ခိုးပြေးခြင်း
Vol. 32 Ch. 468
လက်တွဲပူးပေါင်းမှု မည်မျှပင် နီးစပ်စေကာမူ၊ ၎င်းမှာ အကျိုးအမြတ်များ အပေါ်၌ အခြေခံထားခြင်းသာ ဖြစ်သည်။ ယနေ့တွင် သူတို့သည် နီးစပ်သော လုပ်ဖော်ကိုင်ဖက်များ ဖြစ်သော်လည်း မနက်ဖြန်၌ အချင်းချင်း ဓားနှင့်ထိုးနေနိုင်သည်။ ၎င်းမှာ နိုင်ငံရေးပင် ဖြစ်လေသည်။
သုံးပြည်ထောင်မှ စွန်းချွမ်သည် ဥပမာတစ်ခုပင် ဖြစ်သည်။ တစ်ခါတစ်ရံ၌ သူက ရှုနှင့် ပူးပေါင်းပြီး ချောင်ချောင်ကို ခုခံသည်။ တစ်ခါတစ်ရံတွင် သူက ရှုကို တိုက်ခိုက်ပြီး ချောင်ချောင် ထံတွင် အညံ့ခံသည်။ ထိုကဲ့သို့ အကြိမ်များစွာ ဖြစ်ပျက်ခဲ့လေသည်။ သို့သော်လည်း သူက သူရဲကောင်းတစ်ယောက်ပင် ဖြစ်သည်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “၃၀၀က နည်းလွန်းတယ်။ ဒါနဲ့ အဲဒါတွေကို အပင်တွေနဲ့ လဲလှယ်လို့ရတယ်လို့ ခုနက မင်းပြောခဲ့တယ် မဟုတ်လား။”
ဆယ်လင်း ခေါင်းညိတ်လိုက်သည်။ “ဒါကို ဧကရီ ညွှန်ကြားထားတာပါ။ ဒီမျိုးစေ့တွေအတွက် လဲလှယ်လို့ရတဲ့ ရှားပါးသစ်သီး ၂မျိုးပဲ ရှိတယ်။ တစ်ခုက နတ်ဆိုးဘုံက အလွန့်အလွန်ရှားပါးတဲ့ မိစ္ဆာတလဲသီးပဲ။ နောက်တစ်ခါက ကျိုးထျန်ရွှမ် အရှိန်အဝါသစ်သီး။ အဲဒါကိုတော့ ကျွန်မတစ်ခါမှ မကြားဖူးဘူး။”
ချန်လွေ့ သိမ့်သိမ့်တုန်သွားခဲ့သည်။ ဒီသစ်သီးနှစ်မျိုးလား။
မိစ္ဆာတလဲသီးသည် အမှန်တကယ် ရှားပါးသည်။ ၎င်းသည် အထူးအားတိုး သက်ရောက်မှုတစ်ခုရှိပြီး အထူးသဖြင့် အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ နိဗ္ဗာန်ပါရမီအတွက် အန္တရာယ်ကို ကြီးကြီးမားမား လျှော့ချပေးနိုင်သည်။ လိုင်ရာမြို့ရှိ မိစ္ဆာတလဲသီး ရင့်မှည့်သွားကြောင်း ကြားသည့်အခါ ဧကရီကတ်သရင်းက မတုံ့ဆိုင်းဘဲ ခရစ္စတီးနားအဖြစ် ရောက်လာခဲ့သည်။
ကျိုးထျန်ရွှမ် အရှိန်အဝါ သစ်သီးကမူ ၎င်းသည် အရှိန်အဝါ သစ်သီးသာ ဖြစ်သည်။ ထိုနာမည်ကို ကတ်သရင်းကို လှည့်စားရန်အတွက် ချန်လွေ့ အသုံးပြုခဲ့ဖြင်း ဖြစ်သည်။ မိစ္ဆာတလဲသီးနှင့်ယှဉ်လျှင် ၎င်းသည် နိဗ္ဗာန်အတွက် အားပိုမိုကောင်းစေသည်။ သို့သော် ကာမကို ဖိစီးပေးသော မိစ္ဆာတလဲသီးကဲ့သို့ အထူးသက်ရောက်မှု မရှိပေ။ ၎င်းမှာ အသံတိတ်ညစိမ့်မြေ၌ ချန်လွေ့က ကတ်သရင်းက “တွန်းလှဲခြင်း” ခံခဲ့ရသော အဓိက အကြောင်းရင်းလည်း ဖြစ်ပေသည်။
ကတ်သရင်းက နိဗ္ဗာန်အတွက် မျိုးစေ့နှင့် လဲလှယ်ပြီး မိစ္ဆာတလဲသီးနှင့် အရှိန်အဝါသစ်သီးရရှိရန် အထူးအမိန့်ပေးထားသည်မှာ သိသာလှပေသည်။ နိဗ္ဗာန်သည် အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ အစွမ်းအထက်ဆုံး သွေးမျိုးဆက် ပါရမီတစ်ခု ဖြစ်သည်။ နိဗ္ဗာန်တစ်ဆင့်ပြီးတိုင်း စွမ်းအား ကြီးကြီးမားမား တိုးသွားနိုင်သော်လည်း အန္တရာယ်နှင့် ကျရှုံးနိုင်ချေမှာလည်း လုံးဝမြင့်မားသည်။ သတိတစ်ချက်လွန်ရုံဖြင့် အသက်ဆုံးရှုံးရနိုင်ပေသည်။
