လက်ဆောင်
Vol. 32 Ch. 466
တစ်နေ့နှင့် တစ်ဝက်ကြာပြီးနောက် သူတို့နှစ်ယောက်က ရှီလန်တောင်သို့ ရောက်ရှိသွားခဲ့ကြသည်။ ညပိုင်းအလစ်တိုက်ခြင်းကို တွေ့ကြုံခံစားပြီးနောက် အဲလစ်က ပိုမို ဖရိုဖရဲဖြစ်အောင် မလုပ်တော့ပေ။ သူတို့သည် အချင်းချင်းအကြား၌ အနည်းငယ် အပြန်အလှန် နားလည်မှု ရှိသွားပုံရသည်။
အဲလစ်က “မဟာဆရာသခင်အမွေအနှစ်” မှတစ်ဆင့် ချန်လွေ့ ပိုင်ဆိုင်ထားသော “အထူးစွမ်းရည်” အချို့ စသည့် “အနီးကပ်ဆုံးနှင့် ယုံကြည်ရသူများသော သိသော” လျို့ဝှက်ချက်အနည်းငယ်ကို သိရှိသွားသောအခါ အတော်လေး စိတ်လှုပ်ရှားသွားပုံရသည်။
အမှန်တကယ်၌ လိုလီလေးသည် တဖြည်းဖြည်း အတွေ့အကြုံ များပြားလာခြင်းနှင့် ပါးနပ်မှုတို့ကြောင့် အနှေးနှင့်အမြန်ပင် ထို “လျို့ဝှက်ချက်များ”ကို သိသွားပေလိမ့်မည်။ ချန်လွေ့က အခွင့်အရေးကို အသုံးချပြီး အဲလစ်အား “ပုံပြင်များ”နှင့် အခြားကိစ္စများ အကြောင်း လျို့ဝှက်ချက်များအား မည်သူ့ကိုမျှ မပြောရန် ပြောခဲ့သည်။ လိုလီလေးက ခေါင်းညိတ်လိုက်သည်။
ယခုတွင် ရှီရာတောင်သည် သိသိသာသာ ပြောင်းလဲသွားပြီ ဖြစ်သည်။ အနောက်ဘက်လမ်း၏ မူလကာကွယ်ရေးတပ်ဖွဲ့မှာ အမှောင်လ၏ တတိယဗိုလ်ခြေ ဖြစ်သော အရိပ်လဗိုလ်ခြေအဖြစ်သို့ ဖြန့်ကျက်သွားခဲ့လေပြီ။ ဗိုလ်ခြေခေါင်းဆောင် တင်မ်၏ အားထုတ်မှုကြောင့် အရေအတွက်နှင့် စွမ်းအားတို့က အခြားဗိုလ်ခြေနှစ်ခု ဖြစ်သည့် သွေးနီ နှင့် မီးလျှံ ဗိုလ်ခြေတို့ကို ရေးရေးလေး လိုက်မီသွားခဲ့သည်။
အရိပ်လဗိုလ်ခြေက ဝါလန်တောင်၌ အရွယ်အစားကြီးမားသော ခံတပ်တစ်ခုကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်သွားခဲ့သည်။ သူတို့လည်း ဝါလန်မြို့၌ အမည်ရသော မြို့ငယ်လေးတစ်မြို့ကိုလည်း တည်ဆောက်ကာ ဖွင့်လှစ်ခဲ့သည်။ နေထိုင်သူ အများအပြား မရှိသေးသော်လည်း ထိုမြို့လေးသည် အရိပ်နက်အင်ပါယာမှ အမှောင်လမြို့တော်သို့သွားမည့် စီးပွားရေးသမားများအတွက် မဖြစ်မနေဖြတ်သွားရသော မြို့ဖြစ်သည်။ “မှော်မှုန့်”မြေ တိုးမြှင့်မှုနှင့်အတူ “တိုက်ရိုက်လမ်းကြောင်းများ” တည်ဆောက်ခြင်းတို့ကြောင့် လူဦးရေ တိုးပွားနှုန်းနှင့် မြို့၏ ဖွံ့ဖြိုးမှု အမြန်နှုန်းမှာ အတော်လေး ကျေနပ်စရာပင် ဖြစ်သည်။
တစ်ဦးချင်းစွမ်းအား၌ လေ့ကျင့်ရေးတွင် သာမန်သာဖြစ်သော တင်မ်က ဆေးရည်မည်း အစွမ်းနှင့် မိစ္ဆာသစ်သီးတို့ကြောင့် နတ်ဆိုးဘုရင်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် ဗိုလ်ခြေခေါင်းဆောင်တစ်ယောက်၏ အရည်အချင်းကို ပြည့်မီသွားပြီဟု ယူဆ၍ ရနိုင်ပေသည်။
အမြန်ဆုံး တိုးတက်သူမှာ တင်မ်၏ဇနီး လိုင်ဆာဖြစ်ပြီး မဟာနတ်ဆိုးဘုရင်အဆင့် အလတ်ပိုင်းသို့ ရောက်ရှိသွားခဲ့သည်။ မိစ္ဆာသစ်သီးများ၏ အကူအညီကြောင့် မယ်ဒူဆာ မျိုးနွယ်၏ စုစုပေါင်းစွမ်းအားက အဆင့်တစ်ခုအထိ တိုးတက်သွားခဲ့သည်။ သူတို့က အဆန်းသစ်ဆုံး လက်နက်များနှင့် ချပ်ကာများ ဝတ်ဆင်ထားကြသည်။ ချန်လွေ့က မိမိ၏ လက်အောက်ငယ်သားများအပေါ်၌ နှမြောတွန့်တိုနေမည် မဟုတ်ပေ။ မယ်ဒူဆာမျိုးနွယ်က အမှောင်လ၌ အစွမ်းအထက်ဆုံး လေးစစ်တပ် ဖြစ်သွားခဲ့လေပြီ။ ၎င်းသည် စစ်မြေပြင်၌ မှော်ပညာရှင်ဗိုလ်ခြေများအတွက် ခြောက်လှန့်မှုတစ်ခု ဖြစ်လာစေရန် လုံလောက်ပေသည်။
