တန်း၌ လဝက်နီးပါး လျှောက်သွားနေခဲ့ပြီး မည်သည့် ရလာဒ်မျှ မထွက်ပေါ်လာခဲ့ပေ။ သူက ယခုတွင် အချိန်အတော်ကြာ ခရီးသွားနေခဲ့ပြီ ဖြစ်သည်။ ရှီရာက အကြောင်းရင်း အမျိုးမျိုး အသုံးချပြီး သူ့အတွက် ဖုံးကွယ်ပေးသည့်တိုင် ဘဏ္ဍာရေးအရာရှိသည် အချိန်အကြာကြီး “ပျောက်ကွယ်”သွား၍ မရနိုင်ပေ။

ထိုနေ့ရက်များမှာ အလကားသက်သက် မဟုတ်ပေ။ ဆက်ဖေးတောင်တန်းတွင် အရင်းအမြစ် ကြွယ်ဝသည်။ ချန်လွေ့သည် မြေအောက်မိုင်းတွင်းများကို မတွေ့ခဲ့သော်လည်း [ သရုပ်ခွဲမျက်လုံး ] နှင့် [ အထူးစိစစ်မှု ] တို့၏ အကူအညီဖြင့် ရှားပါးသောအပင်များနှင့် ‌ဆေးကုန်ကြမ်းအများစုကို ကြယ်စင်စုဥယျာဉ်ထဲ ပြောင်းရွှေ့ စိုက်ပျိုးနိုင်ခဲ့သည်။ အချို့ကို သိုလှောင်ဂိုဒေါင်ထဲ၌ သိမ်းထားခဲ့သည်။

ထို့အပြင် သူသည် အန္တရာယ်များပြီး ကြမ်းတမ်းသော နတ်ဆိုးသားရဲများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ နတ်ဆိုးသားရဲ အစွမ်းထက်လေလေ အသိဉာဏ် ပိုရှိလေလေပင် ဖြစ်သည်။ ချန်လွေ့၏ခန္ဓာကိုယ်က နတ်ဆိုးဧကရာဇ်အဆင့် အငွေ့အသက်ကို ထုတ်လွှတ်နေသည့်အတွက် နတ်ဆိုးသားရဲအများစုကို ရှောင်တိမ်းနိုင်ခဲ့သည်။ တိုက်ခိုက်မှု အချို့ ဖြစ်ခဲ့သော်လည်း ပုံမှန်အားဖြင့် အန္တရာယ်အများအပြား မရှိပေ။

ထိုရက်တွင် ချန်လွေ့က တောင်ခြေ၌ ခရမ်းရောင် သွေးဘယ်ရီတစ်ပင်ကို ရှာတွေ့သွားသည်။ ထိုအပင်၌ အဆိပ်တစ်မျိုး ရှိနေဟန်တူသော်လည်း ရှားပါးသော ဆေးကုန်ကြမ်းတစ်ခုလည်း ဖြစ်သည်။ ချန်လွေ့က ထိုအပင်ကို ကြယ်စင်စုဥယျာဉ်ထဲ၌ ပြောင်းရွှေ့စိုက်ပျိုးပြီး ရှေ့သို့ဆက်လက်သွားလိုက်သည်။ ထိုကဲ့သို့ အဆိပ်ရှိ အပင်များ တဖြည်းဖြည် ပိုများလာကြောင်း သူသိရှိသွားပြီးနောက် ရှေ့မှ မူမမှန်သော အသံတစ်သံကို ကြားလိုက်ရသည်။

ချန်လွေ့က အသံနောက်လိုက်ပြီး ချဉ်းကပ်လာသည်။ ထိုအသံ ကျယ်သထက် ကျယ်လာခဲ့သည်။ တိုက်ခိုက်သံလား။ ဒါက...အုပ်စုလိုက် တိုက်ခိုက်နေသလိုပဲ။

