ဆက်ခ်ရက်။ ပေါလောပေါ်နေသောတောင်
Vol. 31 Ch. 453
ငှက်ငယ်လေးများကို ကယ်တင်ပြီး [ သရုပ်ခွဲမျက်လုံး ] ဖြင့် ဆက်သွယ် စကားပြောခြင်းက ချန်လွေ့အား ထိုပေါက်ကွဲငှက်အုပ်၏ ကျေးဇူးတင်ခြင်းကို ရရှိစေခဲ့သည်။
ယခုတွင် ပေါက်ကွဲငှက်များ ပေါ်ထွက်လာပြီဖြစ်သည့်အတွက် ဆက်ခ်ရက်တောင် သည်လည်း အနီးအနား၌ ရှိရပေမည်။ ပေါက်ကွဲငှက်များ၏ အသိဉာဏ်မှာ မမြင့်မား လှသည့်အတွက် သူတို့ပေးနိုင်သော သတင်းအချက်အလက်များမှာ အနည်းငယ်သာ ဖြစ်သည်။
ဆက်သွယ်စကားပြောနေစဉ်အတွင်း ထိုနေရာ၌ ထူးခြားသော “တောင်ထွတ်” တစ်ခုရှိကြောင်း သိသွားသည်။ သားပေါက်ချိန်အတွင်း ပေါက်ကွဲငှက်များက “တောင်ထွတ်”မှ ပျံထွက်ပြီး ယခုနေရာသို့ ရောက်လာကြသည်။ ထိုနေရာမှ အပူချိန်နှင့် အဆိပ်ပင်တို့သည် ပေါက်ကွဲငှက် သားပေါက်ရန်အတွက် အတော်လေး လိုက်လျောညီထွေ ရှိသည်။ သဘာဝရန်သူ အများအပြား မရှိပေ။ ယနေ့ လင်းယုန်နက်များမှာ ခြွင်းချက်ဖြစ်သည်။ အကြောင်းမှာ ထိုပေါက်ကွဲငှက်အုပ်စုက အတော်လေး သေးငယ်၍ ဖြစ်သည်။ ပုံမှန်အားဖြင့်ပြောရမည်ဆိုလျှင် လင်းယုန်နက်များပင် ကြီးမားသော ငှက်အုပ်ကို မနှောင့်ယှက်ရဲပေ။
အရေအတွက်တစ်ခုအထိ သားပေါက်ပြီးနောက် ပေါက်ကွဲငှက်များက “တောင်ထွတ်”သို့ ပျံသွားကြပြန်သည်။ သို့သော်လည်း ထွက်ရသည်မှာ လွယ်ကူပြီး ပြန်ဝင်ရ အလွန်ခက်ခဲပေသည်။ ၎င်းတို့သည် ရံဖန်ရံခါ၌သာ ပြန်ဝင်နိုင်ကြသည်။ ထို့ကြောင့် ပေါက်ကွဲငှက်အုပ်လိုက် တစ်နေ့လုံး လှည့်ပတ်ပျံသန်းနေကြခြင်း ဖြစ်ပေသည်။
အမှန်တကယ်၌ “တောင်ထွတ်”တွင် ပိုမိုစွမ်းအားကြီးသော သဘာဝရန်သူများ ရှိကြသည်။ အန္တရာယ်ပိုများသော်လည်း ပေါက်ကွဲငှက်များက “တောင်ထွတ်”တွင် သူတို့ကို ပို၍အစွမ်းထက်အောင် သန္ဓေပြောင်းလဲစေနိုင်သော အားတစ်ခုရှိကြောင်း အလိုလို သိနေကြသည်။ ထို့ကြောင့် သူတို့က အတင်းဝင်ရောက်နေကြခြင်း ဖြစ်သည်။ သူတို့ ဝင်ရောက်ပြီးနောက် ပိုမိုစွမ်းအားကြီးသော နတ်ဆိုးသားရဲများ၏ အမဲလိုက်ခြင်း ခံရကာ အစားခံရပြီး အရေအတွက် ကြီးကြီးမားမား လျော့ကျသွားသည်။ ထို့နောက် သူတို့သည် အပြင်ထွက်ကာ သားပေါက်ပြီး ပြန်ဝင်ကြပြန်သည်။ ၎င်းတို့သည် ထိုကဲ့သို့ အဆက်မပြတ်သံသရာနှင့်အတူ ထူးဆန်းသော ရွှေ့ပြောင်းခြင်းနှင့် အစားအစာ ကွင်းဆက် ပတ်သက်မှုကို ဖွဲ့စည်းထားကြလေသည်။