နိဗ္ဗာန်အဆင့်မြင့်လေလေ အန္တရာယ် ပိုများလေလေပင် ဖြစ်သည်။ မိစ္ဆာတလဲသီးနှင့် အရှိန်အဝါသစ်သီးများ ရှိလျှင်ပင် အန္တရာယ် များနိုင်သေးသည်။ အက်စ်မိုဒက်စ် တော်ဝင်မိသားစု သမိုင်းကြောင်း၌ နိဗ္ဗာန်ကို အဆင့်၅အထိ ပြီးစီးခဲ့သည်မှာ တစ်ဦးသာ ရှိသည်။ နိဗ္ဗာန် အဆင့်၄သို့ ရောက်ပြီးနောက် အဆင့်၅တက်ရန် ကြိုးစားကြတော့ ပါရမီရှင် အချို့လည်း ရှိသည်။ နောက်ဆုံး၌ သူတို့က နိဗ္ဗာန်မီးတောက်အောက်၌ ပြာဖြစ်သွားခဲ့ ကြလေသည်။
ကတ်သရင်းက ယခုတွင် နိဗ္ဗာန် အဆင့်၄ ပြီးစီးသွားပြီ ဖြစ်သည်။ ထို့ပြင် သူ၏ စွမ်းအားသည်နှင့် ထိပ်သီး အစွမ်းထက်ပုဂ္ဂိုလ် ရိုင်ဇန်သို့ ချဉ်းကပ်လာနေလေပြီ။ ပြောရမည်ဆိုလျှင် သူသည် ထိုကဲ့သို့ အရဲမစွန့်လောက်ပေ။ တော်ဝင်မိသားစုမှ ပါရမီရှင်များ စွမ်းအားတိုးရန်အတွက် နိဗ္ဗာန်ကို လိုအပ်နေ၍ သို့မဟုတ် သိမ်းထားချင်၍ ဖြစ်ဖို့များပေသည်။
အရှိန်အဝါသစ်သီးနှင့် မိစ္ဆာတလဲသီးတို့နှင့် ပတ်သက်၍ ချန်လွေ့၏ လက်ထဲ၌ အများအပြား ရှိသည်။ မျိုးစေ့များနှင့် လဲလှယ်ရန် ပြဿနာ မဟုတ်ပေ။ သို့သော်လည်း သူ၏ စိတ်ထဲ၌ ယခုတွင် အထင်တစ်ခု ရှိနေသည်။ ကတ်သရင်းက အမှောင်လနဲ့ ကပ်ရက်ရှိနေတဲ့ လိုင်ရာမြို့မှာ အပင်ပြပွဲကို ကျင်းပခဲ့တယ်။ မြေမျက်နှာသွင်ပြင် အခြေအနေနဲ့ ထင်ပေါ်ကျော်ကြားမှု အသာစီး ရနေတဲ့အပြင်ကို မိစ္ဆာတလဲသီးကို “မျှား” ဖို့ ရည်ရွယ်ချက်လည်း ရှိနေသလိုပဲ။ ဒါပေမဲ့ သူက ဒီမှာ ပစ်မှတ်ကို “မျှား”နိုင်မယ်လို့ ဘယ်လိုသိတာလဲ။
ဒါက စိတ်ထင်တာပဲ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်တော့ သူက သူလိုချင်တာကို ရအောင် လုပ်နေတာပါပဲ။ ချန်လွေ့ ခဏစဉ်းစားပြီးနောက် မိစ္ဆာတလဲသီးအချို့ထုတ်ကာ ဆယ်လင်းကို ပေးလိုက်သည်။ ဆယ်လင်းကး ချန်လွေ့၌ အမှန်တကယ်ပင် မိစ္ဆာတလဲသီးများ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ၎င်းကို ရေတွက်ကြည့်ရာ အလုံး၃၀ ရှိသည်။ သူက ချက်ချင်းပင် အထူးမှော်နေရာလွတ်သေတ္တာ တစ်လုံးကိုထုတ်ပြီး သေသေချာချာ ထည့်ထားလိုက်သည်။ မိစ္ဆာတလဲသီးသည် ခူးပြီးနောက် ခဏအကြာတွင် နွမ်းခြောက်သွားမည် ဖြစ်သ်ည။ ၎င်းကို ထိန်းသိမ်းထားရန် ထိုအထူး နေရာလွတ်ပစ္စည်းကို အသုံးပြုရသည်။ “သခင်”ဖြစ်သူက မည်သည့်နည်းလမ်း အသုံးပြုခဲ့ကြောင်း ဆယ်လင်း မသိပေ။ ရုတ်ချည်း“ပေါ်ထွက်”လာသော မိစ္ဆာတလဲသီးများမှာ အတော်လေး လတ်ဆတ်လှသည်။
ထိုမိစ္ဆာတလဲသီး အရေအတွက်မှာ မျှော်မှန်းထားသော တာဝန်ထက်ပင် ကျော်လွန်နေသည်။ သူက တာဝန်ကို ပြီးစီးသွားရုံသာမက မဟာကတ်သရင်း၏ ချီးမွမ်းခြင်းကိုလည်း ခံရပေလိမ့်မည်။ ဆယ်လင်းက စိတ်ထဲ၌ အလွန်ပျော်ရွှင်သွား၏။ မျိုးစေ့အရေအတွက်ကို မေးပြီးနောက် ဆယ်လင်း ပြန်ဖြေသည်။ “ဒါဆိုရင် ပြဿနာ မရှိပါဘူး။ သခင်လိုချင်တဲ့ မျိုးစေ့အတွက်က တော်တော်လေးများတဲ့အတွက် တစ်ရက်လောက် ပြင်ဆင်ဖို့ လိုအပ်တယ်။ သခင့်မှာ တခြားညွှန်ကြားစရာတွေ ရှိသေးလား မသိဘူး။”