ချန်လွေ့သည် ကောင်းကင်ပေါ်၌ ပျံဝဲနေသော အရိပ်နက်အများအပြားကို မြင်လိုက်ရသည်။ သူ အနီးကပ်ကြည့်လိုက်သောအခါ ၎င်းမှာ ငှက်များ အုပ်စုလိုက် တိုက်ခိုက်နေခြင်း ဖြစ်နေသည်။ ပိုကြီးသောငှက်များမှာ မြင်တွေ့နေကျဖြစ်သော လင်းယုန်နက်များဖြစ်ကြသည်။ စုစုပေါင်း ၄ကောင်ရှိ၏။ သူတို့သည် အင်အားကြီးသော အမဲလိုက်ငှက်များ ဖြစ်ကြသ်ည။ ၎င်းတို့သည် မြန်ဆန်ပြီး ခြေသည်းများမှာ အထူးသဖြင့် အားကောင်းလွန်းလှသည်။ ၎င်းတို့သည် ၃၀၀ကီလိုဂရမ်ရှိသော သားကောင်းကိုပင် အေးအေးဆေးဆေး ကုတ်ချီသွားနိုင်ပေသည်။

အခြားငှက်မှာ အဝါရောင်နှုတ်သီးနှင့် ခြေသည်းများရှိသော အကောင်သေးသေး ငှက်များ ဖြစ်ကြသည်။ ဒါဇင်ခန့်ရှိ၏။ သာမန် မြေသားရဲများပင် လင်းယုန်နက်ကဲ့သို့ အမဲလိုက်ငှက်များကို အနည်းငယ် ရှောင်ရှားကြသည်။ သို့သော်လည်း ထိုငှက်များမှာ တိုက်ခိုက်ရန် မကြောက်နေကြပေ။

မည်သို့ပင်ဆိုစေကာမူ အင်အားသည် လုံးဝအားသာချက်ဖြစ်သည်။ အနီရောင် ငှက်ငယ်လေးများ ဒဏ်ရာရဿွားကြသည်။ လင်းယုန်နက်များ၏ ပစ်မှတ်မှာ သစ်ပင်ကြီး အပေါ်ရှိ အသိုက်များ ဖြစ်ကြောင်း ချန်လွေ့ တဖြည်းဖြည်း သတိထားမိသွားပြီး ကြောက်လန့်နေသော ငှက်ကလေးများ၏ အော်သံများကိုပင် တိုးတိုးလေး ကြားနေရသည်။

လင်းယုန်နက်များကို ဘေးဖယ်ထားပြီးနောက် အနီရောင် ငှက်ငယ်များက ချန်လွေ့၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ဒီလိုငှက်မျိုးက ......

အနီရောင်ငှက်ငယ်လေးများက တဖြည်းဖြည်းနှင့် မခုခံနိုင်တော့ဘဲ ရုတ်တရက် သန္ဓေပြောင်းသွားကြသည်။ ငှက်တစ်ကောင်၏ ခန္ဓာကိုယ်က ချက်ချင်းပင် အလုံးတစ်လုံးအဖြစ် ဖောင်းကာသွားပြီး ပေါက်ကွဲထွက်သွားသည်။ ထိုပေါက်ကွဲမှု ပြင်းအားသည် အလွန်ပြင်းထန်လှသည်။ လင်းယုန်နက်များ အော်ဟစ်လိုက်ကြပြီး ၎င်းတို့၏ အမွှေးများ ပြန့်ကျဲကုန်သည်။ သူတို့သည် အသေအချာပင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ကြသည်။

တကယ် သူတို့ပဲ။ အနီရောင်ငှက်ငယ်များက [ သရုပ်ခွဲမျက်လုံး ] ၏ အပြင်ဘက်၌ ရှိနေဆဲ ဖြစ်သော်လည်း ချန်လွေ့က ၎င်းတို့၏နာမည်ကို အတည်ပြုနိုင်ခဲ့သည်။ ပေါက်ကွဲငှက်တွေ.....