“ဒါက မယ်ဒူဆာလား။” ခံတပ်သို့ ချန်လွေ့နောက်မှ တိတ်တိတ်လေး လိုက်လာသော လိုလီလေးသည် လိုင်ဆာဦးဆောင်သော မယ်ဒူဆာ လက်ရွေးစင်များကို အံ့အားသင့်လျက် ကြည့်လိုက်သည်။ သူက ချန်လွေ့နောက်၌ အနည်းငယ် ကြောက်နေပြီး ပုန်းအောင်းနေသော်လည်း သူ၏မျက်လုံးများက သိချင်စိတ်များဖြင့် အရောင်တောက် နေခဲ့သည်။
“မင်းသမီး အဲလစ်။ စိတ်မပူပါနဲ့။ ဒါက မယ်ဒူဆာမျိုးနွယ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ကျုပ်ရဲ့ဇနီး လိုင်ဆာပါ။” တင်မ်က အမှောင်လမြို့ရှိ စိုင်ဖူမိသားစု ဆက်ခံသူ ဖြစ်သည်။ သူက လိုလီလေး၏ အသိဟောင်း ဖြစ်ပေသည်။
“တော်ဝင်မင်းသီးလေး။” လိုင်ဆာက အဲလစ်ကို အရိုအသေပြုလိုက်သည်။ သူ၏ နတ်ဆိုးဘုံ ဘာသာစကားက မြေကဲ့သို့ “ရှဲရှဲ” အသံများ ရှိနေသော်လည်း နားလည်နိုင် ပေသည်။ လက်ရှိလေ့ကျင့်မှုကြောင့် မယ်ဒူဆာများက သာမန်နတ်ဆိုးများနှင့် ဆက်သွယ်စကားပြောနိုင်ရန် ဘာသာစကား တပ်ကျွမ်းသွားကြပြီ ဖြစ်သည်။ အဲလစ်အား လိုင်ဆာ အရိုအသေပြုရသည့် ရည်ရွယ်ချက်အမှန်မှာ အဲလစ်၏ မင်းသမီး ဂုဏ်ပုဒ် ကြောင့်သာမက ပို၍အရေးကြီးသည်မှာ သူ့ကို “သခင်”က ခေါ်လာပြီး သူတို့နှစ်ဦး၏ ပတ်သက်မှုမှာ အတော်လေး နီးကပ်နေသည့်အတွက်ကြောင့် ဖြစ်ပေသည်။
“ဟယ်လို။” အဲလစ်က ချန်လွေ့၏ အားပေးမှုကြောင့် ရှေ့တက်သွားလိုက်ပြီး အရိုအသေ ပြန်ပြုလိုက်သည်။ စကားအနည်းငယ် ပြောပြီးနောက် သူက ပိုရဲသွားသည်။ ချန်လွေ့နှင့် တင်မ်တို့ ဆွေးနွေးစရာ တစ်ခုခုရှိကြောင်း လိုင်ဆာ သိသည်။ ထို့ကြောင့် သူက တစ်ခုခု အကြောင်းပြပြီး လိုလီလေးအား အခန်းထဲမှ ခေါ်ထုတ်သွားလိုက်သည်။
တင်မ်က ချက်ချင်း ချန်လွေ့ကို သတင်းပို့သည်။ “သခင်။ အရိပ်နက် အင်ပါယာကနေ တိတ်တဆိတ်ဝယ်ထားတဲ့ ဆူးမိစ္ဆာတွေ၊ မြေနဂါးတွေနဲ့ ဆတ်ကျွဲတွေကို စတင်လေ့ကျင့်နေပြီ။ သံချပ်ကာတပ်ကလည်း စပြီးတော့ ပုံပေါ်လာပြီ။ စစ်လက်နက် အတွက်ကတော့ လက်နက်တွေနဲ့ ချပ်ကာတွေအားလုံးကို နေရာချထားပြီးပြီ။ ကျုပ်တို့က အဲဒါတွေကို မှော်ဆရာခံတပ်ဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေတယ်။ ပြီးတော့ တိုင်းခီက တကယ့် စစ်လက်နက် ပါရမီရှင်ပဲ။ အခုသူက လရိပ် ဗိုလ်ခြေရဲ့ စစ်လက်နက်ပညာရှင် ခေါင်းဆောင် ဖြစ်နေပြီ။ သူက လက်ကိုင် ဒူးလေးကို ၆ချက် ဆက်တိုက်ပစ်နိုင်အောင် ပြင်ဆင်ခဲ့တယ်။ မှော်ဒူးလေးမြားလှည်းကိုတောင် အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့သည်။ အဲဒါက အဆိပ်ရှိတဲ့ ပေါက်ကွဲမြားတွေကို ပစ်လွှတ်နိုင်တယ်။ အဲဒါရဲ့ သေစေနိုင်စွမ်းက မှော်သလင်းကျောက် အမြောက်တွေထက် နိမ့်ကျပေမဲ့ ရွှေ့ပြောင်းနိုင်စွမ်း၊ ပစ်နိုင်တဲ့ အကြိမ်ရေနဲ့ ထုတ်လုပ်ရေး အခက်အခဲမှာတော့ မှော်သလင်းကျောက် အမြောက်တွေထက် အများကြီး သက်သာတယ်။ အခု အဲဒါကို အမြောက်အမြား ထုတ်လုပ်နေပြီ.....”
