မတရားတိုက်ခိုက်ခံရခြင်း။ ပြန်လာပြီးနောက် အထင်လွဲခြင်း
Vol. 31 Ch. 461
[ နွေပိုင်နက် ] ချန်လွေ့ သဘောပေါက်ပြီးသည့် တတိယမြောက် ပိုင်နက်အမျိုးအစား ဖြစ်သည်။ ထိုပိုင်နက် “အမျိုးအစား” သည် စူပါစနစ်၏ [ကြယ်စင်စုပိုင်နက်] စွမ်းရည်နှင့် မတူပေ။ ၎င်းမှာ အခြေခံ “ဥပဒေသ”မှ ကိုယ်ပိုင် အမြင်များကို အခြေခံပြီး ချန်လွေ့ သဘောပေါက်ထားသည့် စစ်မှန်သော ပိုင်နက်တစ်ခု ဖြစ်ပေသည်။ တစ်နည်းအားဖြင့်ပြောရလျှင် စူပါစနစ်၏ စွမ်းရည်ကို အသုံးမပြုသည့်တိုင် ထိုပိုင်နက်သုံးခုကို သူ အသုံးပြုနိုင်သေးသည်။
[ ဆောင်းဦးပိုင်နက် ] ........ ထိုပိုင်နက်ကို အသူရာ ချန်ထားခဲ့သော အမှောင်စွမ်းအင်မှ သဘောပေါက်ထားခြင်း ဖြစ်သည်။ ၎င်းသည် ရန်သူကို အားနည်းပြီး အသက်ကြီးစေကာ အမျိုးမျိုးသော အားယုတ်မှုများ ဖြစ်စေသည်။
[ နွေဦးပိုင်နက် ] ...... နိဗ္ဗာန်စွမ်းအာနှင့် [ နက္ခတ်သဏ္ဌာန် ] ဝိသေသလက္ခဏာများမှ သဘောပေါက်ထားသော ပိုင်နက်စွမ်းအားဖြစ်သည်။ မိမိနှင့် မဟာမိတ်များ၏ ဒဏ်ရာကို ကုသပေးနိုင်ပြီး ပြန်ကောင်းနှုန်းကို မြန်ဆန်စေသည်။
[ နွေပိုင်နက် ] ..... မီးသင့်နဂါးအငွေ့အသက်နှင့် ကြယ်ကူးပြောင်းစွမ်းရည်မှ သဘောပေါက်လာသော ပိုင်နက်စွမ်းအား ဖြစ်သည်။ ၎င်းသည် ရန်သူ၏စွမ်းအားကို စုပ်ယူပြီး ကိုယ်ပိုင်အသုံးပြုရန် ပြောင်းလဲနိုင်သည်။ ၎င်းသည် ထုတ်ပေးနိုင်ပြီး ဝိညာဉ်ကို ထိခိုက်စေသည့် အမျိုးမျိုးသော တိုက်ခိုက်မှုများနှင့် သဘာဝလွန်စွမ်းအားများကို ထုတ်ပေးနိုင်သည်။
ယခုတစ်ခေါက်တွင် [ နွေပိုင်နက် ] မှာ ချန်လွေ့၏ အကြီးမားဆုံး ရရှိမှုပင် ဖြစ်သည်။ ၎င်းသည် ကနဦး အခြေအနေ၌သာ ရှိနေသေးသော်လည်း နတ်ဆိုးဧကရာဇ်အဆင့် နှစ်ယောက်ကို ပိတ်ဆို့ရန် [ မီးသင့်နဂါး ဝင်စီးခြင်း ] အခြေအနေ၌ အသက်သွင်းကြည့်သည့်အခါ သက်ရောက်မှုများသည် အတော်လေး ကျေနပ်စရာ ကောင်းလှသည်။ “အခြေခံဥပေဒသ”အပေါ် သူ၏နားလည်သဘောပေါက်မှု နက်ရှိုင်းလာသည်နှင့်အမျှ ထိုပိုင်နက်လည်း ပိုမိုတိုးတးက်ပြီး အားကောင်းလာပေမည်။
ခဏအကြာ၌ ချန်လွေ့က ဖရန်စစ်နှင့် စစ်သည်များနှင့်အတူ မှော်ဆရာခံတပ်သို့ ပြန်ရောက်လာခဲ့ကြသည်။