ပေါက်ကွဲငှက်များ၏ ဦးဆောင်မှုအောက်တွင် ချန်လွေ့သည် “တောင်ထွတ်” ကို ရှာတွေ့သွားသည်။ ၎င်းမှာ တိမ်တိုက်နှင့်မြူနှင်းများ ဝိုင်းရံထားသော မြင့်သွန်းသည့် တောင်ထိပ်တစ်ခု ဖြစ်သည်။ လေထဲ၌ အဆက်မပြတ် ပျံသန်းနေသော ပေါက်ကွဲငှက်အုပ်များကို ချန်လွေ့ မြင်နေရသည်။ သူတို့သည် မမြင်နိုင်သော ဝင်ပေါက် တစ်ခုထဲသို့ ဝင်ရောက်ချင်နေပုံရသည်။
ပေါက်ကွဲငှက်အများအပြား ရှိနေခြင်းကြောင့် လင်းယုန်နက်ကဲ့သို့သော နတ်ဆိုးသားရဲများပင် အနားမကပ်လာရဲကြပေ။ အဝေးမှကြည့်လျှင် ပေါက်ကွဲငှက် အရေအတွက် အများအပြားမှာ တောင်ထိပ်ကို ဝိုင်းရံနေသော တိမ်တိုက်နက်များ ကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းမှာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
နေပါဦး။ ဘာလို့ လုံးဝမတူတာလဲ။ တောင်ရဲ့ ပုံစံရော၊ အရောင်ရော၊ ပုံသဏ္ဌာန်ရော လုံးဝမတူနေဘူး။ ချန်လွေ့ စိတ်ရှုပ်သွားပြီး လေထဲ၌ အဆက်မပြတ် ပျံသန်းနေသော ပေါက်ကွဲငှက်များကို ကြည့်လိုက်သည်။
ဒီပေါက်ကွဲငှက်တွေ ပျံသန်းနေတဲ့အမြင့်က တောင်ထိပ်ထက်ကို ပိုမြင့်တယ်။ ပြီးတော့ သာမန်ငှက်တွေထက်လည်း ပိုမြင့်တယ်။ အောက်မှာရှိတဲ့တောင်က ဆက်ခ်ရက်တောင် မဟုတ်ဘဲနဲ့ လေထဲမှာ ရှိနေတာများလား။
ချန်လွေ့၏စိတ် ရွေ့လျားသွားပြီး သူ၏ခန္ဓာကိုယ် တဖြည်းဖြည်း အပေါ်သို့ လွင့်ပျံလာသည်။ သူထုတ်လွှတ်သော အင်အားကြီး အငွေ့အသက်နှင့် သူ့ပတ်ပတ်လည်မှ ပေါက်ကွဲငှက်များ ပြုလုပ်သည့် “လိုက်ဖက်ညီသော” အချက်ပြများက သူ့ကို “တိမ်တိုက်နက်များ”၏ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးနေခဲ့သည်။ ခဏအကြာ၌ သူသည် တောင်ထိပ်သို့ ပျံသန်းသွားခဲ့သည်။