ချန်လွေ့က သူ သတိမထားမိဘဲ ကယ်တင်ခဲ့သော နွားတစ်ပိုင်း တိုင်းခီသည် ထိုကဲ့သို့ အတိုင်းအတာထိ ရောက်ရှိနိုင်မည်ဟု မထင်ထားခဲ့ပေ။ သူက ခေါင်းညိတ်လိုက်သည်။ “လက်နက်တွေနဲ့ ချပ်ကာတွေက အလျင်မလိုဘူး။ မှော်ဒူးလေး လှည်းတွေနဲ့ ဒူးလေးတွေကို ထုတ်လုပ်ပြီးသွားရင် မှော်ဆရာခံတပ်ဆီ အားလုံးအတူတူ ပို့လိုက်။ ဒါပေမဲ့ ဒီတစ်ခေါက် စစ်လက်နက်အသုတ်က အရေးကြီးတယ်။ ခင်ဗျားက လမ်းတစ်လျှောက်မှာ လိပ်ပြာနီနယ်မြေ၊ မြို့တော်နဲ့ ငှက်တောင်ဖြူနယ်မြေကို ဖြတ်ကျော်သွားရမယ်။ အမှားတွေ မဖြစ်စေဘဲနဲ့ အန္တရာယ်ကင်းအောင် ခင်ဗျား သေချာ အာရုံစိုက်ရမယ်။”
“နားလည်ပါပြီ။ သခင်။” တင်မ်က မေးလိုက်ပြန်သည်။ “စည်းကျော်မိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ ဒီတစ်ခေါက် ရှီလန်တောင်ကို သခင်လာရတဲ့ ရည်ရွယ်ချက်က မြေဒြပ်စင်ကောင်တွေရဲ့ ပထဝီဘုံကို သွားမလို့များလား။”
“ဟုတ်တယ်။ ဒီတစ်ခေါက် ကျုပ်ရဲ့ အရေးအကြီးဆုံး ရည်ရွယ်ချက်က မြေဒြပ်စင်ဘုရင်နဲ့ တွေ့ဖို့အတွက်ပဲ။”
တင်မ်က အသာလေး ပြုံးလိုက်သည်။ “သခင်။ ကျုပ် သတင်းပို့စရာ တစ်ခု ရှိတယ်။ ကျုပ်ကို မြေဒြပ်စင်ဘုရင်က မြေဒြပ်စင်ကောင်တွေရဲ့ ပထဝီဘုံက အသက်ဓာတ် ရေစင်ကို အခြေမှတ်အနေနဲ့ သုံးပြီးတော့ မြေနန်းတော်ကို အမြန်ဆုံး ရောက်နိုင်ဖို့အတွက် ဝါလန်ခံတပ်အောက်မှာ ရေဒြပ်စင် တယ်လီပို့လမ်းကြောင်း တစ်ခုကို လျို့ဝှက်တည်ဆောက်ဖို့အတွက် ညွှန်ကြားထားတယ်။ တစ်ခုခု အရေးတကြီး ဖြစ်လာရင် ကျုပ်တို့တွေက မြေဒြပ်စင်ကောင်တွေဆီမှာ တိုက်ရိုက် ခိုလှုံလို့ရတယ်။”
“တယ်လီပို့လမ်းကြောင်းလား။” ချန်လွေ့က သဘောပေါက်သည့် အမူအရာ ပြသလိုက်သည်။ အစပိုင်း၌ သူက မြေဒြပ်စင်ဘုရင်အား တင်မ်နှင့် မယ်ဒူဆာမျိုးနွယ်တို့ကို ဂရုစိုက်ပေးရန် အကူအညီတောင်းခဲ့သည်။ ၎င်းကို မြေဒြပ်စင်ဘုရင်က အတော်လေး အလေးထားပုံရသည်။ သူက အပြင်လူများအတွက် ပထဝီဘုံကိုပင် ဖွင့်ပေးခဲ့သည်။ ထို့ကြောင့် ချန်လွေ့သည် မြေနန်းတော်သို့သွားရန်အတွက် ရှီလန်တောင် မြေအောက် မိုင်းတွင်းသို့သွားရန် မလိုအပ်တော့ပေ။ သူက သုံးလေးရက်ကြာ အမြန်သွားရန်မလိုဘဲ ဝါလန်ခံတပ်မှတစ်ဆင့် ပထဝီဘုံသို့ ရောက်နိုင်ပြီ ဖြစ်သည်။
“သိပ်ကောင်းတယ်။ အဲလစ်ကို ဒီခေါ်လိုက်။ ငါ အခုပဲ သူ့ကို မြေနန်းတော်ဆီ ခေါ်သွားမယ်။”
“မင်းသမီးလေးနဲ့သွားမှာလား။” တင်မ် အနည်းငယ် အံ့အားသင့်သွားသော်လည်း အများကြီး မမေးခဲ့ပေ။ မြေနန်းတော်ကို သခင်နဲ့အတူသွားနိုင်တဲ့သူက သူ့နဲ့ တော်တော်လေး ရင်းနှီးရမယ်။ အရင်တုန်းက အသီနာ။ နောက်တော့ ခီရာ။ အခုတော့ မင်းသမီးလေး။
ကြည့်ရတာ သခင်နဲ့ အမှောင်လရဲ့ မင်းသမီးလေးက ဆက်ဆံရေးက မရိုးရှင်းဘူး ထင်တယ်။ သခင်က တကယ့်ကို မယုံနိုင်စရာပဲ။ သူက ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ မင်းသမီးလေးကိုတောင် အောင်နိုင်ခဲ့တယ်....