ဖရန်စစ်ကို ကယ်တင်ခြင်း၊ ပါမီရာကို ဖမ်းဆီးခြင်း၊ ရန်သူ့စခန်းကို အလစ် တိုက်ခိုက်ခြင်း၊ ဘူဘိုဝါကို အနိုင်ယူခြင်း။ မက်ခ်၏လက်ကိုဖြတ်ခြင်း။ ထိုတိုက်ပွဲ ရလာဒ်က ဗိုလ်ချုပ်ဂျော့ချ်နှင့် ဂလိုရီယာတို့ကို အံ့အားသင့်သွားစေခဲ့သည်။ ငါက ဖရန်စစ်ကိုပဲ ချန်လွေ့ကို သွားကယ်စေချင်ခဲ့တာ။ သူက ဒီလောက်အထိ လုပ်မယ်လို့ မထင်ထားခဲ့ဘူး။
“သိပ်ကောင်းတယ်။ ငါတို့မိသားစုရဲ့ အသီနာက လူရွေးမမှားခဲ့ဘူးပဲ။” ဂလိုရီယာက ချန်လွေ့၏ပုခုံးကို ပုတ်လိုက်သည်။ “မင်းတို့ပတ်သက်မှုကို တစ်ယောက်ယောက်က တားရဲရင် ငါသူ့ကို ရိုက်နှက်မယ်။ ဂျော့ချ် သဘောမတူဘူးဆိုရင် ငါ့အိပ်ယာပေါ် တက်လာဖို့ မစဉ်းစားနဲ့တော့။”
ထိုနောက်ဆုံးစကားကို ချန်လွေ့ကို အသက်ရှူကြပ်ပြီး သေလုမတတ် ဖြစ်သွားစေသည်။ သူ့ယောက္ခမကလည်း ရှက်သွားပြီး အော်ပြောလိုက်သည်။ “ပေါက်ကရတွေ မလုပ်နဲ့။ ဂလိုရီယာ။ ချန်လွေ့ရဲ့သရုပ်က လျို့ဝှက်ချက်ပဲ။ သူက ငါတို့ကို မိသားစုလို သတ်မှတ်လို့ မဖုံးကွယ်ထားခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို လျို့ဝှက်ထားရမယ်။”
ဂလိုရီယာက မဆင်မခြင် ပြုလုပ်တတ်သူ မဟုတ်ဘူး။ ခုနက သူသည် ချန်လွေ့အား အပြင်လူတစ်ယောက်အဖြစ် မသတ်မှတ်သည့်အတွက် ပေါ့ပေါ့ပါးပါး ပြောခဲ့ဖြင်း ဖြစ်သည်။ သူက ချက်ချင်းပင် နားလည်ကြောင်းဖော်ပြပြီး ခေါင်းညိတ်လိုက်သည်။
“မင်းက ငါ့ကို လုံးဝအမြင်ပြောင်းသွားစေတာပဲ။ ချန်လွေ့။” ဂျော့ချ်က သူ၏ လေးစားမှုကို မဖုံးကွယ်ထားခဲ့ပေ။ “ဖရန်စစ်က နားချရလွယ်တဲ့သူ မဟုတ်ဘူး။ သူက မင်းကို လုံးဝယုံကြည်တယ်ဆိုတာကို ငါမြင်နေရတယ်။ မင်း စစ်တပ်မှာနေပြီးတော့ ဆက်လေ့ကျင့်မယ်ဆိုရင် အနာဂတ်မှာ တလက်လက်တောက်ပနေတဲ့ ကြယ်တစ်ပွင့် ဖြစ်လာမှာပဲ။ မင်းဒါကို စဉ်းစားသင့်တယ်။”
“ဗိုလ်ချုပ်က ကျုပ်ကို မြှောက်ပြောနေပါပြီ။” ချန်လွေ့က ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “တကယ်တော့ ကျုပ် ကံကောင်းသွားတာပါ။ မဒမ်-ဂလိုရီယာရဲ့ အာရုံပြောင်းမှု ကျေးဇူးကြောင့်လည်း ပါပါတယ်။ အနာဂတ်အတွက်ကတော့ နောက်မှပဲ ပြောကြတာပေါ့။ အခုတော့ အမှောင်လကို ကျုပ် အမြန်ပြန်ရဦးမယ်။”
