ငှက်တောင်ဖြူနယ်မြေလော့ဒ်
Vol. 32 Ch. 473
ချန်လွေ့ နန်းတော်သို့ အပြေးသွားပြီးနောက် သူ့ကို ရှီရာက ကောင်စီခန်းမသို့ လျို့ဝှက်အစည်းအဝေးအတွက် ဆင့်ခေါ်ခံခဲ့ရသည်။ ညပိုင်း နောက်ကျမှသာ သူ ပြန်ရောက်လာခဲ့သည်။
ချန်လွေ့ ပြန်ရောက်သောအခါ အိမ်တံခါး၌ မိမိကိုစောင့်နေဟန်တူသော ပုံရိပ်တစ်ခု ရှိနေသည်။ ထိုသူမှာ အသီနာ၊ ခီရာ မဟုတ်ဘဲ ရိုမန် ဖြစ်နေ၏။
“ခေါင်းဆောင်။ ဟို....” ရိုမန် တုံ့ဆိုင်းနေဟန်တူသည်။ ၎င်းသည် ပုံမှန်မြင်နေကျ လူပါးဝသော လူရှုပ်တစ်ယောက်နှင့် လုံးဝကွဲပြားနေသည်။
ချန်လွေ့က မျက်လုံးကို ပွတ်သပ်လိုက်သည်။ ငါ အမြင်မမှားဘူး။ ဒါက တကယ် ရိုမန်ပဲ။ ဒီကောင်က ပုံမှန်အတိုင်းဆို ဘာပဲဖြစ်ဖြစ် ပြောတယ်။ ဘယ်တုန်းက ဒီလိုမျိုး ဣန္ဒြေရသွားတာလဲ။
“ဟေး။ ကိစ္စရှိရင် ပြောလေ။ ဟန်ဆောင်မနေနဲ့။”
ရိုမန်၏မျက်လုံးများက အနည်းငယ် အပြစ်မကင်းသလို ဖြစ်နေသည်။ “တောင်းပန်ပါတယ်။ တကယ်တော့ ငါ....”
ရိုမန် အချိန်အတော်ကြာ တုံ့ဆိုင်းနေသည်ကို မြင်ပြီးနောက် ချန်လွေ့ မေးလိုက်သည်။ “မင်း မုဆိုးမတစ်ယောက်ယောက်နဲ့ ငြိခဲ့တာကို ဒေလီယာသိသွားလို့ ငါ့ကို ဖြန်ဖြေ ခိုင်းစေချင်တာလား။”
“အဲလို...မဟုတ်ဘူး။ ချီး။ အဲလိုကိစ္စမရှိဘူး။” ရိုမန်က ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်ပြီး အတော်လေး ပို၍ တည့်တည့်ပြောလိုက်သည်။ “ငါ ကောင်းတာတစ်ခုခု ရထားတယ်။ မနက်ဖြန်ကစပြီးတော့ တကယ့် နတ်ဆိုးဧကရာဇ်အဆင့်ကို ရောက်ဖို့အတွက် ငါ တံခါးပိတ် လေ့ကျင်တော့မယ်။”
“တကပဲယ်လား။” ချန်လွေ့ အံ့အားသင့်သွားသည်။ “ကောင်းတယ်။ မင်းက နတ်ဆိုးဧကရာဇ်အဆင့်ကို တိတ်တိတ်လေး ရောက်တော့မှာပဲ။ ငါတစ်ခုခု ကူညီနိုင်တာ ရှိလား။ ထရီဗန်တီ မြေအောက်လိုဏ်ဂူထဲကို ထပ်သွားရဦးမလား။”
“မဟုတ်ဘူး။” ချန်လွေ့ ခေါင်းခါပြီး ရုတ်တရက် ပုံမှန်မြင်နေကျ အပြုံးမျိုး ပြုံးလိုက်သည်။ “အဲဒါက... ဟီးဟီး။ ခေါင်းဆောင်။ ငါ အရင်ဆုံး မင်းကို တောင်းပန်တယ်။ မင်း အရင်က ပြောခဲ့တာ မှတ်မိလား။ မင်းက ရာဇဝတ်သားဆိုရင် အနှေးနဲ့အမြန် အပြစ်ဒဏ် ခံရမှာလေ။”
ချန်လွေ့က ရိုမန်ပြောသည်ကို နားထောင်ပြီးနောက် နားမလည်ပေ။ ရိုမန်က စကားလမ်းကြောင်း ပြောလိုက်သည်။ “ဒါနဲ့ ဒီတစ်ခေါက် ငါ့ရဲ့လေ့ကျင့်ရေး အောင်မြင်မယ်ဆိုရင် အဆင့်ကြီးတစ်ခုလုံ တက်နိုင်ရုံသာမက နတ်ဆိုးဧကရာဇ်အဆင့်ရဲ့ အဆင့်လေးတွေကို ကျော်ဖြတ်ပြီးတော့ အလတ်ပိုင်းနဲ့ ထိပ်သီးပိုင်းကိုတောင် ရောက်နိုင်ချေများတယ်။ ခေါင်းဆောင်။ အဲဒီအချိန်ကျရင် မင်း သတိထားသင့်တယ်။ ဟီးဟီး။ မင်းမကြိုးစားရင် ငါမင်းကိုတောင် ကျော်သွားနိုင်တယ်။”