“သခင်” ဖြစ်သူက အမှောင်လ၏ အုပ်ချုပ်သူ “တော်ဝင်မင်းသမီးလေး”၏ အစ်မကို အမှန်တကယ် အောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း တင်မ် သိသွားလျှင် အလွန်အမင်း လေးစားအားကျသွားပေလိမ့်မည်။
အမှန်တကယ်၌ အသီနာက မြေအောက်လောကမှ စွန့်စားခန်းများ အကြောင်းကို ရွေးချယ်ပြောပြခဲ့သည်ကို အဲလစ် ကြားခဲ့ရသည်။ ၎င်းတွင် မယ်ဒူဆာများ၊ ပြိဿများနှင့် မြေဒြပ်စင်ကောင်များ ပါဝင်လေသည်။
အဲလစ်က ရေကန်ပြာတောင်တန်း၌ ပြိဿများကို မြင်တွေ့ခဲ့ဖူးသည်။ ယခုတစ်ခေါက် သူက မယ်ဒူဆာနှင့် မြေဒြပ်စင်ကောင်းများကို တွေ့ဖူးရန် ချန်လွေ့အား အထူးတောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ညပိုင်းချောင်းရိုက်ပြီးနောက် လိုလီလေး၏ အပြုအမူများကို စဉ်းစားရင်း ရှီရာက သူတို့ထွက်သွားသောအခါ သူ၏ညီမဖြစ်သူကို ပျော်ရွှင်စေရန် တမင်တကာ ညွှန်ကြားခဲ့သည်။ နောက်ဆုံး၌ ချန်လွေ့က သူ၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။
ပုံမှန်အားဖြင့် လိုလီလေးက ပါးစပ်ဖွာတတ်သူ မဟုတ်ပေ။ ယခင်က ချန်လွေ့ သတိလစ်နေဟန်ဆောင်နေခဲ့စဉ်ကလည်း သူက လျို့ဝှက်ချက်ကို ကောင်းကောင်း ထိန်းသိမ်းထားခဲ့သည်။
“အစ်မ လိုင်ဆာ။ ကျွန်မ ပြောပြမယ်။ တင်မ်မှာ အစက ရည်စားတွေ ဒါဇင်လောက် ရှိတာ။” ချန်လွေ့က အဲလစ်၏အသံကို ကြားလိုက်ရသည်။ “ဆိုနာဆိုတဲ့ မာနကြီးတဲ့သူ တစ်ယောက်ရှိတာ ကျွန်မ မှတ်မိတယ်။ သူ့နှုတ်ခမ်းနီတောင့်မှာ အစပ်မှုန့်တွေ ကျွန်မ ထည့်ထားလိုက်တယ်။ နောက်တော့ ဟီးဟီး.....”
“တော်တယ်။ မင်းသမီးလေး။” လိုင်ဆာက တင်မ်အား မျက်လုံးလှန်ကြည့် လိုက်သည်။ “အဲလို မထင်ဘူးလား။ မိန်းမတွေ ဒါဇင်လောက်ရှိတဲ့....ဆာ-တင်မ်။”
တင်မ်၏ စိတ်ဝင်စားစရာ အတိတ်ကို အဲလစ်က ဖော်လိုက်သည့်အခါ ချန်လွေ့က အားနာနာနှင့် ပြုံးရုံသာ ပြုံးနိုင်တော့သည်။ ချန်လွေ့ ပုခုံးတွန့်လိုက်သည်။ ဒီ စိတ်နှလုံး မကောင်းတဲ့ လိုလီလေးက တချို့အချိန်တွေမှာပဲ ပါးစပ်လုံတာ ဖြစ်မယ်.....