“တော်ဝင်မင်းသမီးကို နှုတ်ဆက်တယ်လို့ ပြောပေးပါ။ အသီနာကိုလည်း ဂရုစိုက်။ မင်းရှိနေရင် ငါ စိတ်ချလို့ရတယ်။”
အကယ်၍ ယခင်တစ်ခေါက်က ယောက္ခမဖြစ်သူသည် အမှောင်လသို့ လာခဲ့ပြီး ချန်လွေ့၏သရုပ်အား သူ့သမီး၏ “ရည်းစား”အဖြစ် အသိအမှတ်ပြုခဲ့သည်ဆိုလျှင် ယခုစကားမှာ အသီနာအား ချန်လွေ့ထံ တရားဝင် အပ်နှင်းခြင်းနှင့် ညီမျှပေသည်။
“စိတ်ချပါ။ ဗိုလ်ချုပ်။ အသီနာကို တစ်ဘဝလုံး အန္တရာယ်ကင်းကင်းနဲ့ ပျော်အောင် ထားဖို့ ကျုပ် သစ္စာဆိုထားပါတယ်။ ကျုပ် ဂရုစိုက်ပေးမှာပါ။”
ဗိုလ်ချုပ်ဂျော့ချ်က စိတ်သက်သာရာရသော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။
ချန်လွေ့က မှော်ဆရာခံတပ်၌ မရပ်တန့်နေခဲ့ဘဲ ခံတပ်ကို တည့်တည့် ဖြတ်သွားလိုက်ပြီး တောင်ဘက်သို့သွားကာ အမှောင်လသို့ ရှေ့ဆက်သည်။ ထွက်မသွားခင် သူက ဂလိုရီယာအား ဆေးရည်မည်းတစ်စုံ ပေးခဲ့သည်။ နဂါးနီ မဒမ်က အလွန်ပျော်ရွှင်သွားပြီး စိတ်လှုပ်ရှားကား လွှတ်ခနဲ ပြောလိုက်သည်။ နောက်ကျ ငါ့မှာ သမီးတစ်ယောက် ရလာရင် သူ့ “ခဲအို”နဲ့ လက်ထပ်ပေးမယ်။ ထိုစကားက ယောက္ခမ ဖြစ်သူကို ပြောစရာစကား မဲ့သွားစေပြန်သည်။
ညီအစ်မနှစ်ယောက်လား။ ဒါက တော်တော်လေး မိုက်မယ့်ပုံပဲ။ ဒါပေမဲ့ ဒီလိုမျိုး မသေချာတဲ့ မိန်းမက ဝေးလွန်းတယ်......
ချန်လွေ့က ငှက်တောင်ဖြူနယ်မြေကို ဖြတ်ကျော်သွားပြီးနောက် မြို့တော်နှင့် ချော်ရည်ပြာနယ်မြေကို ဖြတ်သွားကာ အမှောင်လနယ်မြေသို့ ရောက်လာခဲ့သည်။ ယခု တစ်ခေါက် ခရီးတွင် ချန်လွေ့သည် နတ်ဆိုးဘုံရှိ အင်ပါယာသုံးခုလုံးသို့ ရောက်ခဲ့သည်။ ၎င်းသည် ၃လနီးပါး ကြာသွားခဲ့သည်။ ယခု အမှောင်လနယ်စပ်သို့ ပြန်ရောက်သောအခါ ရင်းနှီးသော ခံစားချက်တစ်ခုက သူ၏ရင်ထဲ၌ လှိမ်တက်လာခဲ့သည်။
အိမ်လိုမျိုးပဲ။