“မရှိတော့ဘူး။”
“ဒါနဲ့ ခုနက ကောင်မလေးက... သခင်က မိန်းမငယ်ငယ်လေးတွေကို သဘောကျတာလား။” ဆယ်လင်းက ခုနက လိုလီလေး၏ အပြုအမူကို တွေးမိလိုက်ပြီး ချန်လွေ့ကို မျက်နှာချိုသွေးရန် ပြောလိုက်သည်။ “သခင့်အတွက် ကျွန်မ အားလုံး ပြင်ဆင်ပေးနိုင်ပါတယ်။ သခင် စိတ်မရှိဘူးဆိုရင် ကျွန်မ....ကျွန်မကိုယ်တိုင် ပြုစုပေး နိုင်ပါတယ်။”
မိန်းမငယ်ငယ်လေးတွေကို သဘောကျတာလား။ ထိုစကားများက ချန်လွေ့ကို အတော်လေး စိတ်ဓာတ်ကျသွားစေသည်။ ငါက ရုတ်တရက်ကြီး ထူးဆန်းတဲ့ ဦးလေးကြီး တစ်ယောက်အနေနဲ့ သတ်မှတ်ခံလိုက်ရပြီ။
“မလိုဘူး။”
ဆယ်လင်းက အသက်မကြီးလှဘဲ သူ၏ရုပ်ရည်နှင့် ခန္ဓာကိုယ်မှာ ဆွဲဆောင်မှု ရှိသော်လည်း သူ၏ အကြံအစည်များမှာ ထိုမြေခွေးအိုများထက်ပင် သာလွန်သည်။ သူက အိပ်ပြီးနောက်တွင် ကျေနပ်နေဦးမည် မဟုတ်သည်မှာ သေချာသည်။ ဆိုးကျိုးများ ရှိလာနိုင်ပေသည်။ ထို့ပြင် ချန်လွေ့ကို သူ့ကိုထိန်းချုပ်ရန် ကျွန်-သခင် စာချုပ်ကိုသာ မသုံးပြုခဲ့သည်။ သူ့အပေါ် တပ်မက်စိတ် မရှိခဲ့ပေ။
ဆယ်လင်းက နှုတ်ခမ်းကိုက်ကာ ပြောသည်။ “သခင်။ ကျွန်မ တတိယဗိုလ်ချုပ်ရဲ့ သား မွန်ရိုးနဲ့ တော်ဝင်ယန္တရားဆရာသခင် ရမ္မနစ်ဂီရဲ့ သမီးဖြစ်တဲ့ ဖီနီတို့နဲ့ သက်ဆိုင်တဲ့ သတင်းတစ်ခုကို ရထားတယ်။”
ချန်လွေ့၏ ဦးနှောက် လှုပ်ရှားသွားသည်။ ဗိုလ်ချုပ် ခရောဖို့ဒ် ကတိပေးထားတဲ့ မှော်ပညာရှင်ဗိုလ်ခြေ ဦးရေ၁၀၀၀ ရောက်နေပြီလို့ ရှီရာ ပြောခဲ့တယ်။ ဒါပေမဲ့ မီးလျှံ ဗိုလ်ခြေကို ဝင်တော့မယ့် မွန်ရိုးက တစ်ခါမှ မပေါ်ထွက်လာခဲ့ဘူး။ သူက ချက်ချင်းပင် ဆယ်လင်းအား ဆက်ပြောရန် အချက်ပြလိုက်သည်။
ဆယ်လင်း၏ သတင်းအချက်အလက်အရဆိုလျှင် သိပ်မကြာခင်က ပထမဗိုလ်ချုပ် ဘရော့ခ်သည် သူ၏ယောက္ခမနှင့် မိန်းမတို့ကို ယောက္ခမ ဖရန့်ဇ် နေမကောင်းသော အကြောင်းပြချက်ဖြင့် မီးဓားဗိုလ်ခြေ စောင့်ကြပ်သော ဂျာဒယ်ခံတပ်သို့ ခေါ်သွားခဲ့သည်။ ခဏကြာပြီးနောက် မဟာကတ်သရင်းက ယန္တရားအစည်းအရုံး၏ အကြီးတန်း ဆရာသခင်ဖြစ်သော ရမ္မနစ်ဂီ၏သမီးဖြစ်သူ ဖီနီကို ပထမဗိုလ်ချုပ် ဘရော့ခ်၏ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ရန် ကမ်းလှမ်းခဲ့သည်။
ဘရော့ခ်က သူ၏မိန်းမ မက်ဒီလူနှင့် လေးနက်သော ဆက်ဆံရေးရှိကြောင်း ပြောဆိုခဲ့သည်။ သူက ဧကရီထံမှ လက်ထပ်ခြင်းကို ငြင်းပယ်ခဲ့သော်လည်း ဖီနီအား သူ၏တပ်မှူး လိုကီထံ အဓိကမိန်းမအဖြစ် လက်ထပ်ရန် တောင်းဆိုခဲ့သည်။