ခဏကြာပြီးနောက် တင်မ်က ချန်လွေ့နှင့် အဲလစ်တို့အား မြေအောက်သို့ ခေါ်သွားခဲ့သည်။ ထိုနေရာတွင် အလွန်ကြီးမားသော ရေကန်တစ်ခုနှင့် ကြေးမုံကဲ့သို့ တံခါးအလွတ်တစ်ခု ရှိသည်။ ချန်လွေ့က မှော်ကျောက်တုံးကိုသုံးပြီး တယ်ပို့ခုန်ခြင်းကို အသက်သွင်းလိုက်ရာ တံခါးအလွတ်က အပြာရောင် ရေလှိုင်းကဲ့သို့ဖြစ်သွားသည်။ ချန်လွေ့က အဲလစ်၏လက်ကိုကိုင်ပြီး ဝင်သွားလိုက်သည်။ အေးစက်သော ခံစားချက်တစ်ခု ရလိူက်ပြီး သူတို့၏ပင်ပန်းမှုများ ခဏပြေပျောက်သွားကာ သူတို့ ပျောက်ကွယ်သွားတော့သည်။
တယ်လီပို့ခုန်ခြင်း ခံစားချက် ပျောက်ကွယ်သွားပြီးနောက် အလင်းရောင် အမျိုးမျိုးနှင့် တောက်ပနေသာ မြင်ကွင်းတစ်ခု၌ ပုံရိပ်နှစ်ခု ပေါ်ထွက်လာသည်။ ၎င်းမှာ မြေဒြပ်စင်ကောင်များ၌ ပထဝီဘုံ ဖြစ်သည်။ ၎င်းအရှေ့၌ ရေစင်တစ်ခု ရှိသည်။ တယ်လီပို့ခုန်ခြင်းမှာ နှစ်လမ်းသွားဖြစ်သည်။ မြေဒြပ်စင်ကောင်တစ်ခုက ထိုဘက်တွင် စောင့်ကြပ်ရသည်။ သူက ချန်လွေ့ကို တွေ့သောအခါ အရိုအသေပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် အစောင့်တစ်ယောက်က ဘုရင့်ခန်းမဆောင်သို့သွားကာ ဘုရင်မိုးရီကို သတင်းပို့ရန် သွားသည်။
လိုလီလေးက ချန်လွေ့၏လက်ကို ကိုင်ထားသည်။ သူက ထိုထူးဆန်းသော မြေအောက်လောကနှင့် မျက်နှာအသွင်အပြင်များ မထင်မရှားဖြစ်နေကာ ခန္ဓာကိုယ်က ကျောက်တုံးများ ဖြစ်နေဟန်တူသော ဒြပ်စင်ကောင်များကို မယုံကြည်နိုင်စွာပင် ကြည့်နေလိုက်သည်။
“ချန်လွေ့။ မိတ်ဆွေ။ ငါတို့ ပြန်ဆုံကြပြန်ပြီ။” ချန်လွေ့အရှေ့၌ ပုံရိပ်တစ်ခုက မြေပြင်ပေါ်မှ ပေါ်ထွက်လာသည်။ ၎င်းသည် မြေဒြပ်စင်ဘုရင် မိုးရီ ဖြစ်ပြီး အဲလစ် ထိတ်လန့်သွားခဲ့သည်။
“မိုးရီ။ မိတ်ဆွေ။” ချန်လွေ့က အသာလေး ဦးညွှတ်လိုက်သည်။ “ဒါက အဲလစ်ပါ။ အမှောင်လနယ်မြေရဲ့ မင်းသမီးလေး၊ ကျုပ်ရဲ့....”
“ဇနီးလောင်း။” လိုလီလေးက ရုတ်တရက် ရဲရဲတင်းတင်း စကားဖြတ်ပြော လိုက်သည်။ သူက ချန်လွေ့က ကြက်သေသေနေသော အကြည့်အောက်တွင် မိုးရီအား အရိုအသေ ပြုလိုက်သည်။ “ကျွန်မက အဲလစ်လူစီဖာ ပါ။ တွေ့ရတာ ဝမ်းသာပါတယ်။ အရှင်မင်းကြီး။”
မင်းက ဘယ်တုန်းက ငါ့ဇနီးလောင်း ဖြစ်သွားတာလဲ။ ဒီလိုလီလေးက အခွင့်အရေး ယူတဲ့နေရာ တော်တော်တော်တာပဲ။ မြေဒြပ်စင်ဘုရင်အရှေ့မှောတောင် သူက တကယ်ပဲ..
မိုးရီ၏အသံ ထွက်ပေါ်လာသည်။ “မင်းသမီး အဲလစ်။ မင်းက ချန်လွေ့ရဲ့ ဇနီးလောင်းဆိုတော့ မြေဒြပ်စင်ဘုရင်တွေရဲ့ အရင်းနှီးဆုံး မိတ်ဆွေတစ်ယောက်ပါပဲ။ မြေဒြပ်စင်ကောင်တွေအားလုံးကိုယ်စား ကျုပ်က မင်းသမီးလေးကို အလေးစားဆုံးနဲ့ အနွေးထွေးဆုံး ကြိုဆိုပါတယ်။”
အဲလစ်က ချန်လွေ့၏ မူမမှန်သော မျက်နှာကို မြင်လိုက်ပြီး အမြန် ပြောလိုက်သည်။ “အရှင်မင်းကြီးရဲ့ ပျူငှာမှုအတွက် ကျေးဇူးတင်ပါတယ်။ အရှင်မင်းကြီးတို့နှစ်ယောက် အရေးကြီးတာတစ်ခုခု ပြောစရာရှိမယ် ထင်ပါတယ်။ ဒါဆို ဒီမယုံနိုင်စရာကောင်းတဲ့ ပထဝီဘုံကို လည်ပတ်ခွင့်ပြုပါ။”
လိုလီလေးက တကယ့်ကို အတွေ့အကြုံများတာပဲ။ သူက တရိုတသေ ပြောပြီးတော့ တော်ဝင်မိသားစုရဲ့ အမူအကျင့်ကို ပြခဲ့တယ်။ အနည်းဆုံးတော့ ဒီလိုမျိုး အပေါ်ယံ ဟန်ဆောင်တာက တော်တော်လေး အောင်မြင်တယ်။ ဒါပေမဲ့ သူ့ရဲ့ “ဇနီးလောင်း”ဆိုတဲ့ သရုပ်က....