ချန်လွေ့ မရပ်တန့်ခဲ့ပေ။ သူက အပေါ်သို့ ဆက်လက်ပျံသန်းနေခဲ့သည်။ သို့သော် ဘာမျှရှိမနေပေ။ ထိုနေရာ၌ ဗလာနတ္ထိ ဖြစ်နေသည်။ အောက်ငုံ့ကြည့်လိုက်ရာ သူသည် တိမ်တိုက်များ၊ တောင်တန်းများနှင့် မြူနှင်းများကိုသာ မြင်ရသည်။ သို့ရာတွင် သူ အမြင့်သို့ ပိုရောက်လေလေ စိတ်ထဲ၌ ခံစားချက်တစ်ခု ပိုမို ပြင်းထန်လာလေလေပင် ဖြစ်သည်။ ၎င်းမှာ သက်တန့်တောင်ကြား အပြင်ဘက်သို့ ပထမဆုံးအကြိမ် ရောက်ရှိစဉ်က ခံစားချက်မျိုး ဖြစ်သည်။
ထိုအချိန်၌ သူသည် ရှေးမှော်စာများကို မသိခဲ့ပေ။ လက်ရှိ သူ့တွင်ရှိနေသော မှော်စက်ဝိုင်းများနှင့် နဂါးထွင်းစာများ၏ ကြီးမားသော အောင်မြင်မှုများလည်း မရှိခဲ့ပေ။ ယခုတွင် ချန်လွေ့၏ မှော်စက်ဝိုင်းမှာ နတ်ဆိုးဘုံ၌ အမြင့်ဆုံးအဆင့်နီးပါး ဖြစ်နေပြီး ရှေးမှော်စာအပေါ် သူ၏အခြေခံနားလည်မှုမှာလည်း ပြီးမြောက်နေပြီး နတ်မိယ်နဂါး ဇိုလာပြီးလျှင် ဒုတိယ ဖြစ်သည်။ သို့သော် ထိုကွက်လပ်ကောင်းကင်ကို မြင်ရသည့်အခါ ချန်လွေ့သည် မှုန်ဝါးဝါးနှင့် ဝေဝါးဝါး ခံစားချက်များကိုပင် ခံစားနေရသေးသည်။
သူသည် သင်္ချာထူးချွန်သော အခြေခံကျောင်းသူတစ်ယောက်က အထက်တန်း မတက်ခင် အဆင့်မြင့်သင်္ချာ သင်ကြားနေသော လောကသို့ ရုတ်တရက် ရောက်လာသကဲ့သို့ ဖြစ်သွားသည်။
ချန်လွေ့က ရှေးမှော်စာများ၏ အငွေ့အသက်ကို အနည်းငယ်သာ “အနံ့ခံ” မိသည်။ ပိုများလေလေ သူပို၍ အံ့အားသင့်လေလေပင် ဖြစ်သည်။ ရုတ်တရက် သူက ရှေးစကား တစ်ခွန်းကို သတိရသွားသည်။ စကြဝဠာက အကန့်အသတ်မရှိဘူး။ ( ဆိုလိုတာကတော့ မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက်၊ မင်းထက်သာတဲ့သူဆိုတာ အမြဲတမ်း ရှိနေဦးမှာပဲ။ )
စွမ်းအားအရ အစွမ်းထက်ပုဂ္ဂိုလ်အရေအတွက် အများအပြားရှိခြင်းကြောင့် ချန်လွေ့က ကိုယ့်ကိုယ့်ကိုယ် အနိမ့်နေရာ ထားထားသည်။ သူက ပိုမို အစွမ်းထက် လာရန်အတွက် ပန်းတိုင်များကို တစ်ခုပြီးတစ်ခု ချထားခဲ့သည်။ အစပိုင်း အရတ်စ်မှ ယခု ဂူစတက်ဗ်အထိ သူသည် စူပါစနစ်၏ အကူအညီကြောင့်သာမက ကိုယ်ပိုင် နားလည်သဘောပေါက်မှုနှင့် ကိုယ့်ကိုယ်ကိုယ် ကျော်လွန်ကာ ရှေ့ဆက်သွားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ နှလုံးသားတို့ကြောင့် အချိန်တိုအတွင်း အမြင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဒါပေမဲ့ တခြားနယ်ပယ်တွေကရော။
