သူ့သဘောထား
Vol. 32 Ch. 480
နန်းတော် အပြင်ဝင်းရှိ ဆရာသခင် အဲဒက်စ်၏ အထူးသီးသန့် စမ်းသပ်ခန်း၌ ဖြစ်သည်။
အမှောင်နတ်သူငယ်ဆရာသခင်က သူ့အရှေ့မှ ဝတ်ရုံနှင့်လူကို မယုံကြည်နိုင်စွာ စိုက်ကြည်နေ၏။ ထိုဝတ်ရုံနှင့်လူမှာ နတ်ဆိုးဘုံ၏ နာမည်ကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော သွေးရောင်ဗိုလ်ခြေ၏ ဒုတိယတပ်မှူး၊ နန်းတော်အစောင့်တပ်ဖွဲ့ ဒုတိယ တပ်မှူး နှင့် ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယောပင် ဖြစ်သည်။ သို့သော်လည်း “အက်ဂ်ယော”က သူ့အရှေ့တွင် မျက်နှာဖုံးကို ချွတ်လိုက်သည့်အခါ သူဖုံးကွယ်ထားသော မျက်နှာ အမှန်မှာ....
“ချန်လွေ့။” အဲဒက်စ်၏ မျက်နှာအမူအရာသည် ထိတ်လန့်၊ မယုံကြည်နိုင်မှုများနှင့် ရောထွေးသွားသည်။ နောက်ဆုံး၌ သူတို့က ရှုံ့ရှန့်လျက် ပြုံးလိုက်ကြသည်။ “မထင်ထားဘူး။ တကယ့်ကို မထင်ထားခဲ့ဘူး။ ဒါကြောင့် အက်ဂ်ယောက လီဆာနဲ့ငါ့ကို ဒီလိုမျိုး ကူညီခဲ့ပေးတာပဲ။ ငါမင်းကို ဘယ်လိုခေါ်ရမလဲ။ နတ်ဆိုးဧကရာဇ်အဆင့် ဆာ-အက်ဂ်ယောလား။ ဒါမှမဟုတ် ဆာ-ငြိမ်ဝပ်ပိပြားရေးအရာရှိ ချန်လွေ့လား။”
“ဆရာ။ ခင်ဗျားက ဟာသဉာဏ်ရွှင်တာပဲ။ ဒါတွေအားလုံးက မဟာဆရာသခင်ရဲ့ အမွေအနှစ်ကြောင့်ပါ။ ကျုပ် ဘာပဲဖြစ်ဖြစ်၊ ဘယ်လိုစွမ်းအားတွေပဲရရ၊ ကျုပ်က ခင်ဗျားရဲ့ မိတ်ဆွေ ချန်လွေ့ပဲ အမြဲဖြစ်နေမှာပါ။”
အဲဒက်စ်က ချန်လွေ့ကို အချိန်အကြာကြီး ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “မင်းလိုမျိုး မိတ်ဆွေတစ်ယောက်နဲ့ ဆုံခဲ့တာက ငါ့ဘဝမှာ အကြီးမားဆုံး ကံကောင်းမှုလို့ ပြောရမယ်။ ငါ့ညီမ လီဆာနှင့် ပြန်တွေ့တာပဲဖြစ်ဖြစ်၊ ဆေးဝါးပညာမှာ တိုးတက်တာပဲ ဖြစ်ဖြစ်၊ ဒါတွေအားလုံးက မင်းရဲ့ကျေးဇူးတွေကြောင့်ပဲ။ ဟားဟား။ မဟာဆရာသခင်ရဲ့ အမွေအနှစ်က တကယ့်ကို မယုံနိုင်စရာပဲ။ မိတ်ဆွေတစ်ယောက် အနေနဲ့တောင် ငါ မနာလို ဖြစ်မိတယ်။”
အဆုံးသတ်၌ ရှားရှားပါးပါး ရယ်စရာတစ်ခု ကြားသည့်အခါ အမှောင်နတ်သူငယ် ဆရာသခင်၏ စိတ်ခံစားချက် တဖြည်းဖြည်း တည်ငြိမ်သွားကြောင်း သူ သိလိုက်သည်။ ချန်လွေ့ ပြုံးရင်း ပြောသည်။ “ကျုပ်ကို မနာလိုမဖြစ်ပါဘူး။ အခု ခင်ဗျားအရှေ့မှာ ပိုပြီးတော့ ကြီးမားတဲ့ တစ်ဝက်-မဟာဆရာသခင် ဆေးရည်ပညာရှင်ဆီကနေ အမွေအနှစ်ကို ဆက်ခံရမယ့် အခွင့်အရေးကြီးတစ်ခု ရှိတယ်။ ဒါပေမဲ့ အသက်အန္တရာယ် ရှိတယ်။ ခင်ဗျား လိုချင်......”