“ရတာပါ။” မိုးရီ ခေါင်းညိတ်လိုက်သည်။ “ထာ့ခ်။ မင်းသမီးအဲလစ်ကို နေရာတွေ လိုက်ပြပေးလိုက်။”
ထာ့ခ်က မြေဒြပ်စင်ကောင် လက်ရွေးစင်တစ်ယောက် ဖြစ်သည်။ သူက ယခုတွင် နတ်ဆိုးဘုံ ဘာသာစကားကို တပ်ကျွမ်းသွားပြီ ဖြစ်သည့်အတွက် အဲလစ်ကို ချက်ချင်းပင် ခေါ်ထုတ်သွားခဲ့လိုက်သည်။
မိုးရီက အသာလေး ပြောလိုက်သည်။ “နားလည်မှုရှိတဲ့ မိန်းမလှ တစ်ယောက်ပဲ။ မဟုတ်ဘူးလား။ မိတ်ဆွေ။”
ချန်လွေ့က မရေမရာ ဖြေလိုက်ပြီး တိတ်တဆိတ် မျက်လုံးလှန်လိုက်သည်။ နားလည်တတ်တာက လိုလီလေးရဲ့ လျို့ဝှက်စွမ်းရည်တစ်ခု ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ခုနကတော့ သူက စိတ်နှလုံးမကောင်းတာ သေချာတယ်။
ချန်လွေ့၏လက်ထဲ၌ အနည်းငယ် အလင်းရောင်တောက်နေသော ကျောက်တုံ တစ်တုံး ပေါ်ထွက်လာသည်။ “ကျုပ် ဒီနေ့ ခင်ဗျားကို အရေးအကြီးဆုံးလက်ဆောင် လာပေးတာပါ။ မိုးရီ။”
“သြဇာယွမ်မြေပဲ။” ထိုကျောက်တုံးကို ချန်လွေ့ ထုတ်လိုက်သော အခါ မိုးရီ၏ မျက်လုံးများက ပျော်ရွှင်လျက် အရောင်တောက်သွားသည်။ “မင်း တကယ်ပဲ ရှာတွေ့ခဲ့တယ်။”
“အခု ဒါက ခင်ဗျားဟာ ဖြစ်သွားပါပြီ။ မိတ်ဆွေ။”
မိုးရီက ၎င်းကို လက်နှစ်ဖက်နှင့်ယူပြီး မြင့်မြင့် မြှောက်လိုက်သည်။ သူ၏ ကျောက်ဆောင်ကဲ့သို့ တည်ငြိမ်သော လက်က အမှန်တကယ်ပင် စိတ်လှုပ်ရှားလျက် တုန်လှုပ်နေခဲ့သည်။ မြေဒြပ်စင်ဘုရင်၏ လက်ထဲ၌ သြဇာယွမ်မြေက တလက်လက် တောက်ပသော အလင်းများ ရုတ်တရက် ထွက်လာသည်။ ပထဝီဘုံတစ်ခုလုံးက အရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ မြေဒြပ်စင်ကောင်အားလုံး၏ ခန္ဓာကိုယ်များ၌ အလင်းရောင်များ ဖျော့ဖျော့လေး တောက်ပနေလေသည်။
ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ထဲ၌ မြေဒြပ်စင်ဘုရင်၏ အချက်အလက်များ စတင်ပြောင်းလဲလာသည်။ သူ၏စွမ်းအားအကဲဖြတ်မှုက S မှ S+ သို့ ပြောင်းလဲသွားသည်။ ကျန်ရှိသော မြေဒြပ်စင်ကောင်များများ၏ စွမ်းအားမှာလည်း ပြောင်းလဲလာနေကြသည်။
သြဇာယွမ်မြေက မြေဒြပ်စင်ကောင်များအတွက် အမြင့်မားဆုံး တန်ဖိုးရှိသည်မှာ အသေအချာပင် ဖြစ်သည်။ ၎င်းသည် မစ်-နဂါးနက်ကဲ့သို့သောသူများ၏ လက်ထဲသို့ ကျသွားလျှင် ဖုန်များကြားမှ ကျောက်မျက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
ချန်လွေ့ အံ့အားသင့်သွားပြီး ပျော်ရွှင်လျက် ပြောသည်။ “သိပ်ကောင်းတယ်။ ခင်ဗျားက ခဏလေးနဲ့ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို ရောက်သွားခဲ့ပြီ။”
“မင်းရဲ့အမြင်က တကယ့်ကို လေးစားစရာပဲ။ တကယ်တော့ ငါက ဆုံးရှုံးသွားတဲ့ စွမ်းအားကို ပြန်ရယူနေရုံပါ။ ငါ နောက်ထပ် တိုးတက်အောင်လုပ်ပြီး အခြေခိုင်အောင် လုပ်လို့ရသေးတယ်။” မိုးရီ၏အသံ၌ ထိန်းချုပ်၍မရသော ပျော်ရွှင်မှုတစ်ခု ရှိနေသည်။ “သုံးလ။ သုံးလအတွင်းမှာပဲ ငါက သြဇာယွမ်မြေစွမ်းအားကို အပြည့်အဝ ထုတ်လွှတ် နိုင်မယ်။ ပြီးတော့ ငါ့စွမ်းအားကလည်း လုံးဝ တည်ငြိမ်သွားလိမ့်မယ်။ မြေဒြပ်စင်ကောင်တွေ အားလုံးလည်း တကယ့်အရည်အသွေးအရ ပြောင်းလဲသွားမယ်။ အနာဂတ်မှာ နတ်ဆိုးဧကရာဇ်အဆင့် မြေဒြပ်စင်ကောင်တွေလည်း ရှိလာလိမ့်မယ်။”
ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။ “မိုးရီ။ ကျုပ်မှာ တောင်းဆိုစရာ သေးသေးလေးတစ်ခု ရှိတယ်။ ကျုပ်ကို သြဇာယွမ်မြေနည်းနည်း ပေးလို့ ရနိုင်မလား။ ဒါက အရေးကြီးတဲ့လက်နက်တစ်ခုအတွက် လိုအပ်တဲ့ကုန်ကြမ်းတစ်ခု ဖြစ်နေတယ်။”
သြဇာယွမ်မြေ “လျို့ဝှက်အရိပ်”အဆောင်ပစ္စည်းအတွက် မရှိမဖြစ်လိုအပ်သော ကုန်ကြမ်းတစ်ခု ဖြစ်သည်။ ယခင်က ချန်လွေ့သည် မိုးရီ ပြန်သက်သာမှုကို ထိခိုက်မည် စိုးသည့်အတွက် မစ်-နဂါးနက်ကဲ့သို့ စိတ်ရှိသလို မလုပ်ရဲခဲ့ပေ။ ယခုမှသာ သူက မိုးရီ အရှေ့၌ ထုတ်ပြောခြင်း ဖြစ်သည်။
“မိတ်ဆွေ။ မင်းရဲ့ရိုးသားမှုနဲ့ စိတ်ရင်းအမှန်ကို ငါ တကယ် လေးစားမိတယ်။ ဒါက နဂိုကတည်းက မင်းယူလာတဲ့ ရတနာပဲ။” မိုးရီက ခံစားချက်များဖြင့် ပြောလိုက်ပြီး သူ၏ လက်ထဲ၌ အလင်းရောင် အပိုင်းအစတစ်ခုကို ဆွဲထုတ်လိုက်သည်။ “ဒါက မူရင်း သြဇာယွမ်မြေရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါက ငါ့ရဲ့ မြေဒြပ်စင်စွမ်းအားနဲ အသက်သွင်း ပြီးပြီ။ ဒါက ညှိုးနွမ်းနေသော အပင်တွေကို အသက်ပြန်ရှင်နိုင်စေသလို ကောက်ပဲသီးနှံတွေရဲ့ အထွက်နှုန်းနဲ့ ကြီးထွားနှုန်းကိုလည်း နှစ်ဆ ဖြစ်စေတယ်။ ဒါကို တစ်ဝက်ချန်ထားမယ်ဆိုရင် အချိန်တိုင်း တဖြည်းဖြည်းနဲ့ အသစ်ပြန်ဖြစ်လာနိုင်တယ်။ မင်း ပေးခဲ့တဲ့ အဖိုးတန်လက်ဆောင်အတွက် ဒီလက်ဆောင်ငယ်လေးကို ယူလိုက်ပါ။”
ချန်လွေ့၏မျက်လုံးများ အရောင်တောက်သွားခဲ့ပြီး အမြန်ယူလိုက်သည်။ သူက လက်ထဲမှ မြေ၏အငွေ့အသက်သည် ယခင်မူလနှင့် လုံးဝကွဲပြားသွားကြောင်း ခံစား လိုက်ရသည်။ ၎င်းသည် အပင်များကို အသက်ပြန်ရှင်စေနိုင်ပြီး ဆက်လက် အသစ်ပြန်ဖြစ် နိုင်သည်။ ၎င်းသည် အမှန်တကယ်ပင် လိုချင်စရာကောင်းသော ရတနာ ဖြစ်ပေသည်။ အထွက်နှုန်း နှစ်ဆတိုးစေသော လုပ်ဆောင်ချက်ကို ကြယ်စင်စု ဥယျာဉ်မှ အရှိန်အဝါ ပန်းပွင့်များနှင့် အရှိန်အဝါ သစ်သီးများအတွက် အသုံးပြုနိုင်ပေသည်။ မြေဒြပ်စင် နှလုံးသားကို ထုတ်ယူပြီးနောက် ကြယ်စင်စုဥယျာဉ်က “ကွက်တိဖြစ်နေသော” ရတနာကို ပြန်လည်ကြိုဆိုလိုက်ပြန်သည်။
မြေဒြပ်စင်ဘုရင်သည်သာ သြဇာယွမ်မြေ၏ ဇစ်မြစ်ကို ခွဲခြားပြီး အသက်သွင်း နိုင်သည်မှာ သေချာပေသည်။ ချန်လွေ့က အစကတည်းက သြဇာယွမ်မြေကို ဝါမျိုခဲ့လျှင် ထိုကဲ့သို့ မူလဇစ်မြစ်၏ အထူးသက်ရောက်မှုမျိုး ရရှိမည် မဟုတ်ပေ။
“ပြီးတော့ မင်းရဲ့ ဇနီးလောင်းအတွက် နောက်ထပ်လက်ဆောင်တစ်ခု ရှိတယ်။” မိုးရီက လမ်းလျှောက်လာနေသော လိုလီလေးကို ကြည့်လိုက်သည်။ သူ၏လက်ထဲ၌ အဖြူအမည်း သလင်းကျောက်တစ်ခု ပေါ်ထွက်လာသည်။ ၎င်းတွင် အင်အားကြီး စွမ်းအင်တစ်ခု ရှိနေဟန်တူသည်။