ရုတ်တရက် ချန်လွေ့သည် သူ၏ချစ်ရသူများ၊ မိတ်ဆွေများနှင့် လူအများအပြားကို တွေ့ချင်သွားသည်။ လက်ရှိတွင် အမှောင်လ အနောက်ဘက်ရှိ ဒီကိုမြို့၊ လီယီုမြို့ နှင့် ဂျူမိုမြို့တို့မှာ အမှောင်လမြို့တော်၏ စီးပွားရေး အလျင်အမြန် ကြီးထွားလာခြင်းကြောင့်င ကြွယ်ဝချမ်းသာပြီး စည်းကားသောမြို့များ ဖြစ်လာသည်။ လူဦးရေလည်း တိုးပွားလာသည်။ ချန်လွေ့က ထိုမြို့များကို ဖြတ်သွားပြီးနောက် အတိတ်ဖြစ်ရပ်များကို ရင်ထဲ၌ သတိရမိသွားသည်။ ရှီရာ၏ နောက်ဆုံး “အမိန့်”၊ ဂျို့ရှ်ကို လုပ်ကြံခြင်း နှင့် တောနက်ထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသော တိုက်ပွဲတို့သည် မနေ့ကလိုပင် ဖြစ်နေသည်။
မသိလိုက်ဘဲနှင့် သူသည် အမှောင်လမြို့တော်သို့ ရောက်လာခဲ့သည်။ ထူးဆန်းသည်မှာ မြို့ထဲသို့ ဝင်လိုက်သည်နှင့် စောင့်ကြည့်ခံနေရသော ခံစားချက်မျိုး ချက်ချင်း ခံစားလိုက်ရခြင်းပင်။ အတိအကျပြောရလျှင် စီးပွားရေးသမား “စိုင်မွန်”က စောင့်ကြည့်ခံနေရခြင်း ဖြစ်သည်။
နောက်ယောင်ခံလိုက်သူများမှာ အတော်လေး တော်လှသည်။ သူတို့သည် လူများနှင့် တည်နေရာများကို အဆက်မပြတ် ပြောင်းလဲနေသည်။ သို့သော်လည်း သူတို့သည် ချန်လွေ့၏မျက်လုံးနှင့် နားများမှ မလွတ်မြောက်နိုင်ပေ။ ထိုကဲ့သို့ စောင့်ကြည့်ခြင်းမျိုးသည် သာမန်ဒုစရိုက်သမားများ ပြုလုပ်နိုင်သော အဆင့်မျိုး မဟုတ်ပေ။ ချန်လွေ့သည် အမှောင်လ၏ လက်ရှိအခြေအနေကို မသိပေ။ ၂လကျော်ကြာ “အငွေ့ပျံ” သွားသော ဘဏ္ဍာရေးအရာရှိအား ဖုံးကွယ်ရန် ရှီရာ မည်သည့်အကြောင်းရင်း အသုံးပြုထားကြောင်း ချန်လွေ့ မသိပေ။ ထို့ကြောင့် သူက မဆင်မခြင် အစွမ်းမထုတ်ပြရဲပေ။
ချန်လွေ့က လမ်းတစ်ခုကို ဖြတ်သွားစဉ် နတ်ဆိုးနှစ်ကောင် စကားပြောနေသည်ကို စိတ်ဝင်စားသွားသည်။
“ဟေး။ မင်းကြားပြီးပြီလား။ ဝတ်ရုံဂိုဏ်းရဲ့ အက်ဂ်ယောက ဘယ်ဇီဘတ် တော်ဝင်မိသားစု လက်ကျန်တဲ့။ သူ့ကို အရင်တုန်းက တော်ဝင်မင်းသမီး ဝရမ်းထုတ်ထားတာ.....”
“မဖြစ်နိုင်ပါဘူး။ အက်ဂ်ယောက လီယိုမြို့တောနက်ထဲမှာ လိပ်ပြာနီနယ်မြေ စစ်တပ်ကို အနိုင်ယူခဲ့တဲ့ အကြီးမားဆုံး သူရဲကောင်း တစ်ယောက်ပဲ...”
“မသိဘူး။ အဲဒါသာ အမှန်ဆိုရင် ဝတ်ရုံဂိုဏ်းက ဘယ်ဇီဘတ် တော်ဝင်မိသားစုရဲ့ အင်အားစုတစ်ခု ဖြစ်မနေဘူးလား။”
“ဝတ်ရုံဂိုဏ်းကို အခု တော်ဝင်မင်းသမီးက ထိန်းချုပ်ထားတယ်လို့ ကောလာဟလ ထွက်နေတယ်။ အဖွဲ့ဝင်တွေ တော်တော်များများ ထွက်သွားကြပြီ...”