“လိုချင်တာပေါ့။” အဲဒက်စ်၏ တည်ငြိမ်နေသော နှလုံးသားက ပြန်လည် စိတ်အားထက်သန် သွားပြန်သည်။ သူက ချန်လွေ့ကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “ငါ့ကို မြန်မြန်ပြော။”
ချန်လွေ့၏ စွမ်းအားက အဲဒက်စ်ကို စက္ကန့်ပိုင်းအတွင် အလွယ်တကူ သတ်ပစ်နိုင်သည့်တိုင် ထိုမျက်လုံးများက သူ့ကို ကြက်သီးထသွားစေသည်။ “တကယ်တော့ အမွေအနှစ် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်တို့နှစ်ယောက်လုံးအတွက် ဆရာ ဖြစ်လာမယ့် တစ်ဝက်-မဟာဆရာသခင်တစ်ယောက် ရှာတွေ့ထားတယ်....”
“လက်စသတ်တော့ အဲဒီတုန်းက မဟာဆရာသခင် လိုလို သေဆုံးခဲ့မှုမှာ ဒီလိုမျိုး လျို့ဝှက်ချက်တွေ ရှိနေတာကိုး။” ချန်လွေ့ ပြောပြသော ဇာတ်လမ်းကို နားထောင်ပြီးနောက် အဲဒက်စ်က ငေးငိုင်သွားဟန်တူပြီး ချန်လွေ့ကို ဆွဲလိုက်သည်။ “ဒါဆို ဘာစောင့်နေတာလဲ။ သူ့တပည့်လုပ်ဖို့ ငါ့ကို အခုပဲ ခေါ်သွားပေး။”
လခွမ်း။ လူတိုင်းက စိုးရိမ်နေကြတယ်။ ကြည့်ရတာ ငါက အပျင်းဆုံး ဖြစ်နေတဲ့ပုံပဲ...။ ချန်ေလွ့ စိတ်လှုပ်ရှားနေသော အမှောင်နတ်သူငယ် ဆရာသခင်ကို အလျင်အမြန် ဆွဲကိုင်လိုက်သည်။ “အခု နောက်ကျနေပြီ။ အဲဒီ တစ်ဝက်-မဟာဆရာသခင် အနားယူနေပြီ။ မနက်ဖြန်မနက် သူ့ဆီ ကျုပ် ခင်ဗျားကို ခေါ်သွားပေးမယ်။”
“ဟုတ်ပြီ။ ဟုတ်ပြီ။” အဲဒက်စ်က စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်သပ်လိုက်သည်။ သူက ဆေးရည်ပညာရှင်တစ်ယောက်၏ လိမ်လည်ခြင်းကို ခံခဲ့ရပြီး အိမ်မှ ထွက်ပြေးခဲ့သည့် အတွက် စစ်မှန်သော ဆရာတစ်ယောက် မရှိခဲ့ပေ။ သူက ကိုယ်တိုင် သင်ယူပြီး အခြားသူများထံမှ အသိပညာများ ခိုးယူခဲ့ရသည်။ သူက လမ်းကွေ့ အများအပြား လျှောက်ခဲ့ရသည်။ နောက်ဆုံး၌ သူသည် ရှီရာ၏အကူအညီဖြင့် ဆရာသခင် တစ်ယောက် ဖြစ်လာသည်။ သို့သော်လည်း သူ၏အဆင့်မှာ ဆရာသခင်များထက် တစ်ဆင့်နိမ့်ကျသည်။ ချန်လွေ့ ထောက်ပံ့ပေးသော သန့်စင်မှုမြင့်မားသော ဆေးရည်များနှင့် ဆေးရည်မည်းများကြောင့်သာ မဟုတ်လျှင် သူ့တစ်ဘဝလုံး ထိုနေရာ၌ ရပ်တန့်သွားနိုင်ချေ များပေသည်။ ယခုတွင် တစ်ဝက်-မဟာဆရာသခင်ကို ဆရာတင်နိုင်ခြင်းမှာ အမှောင်ထဲ၌ မျှော်လင့်ချက် တစေ့တစောင်းကဲ့သို့ပင် ဖြစ်သည်။ သူ မည်သို့ မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။
ချန်လွေ့က အထူးစိတ်လှုပ်ရှားနေသော အမှောင်နတ်သူငယ် ဆရာသခင်ကို ကြည့်ပြီး တိတ်တိတ်လေး ခေါင်းခါလိုက်သည်။ ဒီအစ်ကိုကြီးကတော့ ဒီည အိပ်မပျော်တဲ့ အထိ စိတ်လှုပ်ရှားနေတော့မှာပဲ။ သူက နန်းတော်အတွင်းဝင်းမှ ထွက်လာပြီးနောက် အဲဒက်စ်၏ စမ်းသပ်ခန်းသို့ ရောက်လာခြင်း ဖြစ်သည်။ သူက ထယ်တင်းနစ် ကိစ္စကို တော်ဝင်မင်းသမီး ရှီရာအား တင်ပြပြီးခဲ့လေပြီ။ ရှီရာက ၎င်းကို ကြားသည့်အခါ အတော်လေး အံ့အားသင့်သွား၏။ အမှောင်လနယ်မြေအတွက် နှစ်သွယ်-အထူးပြု တစ်ဝက်-မဟာဆရာသခင်သည် တစ်နှစ်သာနေသည့်တိုင် မည်သည်ကို ဆိုလိုကြောင်း ရှီရာ ကောင်းကောင်း သိသည်။