မဟာကတ်သရင်းက ဘရော့ခ်၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။ လိုလီက ဖီနီကို လက်ထပ်ရန်အတွက် မြို့တော်သို့ သွားခဲ့သည်။ သို့သော်လည်း ထိုအချိန်၌ မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်။ ဖီနီနှင့် တတိယဗိုလ်ချုပ် ခရောဖို့ဒ်၏သား မွန်ရိုးတို့က တစ်ချိန်တည်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။ သူတို့နှစ်ယောက်သည် မူလက အလွန် ရင်းနှီးကြသော ငယ်သူငယ်ချင်းများ ဖြစ်ကြသည်။ သူတို့သည် အချစ်ကြောင့် ခိုးပြေးသွားခြင်း ဖြစ်နိုင်ပေသည်။ ကတ်သရင်းက ထိုသတင်းမပျံ့နှံ့ခင်မှာပင် ပိတ်ဆို့ရန် အမိန့်ပေးခဲ့သည်။
ထိုအချိန်မှသာ မွန်ရိုးသည် အမှောင်လသို့ မည်သည့်အတွက်ကြောင့် သတင်း လာမပို့ရသည့် အကြောင်းရင်းကို သိသွားခဲ့သည်။ ဘရော့ခ်အပေါ် ကတ်သရင်း၏ တားမြစ်မှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ၎င်းမှာ အဓိကအားဖြင့် စစ်တပ်၌ ဘရော့ခ်၏ လွှမ်းမိုးမှုနှင့် အာဏာကြောင့် ဖြစ်သည်။ အရင်းအမြစ်များကို လုံးဝဖြတ်တောက်ပြီး ဘရော့ခ်သည် တစ်ခုတည်းသော အင်အားစု ဖြစ်သွားသည်နှင့် သူ့ကိုသတ်ပစ်ရန် မခက်ခဲတော့ပေ။
ဘရော့ခ်က ဘေးအန္တရာယ်ကို သေချာသိသည်။ ဖရန့်ဇ်နှင့် သူ၏သမီးကို ဂျာဒယ် ခံတပ်သို့ ခေါ်သွားခဲ့ခြင်းတွင် ထူးခြားသော အဓိပ္ပာယ်တစ်ခု ရှိနိုင်သည်။ ယခင်တစ်ခေါက် အိုဆိုင်ဒန်ကြောင့် ဘရော့ခ် ဒဏ်ရာအပြင်းအထန် ရပြီးနောက် ဘရော့ခ်၏ အခြေအနေကို ချန်လွေ့ မသိခဲ့ပေ။ သို့သော်လည်း ကတ်သရင်းက ဖီနီနှင့် ဘရော့ခ်ကို လက်ထပ်ခွင့် ပြုခိုင်းသည်မှာ သေချာပေါက် စမ်းသပ်ချက်တစ်ခု ဖြစ်သည်။ လိုကီအတွက် ဘရော့ခ်၏ ကမ်းလှမ်းချက်မှာလည်း ၎င်းကို ရှောင်တိမ်းရန် နည်းဗျူဟာတစ်ခု ဖြစ်သည်။ ရလာဒ် မည်သို့ပင် ဖြစ်စေကာမူ ဒုက္ခခံရသူမှာ ဖီနီသာ ဖြစ်၏။
တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်သည့်အလျောက် တစ်ခါတစ်ရံ၌ သူသည် သာမန်လူများကဲ့သို့ ကိုယ့်ကံကြမ္မာကို ပို၍ပင် မထိန်းချုပ်နိုင်ပေ။
ချန်လွေ့က ဖီနီအပေါ် မွန်ရိုး၏ခံစားချက်များကို သေချာသိသည်။ သို့သော်လည်း မွန်ရိုးက ထိုကဲ့သို့ အသည်းအသန် လှုပ်ရှားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဆယ်လင်းထံမှ နောက်ထပ်စကားက ချန်လွေ့ကို အမှန်တကယ်ပင် အံ့အားသင့် သွားစေသည်။ “မွန်ရိုးနဲ့ ဖီနီတို့က လိုင်ရာမြို့မှာ ရှိနေကြတယ်။”
“မင်း ဘယ်လိုသိတာလဲ။”
“သူတို့ လမ်းမှာ ကျွန်မရဲ့ ကုန်သည်အဖွဲ့ထဲ ဝင်နေတုန်းက မတော်တဆ ကျွန်မ သတိထားမိသွားတာ။ သူတို့က လိုင်ရာမြို့ကိုလာတော့ အမှောင်လကို သွားမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူတို့က လုံးဝ မထွက်သွားခဲ့ဘူး။” ဆယ်လင်း တုံ့ဆိုင်းသွားပြီး ထပ်ဖြည့်ပြောသည်။ “မွန်ရိုးနဲ့ ဖီနီအပြင်ကို အတော်လေး အစွမ်းထက်တဲ့ တခြားသူ နှစ်ယောက်လည်း ရှိနေတဲ့ပုံပဲ။ သူတို့ ကျွန်မကို သတိထားမိလား မမိလားဆိုတာတော့ ကျွန်မ သေချာမသိဘူး....”