ထိုစကားဝိုင်းကို ကြားသည့်အခါ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “အက်ဂ်ယော”ရဲ့ “ဘယ်ဇီဘတ်”သရုပ်ကို ဂျိုးဆက်ပ်အရှေ့မှာပင် တရားဝင် ထုတ်ပြရသေးတာ။ ဒါပေမဲ့ အမှောင်လမြို့မှာ တကယ်လို့ ဒီလိုကောလာဟလတွေ ထွက်နေတယ်။ ဒါဆို ဖြစ်နိုင်တာ တစ်ခုပဲ ရှိတယ်။
ချန်လွေ့က ချော်ရည်ပြာနယ်မြေ လုပင်မြို့၌ ဘရေ့ဂက်ကြောင့် သေတော့မလို ဖြစ်သွားခဲ့ပြီး သေခြင်းမှ လွတ်မြောက်ရန်အတွက် နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ [နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း]ကို ရွေးစရာမရှိတော့ဘဲ သုံးလိုက်ရသည်။ ဘရေ့ဂက်က ၎င်းသည် ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ လျို့ဝှက်ပညာရပ်ဖြစ်ကြောင်း အထင်မှားသွားခဲ့သည်။ ၎င်းသည် “သတင်း” ပေါက်ကြားသွားသည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်ပေသည်။ ထို့ကြောင့် ထိုကောလာဟလသည် သွေးမြေကျမှ ရောက်လာခြင်း ဖြစ်လောက်သည်။
ဘယ်ဇီဘတ်တော်ဝင်မိသားစုက ကြယ်ကြွေတမန်အင်ပါယာရဲ့ ရန်သူဟောင်းပဲ။ သွေးမြေကျရဲ့ ရည်ရွယ်ချက်က အမှောင်လထဲမှာ ဖရိုဖရဲဖြစ်ပြီးတော့ အမှောင်လနဲ့ ကြယ်ကြွေတမန်အင်ပါယာကြားမှာ ပဋိပက္ခဖြစ်အောင် လုပ်ချင်နေတာ ဖြစ်မယ်။ ပြီးရင် ကြားထဲကနေ အမြတ်ထုတ်မယ်ပေါ့။
စဉ်းစားနေစဉ် ကပ်ဘေးခံစားချက်တစ်ခုက ပိုမိုပြင်းထန်လာခဲ့သည်။ အနီးနားတွင် လူတစ်ယောက်မှ မရှိကြောင်း ချန်လွေ့ ရုတ်တရက် သဘောပေါက်လိုက်သည်။ သိပ်မကြာခင်က လူအများအပြား ရှိနေသေးသည်။ ထိုအချိန်၌ အမျိုးသမီးတစ်ယောက် သူ၏အရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာသည်။
ထိုအမျိုးသမီးက မျက်နှာလွှား ဝတ်ဆင်ထားပြီး ပုံစံမှာ ရင်းနှီးနေသည်။
မျိုးနွယ် - ပျင်းရိခြင်းတော်ဝင်မိသားစု (သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - A-
[ ဂုဏ်သတ္တိ ] - လေဂုဏ်သတ္တိ။
ထိုဝိသေသလက္ခဏာများနှင့် ကိုက်ညီသောသူ အမှောင်လ၌ တစ်ယောက်သာ ရှိသည်။ ထိုသူမှာ ရိုမန်၏ အဒေါ် အစ်ဇဘယ်လာပင် ဖြစ်သည်။ သို့သော်လည်း ယခုတွင် မစ်-ရင်းနီသည် သတ်ဖြတ်ချင်စိတ်အနည်းငယ် ထုတ်လွှတ်နေသည်။