ရှီရာက လိုလီလေးထံမှ လက်ဆောင်ကို ကြိုတင်၍ ရရှိခဲ့သည်။ လက်ရှိ၌ သူသည် အလင်းအမှောင် သလင်းကျောက်ထဲရှိ စွမ်းအားကို စုပ်ယူနေ၏။ အကယ်၍ သူသာ ထိုထဲ၌ မြောက်မြားလှသော စွမ်းအားကို လုံးဝ ခြေဖျက်နိုင်မည်ဆိုလျှင် နတ်ဆိုးအရှင်သခင်အဆင့် ရောက်ရှိရန်မှာ အိပ်မက်တစ်ခု မဟုတ်တော့ပေ။ စွမ်းအား၌ နတ်ဆိုးအရှင်သခင်အဆင့် ရောက်ရှိသည်မှာ မလုံလောက်ပေ။ တကယ့်ပိုင်နက်ကိုလည်း နားလည်သဘောပေါက်ရန် လိုအပ်သည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အလွန်ရှားပါးသော အခွင့်အရေးတစ်ရပ် ဖြစ်ပေသည်။
အမှန်တကယ်၌ ထိုလက်ဆောင်အတွက် အဓိကအကျိုးပြုသူမှာ ချန်လွေ့ ဖြစ်သည်။ မြေဒြပ်စင်ကောင်များကို သူ မကူညီခဲ့လျှင် လိုလီလေးက ထိုသလင်းကျောက် ရရှိလိမ့်မည် မဟုတ်ပေ။ ရှီရာက ၎င်းကို ကောင်းကောင်း သဘောပေါက်သည်။ ချန်လွေ့၏ သွားခါနီးစကားကြောင့် တော်ဝင်မင်းသမီးက စိတ်ထဲ၌ ပျော်ရွှင်မိသွားသည်။
“နောက်လအစမှာ မင်းရဲ့မွေးနေ့ပွဲအတွက် ကိုယ်မင်းကို မမေ့နိုင်မယ့် လက်ဆောင်တစ်ခု ပေးမယ်။”
စိတ်လှုပ်ရှားနေသော အမှောင်နတ်သူငယ် ဆရာသခင်ကို နှုတ်ဆက်ပြီးနောက် ချန်လွေ့က မျက်နှာဖုံး ပြန်တပ်ကာ နန်းတော်ထဲမှ ထွက်သွားလိုက်သည်။
သူ အိမ်သို့မပြန်ခင် ယခင်တစ်ခေါက် ကပွဲ၌ လျို့ဝှက်သတင်းအချက်အလက် ခေါင်းဆောင်၏ ခြိမ်းခြောက်မှုကို ရုတ်တရက် သတိရသွားသည်။ အချိန်အတော်ကြာ တုံ့ဆိုင်းပြီးနောက် ချန်လွေ့က မစွန့်စားရဲဘဲ အရှေ့မြောက်ဘလော့ရှိ ခေါင်ပါးသော လမ်းကြားသို့ လမ်းလျှောက်သွားလိုက်သည်။
လမ်းကြားသို့ လှည့်သွားပြီး ချောင်ကျသောအိပ်အရှေ့သို့ ရောက်သည့်အခါ ချန်လွေ့သည် တံခါးအရှေ၌ အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။ သတ္တိမွေးကာ တံခါး ခေါက်ပြီးနောက် တံခါးက ရုတ်တရက် ကျွိခနဲ ပွင့်သွားသည်။ သူ၏မျက်လုံးအရှေ့၌ သွယ်လျသော ပုံရိပ်တစ်ခု ပေါ်လာ၏။
“ဟမ့်။ ကျွန်မ ရှင့်ကို စောင့်နေတာ ကြာပြီ။ နောက်ဆုံးတော့ ရှင်က ကျွန်မတို့ ချိန်းထားတာကို မမေ့ဘဲနဲ့ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပဲ။”
ထိုစကားက ချန်လွေ့က စိတ်ထဲ၌ ကျေးဇူးတင်သွားစေသည်။ ဒီကိုပဲ ရောက်လာတာက မှန်ရဲ့လား။
စဉ်းစားနေရင်း ချန်လွေ့က မသိလိုက်ဘဲ အထဲသို့ လမ်းလျှောက်သွားလိုက်သည်။
ထိုအိမ်သည် နဂါးထွင်းစာများနှင့် မှော်စက်ဝိုင်းများ ပြည့်နှက်နေပြီး မစ်-ဘက်တီက သူ၏အကောင်းဆုံး မိတ်ဆွေအတွက် ဘဲခေါင်းနဂါးအား အတင်းပြုလုပ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ မိစ္ဆာထောင်ခြောက်ပန်းတွင် ကြယ်ကြွေတမန်မြို့တော်၌ အစေခံတစ်ဖွဲ့ ရှိသည်။ သို့သော်လည်း သူ၏အလုပ်လိုအပ်ချက်အရ အစေခံများ မရှိပေ။ ထို့ကြောင့် ထိုနေရာသည် အတွင်းအပြင်၌ အတော်လေး ရှုပ်ပွနေပုံရသည်။
ယခုတစ်ခေါက်၌ မစ်-ရင်းနီက မျက်နှာလွှား မဝတ်ထားပေ။ သူ၏ လှပသော အသားအရေက ခရမ်းလရောင်အောက်၌ အနည်းငယ် မှိန်နေပုံရသည်။
ချန်လွေ့ကို ကိုယ့်ကိုယ်ကိုယ် ဖိအားပေး၍ ပြောသည်။ “မဒမ် အစ်ဇဘယ်လာ....”