သုံးသွယ်-အထူးပြု ပါရမီရှင် ယန္တရားဆရာသခင်၊ မှော်စက်ဝိုင်းပါရမီရှင်၊ ရှေးမှော်စာ ပါရမီရှင်၊ စီးပွားရေး ပါရမီရှင်၊ နည်းဗျူဟာ ပါရမီရှင်၊ မဟာဆရာသခင်အဆင့် ဆေးရည်မည်းပိုင်ရှင်၊ အဆောင်ပစ္စည်း ပြုလုပ်သူ......ထိုအပိုင်းများ၌ သူ့ကို ယှဉ်နိုင်သူ မရှိသလောက်ပင် ဖြစ်သည်။ သို့သော်လည်း ၎င်းက သူ့ကို မသိမသာ အားရကျေနပ် သွားစေသည်။
ထိုကဲ့သို့ အားရကျေနပ်မှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသာမက မာန်မာနပါ ဖြစ်သွားစေခဲ့သည်။ ကိစ္စအများအပြား၌ “အားရကျေနပ်မှု” နှင့် “ရပ်တန့်မှု” တို့မှာ တူညီနေပေသည်။
ယခု ချန်လွေ့က ရုတ်တရက် ခေါင်းလှည့်လိုက်ရာ သူ အလွန်ပင် အားရကျေနပ် ခဲ့ကြောင်း သတိထားမိသွားသည်။ သုံးသွယ်-အထူးပြု ဆရာသခင်နဲ့ မှော်စက်ဝိုင်း ပါရမီရှင်က စူပါစနစ်ရဲ့ [ အထူးစိစစ်မှု ] လုပ်ဆောင်ချက်ပေါ်မှာ အမှီပြုနေတာပဲ။ ဆေးရည်မည်းနဲ့ အဆောင်ပစ္စည်းတွေက စူပါစနစ်ရဲ့ ထုတ်ကုန်တွေ။ စီးပွားရေးနဲ့ နည်းဗျူဟာဆွဲတောတွေကတော့ အရင်ဘဝက ငါ့အတွေ့အကြုံတွေကနေ ကူးချထားတာ။ ငါက ကံနည်းနည်းကောင်းပြီးတော့ နည်းနည်းပါးနပ်တဲ့ လောကကူးပြောင်းသူ တစ်ယောက် ဖြစ်နေလို့သာပဲ။ တကယ်လို့ ငါ့မှာ စူပါစနစ် မရှိရင်ရော။
တကယ်တော့ စူပါစနစ်ရဲ့ အကူအညီမပါဘူးဆိုရင် ဒီနေ့ ဒီလိုအခြေအနေမျိုး ရောက်လာမှာ မဟုတ်ဘူး။
၎င်းကို စဉ်းစားမိပြီးနောက် ချန်လွေ့ ရုတ်တရက် ချွေးပြန်သွားပြီး ရုတ်တရက် ဉာဏ်အလင်း ရသွားသည်။ ဟုတ်တယ်။ ငါ့ကိုယ်ငါ သေသေချာချာ အသိအမှတ်ပြုမှပဲ ဆက်ပြီးတော့ တိုးတက်နိုင်မှာ။ ကိုယ့်ကိုယ်ကိုယ်သိ၊ ရန်သူကိုသိရင် တိုက်ပွဲကို အနိုင်ရနိုင်မယ်။ အရင်ဆုံး “ငါ့ကိုယ်ငါသိအောင်” လုပ်ရမယ်။
ခဏလေးတွေးပြီးနောက် ချန်လွေ့က နှစ်ထောင်ပေါင်းများစွာ တွေးနေသကဲ့သို့ နိုးထသွားသည်။ သူ၏စိတ်သည်လည်း သေးငယ်သောပြောင်းလဲမှုအချို့ ဖြစ်သွားသည်။ သူ၏စွမ်းအား သိသိသာသာ မတိုးလာခဲ့သော်လည်း ရှေ့မှလမ်းသည် ပိုကျယ်လာပြီး ပိုမိုထင်ရှားလာသည်ကို ခံစားမိလိုက်သည်။ စွမ်းအားကို အပြင်းအထန် လေ့ကျင့်ပြီး အဆက်မပြတ် တိုးတက်အောင် လုပ်ပြု၍ ရသည်။ သို့သော်လည်း ထိုစိတ်အခြေအနေ တိုးတက်မှုမှာ အခွင့်အရေးလိုအပ်သော “ဉာဏ်အလင်းရခြင်း”ဟူသည် စကားလုံးပေါ်၌ အဓိက အခြေခံလေသည်။ ၎င်းကို ဆုံတွေ့နိုင်သော်လည်း မရှာတွေ့နိုင်ပေ။