“ရှင့်မှာ ရွေးစရာ ၂ခု ရှိတယ်။ ပထမတစ်ခုက ကျွန်မနောက်ကို ရိုးရိုးလေး လိုက်သွား။ ဒုတိယက ကျွန်မရှင့်ကို ခေါ်သွားမယ်။ ဒါမှမဟုတ် ရှင့်အလောင်းကိုပေါ့။” အေးစက်သောအသံ ထွက်ပေါ်လာသည်။ သူ တမင်တကာပင် မှော်အသံရောပစ္စည်း သုံးထားသော်လည်း ချန်လွေ့က မစ်-ရင်းနီဖြစ်ကြောင်း မှတ်မိနေသေးသည်။
“မိန်းကလေး။ ခင်ဗျား လူမှားနေတာလား။ ကျုပ်နာမည်က စိုင်မွန်။ စီးပွားရေးသမား တစ်ယောက်ပါ။ ကျုပ်က အပြင်ကနေ အမှောင်လကို အခုမှ ပြန်ရောက်တာ။”
ချန်လွေ့ အနည်းငယ် သဘောပေါက်သွားသည်။ မစ်-ရင်းနီးက ယခုတစ်ခေါက် အမှန်တကယ်ပင် လူမှားသွားပုံရသည်။ အမှောင်နတ်ဆိုးက ရန်သူတစ်ယောက်ကို ဖမ်းဆီးရန် ကြိုးစားနေခြင်း ဖြစ်နိုင်တယ်။ ထို့ပြင် ချန်လွေ့ပြောင်းလဲထားသော ဝတ်စုံနှင့် အသွင်အပြင်က ပစ်မှတ်နှင့် အတော်လေး နီးစပ်နေပုံရသည်။ ၎င်းသည် သေချာပေါက် နားလည်မှုလွဲနေခြင်း ဖြစ်ပေသည်။
ပြောရမယ်ဆိုရင် အမှောင်နတ်ဆိုးရဲ့ သတင်းအချက်အလက် စွမ်းရည်က နိမ့်ကျနေသေးတာပေါ့။ သူတို့က ပစ်မှတ်တောင် မှားနေတယ်။
ထိုအချိန်၌ သူ့နောက်မှ အသံတစ်သံ ထွက်ပေါ်လာပြန်သည်။ “သူ့နဲ့ အပိုတွေ ပြောမနေနဲ့။ သူ့ကို အရင် ခေါ်သွားရအောင်။”
[ သရုပ်ခွဲမျက်လုံး ] မှ အသိပေးချက်များကို မကြည့်ဘဲနှင့် နောက်မှ ရင်းနှီးသော အသံသည် မည်သူဖြစ်ကြောင်း ချန်လွေ့ ခန့်မှန်းနိုင်သည်။ ၎င်းမှာ အစ်ဇဘယ်လာ၏ အကောင်းဆုံးမိတ်ဆွေ၊ ခရိုဘဲလက်စ်ပင် ဖြစ်သည်။
ခရိုဘဲလက်စ်က အနည်းငယ် စိုးရိမ်နေသည်။ သူက ချန်လွေ့ကို လုံးဝ ရှင်းပြရန် အခွင့်အရေး မပေးခဲ့ပေ။ လျှပ်တပြက်အတွင်း သူက ချန်လွေ့၏နောက်၌ ပေါ်ထွက် လာသည်။ သူက လက်လှမ်းပြီး ချန်လွေ့၏ပုခုံးကို ဆုပ်ကိုင်လိုက်သည်။ သူ အားထည့်ရန် ပြင်လိုက်စဉ်မှာပင် ရန်သူ၏အသံတိုးတိုးက သူ၏နားထဲ၌ ထွက်ပေါ်လာသည်။ “ဘက်တီ။ မလုပ်နဲ့။ ကျုပ်ပါ။”
လိုရမည်ရ အစ်ဇဘယ်လာထံမှ ချန်လွေ့၏ ထူးဆန်းသော စွမ်းအားများ အပါအဝင် ဖုံးကွယ်ထားသော အရာများစွာ ရှိသည်။ အထူးသဖြင့် ခရိုဘဲလက်စ်ပင် မသိသေးသော “ချာလီစ်”ဟူသော သရုပ်ကို မလိုအပ်သော အထင်လွှဲမှုများနှင့် ပြဿနာ မဖြစ်စေရန် အစ်ဇဘယ်လာအရှေ့၌ မထုတ်ပြုချင်ပေ။