“ကျွန်မကို အစ်ဇဘယ်လာလို့ခေါ်။” မစ်-ရင်းနီက မကျေနပ်သောလေသံဖြင့် ချန်လွေ့ကို စကားဖြတ်ပြောလိုက်သည်။
မိန်းမတစ်ယောက်ရဲ့နှလုံးသားက တကယ့်ကို နားလည်ရ ခက်တာပဲ။ အရင် တစ်ခေါက်တုန်းက ဒီလိုမခေါ်ဖို့ တားမြစ်ထားတာ မဟုတ်လား။ ချန်လွေ့ ခဏလောက် ပြောစရာစကားမဲ့သွား၏။
“ဘာရပ်ကြည့်နေတာလဲ။ ဒီနေရာကို အရင်ဝိုင်းရှင်းပေး။”
ဘာတုန်း။ လက်စသတ်တော့ ငါ့ကို အိမ်သန့်ရှင်းရေးလုပ်ဖို့ ခေါ်တာကိုး။
ချန်လွေ့ သက်ပြင်းချလိုက်သည်။ အစ်ဇဘယ်လာ၏ ခြိမ်းခြောက်သော အကြည့်အောက်တွင် ချန်လွေ့က တောက်တိုမည်ရသမားအဖြစ် စတင်တော့သည်။ သူက သက်တန့်တောင်ကြား၌ “အလုပ်” အတွေ့အကြုံ ရှိသည့်အတွက် အလျင်အမြန်ပင် ဝင်းကို ရှင်းလိုက်သည်။ မှိန်နေသော မီးတောက်ပန်း နှစ်ပင်သည်ပင် မီးလျှံများနှင့် တောက်လောင် နေလေသည်။
“အခန်းကိုလည်း ရှင်း။ ပြီးတော့ အိပ်ခန်းကိုရောပဲ။”
“…”
အိပ်ခန်းကိုရှင်းပြီးနောက် ချန်လွေ့ကို စိုက်ကြည့်နေသော အကြီးအကဲ အမျိုးသမီးက ပြောသည်။ “ထိုင်။”
ချန်လွေ့က အိပ်ခန်းကို ငေးကြည့်လိုက်သည်။ ဒီမှာလား။ ဒီမှာက ကုတင် တစ်လုံးပဲ ရှိတယ်။ ဒီမှာ...လှဲအိပ်လို့ပဲ ရတယ်။
သို့သော်လည်း ချန်လွေ့က ထိုစကားများကို မပြောရဲပေ။ ထို့ကြောင့် သူက အိပ်ယာ ဘေးဖက်၌ အချိန်အတော်ကြာ ထိုင်နေရပြီး ကိုးရို့ကားရား ဖြစ်နေလေ၏။
“ရှင် တော်တော်လေး ကြောက်နေတဲ့ပုံပဲ။”
“…”
“ဟမ့်။ မိန်းကလေးတွေကို လိမ်တုန်းက ဘာလို့ ရိုးသားဟန်မဆောင်ခဲ့တာလဲ။” ချန်လွေ့၏ ခပ်တုံးတုံးအမူအရာကို မြင်ပြီးနောက် အစ်ဇဘယ်လာ၏ဒေါသ ချောင်းခနဲ ထွက်လာခဲ့သည်။
ထိုအချိန်က “ချာလီစ်”သည် ကဗျာဆန်ပြီး ချေငံကာ ကြော့ရှင်းလျက် ပျူငှာ၍ စဉ်းစားပေးတတ်လေသည်။ “ဇာတ်ကွက်လိုအပ်ချက်များ”ကြောင့် ချန်လွေ့က မြို့တော်ပန်း အစ်ဇဘယ်လာနှင့် ခဏခဏ တွေ့ဆုံရပြီး ရင်းနှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့ရသည်။ သူတို့က စံပြုထိုက်သော စုံတွဲအဖြစ် သတ်မှတ်ခြင်းခံရပြီး အစ်ဇဘယ်လာ၏အလှကာ တပ်မက်ကြသူများအား မနာလို ဖြစ်စေခဲ့သည်။ တစ်စုံတစ်ယောက်က ချန်လွေ့ကိုပင် ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်။
အမှန်တကယ်၌ “ချာလီစ်” ဖြစ်စေ၊ အစ်ဇဘယ်လာ ဖြစ်စေ၊ သူတို့က ဟန်ဆောင်ပြီး လျို့ဝှက်ကြံစည်နေကြခြင်း ဖြစ်သည်။ အစ်ဇဘယ်လာ အမှန်တကယ် တစ်နည်းတစ်ဖုံ စိတ်ပါလာသည့်တိုင် “ချာလီစ်”ကို မသက်ညှာပဲ အဆိပ်ခတ်ခဲ့သေးသည်။
သူတို့နှစ်ယောက် ဘရော့ခ်ကို တိုက်ခိုက်ရန် ပူးပေါင်းခဲ့သည့်အချိန် သူ့အတွက် သေစေနိုင်သော တိုက်ခိုက်မှုကို အစ်ဇဘယ်လာ ခုခံပေးခဲ့သည့်အတွက် ချန်လွေ့၏ နှလုံးသားထဲတွင် ဖော်ပြ၍မရသော ခံစားချက်တစ်ခု ဖြစ်သွားခဲ့သည်။ ဓားမြောင်က အစ်ဇဘယ်လာ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီးနောက် သူ၏ခန္ဓာကိုယ်၌ စီးကျလာသော သွေးများ၏ တစစ်စစ်ခံစားချက်ကို သေသေချာချာ မှတ်မိနေသေးသည်။ ယခင်က သူသည် ဟန်ဆောင်နေခဲ့သည်ဆိုလျှင် ထိုနောက်ဆုံးအခိုက်အတန့် အထူးသဖြင့် အစ်ဇဘယ်လာ၏ မပြီးဆုံးခဲ့သော ဝန်ခံမှုကို ကြားပြီးနောက်ဆုံးတွင် သူသည် ထိုပြဇာတ်ထဲ ပါဝင်မိသွားတော့သည်။