ချန်လွေ့၏ တိုးတက်သွားသည်နှင့် တည်ငြိမ်သွားခဲ့သည်။ သူက သင်ယူခဲ့သော အသိပညာများကို စတင်အသုံးချတော့သည်။ သူက ရှေးမှော်စာများ၏ “ခံစားချက်”ကို စမ်းသပ်ပြီး အကြီးချဲ့ကြည့်သည်။
သူ လုံးဝ စိတ်တည်ငြိမ်သွားသေအခါ ခံစားချက် ပြင်းထန်သထက် ပြင်းထန်လာသည်။ ပိုမိုပြင်းထန်လေလေ လျို့ဝှက်ဆန်းကြယ်မှုများကို ခံစားမိလေလေ ဖြစ်သည်။ မူလက ချန်လွေ့၏ လက်ရှိစွမ်းရည်ဖြင့် သက်တန့်တောင်ကြားမှာကဲ့သို့ အတင်းဝင်ရောက်၍ မရနိုင်ပေ။ သို့သော်လည်း ပေါက်ကွဲငှက်များ၏ အဝင်အထွက်ပေါင် “ဟာကွက်”တစ်ခု တမင်တကာ ပေါ်ထွက်လာခဲ့သည်။ ဇီဝကွင်းဆက်တစ်ခုကို ထိန်းသိမ်းထားရန်အတွက် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် မူလက မရောက်ရှိနိုင်သော “ဝင်ပေါက်”သည် အနည်းငယ် လက်လှမ်းမီနိုင်သွားသည်။
သို့သော်လည်း အချိန်တိုအတွင်း ထိုထဲသို့ဝင်ရန် သူသည် ထို “ဟာကွက်”ကို အဖြေမရှာနိုင်ပေ။
ချန်လွေ့ အကြံတစ်ခု ရသွားသည်။ သူက အနီးအနားမှ ပေါက်ကွဲငှက်များကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် “ပထမလူ” နည်းလမ်းကို စမ်းသပ်ရန်အတွက် ပေါက်ကွဲငှက်ကို အတုခိုးလိုက်သည်။ နောက်ဆုံး၌ သူ အောင်မြင်သွားခဲ့သည်။
အကယ်၍ သူသာ သာမန်နတ်ဆိုးဧကရာဇ်အဆင့်ဆိုလျှင် လေထဲ၌ ရပ်နေရရန် ခက်ခဲပေမည်။ သို့သော်လည်း ချန်လွေ့၏ [ ပျံသန်းခြင်း ] စွမ်းရည်ကို သာမန် နတ်ဆိုးဧကရာဇ်အဆင့်များ ယှဉ်နိုင်သည် မဟုတ်ပေ။ ထပ်ကာထက်ပာ စမ်းသပ်ပြီးနောက် ချန်လွေ့က မျက်စိကျိန်းပြီး မူးဝေသွားခဲ့သည်။ သူ၏ရှေ့မှ ဖောက်ထွင်းမြင်ရသော “လေ”သည် ရုတ်တရက် လုံးဝကွဲပြားသော မြင်ကွင်းတစ်ခုနှင့် အစားထိုးသွားခဲ့သည်။
သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ထိုမူးဝေသောခံစားချက်က အမြင်ပိုင်းဆိုင်ရာ ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ဖြစ်စေခဲ့သည်။ ရုတ်ချည်း ဖြစ်သွားရုံသာမက ထိုလျို့ဝှက်ဆန်းကြယ်သော စွမ်းအားကြောင့်လည်း ဖြစ်ပေသည်။
အခြားအရာများနှင့် ဘာမှမကွာသော အဖြူရောင်တောင်တစ်တောင် ရှိနေသည်။ သို့သော်လည်း ထိုတောင်မှာ အမှန်တကယ်ပင် လေထဲ၌ ပေါလောပေါ်နေသည်။ ချန်လွေ့၏ ပထမဆုံးအမြင်မှာ မရင်းနှီးဘဲ ထိုကဲ့သို့အဟုန်၊ ရှေးဟောင်းခံစားချက်နှင့် ယိုယွင်းမှုတို့ကို စာအုပ်ပေါင်းချုပ်ခန်းမ စတုတ္ထအလွှာရှိ ထိုလောကငယ်လေးထဲတွင် မခံစားမိခဲ့ပေ။ ထို့နောက် ဒုတိယ ခံစားချက်မှာ ရင်းနှီးမှု ဖြစ်သည်။ ဆက်ခ်ရက်တောင်။
စာအုပ်ပေါင်းချုပ်ခန်းမရှိ အချက်အလက်ထဲ၌ အထွတ်အမြတ်တောင်ဟုခေါ်သော ဆက်ခ်ရက်တောင်မှာ အမှန်တကယ်၌ ထိုကဲ့သို့ လေထဲတွင် ပေါလောပေါ်နေသည့် လျို့ဝှက်ဆန်းကြယ်သော တောင်တစ်တောင် ဖြစ်နေလေသည်။
ချန်လွေ့ဘေးမှ ပေါက်ကွဲငှက်များက ဆက်ခ်ရက်တောင်ကို မြင်လိုက်ပြီး ပျော်ရွှင်စွာ သီကျူးနေကြတော့သည်။ သူတို့က တောင်ပံခတ်ပြီး ရှေ့သို့ ပျံသွားလိုက်သည်။ ခဏအကြာတွင် သူတို့သည် မြူဖုံးနေသော တောအုပ်ထဲသို့ ဝင်ရောက် သွားကြသည်။
ချန်လွေ့သည် ထိုပေါလောပေါ်နေသော တောင်ဆီသို့ ပျံသန်းသွားသည်။ သူ ဆင်းလိုက်သည်နှင့် စိတ်ထဲ၌ ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်သွားခဲ့သည်။ သူ မည်သည့်နေရာ ရောက်နေပါစေ၊ မည်ကဲ့သို့ ရုပ်ဖျက်ထားပါစေ၊ သူသည် တောင်တစ်ခုလုံး၏ “ပြင်ပဒြပ်စင်တစ်ခု” ဖြစ်နေသည်။ သူ၏လှုပ်ရှားမှုတိုင်းမှာ အလွန်အမင်း မျက်လုံးကို ဖမ်းစားနိုင်နေသည်။ တောင်ထဲ၌ တစ်ယောက်ယောက် ရှိနေလျှင် သူ့ကို အလွယ်တကူ ရှာတွေ့နိုင်မည် ဖြစ်သည်။
၎င်းမှာ တဲရစ် စံအိမ်ထဲ ရှိနေသော ခံစားချက်မျိုးနှင့် အနည်းငယ် ဆင်တူသည်။ သို့သော်လည်း တဲရစ်က နည်းဗျူဟာနှင့် လှည့်ကွက်များအပေါ်တွင် အမှီပြုပြီး ဤနေရာတွင် စစ်မှန်သည့် လျို့ဝှက်ဆန်းကြယ်သော မှော်စာများနှင့် ဥပဒေသများ ရှိနေသည်။