“သူတို့တွေ မထွက်သွားရင် မင်းအပေါ် သက်ရောက်မှုရှိမှာ၊ ဒါမှမဟုတ် မင်းကို သတ်လိုက်မှာကို စိုးရိမ်နေတာလား။” ချန်လွေ့ အသာလေး ပြောသည်။ “ဒီတော့ မင်းက အန္တရာယ်ကို ဖယ်ရှားဖို့အတွက် ငါ့စွမ်းအားကို သုံးချင်တယ်ပေါ့။”
ချန်လွေ့ ဆယ်လင်း၏ စရိုက်ကို သဘောပေါက်နေသေးသည်။ အကယ်၍ မွန်ရိုးက ခြိမ်းခြောက်မှုရှိသော အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်ကို မခေါ်လာခဲ့လျှင် ဆယ်လင်းသည် မွန်ရိုးနှင့် ဖီနီတို့ကိုဖမ်းရန် လူလွှတ်ကာ မြို့တော်မှ အကျိုးအမြတ်များ တောင်းခံမည် ဖြစ်သည်။ “ကျွန်မက သခင့်ကို အကူအညီ တောင်းရုံပါ။” ဆယ်လင်းက သနားစရာ အမူအရာ ပြသလိုက်သည်။ “ကျွန်မ ဘယ်လိုပဲဖြစ်ဖြစ် ပေးဆပ်ပါ့မယ်။”
ဆယ်လင်းက ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရသည့် ရည်ရွယ်ချက်ကို ချန်လွေ့ အနည်းငယ် သဘောပေါက်သွားသည်။ ၎င်းမှာ ရည်ရွယ်ချက်တစ်ခုအတွက် ပထမဆုံး ပေးဆပ်ခြင်း ဖြစ်သည်။ သူက ခန္ဓာကိုယ်အား အလဲအလှယ်အဖြစ် အသုံးချရန် တုံ့ဆိုင်းမနေခဲ့ပေ။
“ငါ အခု ယန္တရားကုန်ကြမ်းတွေ လိုတယ်။” ချန်လွေ့က စာရင်းတစ်ခု ကမ်းပေး လိုက်သည်။ “ဘာနည်းလမ်းပဲသုံးသုံး ငါ ဂရုမစိုက်ဘူး။ ဒီပစ္စည်းတွေ ၃ရက်အတွက် ငါ့အရှေ့ကို ရောက်နေစေချင်တယ်။”
ဆယ်လင်းက စာရင်းကိုကြည့်လိုက်ရာ အမျိုးမျိုးသော ကုန်ကြမ်းများကို တွေ့လိုက်ရသည်။ ကတ်စတာမိသားစု၌ ယန္တရားနောက်ခံ ရှိသည်။ ထို့ကြောင့် သူက ထိုနေရာ၌ ကျွမ်းကျင်သည်။ အချို့ကုန်ကြမ်းများမှာ ရှားပါးသည်။ ၎င်းကို ၃ရက်အတွင်း ရနိုင်ရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ၎င်းမှာ သခင်ဖြစ်သူက လှုပ်ရှားတော့မည်ဟု ဆိုလိုခြင်း ဖြစ်သည့်အတွက် ဆယ်လင်း စိတ်သက်သာရာ ရသွားခဲ့သည်။
ဆယ်လင်းကို ချန်လွေ့ ပေးခဲ့သည်မှာ သြဇာယွမ်မြေမှလွဲ၍ အဆောင်ပစ္စည်း လျို့ဝှက်အရိပ် လိုအပ်သော ကုန်ကြမ်းများပင် ဖြစ်သည်။ အဓိကအားဖြင့် ဆရာသခင် အာသာ ပေါ်ထွက်လာ၍ မရသည့်အတွက်ကြောင့်ပင်။ သို့မဟုတ်ပါက အရိပ်နက် အင်ပါယာ၏ ယန္တရားအစည်းအရုံးသို့ သွားလျှင် ထိုကုန်ကြမ်းများကို ရယူရန် မခက်ခဲလှပေ။ အရိပ်နက်အင်ပါယာရှိ ယန္တရားအစည်းအရုံးမှ ရှေးမှော်မျှော်စင် ပဉ္စမအလွှာ၌ အဖြေရှင်းနိုင်သေးသော ပဟေဠိတစ်ခု ရှိနေသေးသည်ကို ချန်လွေ့ အမြဲပင် မှတ်မိနေခဲ့သည်။ ၎င်းသည် ပိုင်နက်၏ တားမြစ်ထားသော အဆင့်တစ်ခုခု ပါဝင်နိုင်သည်။ သို့သော်လည်း ငွေသေတ္တာနှင့် အသူရာချောက်နက်လိုမျိုး လျို့ဝှက်ချက်များကဲ့သို့ပင် ယခုတွင် ထိုမသိသေးသောကိစ္စများကို အဖြေရှာရန် အချိန်မဟုတ်ပေ။ သူသည် အမြန်ဆုံး ရုပ်ပိုင်းဆိုင်ရာစွမ်းအားကို ပိုမိုတိုးတက်အောင် ပြုလုပ်သင့်ပေသည်။