ထို့ကြောင့် သူက ပြန်လည်ရှင်သန်ခြင်း ဆေးရည်ကို အသုံးပြုခဲ့သည်။ အစ်ဇဘယ်လာ အသက်ပြန်ရှင်လာလျှင် ဝမ်းနည်းပူနွေးမှုနှင့် အမုန်းတရားကို လုံးဝ ဖယ်ရှားနိုင်မည်ဟု သူ မျှော်လင့်ခဲ့သည်။
ထွက်မသွားခင်၌ပင် ချန်လွေ့က သူ့ကို မျှော်လင့်ချက် အနည်းငယ်ပေးရန် စာတစ်စောင် ချန်ထားခဲ့သည်။
၎င်းသည် အတော်လေး ပျော်စရာကောင်းသော အဆုံးသတ်တစ်ခု ဖြစ်သင့်သည်။
သို့သော်လည်း လူသား၏အစီအစဉ်မှာ နတ်ဘုရားအစီအစဉ်ထက် နိမ့်ကျ၏။ အစ်ဇဘယ်လာက အမှောင်လသို့ မတော်တဆ ရောက်ရှိလာပြီး အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားခဲ့သည်။ တိုက်ဆိုင်စွာဖြင့် သူကလည်း ချန်လွေ့၏ လျို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
ထိုစဉ်က ကတိပေးခဲ့သော “ပြန်တွေ့ကြတာပေါ့” မှာ ယခုတွင် ပြည့်သွားလေပြီ။
ဒါပေမဲ့ တခြား ကတိတွေရော။
ငါက တကယ် လူလိမ်တစ်ယောက်ပဲလား။
၎င်းကိုတွေးမိရင်း လူလိမ်တစ်ယောက်က ပို၍လိပ်ပြာမလုံ ဖြစ်လာသည်။ သူက စကားပြောရန်အသာထား။ အစ်ဇဘယ်လာကိုပင် မကြည့်ရဲတော့ပေ။
ချန်လွေ့သည် “သွေးစတေးဖို့အတွက် အဓိကဇာတ်လိုက်ရဲ့ အလောင်းကို မောင်းမဆောင် ယစ်ပလ္လင်က သုံးရဦးမှာလား” ဟူသည့် မရေမရာစာသားမှ ထပ်ပြီး မစဉ်းစားရဲတော့ပေ။
အစ်ဇဘယ်လာက ထိုသူကို အေးစက်သောမျက်နှာဖြင့်ကြည့်လိုက်ရာ အမုန်းတရားများ ပြည့်နှက်နေဟန်တူသည်။
အစ်ဇဘယ်လာသည် ထိုသူက သုံးလေးကြိမ် သတ်ပစ်ရာ မအောင်မြင်ခဲ့သော်လည်း နောက်ပိုင်း၌ ထိုသူ့အတွက် “သေခဲ့”ရသည်။ အဆုံး၌ ထိုသူက သူ့ကို ဒုတိယအသက်နှင့် မျှော်လင့်ချက် ပေးခဲ့သည်။ သူက အသက်ပြန်ရှင်ရန် စိတ်ခွန်အားနှင့် သတ္တိ ပေးခဲ့သည်။ သူ၏စကားဖြစ်သော “ငါတို့အကြွေးတွေ မရှိတော့ဘူး” ဖြစ်သည်မှာ မလွန်ကဲပေ။ ၎င်းမှာ သူတို့အချင်းချင်းကြားမှ လျို့ဝှက်ကြံစည်မှုသာ ဖြစ်သည်။ မည်သည့်အတွက်ကြောင့် အစ်ဇဘယ်လာက သူ့ကို မုန်းတီးရမည်နည်း။
ထိုကဲ့သို့ ခံစားချက်မျိုးသည် အခြားခံစားချက်များကဲ့သို့ပင် ရုတ်တရက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ သို့မဟုတ် ၎င်းသည် နောက်ထပ်ခံစားချက်တစ်ခုကြောင့် ဖြစ်လာရခြင်း ဖြစ်နိုင်ပေသည်။
ဖော်ပြသည့်ပုံစံသာ ကွဲပြား၏။
“ဟမ့်။ သနားစရာကောင်းအောင် ဟန်ဆောင်မနေနဲ့။ ကျွန်မမှာ ရှင့်ကို ပြောစရာ နောက်ထပ် သတင်းအချက်အလက်တစ်ခု ရှိသေးတယ်။”
နောက်ဆုံး၌ ချန်လွေ့က စကားလမ်းကြောင်းလွှဲရန် စကားရှာတွေ့သွား၏။ “ဘာသတင်းအချက်အလက်လဲ။”