ချန်လွေ့ အသာလေး ပြုံးလိုက်သည်။ “ဟုတ်လား။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဆိုရင်တောင် သိပ်မကောင်းသေးဘူး။ အဲဒါက ဆောင်းပြီးတဲ့အခါ ကြာကြာမခံခဲ့တဲ့ နှံကောင်လိုမျိုးပဲ။”
“နတ်ဆိုးဘုံမှာ လူသားလောကလိုမျိုး သီးသန့် ဥတုလေးမျိုး မရှိဘူး။ နတ်ဆိုးဘုံရဲ့ နှံကောင်းတွေက တကယ် လူသားစားတယ်။” ရိုမန်က ကြက်သီးထစရာကောင်းအောင် ရယ်လိုက်ပြီးနောက် [ လျှပ်တပြက် ] စွမ်းအား ပေါက်ကွဲထွက်ကာ ပျောက်ကွယ်သွား၏။ နောက်တစ်နေ့ နေ့လယ်၌ အမှောင်လနယ်မြေက မြောက်ပိုင်းမှ ဧည့်သည်တစ်ခုကို ကြိုဆိုကြသည်။ သူတို့ကို ကြယ်ကြွေတမန်အင်ပါယာရှိ လော့ဒ်၄ဦးမှ တစ်ဦးဖြစ်သော စီကာလီက ဦးဆောင်လာခြင်း ဖြစ်သည်။
အမှောင်လသည် ကြယ်ကြွေတမန်အင်ပါယာ၌ အင်အားအကြီးဆုံး ဖြစ်သွားသည့် အတွက် ရှီရာ အထက်စီးမဆန်နေပေ။ သူက သူတို့ကို တူညီသော လော့ဒ်များနှင့်အညီ ပျူပျူငှာငှာ ကြိုဆိုရန်အတွက် မြို့ပြင်သို့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်သွားခဲ့သည်။
စီကာလီသည် လူစီဖာ တော်ဝင်မိသားစုဝင် ဖြစ်သည်။ သူက အသက်၂၀ ဝန်းကျန်၌ ဖြစ်ဟန်တူပြီး ရွှေရောင်ဆံပင်နှင့် ဝတ်ရုံရှည် ဝတ်ဆင်ထားသည်။ သူသည် ယဉ်ကျေးဟန်တူပြီး ထူးထူးခြားခြားသော ခန့်ညားသော အသွင်အပြင်ရှိသည်။ သူ့ကို လှလှပပ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်နှင့် ကြမ်းတမ်းသော သန္ဓေပြောင်း ငရဲခွေးတစ်ကောင်တို့က ဝိုင်းရံထားလေသည်။
“တော်ဝင်မင်းသမီး။ ကျုပ်တို့ ပြန်တွေ့ကြပြန်ပြီ။” စီကာလီက အသာလေး ဦးညွှတ်လိုက်သည်။ လောကဝတ်များ နှင့် ချီးမွမ်းခြင်းတို့ များများ စားစား ရှိမနေပေ။ တစ်နေ့လုံး တွေ့ဆုံပြီး စကားပြောကြသော မိတ်ဆွေဟောင်း တစ်ယောက်ကဲ့သို့ပင် ရင်းနှီးသော လေသံများ ရှိနေသည်။
ရှီရာ အရိုအသေ ပြန်ပြုလိုက်သည်။ “အမှောင်လကနေ ကြိုဆိုပါတယ်။ လော့ဒ် စီကာလီ။ မစ်-ပါလန်ဒို။”
ပါလန်ဒိုမှာ စီကာလီ၏ ညီမ ဖြစ်သည်။ ရှီရာကို အာရုံမထားဘဲ သူက ရှီရာနားမှ အဲလစ်ကို ကြည့်လိုက်သည်။ “ဒါက ငါ့သူငယ်ချင်းကောင်းလေး မင်းသမီး အဲလစ် မဟုတ်လား။ အမ်း...နင်က အရင်တစ်ခေါက်ကတော့ ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဝတ်စားထားပဲ။”
ယခင်နှစ်များ၌ ရှီရာသည် ငှက်တောင်ဖြူနယ်မြေသို့ တစ်ကြိမ်မက သွားခဲ့သည်။ ထိုစဉ်က အမှောင်လ၏ ဖိအားများကြောင့် ရှီရာသည် အများအားဖြင့် အကူအညီ တောင်းခဲ့ရသည်။ ထို့ကြောင့် ရှီရာအပေါ် ရည်ရွယ်ချက်အချို့နှင့် ရင်းနှီးမှုရှိသော စီကာလီမှလွဲ၍ အခြားသူများက သူ့ကို အထင်သေးကြသည်။ ထိုထဲတွင် စီကာလီ၏ညီမ ပါလန်ဒိုလည် အပါအဝင် ဖြစ်သည်။