ခရိုဘဲလက်စ် အံ့အားသင့်သွားသည်။ ငါ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေပဲ “ဘက်တီ” ဆိုတဲ့နာမည်ကို သိကြတာ။ ဒီရန်သူက ဘယ်လိုသိတာလဲ။ ပြီးတော့ အသံက နည်းနည်း ရင်းနှီးနေသလိုပဲ။
ခရိုဘဲလက်စ်၏လှုပ်ရှားမှု ရုတ်တရက် ရပ်တန့်သွားကြောင်း တွေ့လိုက်သည့်အခါ လှည့်စားခံလိုက်ရကြောင်း အစ်ဇဘယ်လာ ထင်လိုက်သည်။ သူ အော်လိုက်ပြီး [လျှပ်တပြက်] စွမ်းရည်ကို အသက်သွင်းလိုက်သည်။ သူက ချက်ချင်းပင် လက်ထဲ၌ ဓားမြောင်တစ်လက်နှင့်အတူ ချန်လွေ့ အရှေ့၌ ရောက်လာသည်။ ၎င်းမှာ ဒဏ္ဍရီလာအဆင့် လက်နက်ဖြစ်သည့် ချန်လွေ့၏အခြားသရုပ်ဖြစ်သော ချာလီစ် ပေးခဲ့သည့် လောင်မြိုက်အရိပ် ဖြစ်သည်။
ကိုယ်ပေးခဲ့သောလက်နက်နှင့် တိုက်ခိုက်ခံရသည့်အတွက် ချန်လွေ့သည် အမှန်ပင် ဒူးမြားထိသွားသလို ခံစားလိုက်ရသည်။ သူက ချက်ချင်းပင် တယ်လီပို့ခုန်ပြီး ၎င်းကို ရှောင်တိမ်းလိုက်သည်။ အခု အစ်ဇဘယ်လာအရှေ့မှာ ရှင်းပြလို့ အဆင်မပြေဘူး။ ငါ ဒီကနေ အမြန်ထွက်သွားပြီးတော့ ငါ့ရုပ်ပြန်ပြောင်းပြီး အထင်လွဲနေတာကို ဖြေရှင်းတာ ပိုကောင်းမယ်။
“ဘက်တီ။ အဆင်ပြေရဲ့လား။” အစ်ဇဘယ်လာက ထိုကဲ့သို့ အရေးကြီးသော အခြေအနေ၌ ငေးငိုင်နေသော ခရိုဘဲလက်စ်ကို စိုးရိမ်တကြီးနှင့် မေးလိုက်သည်။
“အဆင်ပြေပါတယ်။” ခရိုဘဲလက်စ် ခေါင်းခါပြီး ချန်လွေ့ကို လက်ညှိုး ထိုးလိုက်သည်။ “အဲဒီလူ....”
ချန်လွေ့က မိမိ၏သရုပ်အား ခရိုဘဲလက်စ်ကို ပြသလိုက်လျှင် ခရိုဘဲလက်စ် တိုက်ခိုက်တော့မည် မဟုတ်သည်မှာ သေချာသော်လည်း အစ်ဇဘယ်လာ သံသယများ ဖြစ်သွားပေလိမ့်မည်။ ယခုတွင် အကောင်းဆုံးနည်းလမ်းမှာ ထိုနေရာမှ အမြန်ဆုံး ထွက်သွားခြင်းသာ ဖြစ်သည်။ သူက ထွက်သွားရန် ပြင်လိုက်စဉ် စိတ်ထဲသို့ နောက်ထပ် ခံစားချက်တစ်ခု ဝင်ရောက်လာသည်။ စိတ်ဝိညာဉ်ကွင်းဆက်။ ချိတ်ဆက်ထားသော ပစ်မှတ်သည် အလျင်အမြန် ချဉ်းကပ်လာနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်လွေ့ အရှေ့သို့ ပေါ်ထွက်လာသည်။