“မိန်းမလှတစ်ယောက်က မြို့တော်မှာရှိတဲ့ အခြေစိုက်စခန်း ဝါလန်ဟိုတယ်ကို ရောက်လာတယ်။ သူက အမှောင်နတ်ဆိုးရဲ့ အတွင်းရေးအဆက်အသွယ် သလင်းကျောက်ကို ကိုင်ထားပြီးတော့ စိုင်မွန်ဆိုတဲ့သူကို ရှာနေပြီးတော့ ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောတယ်။ သူက ရှင် အပြင်မှာ ထပ်ပြီးငြိလာခဲ့တဲ့ ကောင်မလေးပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား။ ဒီကိစ္စကို ရှင် အမြန်ဆုံး ဖြေရှင်းရမယ်။ မဟုတ်ရင် စခန်းတစ်ခုလုံးရဲ့ အရင်းအမြစ်တွေအကုန် ဝါးမျိုခံလိုက်ရမှာ။”
မိန်းမလှလေးတစ်ယောက်က “စိုင်မွန်”ကို ရှာနေတယ်။ ပြီးတော့ သူက စခန်းက အရင်းအမြစ်အားလုံးကို ဝါးမျိုနိုင်တယ်လား။ ချန်လွေ့ အံ့အားသင့်သွား၏။ ဒီလိုအချက်တွေနဲ့ ကိုက်ညီတဲ့ တစ်ဦးတည်းသော သူက အထွတ်အမြတ်တောင်မှာရှိတဲ့ မစ်-နဂါးနက် အိုလီဖီးရက်စ်ပဲ။
အိုလီဖီးရက်စ်ရဲ့ စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းပဲ။ သူက ထွက်မသွားခင် နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကိုရောက်အောင်လုပ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒါက ဘာလို့ မြို့တော်ရဲ့ အခြေစိုက်စခန်းမှာ ရုတ်တရက် ပေါ်လာရတာလဲ။ သူ့ရဲ့နဂိုစွမ်းအားအရဆိုရင် ထိပ်သီးပိုင်းကို ရောက်ဖို့အတွက် နှစ်နဲ့ချီ ကြာနိုင်တယ်။ ဧကန္တ...သူ အံ့သြဖွယ်ရာ တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ပြီးတော့ ခပ်စောစော အဆင့်တက်သွားတာများလား။
ဘယ်လိုပဲဖြစ်ဖြစ် ဒီစျေးပေါတဲ့ အထူးသက်တော်စောင့်ကို ရအောင် ငှားရမယ်။
ချန်လွေ့က ယခင်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ၌ လူသစ်တစ်ယောက် မဟုတ်တော့ပေ။ အစ်ဇဘယ်လာ၏လေသံမှ သဘောမကျခြင်းတစ်ခုကို သူ ခံစားမိခဲ့သည်။ ဒါက သဝန်တိုတာ များလား။
“ရှင်ချန်ခဲ့တဲ့ အရှုပ်ထုတ်ကို ရှင် ရှင်းရမယ်။”
“သိပြီ။” ချန်လွေ့က အလျင်အမြန် ခေါင်းညိတ်ပြီး စကားဆက်ပြောလိုက်မိသည်။ “ဒါက မင်းထင်သလို မဟုတ်ပါဘူး။”
ထိုစကားကို ပြောပြီးပြီးချက်ချင်းပင် ချန်လွေ့ နောင်တရသွားသည်။ ငါက ဘာလို့ သူ့ကို ရှင်းပြနေတာလဲ။ ဒါက ရှုပ်နေပြီ မဟုတ်လား။
အစ်ဇဘယ်လာ၏မျက်လုံးများ အရောင်လက်သွားပြီး သူ၏လေသံ အနည်းငယ် ပျော့သွားခဲ့သည်။ “နားထောင်နေတယ်။”
ချန်လွေ့ ရွေးစရာမရှိတော့ဘဲ ပြောရတော့သည်။ “ဒီကိစ္စက..... သွေးရောင် အင်ပါယာဆီ ငါသွားခဲ့တဲ့ အချိန်ကနေ စတာ.....”
အစ်ဇဘယ်လာ ခဏလောက် နားထောင်ပြီးနောက် မေးသည်။ “သွေးရောင် အင်ပါယာကို ရှင် ဘယ်တုန်းက သွားခဲ့တာလဲ။”
“တော်ဝင်မင်းသမီးကို အဖော်ပြုပြီးတော့ ချော်ရည်ပြာနယ်မြေကို သွားတော့ ငါက ဆရာသခင် အဲဒက်စ်နဲ့ စမ်းသပ်မှု ပြုလုပ်နေတယ်လို့ အပြင်လူတွေကို ကြေညာခဲ့တယ်...”