ထိုတောင်တန်းမှာ အပြင်ဘက်မှ မြင်နေရသော နေရာထက် များစွာ ပိုမို ကျယ်ပြန့်လှသည်။ ချန်လွေ့ အချိန်အကြာကြီး လမ်းလျှောက်ပြီးမှသော တောင်ခြေသို့ ရောက်ရှိသွားခဲ့သည်။ ၎င်း၏ စစ်မှန်သောအကျယ်အဝန်းမှာ ဆက်ဖေးတောင်တန်း တစ်ခုလုံးထက်ပင် ပိုနေနိုင်သည်။ ၎င်းမှာ “လောက”တစ်ခုကဲ့သို့ပင် ဖြစ်သည်။
ပိုင်နက်။ ဆက်ခ်ရက်တောင်တစ်ခုလုံးက ရှေးမှော်စာတွေနဲ့ ပေါင်းစပ်ထားတဲ့ ပိုင်နက်တစ်ခုပဲ။
ဒီလောက်ကြီးမားတဲ့တောင်တန်းကို ပိုင်နက်နဲ့ အုပ်မိုးနိုင်ပြီးတော့ ဒီလိုမျိုး ထူးဆန်းတဲ့ ခံစားချက်မျိုးရှိတာက နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်တွေရဲ့ စွမ်းရည် မဟုတ်တော့ဘူး။
ဒါကို နတ်ဘုရား-တစ်ပိုင်း အစွမ်းထက်ပုဂ္ဂိုလ်က ချန်ထားခဲ့တာလား။
ချန်လွေ့သည် သတင်းအချက်အလက်အရ သြဇာယွမ်မြေရှိကြောင်းကိုသာ သိသည်။ သို့သော်လည်း အသေးစိတ် တည်နေရာကို သူမသိပေ။ ထို့ကြောင့် တစ်ဆင့်ချင်းသာ ရှာဖွေ၍ ရနိုင်ပေသည်။
ချန်လွေ့ အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ရှေ့သို့ ဦးတည်သော အဖြူရောင် လှေကားထစ်တစ်ခုကို ရှာတွေ့သွားသည်။ ထိုလှေကားထစ်မှာ သန့်ရှင်းပြီး လုံးဝသန့်စင်နေသည်။ ရေညှိတစ်ခုပင် မရှိချေ။ တစ်စုံတစ်ယောက်၏ သန့်ရှင်းခြင်း သို့မဟုတ် ပိုင်နက်၏ မှော်အစွမ်းကြောင့် ဖြစ်နိုင်ပေသည်။
ချန်လွေ့က ရှေ့သို့ ဆက်သွားလိုက်သည်။ သူ သွားနေရင်း ရုတ်တရက် ရပ်လိုက်၏။
တစ္ဆေသဖွယ် အနက်ရောင်ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်မှ လွှားခနဲ ဆင်းလာသည်။
မျိုးနွယ်- ဂါဂိုယောင်။
စွမ်းအားအကဲဖြတ်မှု - C
ခွန်အား - C
ခန္ဓာအမျိုးအစား - C-
စိတ်ဝိညာဉ် - E
အမြန်နှုန်း - C
[ ဂုဏ်သတ္တိ ] - အမှောင်ဂုဏ်သတ္တိ။
ချန်လွေ့၏စိတ်ထဲ၌ အချက်အလက်များ ချက်ချင်း ပေါ်ထွက်လာသည်။ ဂါဂိုယောင် - ပျံသန်းနိုင်သည့် ရှေးအဂ္ဂိရတ်ထုတ်ကုန်တစ်ခု။ သန္ဓေပြောင်းများ ဖြစ်ကြပြီး သီးခြားတွေးတောနိုင်စွမ်း၊ အားကောင်းသော ခုခံမှု၊ စိတ်ဝိညာဉ် မှော်ပညာကို လုံးဝခုခံနိုင်ခြင်း၊ မှော်ထိခိုက်မှုကို တစ်ဝက်လျှော့ချနိုင်ခြင်းတို့ ရှိသည်။