ယန္တရားအစည်းအရုံးရဲ့ စာအုပ်ပေါင်းချုပ်ခန်းမရဲ့ စတုတ္ထအလွှာက အချက်အလက်တွေ အတိုင်းဆိုရင် ပေါက်ကွဲငှက်က ဆက်ခ်ရက်တောင် ဒေသမှာ နေထိုင်တဲ့ အထူးမျိုးစိတ်တွေပဲ။

ချန်လွေ့သည် ထိုနယ်မြေ၌ သုံးလေးရက်ကြာ ရှာဖွေခဲ့သော်လည်း အချက်အလက်ထဲမှ အဖြူရောင်တောင်ကို အရိပ်အယောင်မျှ မတွေ့ခဲ့ရပေ။

ထိုအချိန်၌ လင်းယုန်နက်များ၏ နည်းဗျူဟာ ပြောင်းလဲသွားပြီး တိုက်ခိုက်မှု ရပ်တန့်သွားသည်။ သူတို့က သစ်ပင်ပေါ်ရှိ အသိုက်ဆီသို့ သီးခြား ပျံသွားကြသည်။ သူတို့၏အမြန်နှုန်း မြန်လွန်းလှသည့်အတွက် နောက်မှ ပေါက်ကွဲငှက်က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသည့်တိုင် အချိန်မီမည် မဟုတ်ပေ။ စိုးရိမ်စရာ အခြေအနေတစ်ခု၌ လင်းယုန်နက် တစ်ကောင်က အသိုက်အပေါ်သို့ ပျံတက်သွားသည်။ ထိုငှက်ကလေးများ အဖမ်းခံရတော့မည် ဖြစ်ပေသည်။

ရုတ်တရက် ၎င်း၏လှုပ်ရှားမှုများ တန့်သွားခဲ့သည်။ ၎င်းက တောင်ပံခတ်ပြီး ဦးတည်ဘက် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် နောက်သို့ပြန်မကြည့်ဘဲ အမှန်တကယ်ပင် ပြေးထွက်သွားခဲ့သည်။ တစ်ယောက်တည်းသာ မဟုတ်။ အခြား ၂ကောင်လည်း ထိုအတိုင်းပင် ဖြစ်သည်။

အသိုက်အောက်၌ ရုတ်တရက်ပေါ်လာသော အန္တရာယ်အငွေ့အသက်မှာ သူတို့ ယှဉ်နိုင်သည်ထက် များစွာ ကျော်လွန်နေသည့်အတွက် ပေါက်ကွဲငှက်များ ပို၍ ထိတ်လန့်သွားကြသည်။ သို့သော်လည်း ပေါက်ကွဲငှက်များက အော်ဟစ်ပြီး အဆင်အခြင်မဲ့ အောက်ဆင်းလာကြသည်။

ထိုအငွေ့အသက် ရုတ်တရက် ပြောင်းလဲသွားသည်။ ၎င်းသည် အလွန်ပင် အစွမ်းထက်နေသော်လည်း ရင်းနှီးသော အငွေ့အသက်များ ပြည့်နှက်နေသည်။ လူပုံရိပ်က အသိုက်အရှေ့၌ ပေါ်ထွက်လာသည်။ ငှက်ကလေးများ၏ အတွေးများ အတော်လေး ရိုးရှင်းသည်။ ရင်းနှီးပြီး ဖော်ရွေသော အငွေ့အသက်ကို ခံစားမိပြီးနောက် သူတို့၏ အသံထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများ ရှိမနေတော့ပေ။ အချို့ကမူ ပါးစပ်ဟပြီး လူပုံရိပ်၏ လက်ထဲမှ အစာများကို လုယက်ကြတော့သည်။

ပေါက်ကွဲငှက်များ၏ အသိဉာဏ်မှာ သိပ်ပြီး မမြင့်မားလှပေ။ သို့သော်လည်း ၎င်းတို့သည် ကြိုက်ခြင်း၊ မကြိုက်ခြင်းကို ခွဲခြားနိုင်သည်။ ထိုလူပုံရိပ်က လင်းယုန်နက်များကို မောင်းထုတ်ပေးပြီး ငှက်ငယ်ကလေးများကို ကာကွယ်ပေးသည့် အတွက်ကြောင့် သူတို့၏ စူးရှသော အော်သံများက ငြိမ်ချမ်းသော သီကျူးသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

All Chapters