ချန်လွေ့ ရှင်းပြနေစဉ် အစ်ဇဘယ်လာ၏ ဟာကွက်များကို အဆက်မပြတ် မေးမြန်းမှုများကြောင့် ချွေးများပြန်သွား၏။ သူ၏နောက်ခံဟောင်းများ အားလုံးနီးပါးပင် ပေါ်သွားခဲ့လေသည်။
အစ်ဇဘယ်လာက အချိန်အတော်ကြာ မေးမြန်းပြီးနောက် ရုတ်တရက် ပုံမှန်အတိုင်း ပြောလိုက်သည်။ “ကျွန်မက ပြဿနာ ဖြစ်စေလား။”
ထိုမေးခွန်းသည် ဖြေရခက်ကြောင်း ချန်လွေ့ သိသည်။ အကယ်၍ သူက “မဖြစ်ဘူး” ဟု ဖြေလိုက်လျှင် အစ်ဇဘယ်လာက သူ့ကိုဆက်ပြီး ပြဿနာရှာမည် ဖြစ်သည်။ အကယ်၍ သူက “ဖြစ်တယ်”ဟု ဖြေလိုက်လျှင် အကျိုးဆက်များ ပိုပြီး ပြင်းထန်သွားနိုင်ပေသည်။
အစ်ဇဘယ်လာကိုယ်တိုင် ဖြေလိုက်သည်။ “မိန်းမတွေက ပြဿနာရှာတတ်တယ်။ ယောက်ျားတွေက မိန်းမတွေကို ရန်စတုန်းက ဒါအတွက် ပြင်ဆင်ထားသင့်တယ်။ ရှင် အခု နောင်တရလား။”
ချန်လွေ့ အမြန်ခေါင်းခါလိုက်သည်။ အစ်ဇဘယ်လာက ချန်လွေ့၏ မျက်လုံးထဲသို့ ကြည့်သည်။ “အရင်က ဆုံးဖြတ်ချက်ကို ရှင် နောင်တရရင် ရလောက်ပါတယ်။”
အရင်က ဆုံးဖြတ်ချက်လား။ သူ့ကိုလိမ်ဖို့ “ချာလီစ်” လို့ ဟန်ဆောင်တာလား။ သူ့ကို အမှောင်နတ်ဆိုး ထိန်းချုပ်ခွင့်ပေးလို့ နောင်တရလား။ ချန်လွေ့သတ္တိမွေးပြီး ခေါင်းမော့ကာ အစ်ဇဘယ်လာ၏မျက်လုံးကို ကြည့်လိုက်သည်။ ရုတ်တရက် သူသည် အစ်ဇဘယ်လာပြောသော “ဆုံးဖြတ်ချက်”မှာ ပြန်လည်ရှင်သန်ခြင်းဆေးရည် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
အိပ်ခန်းထဲမှ မှော်မီးအိမ် အလင်းရောင်ဖျော့ဖျော့အောက်တွင် ထိုလှပသော အပြာရောင်မျက်လုံးများက ညင်သာမှုအရိပ်အယောင်နှင့်အတူ ရေသဖွယ် တလက်လက် တောက်နေ၏။ ၎င်းသည် မိစ္ဆာထောင်ခြောက်၏ အဆိပ်နှင့် သွေးဆောင်ခြင်း မဟုတ်ဘဲ နှင်းဒဲလက်ပန်း၏ မွှေးရနံ့ ဖြစ်ပေသည်။
ထိုစကားလုံးများက ချန်လွေ့၏နားထဲ၌ ပဲ့တင်ထပ်နေ၏။ ကျွန်မ အဲဒီတုန်းက တွေ့ခဲ့တာ ရှင်ပဲ ဖြစ်လိုက်ရမှာ....
လူတွေကသာ သူတို့ရဲ့ လက်တွဲဖော်ကို အချစ်ဦးအဖြစ် မြင်နိုင်မယ်ဆိုရင်...