အတိအကျပြောရလျှင် ဂါဂိုယောင်သည် “စက်”တစ်ပိုင်း၊ သက်ရှိတစ်ပိုင်းဖြစ်ပြီး သလင်းကျောက်လူသားများနှင့် အတော်လေး ဆင်တူသည်။ ၎င်းသည် ချန်လွေ့ ထုတ်လွှတ်သော နတ်ဆိုးဧကရာဇ်အဆင့်ကို လုံးဝလျစ်လျူရှုထားပြီး အရှိန်ဖြင့် ဆင်းသက်လာခဲ့သည်။
၎င်းသည် နတ်ဆိုးဘုရင်အဆင့် ဂါဂိုယောင်သာ ဖြစ်သည်။ ချန်လွေ့က လေထဲသို့ လက်မြှောက်လိုက်ရာ ဂါဂိုယောင်သည် ၃မီတာအကွာ၌ အားတစ်ခုဖြင့် ထိန်းချုပ် ခံလိုက်ရသည်။ ထိုဂါဂိုယောင်မှာ စတုတ္ထအလွှာမှ အချက်အလက်အတိုင်း ဆင်တူသော အသွင်အပြင် ရှိသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်နေပြီး သားရဲခေါင်းနှင့် လူသားခန္ဓာကိုယ် ရှိသည်။ ၎င်းတွင် အနီရောင်မျက်လုံးများရှိပြီး ချွန်ထက်သော ခြေသည်းနှင့်လက်သည်းများ ရှိသည်။ ၎င်း၏ကျောဘက်၌လည်း လင်းနို့တောင်ပံတစ်စုံ ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကုန်ကြမ်းများစွာ ကျောက်တစ်မျိုးမျိုး ဖြစ်ပုံရသည်။
ဂါဂိုယောင်ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ၎င်းသည် သေသည်အထိ အလျော့မပေးသကဲ့သို့ပင် လက်သည်းများကို ချန်လွေ့ဘက်သို့ အပြင်းအထန် ယမ်းလိုက်သေးသည်။
ချန်လွေ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်ပေါ်၌ အလွန်ကြီးမားသော စက်ဝိုင်းတစ်ခု ဖွဲ့စည်းနေသည့် အရိပ်နက်အုပ်စုတစ်ခု ရှိနေပြီး ဖြစ်သည်။ ၎င်းတို့သည် ချန်လွေ့၏တည်နေရာကို ဝိုင်းရံထားကြပြီး အရိပ် အရေအတွက်လည်း တဖြည်းဖြည်း တိုးလာခဲ့သည်။
လက်ရှိအုပ်စုမှ အရိပ်အရေအတွက်ကို ကြည့်လိုက်လျှင် သောင်းချီ ရှိနေနိုင်သည်။ အကယ်၍ ၎င်းတို့သာ နတ်ဆိုးဘုရင်အဆင့် သို့မဟုတ် ထိုထက်မြင့်မည်ဆိုလျှင် ချန်လွေ့သည် နတ်ဆိုးဧကရာဇ်အဆင့် ဖြစ်သည့်တိုင် သေသည်အထိ အားအင် ကုန်ခမ်းသွားမည် ဖြစ်သည်။ ရုတ်တရက် သူ ကြက်သီးထသွားခဲ့သည်။
“အထွတ်အမြတ်တောင်ကို ကျူးကျော်တဲ့သူ။ သေပေတော့။”
၎င်းမှာ အေးစက်သော အမျိုးသမီးအသံတစ်သံ ဖြစ်သည်။ ထိုအသံမှာ အနည်းငယ် ရင်းနှီးသလို ဖြစ်နေသော်လည်း လေသံတွင် မရင်းနှီးသော အေးစက်မှုများနှင့် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေခဲ့သည်။
အမ်။ မိန်းကလေး ဖြစ်ရမှာလား။