“ဘက်တီလေး။ ကိစ္စမပြီးသေးဘူးလား။ ဒီနေ့ မြကျောက်စိမ်း ဝိုင်အသစ်တွေ ပေးသောက်မယ်လို့ မင်း ပြောခဲ့တာ မဟုတ်လား။” ထိုအသံကျယ်ကျယ်က ချန်လွေ့၏ နှလုံးသားကို နွေးထွေးသွားစေသည်။ ဒါက ပါ့ဂ်လီအိုကလွဲပြီးတော့ ဘယ်သူဖြစ်နိုင်မှာလဲ။ ကောင်းရော။ ငါမပြန်ခင်မှာပဲ နှစ်ယောက်နဲ့ တွေ့နေပြီ။
“ဒီလိုအမှိုက်ကောင်က မင်းကိုအချိန်ဆွဲဖို့ ထိုက်တန်တာလား။” ပါ့ဂ်လီအို လက်မြှောက်လိုက်ရာ ခမ်းနားကြီးကျယ်သော အားတစ်ခုက ချန်လွေ့ထံ ရောက်လာ၏။
“ခဏနေပါဦး။ ကျုပ်က ချန်...” ချန်လွေ့က အလျင်အမြန် အားအင်စုစည်းပြီး အော်လိုက်သော်လည်း အဆိပ်နဂါးက လုံးဝမလှုပ်ပေ။ ထိုအစား သူက အားပိုထည့်ကာ တိုက်ခိုက်လိုက်သည်။
ယခုတွင် ပါ့ဂ်လီအို၏ ချိပ်ပိတ်ကို လုံးဝဖယ်ရှားပြီးပြီ ဖြစ်သည့်အတွက် သူ၏ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသို့ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။ ချန်လွေ့က သူ့ကို သေချာပေါက် မယှဉ်နိုင်ပေ။ သူ့အတွက် ထွက်ပြေးရန်ပင် ပြဿနာ တစ်ရပ် ဖြစ်သွားပေမည်။ ထို့ကြောင့် သူက တယ်လီပို့ ခုန်လိုက်ပြန်သည်။ သူ မြဲမြဲ မရပ်နိုင်ခင်မှာပင် ကြောက်မက်ဖွယ်ရာအငွေ့အသက်တစ်ခုက သူ့ကို အသေမှတ်ထားခြင်း ခံထားခဲ့ရသည်။ သူ မရှောင်နိုင်တော့ပေ။ ပတ်ဝန်းကျင်လေထုကလည်း ထူးဆန်းသော ဆုတ်ဖြဲခြင်း ခံစားချက်တစ်ခုကို ထုတ်ပေးနေသည်။ ပါ့ဂ်လီအိုသည် အမြန်သွားပြန် သောက်ချင်နေသည့်အတွက် အားကုန်ထုတ်နေပုံရသည်။
ငါတကယ် ဖမ်းမိသွားရင် ကြီးကြီးမားမား ရှုံးနိမ့်သွားမှာပဲ။ ချန်လွေ့က ၎င်းကို မရှောင်နိုင်တော့ပေ။ အားအင်စုစည်းပြီး အသံကူးပြောင်းကာ တိုးတိုးလေး ပြောရန်အတွက် နောက်ကျသွားလေပြီ။ သူက အော်ပြောလိုက်သည်။ “ခဏနေဦးလို့ ပြောတယ်မလား။ ဘဲခေါင်းနဂါး။”
လေထဲမှ ဆုတ်ဖြဲခြင်းအားက ချက်ချင်း ရပ်တန့်သွားခဲ့သည်။ ပါ့ဂ်လီအို၏ လက်၅ချောင်းကလည်း ချန်လေ့မျက်နှာနှင့် ၁၀စင်တီမီတာ အကွာ၌ ရပ်တန့်သွား၏။ သူ၏မျက်လုံးထဲမှ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ “မင်း....မင်း....”
“ခင်ဗျားပဲ ငတုံး....” ချန်လွေ့က သံသယများ ပြည့်နှက်နေသော အစ်ဇဘယ်လာ၏ မျက်လုံးများကို ငေးကြးည့်လိုက်သည်။ သူက အဆိပ်နဂါး၏ လက်သည်းများကို ဒေါသတကြီး ပုတ်ထုတ်လိုက်သည်။ “ဒီကနေ အရင် ထွက်သွားရအောင်။”