အဆင့်၏သဘောမှာ လေ့ကျင့်သူ အစွမ်းထက်လေလေ အဆင့်တက်ရန် ခက်ခဲလေလေပင် ဖြစ်သည်။ အနိမ့်ဆင့်၌ စွမ်းအားတိုးရန်အတွက် ပြင်းထန်သော လေ့ကျင့်ရေးများကို မှီခို၍ရနိုင်သည်။ အလတ်ဆင့်၌ ပါရမီသည် ပို၍ပို၍ အရေးကြီးလာပြီး ပါရမီမြင့်သူများက တစ်ဝက်အားထုတ်ခြင်းဖြင့် ရလာဒ်နှစ်ဆ ရရှိနိုင်သည်။ အမြင့်ဆင့်၌ ပါရမီနှင့် လေ့ကျင့်ရေးတို့ အသုံးမဝင်တော့ပေ။ စွမ်းအား၌ စစ်မှန်သော အရည်အသွေးအရ ပြောင်းလဲမှုတစ်ခု ရှိသည်။ လေ့ကျင့်ရေး ဆက်တိုက်လုပ်ခြင်းမှာ အဆင့်တက်ရန်အတွက် အခြေခံသာ ဖြစ်သည်။ အရေးကြီးဆုံးမှာ နားလည်မှုနှင့် သဘောပေါက်ခြင်း ဖြစ်သည်။ အဆင့်သေးလေးတစ်ခု တိုးတက်ရန်အတွက်ပင် သိသာထင်ရှားသော သဘောပေါက်ခြင်း လိုအပ်ပေသည်။
လက်ရှိ၌ ချန်လွေ့သည် ထိုအဆင့်၌ ဖြစ်သည်။ [ နွေပိုင်နက် ] ကို နားလည် သဘောပေါက်ပြီးနောက် သူ၏စွမ်းအား သိသိသာသာ တိုးတက်သွားခဲ့သည်။ သူက နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်းသို့ ရေးရေးလေး ချိုးဖောက်သွားခဲ့ပြီး အလတ်ဆင့်သို့ ချဉ်းကပ်လာခဲ့သည်။ သို့သော်လည်း ထူးဆန်းစွာပင် ဖက်ဒါ၏ အတွေ့အကြုံတန်ဖိုး မပြောင်းလဲသွားပေ။ သူက “ဖက်ဒါ” အခြေအနေ၏ စစ်မှန်သော လျို့ဝှက်ဆန်းကြယ်မှုကို မဆုပ်ကိုင်နိုင်သေးပုံရသည်။ သူသည် လက်တွေ့ဘဝနှင့် တိုက်ပွဲ၌ ပိုမို နားလည်ရန် လိုအပ်နေသည်။
နယ်ရုပ် ဆယ်လင်းမှာ အမှောင်လအတွက် အလွန် အရေးကြီးသည်။ ချန်လွေ့က သူ ထိန်းချုပ်နေသော ကတ်စတာမိသားစု၏ အနာဂတ်ဦးစီးကို အပြောင်းအလဲ မဖြစ်ချင်ပေ။ ထို့ပြင် အမှောင်လ၏ မှော်ပညာရှင်ဗိုလ်ခြေမှာ မွန်ရိုး၏ အစောင့်များ ဖြစ်ကြသည်။ မွန်ရိုးသာ သူတို့ကို ရွှေ့ပြောင်းနိုင်သည်။ ယခုတစ်ခေါက်ကိစ္စ၌ ချန်လွေ့သည် အမှန်တကယ် ဝင်ပါရပေတော့မည်။
ကတ်စတာမိသားစု နေထိုင်သည်မှာ လိုင်ရာမြို့ရှိ တန်ဖိုးအကြီးဆုံး ဘယ်ရီနက် ဟိုတယ်၌ ဖြစ်သည်။ ထိုအရေးကြီးပုဂ္ဂိုလ်များအပြင် အခြားဧည့်သည်များ မည်သူမှ မရှိကြပေ။
အခန်းတစ်ခန်း၌ လူ၄ယောက် တိတ်တိတ်လေး ဆွေးနွေးနေကြသည်။
“စိတ်မပူပါနဲ့။ ဗိုလ်ချုပ်လေး။ ဖေးမန်းနဲ့ ကျုပ်က ဗိုလ်ချုပ်လေး အရွယ်ရောက် လာတာကို ကြည့်ခဲ့ရတာပါ။ ကျုပ်တို့က ဗိုလ်ချုပ်လေးနဲ့ အစောင့်တွေ ဟုတ်သလို ဆွေမျိုးတွေလည်း ဟုတ်တယ်။ ကျုပ်တို့ သေတဲ့အထိ တိုက်ခိုက်ရမယ်ဆိုရင်တောင် ဗိုလ်ချုပ်လေးနဲ့ မစ်-ဖီနီကို အန္တရာယ်ကနေ ကာကွယ်ပေးမှာပါ။” စကားပြောလိုက်သူမှာ အရပ်မြင့်မြင့်နှင့် မဟာနတ်ဆိုးတစ်ယောက် ဖြစ်သည်။
“ကျေးဇူးပါပဲ။ ဦးလေး ခယ်လ်ဒါ။” ဗိုလ်ချုပ်ငယ်လေးမှာ မွန်ရိုး ဖြစ်သည်။ သူ၏ မျက်နှာချင်းဆိုင်၌ သူနှင့်အတူ ခိုးပြေးလားသော ဖီနီ ရှိနေသည်။ သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက ဘေးဘက်တွင် ထိုင်နေသော မဟာနတ်ဆိုးကို စိုးရိမ်လျက် ကြည့်နေလိုက်သည်။ “ဦးလေး ဖေးမန်းရဲ့ ဒဏ်ရာက....”