ချန်လွေ့က ဖော်ပြ၍မရသော စေ့ဆော်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး ပြတ်ပြတ်သားသား ခေါင်းခါလိုက်သည်။ “နောင်တမရဘူး။”
ထိုအပြာရောင်မျက်လုံးများ ချက်ချင်းပင် တောက်ပသွားသည်။ ပျော်ရွှင်မှု တစ်မျိုးမျိုးကို ဖုံးကွယ်ရန်အတွက် သူ၏မျက်နှာ အလျင်အမြန် တင်းမာသွားခဲ့သည်။ “ဟမ့်။ အခု ရှင် သွားလို့ရပြီ။”
ချန်လွေ့၏အဟုန် ရုတ်တရက် ထိုးကျပြီး အစ်ဇဘယ်လာကို မကြည့်ရဲတော့ဘဲ ခေါင်းညိတ်လိုက်သည်။ “ဒါဆို သွားပြီ။”
ချန်လွေ့ မတ်တပ်ရပ်လိုက်သည်။ သူက ဝင်းတံခါးသို့ သွားရန် ပြင်လိုက်စဉ် လေပြေတစ်ခု နောက်မှတိုက်ခတ်လာပြီး သူ၏ခန္ဓာကိုယ် တင်းကြပ်သွားသည်။ အပြေးရောက်လာသော ပုံရိပ်က သူ့ကိုနော်ကမှ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ခြင်း ဖြစ်သည်။
“မလှုပ်နဲ့။”
အစ်ဇဘယ်လာ၏ နွေးထွေးသော ခန္ဓာကုယ်က ချန်လွေ့၏ကျောနှင့် နီးကပ်နေပြီး အထူးသဖြင့် ထိုနူးညံ့ပြီးဖွံ့ဖြိုးသော ကျောက်စိမ်းနှစ်ခု ဖြစ်သည်။ ချန်လွေ့က မိမိတို့ နှစ်ယောက်၏ ရင်ခုန်သံကိ ပို၍ခံစားမိခဲ့ပြီး သူ့လည်ပင်းပေါ်၌ စိုစွတ်မှုတစ်ခုကို ခံစားလိုက်ရသည်။
အနည်းငယ် တုန်ခါမှုတစ်ခုနှင့်အတူ စိုစွတ်မှုစက်ဝိုင်းက ပိုပို၍ ကျယ်ပြန့်လာသည်။
ချန်လွေ့က ထိုနေရာ၌ ရပ်နေပြီး မလှုပ်ရဲတော့ပေ။ သူက မည်သည့် ခြိမ်းခြောက်မှုကိုမှ မကြောက်ပေ။ သူနောက်လှည့်ပြီး နောက်မှအမျိုးသမီးကို ပွေ့ဖက်ခဲ့လျှင် နောက်ဆက်တွဲများ ရှိလာနိုင်မည်ဖြစ်ကြောင်း ခံစားမိနေသည်။ သူတို့ နှစ်ယောက် အိပ်ခန်းထဲသို့ ပြန်သွားနိုင်ပေသည်..ထို့ကြောင့် သူ မလှုပ်ခဲ့ပေ။
သူက ကစားတတ်သောသူမျိုး မဟုတ်ပေ။ သူက ယောက်ျားတစ်ယောက်၏ တာဝန်ယူမှုအတိုင်း အမှန်တကယ် လက်ခံလျှင်လက်ခံသည်။ သို့မဟုတ် ငြင်းပယ်သည်။
၎င်းသည် ချန်လွေ့၏ နှလုံးသားထဲရှိ စည်းမျဉ်းတစ်ခု ဖြစ်သည်။ သူ တာဝန်ယူရန် အဆင်သင့် မဖြစ်သေးခင်၌ ငကြောက်အဖြစ် ပျက်ရယ်ပြုခံရသည့်တိုင် လှုပ်ရှားမည် မဟုတ်ပေ။
ထို့ပြင် ချန်လွေ့သည် ယခု အစ်ဇဘယ်လာ မည်သည့်အရာ စဉ်းစားနေသည်ကို မသိပေ။ ဒါက စိတ်ပိုင်းဆိုင်ရာ အာဟာရ တစ်မျိုးမျိုးလား။ ဒါမှမဟုတ် အစားထိုးတာ တစ်မျိုးမျိုးလား။
ချန်လွေ့နောက်မှ နွေးထွေးသောခန္ဓာကိုယ်သည် တဖြည်းဖြည်း ရွေ့သွားသည်။ ညလေပြေ တိုက်ခတ်လာပြီး ချန်လွေ့၏အင်္ကျီနောက်ဘက်မှ စိုစွတ်မှုကို လန်းဆန်းသော အေးစက်မှုတစ်ခု ဖြစ်သွားစေသည်။
“ပြန်တော့။ ဒီနေ့ ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောနဲ့။”
ဒါက ငါပြောချင်တာ မဟုတ်လား။ ချန်လွေ့က ခါးသက်သက် ပြုံးလိုက်ပြီး တံခါးဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်သွားလိုက်သည်။
နောက်မှအသံက အေးစက်သွားပြန်သည်။ “နောက်တစ်ခါ စောစောလာခဲ့။ ကံမစမ်းချင်နဲ့။”
တံခါး အလိုလိုပိတ်သွားပြီးနောက် ချန်လွေ့က နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူ၏ခံစားချက် ပို၍ရှုပ်ထွေးသွားသလိုမျိုး ခံစားလိုက်ရသည်။
မိန်းမလှလေးက ချန်လွေ့ကိုနောက်ဘက်မှ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခဲ့သော အခါ ချန်လွေ့က သူ့ကို တိတ်တိတ်လေး မျက်ရည်ကျသွားစေခဲ့သည်။ ချန်လွေ့၏ ခန္ဓာကိုယ် မလှုပ်ရှားခဲ့သော်လည်း သူ၏နှလုံးသား အနည်းငယ် လှုပ်ခါသွားခဲ့သည်။
နောက်တစ်ခါ...ငါ စောစော လာရမလား။
တံခါးအပြင်ဘက်၌ ယောက်ျားတစ်ယောက်က ရုတ်တရက် ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။ “မင်းက မီးနဲ့ကစားနေတာပဲ။”
ဝင်းထဲ၌ အမျိုးသမီးတစ်ယောက်၏ လှပသော အပြာရောင်မျက်လုံးများက မီးတောက်ပန်းဆီသို့ မဖြစ်ဖြစ်သလို ပျံသန်းသွားနေကြသော ဖိုးဖလံအချို့ကို စိုက်ကြည့် နေလိုက်သည်။ သူသည် အမှန်တကယ်ပင် ခဏတာ ငေးငိုင်သွား၏။