“ဒါက အဲဒီတုန်းက ဂလော်ဖင်း ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ပြီးတော့ ငါ့ဆီကို ရောက်လာတဲ့ စွမ်းအားပဲ။ ဒါက အင်အားကြီး ရန်သူတစ်ယောက်က သူ့ဆီမှာ ချန်ထားခဲ့တာ ဖြစ်မယ်။ ဒီစွမ်းအားက လူစီဖာ တော်ဝင်မိသားစုရဲ့ အလင်းအမှောင် စွမ်းအားပဲ။ ဒါက အသုံးပြုခဲ့တဲ့သူရဲ့စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့်မှာ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူက နတ်ဆိုးဒိဗ် အဆင့်ကိုတောင် ရေးရေးလေး ချဉ်းကပ်နေပြီ။ ဒီအလင်းနဲ့အမှောင်ထုက ငါ့စွမ်းအားကို အမြဲတမ်း ကန့်သတ်ထားခဲ့တာ။ သူသေပြီးတာတောင် ဒါက ခေါင်းမာပြီးတော့ ရှိနေတုန်းပဲ။ နောက်ဆုံးတော့ သြဇာယွမ်မြေရဲ့စွမ်းအားနဲ့ ငါ ဒါကို ဖယ်ရှားနိုင်ခဲ့ပြီးတော့ သလင်းကျောက်အဖြစ် သန့်စင်ခဲ့တယ်။ ဒီသလင်းကျောက်ရဲ့ စွမ်းအားကို လုံးဝ စုပ်ယူလိုက်မယ်ဆိုရင် လူစီဖာ တော်ဝင်မိသားစုရဲ့ [ အလင်းအမှောင်နှလုံးသား ] လည်း သန္ဓေပြောင်းလဲသွားမယ်။ သူ့ရဲ့စွမ်းအားတစ်ခုလုံးလည်း တစ်ခါတည်း အဆင့်တက်သွားမယ်။ နိုးထပါရမီတွေ မရှိတဲ့သူတွေတောင် ဒါကြောင့် ပါရမီတွေ နိုးထနိုင်သေးတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒါကို တစ်ခါတည်း သုံးလို့ရတယ်။”
ထိုသို့ပြောပြီးနောက် မိုးရီက ထိုသလင်းကျောက်အား အံ့အားသင့်နေသာ အဲလစ်ထံ ကမ်းပေးလိုက်သည်။ ခုနက သူသည် အဲလစ်ကြားအောင် တမင်တကာပင် ရှင်င်းရှင်းလင်းလင်း ပြောခဲ့သည်။ “ဒီလက်ဆောင်ကို လက်ခံပေးပါ။ ချန်လွေ့ရဲ့ ဇနီးလောင်း။ မြေဒြပ်စင်ကောင်တွေနဲ့ ထာဝရမိတ်ဆွေ။”
အဲလစ်က တစ်ခုခုကို တွေးမိသွားသကဲ့သို့ပင် ကြက်သေသေသွားခဲ့သည်။ သူက အလင်းအမှောင် သလင်းကျောက်ကို ရတနာ တစ်ခုကဲ့သို့ပင် လက်ခံလိုက်သည်။ သူက မိုးရီအား ကျေးဇူးတင်ရန်အတွက်ပင် မေ့လျော့သွားသည်။ သူက ရွှင်ပျသော အံ့အားသင့်မှုတစ်ခုကို ပြသလိုက်သည်။ “နောက်ဆုံးတော့ အစ်မအတွက် အကောင်းဆုံး လက်ဆောင်ကို တွေ့သွားပြီ။”
ချန်လွေ့ ကြက်သေသေသွားခဲ့သည်။ နတ်ဆိုးဘုံသည် စွမ်းအားကို အလေးပေးဆုံး ဖြစ်သည်။ နိမ့်ကျသော နတ်ဆိုးများသည်ပင် တိုးတက်လာရန်အတွက် အခွင့်အရေး တစ်ခုကိုမျှ လက်လွတ်မခံခဲ့ပေ။ ထို့ပြင် ထိုအလင်းအမှောင်သလင်းကျောက်မှာ သန်းခေါင်နေအရှင်၏ ခမ်းနားကြီးကျယ်သောစွမ်းအားမှ အရင်းခံလာခြင်း ဖြစ်ပေသည်။ ၎င်းသည် လိုလီလေးကဲ့သို့ လူစီဖာတော်ဝင်မိသားစုကို တိုက်ရိုက် အဆင့်တက် စေနိုင်သည်။ မမျှော်လင့်ထားဘဲနှင့် လိုလီလေးက ကိုယ့်ကိုယ်ကိုယ်အစား အစ်မဖြစ်သူ အတွက် အရင်ဆုံး စဉ်းစားခဲ့လေသည်။
အဲလစ်၏ ဟန်မဆောင်သော စိတ်လှုပ်ရှားမှုကို မြင်သည့်အခါ ချန်လွေ့က “ဇနီးလောင်း” ကိစ္စအား မြေဒြပ်စင်ဘုရင်ကိုပင် မရှင်းပြတော့ပေ။ သူက အဲလစ်၏ ခေါင်းကို အသာလေး ပုတ်လိုက်သည်။ ထို့နောက် ပြုံးရင်း ပြောသည်။ “ဟုတ်တယ်။ ဒါက အကောင်းဆုံး လက်ဆောင်ပဲ။”