ဖေးမန်းအမည်ရှိ မဟာနတ်ဆိုးက အသုံးတိုးတိုးဖြင့် ချောင်းဟန့်လိုက်သည်။ “ရပါတယ်။ ဦးလေး ဖေးမန်းက နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းအဆင့်ပါ။ ဒါကြောင့် သေမှာ မဟုတ်ဘူး။ ဒါပေမဲ့ လိုကီတို့ ငါတို့နေရာကို သိသွားမယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့ သူ့စွမ်းအားက နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းကို ရောက်နေပြီ။ ဝမ်းနည်းစရာ ကောင်းတာက တော်ရီးစ်...”
“ဦးလေး တော်ရီးစ် နာကျင်ခံစားခဲ့ရတာ ကျုပ်အမှားကြောင့်ပါ။” မွန်ရိုး ဝမ်းနည်းသွားပုံရသည်။ “ဒီအမုန်းတရားအတွက် နောက်ပိုင်းကျရင် ကျုပ် လက်စားချေရမယ်။”
ဖေးမန်း ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။ “ဗိုလ်ချုပ်ငယ်လေး။ ဗိုလ်ချုပ်က မင်းကို အမှောင်လရဲ့ မီးလျှံဗိုလ်ခြေဆီဝင်ဖို့ ကတိပေးခဲ့ပေမဲ့ အခု မင်းက မစ်-ဖီနီနဲ့ ထွက်ပြေးလာခဲ့တယ်။ ဒီကိစ္စက လျို့ဝှက်ချက် ဆိုရင်တောင် ဗိုလ်ချုပ်ငယ်လေးက အင်ပါယာမှာ အလိုအရှိဆုံးသူ ဖြစ်နေပြီ။ အမှောင်လနဲ့ အင်ပါယာကြားက လက်ရှိ လက်တွဲပူးပေါင်းမှုအရဆိုရင် ဗိုလ်ချုပ်လေး ပေါ်ထွက်လာတာနဲ့ အင်ပါယာကို ပြန်ပို့ခံရမှာ သေချာတယ်။ ဒီတစ်ခေါက် အမှောင်လကို သွားတာက အချိန်အကြာကြီး နေလို့မရမှာ စိုးမိတယ်။ ”
“ဒါပေမဲ့ ဒီမှာဆက်နေတာက သေတာကို ထိုင်စောင့်နေတာပဲ။” ခယ်လ်ဒါ ခေါင်းခါရင်း ပြောသည်။ “အခုလက်ရှိမှာ အင်ပါယာရဲ့မြောက်ပိုင်းကို လုံးဝ ပိတ်ဆို့လိုက်ပြီ။ ငါတို့တွေ အမှောင်လကို ဖြတ်ပြီးတော့ ကြယ်ကြွေတမန်အင်ပါယာ မြောက်ဘက်ကနေ သွေးရောင်အင်ပါယာဆီ သွားလို့ရတယ်။ ဒါက ဗိုလ်ချုပ်ငယ်လေးနဲ့ မစ်-ဖီနီတို့အတွက် နေဖို့ အလုံခြုံဆုံး နေရာပဲ။ ကတ်စတာမိသားစု အမျိုးသမီးက ကျုပ်တို့ ဘယ်ရောက်နေလဲဆိုတာ သတိထားမိသွားတဲ့ပုံပဲ။ လိုရမည်ရ ကျုပ်တို့ ထွက်သွားတဲ့ အခါကျရင်...”
မွန်ရိုး ခေါင်းခါလိုက်သည်။ “ဆယ်လင်းကို ကျုပ်နဲ့ ဖီနီရဲ့ မိတ်တွေကို သတ်မှတ်လို့ ရတယ်။ ပြီးတော့ ဒါက မှန်းဆမိရုံပါပဲ။ ကတ်စတာမိသားစုရဲ့ လွှမ်းမိုးမှုက အင်ပါယာမှာ တော်တော်လေး ကြီးမားတယ်။ အာရုံမစိုက်မိစေဖို့အတွက် ပြဿနာမရှာတာ ပိုကောင်းမယ်။”
ဖေးမန်းက ခေါင်းညိတ်ပြီး ပြောသည်။ “ဟုတ်တယ်။ အခုတော့ ပြဿနာကနေ ဝေးဝေးနေတာ အကောင်းဆုံးပဲ။ ငါတို့တွေ အဲဒီမိန်းမရဲ့ စောင့်ကြည့်မှုကို အသုံးချပြီးတော့ စစ်သည်တွေကို စိတ်ရှုပ်ထွေးစေဖို့အတွက် လိပ်ပြာနီနယ်မြေဆီကို သွားဟန်ဆောင်လို့ ရတယ်။ အချိန်မဆွဲဘဲ သွားကြရအောင်။ အခု ငါတို့ ဆုံးဖြတ်လိုက်ပြီ။ မမှောင်ခင် အမှောင်လကို ထွက်ခွာကြမယ်။”
ဖီနီက သိချင်စိတ်ဖြင့် မေးသည်။ “ကျွန်မတို့က မြောက်ဘက်သို့ သွားဖို့ ဆုံးဖြတ်ထားတယ်ဆိုတော့ ဘာလို့ အမှောင်လကို သွားရမှာလဲ။ လိပ်ပြာနီနယ်မြေက ပိုနီးတယ် မဟုတ်လား။”
မွန်ရိုးက ရှင်းပြသည်။ “လိုင်ရာမြို့တော်ဝန်ဟောင်း အသတ်ခံရတဲ့အတွက်ကြောင့် လိပ်ပြာနီနယ်မြေ၏ ဝင်ပေါက် အစစ်အဆေးက တော်တော်လေး တင်းကြပ်နေတယ်။ အမှောင်လရဲ့ ကုန်သွယ်လမ်းကြောင်းက ပိုပြီးတော့ အဆင်ပြေတယ်။ အမှောင်လကို သွားဖို့က အဝေးကြီး ပတ်သွားရပေမယ့် ပိုပြီးတော့ လုံခြုံတယ်။”
ထိုအချိန်၌ တံခါးဘက်တွင် ခြေသံများ ထွက်ပေါ်လာသည်။ သူတို့သည် ထိုဘက်သို့ အမှန်တကယ် ဦးတည်နေကြလေသည်။။ အစွမ်းအထက်ဆုံးဖြစ်သော ခယ်လ်ဒါ နှင့် ဖေးမန်းတို့က အရင်ဆုံး သတိထားမိသွားကြသည်။ မွန်ရိုးလည်း ၎င်းကို သတိထား မိသွားပြီး ဖီနီ၏လက်ကို အသာလေး ကိုင်လိုက်သည်။ တံခါးခေါက်သံ ထွက်ပေါ်လာသောအခါ သူက ဖီနီအား စိတ်မပူရန် ပြောသည်။
“ဧည့်သည်တို့။ ခင်ဗျားတို့ မှာထားတဲ့ စားစရာတွေ ရပါပြီ။”
သူတို့ အချင်းချင်း ကြည့်လိုက်ပြီး သတိထားလိုက်ကြသည်။ ခယ်လ်ဒါက တဖြည်းဖြည်းချင်း တံခါးကို ဖွင့်လိုက်ရာ ၎င်းသည် စားပွဲထိုးမဟုတ်ဘဲ ဝတ်ရုံနှင့် ယောက်ျားတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“မင်း....” ခယ်လ်ဒါ မျက်လုံးပြူးသွားပြီး ကြက်သေသေသွားဟန်တူသည်။ သူက လှုပ်ရှားရန် ပြင်လိုက်စဉ် ဝတ်ရုံနှင့်လူ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဖီနီအရှေ့တွင် ပြန်ပေါ်လာသည်။ ဖေးမန်း၏ တုံ့ပြန်မှုမှာ လျင်မြန်လှသည်။ သူ၏လက်သီးးက ထိုသူ၏ နောက်ဘက်တွင် တိတ်တဆိတ် ပေါ်ထွက်လာသည်။ ဝတ်ရုံနှင့်လူက ချက်ချင်းပင် ပျောက်ကွယ်သွားပြန်သည်။ ယခုတစ်ခေါက်တွင် သူက မွန်ရိုး ဘေးနားသို့ ရောက်သွားပြီးနောက် ဗိုလ်ချုပ်ငယ်လေး၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
“ရပ်လိုက်တော့။”
ထိုအော်သံကြောင့် ဖေးမန်းနှင့် ခယ်လ်ဒါတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့၏။ ဗိုလ်ချုပ်ငယ်လေးက တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေပြီဖြစ်ကြောင်း မြင်နိုင်ပေသည်။ သူတို့က မဆင်မခြင် လှုပ်ရှားမိလျှင် မွန်ရိုးကို တစ်ဖက်လူက ချက်ချင်း သတ်ပစ်လိုက်ပေသည်။
ဝတ်ရုံနှင့်လူက ပြောသည်။ “စိတ်မပူပါနဲ့။ ကျုပ်က အရိပ်နက်အင်ပါယာက လိုက်ဖမ်းတဲ့သူ မဟုတ်ဘူး။ ဗိုလ်ချုပ်လေး မွန်ရိုးကိုလည်း မကောင်းတဲ့စိတ်တွေ မရှိဘူး။ ဒီလို မယဉ်ကျေးတဲ့လုပ်ရပ်က ခင်ဗျားတို့တွေ စိတ်ငြိမ်ပြီး ကျုပ်ပြောတာကို နားထောင်ဖို့ အတွက်ပါပဲ။”
ခယ်လ်ဒါနှင့် ဖေးမန်းတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က ထိုဝတ်ရုံနှင့်လူ၏ အငွေ့အသက်မှာ အမြင့်ဆင့်နတ်ဆိုးသားဖြစ်ကြောင်း အာရုံခံမိခဲ့သည်။ သို့သော်လည်း သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး မွန်ရိုးအား လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ထိန်းချုပ်ခဲ့သည်ကိုကြည့်လျှင် အမြင့်ဆင့်နတ်ဆိုး မဟုတ်နိုင်ပေ။ သူသည် ပိုအဆင့်မြင့်နေနိုင်ပေသည်။
“မင်းက တကယ်တမ်း ဘယ်သူလဲ။”
“ငါက ရန်သူ မဟုတ်ဘူး။ ဗိုလ်ချုပ်ငယ်လေးက အမှောင်လစစ်တပ်ထဲ ဝင်ထားတဲ့ အတွက် ငါ့ကို လက်ထောက် ဗိုလ်ခြေခေါင်းဆောင်လို့ ခေါ်သင့်တယ်။” မမျှော်လင့်ဘဲနှင့် ဝတ်ရုံနှင့်လူက မွန်ရိုး၏ပုခုံးကို ဆုပ်ကိုင်ထားခြင်းကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။ “ငါ့နာမည်က.....အက်ဂ်ယော။”