ယခင်က ရှီရာသည် အမှောင်လနယ်မြေကို ထိန်းသိမ်းရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ သို့သော်လည်း ၎င်းသည် အမှန်တကယ် မလွယ်ကူလှပေ။
တစ်ခါက ငှက်တောင်ဖြူနယ်မြေသို့ အစ်မဖြစ်သူနှင့်အတူ အဲလစ်သွားခဲ့စဉ် နောင်ပြောင်ခံခဲ့ရသည်။ အထူးသဖြင့် ထိုပါလန်ဒိုက အဲလစ်ကို ပျက်ရယ်ပြုပြီး ကိစ္စများ ခက်ခဲအောင် ပြုလုပ်ခဲ့သည်။ သူသည် လိုလီလေး၏ ရန်သူပင် ဖြစ်လေ၏။
“ဒီပစ္စည်းက နည်းနည်း အရည်အသွေးမြင့်သလိုပဲ။ ဒါပေမဲ့ ပုံစံကွက်တွေက တကယ် ရုပ်ဆိုးတယ်။ ပြီးတော့ လက်ပတ်စုတ်က...ကျွတ်ကျွတ်.. နင့်အကြိုက်က တော်တော်လေး ဆိုးရွားနေတုန်းပဲ။”
ယခင်က လိုလီလေးသည် အစ်မဖြစ်သူ၏အမိန့်ကြောင့် သည်းခံနေခဲ့သည်။ လက်ရှိ အမှောင်လ၏ စွမ်းအားဖြင့် မည်သည့်နယ်မြေကိုမှ သည်းခံစရာ မလိုတော့ပေ။ ၎င်းသည် လိုလီလေး၏ သဘောအကျဆုံး အဝတ်အစားနှင့် လက်ဝတ်ရတနာ ဖြစ်သည်ကိုမူ ပြောစရာပင် မလိုပေ။ အဲလစ်ပြန်ပြောရန် ပြင်လိုက်စဉ် ပါလန်ဒိုနောက်မှ အသံတစ်သံ ထွက်လာသည်။ “ဒီလက်ပတ်ရဲ့ လက်ရာက ပြီးပြည့်စုံလုနီးပါးပဲ။ ပြီးတော့ ဂါဝန်ရဲ့ မှော်စက်ဝိုင်း ပုံစံကွက်တွေက နက်နဲလွန်းတယ်။ ဘယ်အကြီးတန်း ဆရာသခင်က ဒါကို လုပ်ခဲ့တာလဲဆိုတာ သိလို့ရမလား။”
စကားပြောလိုက်သူမှာ မုတ်ဆိတ်ဖြူ၊ဆံပင်ဖြူနှင့် အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူက အသက်ကြီးနေဟန်တူသော်လည်း အားအင်အပြည့် ဖြစ်နေသည်။ သူသည် ထူးခြားသောသူဖြစ်ကြောင့် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။
အမှောင်လမှ တစ်စုံတစ်ယောက်က ထိုသို့ပြောလျှင် ပါလန်ဒို သေချာပေါက် မရေးထားမည် မဟုတ်ပေ။ သို့သော်လည်း ထိုစကားက သူ့ဘေးရှိ အဘိုးအိုထံမှ ထွက်လာသည့်အတွက် ပါလန်ဒို အံ့အားသင့်သွားသည်။ “ဆရာသခင် ထယ်တင်းနစ်။ တကယ်ကြီးလား။ ဒီလို အဝတ်အစားတွေ၊ လက်ဝတ်ရတနာတွေက .....”
ထိုနာမည်က ရှီရာကို အံ့သြသွားစေသည်။ ဆရာသခင် ထယ်တင်းနစ် တဲ့လား။
နတ်ဆိုးဘုံရှိ ယန္တရားဆရာသခင်များထဲ၌ ဆရာသခင်ပြိုင်ပွဲ စည်းမျဉ်းကို အသုံးချကာ ထိပ်တန်းဂုဏ်ပုဒ်ရရှိခဲ့သော သတ္တုနှင့် သားရေ နှစ်သွယ်-အထူးပြု ဆရာသခင်နိတ်အပြင် သီးခြားအမျိုးအစားများ၌ အကောင်းဆုံး၌ အမှန်တကယ် အသိအမှတ်ပြုခံထားရသော ဆရာသခင် သုံးဦး ရှိလေသည်။
သတ္တုဆရာသခင်မှာ အရိပ်နက်အင်ပါယာမှ ဆရာသခင် အန်ဒါဆန်၊ သားရေ ဆရာသခင်မှာ သွေးရောင်အင်ပါယာမှ ဆရာသခင်ဟောင်း ဖွန်ဆက်ဖြစ်ပြီး ယခုတွင် စကိုင်း ဖြစ်နေလေပြီ။ အဆင်တန်ဆာဆရာသခင်မှာ သူတို့အရှေ့မှ နေရာမဲ့ လွတ်လပ်သောသူဖြစ်သည့် ဆရာသခင် ထယ်တင်းနစ်ပင် ဖြစ်လေသည်။ မာနကြီးသော အကြီးတန်းဆရာသခင် ရှင်းရှင်းသည်ပင် ဆရာသခင် ထယ်တင်းနစ်အကြောင်း ပြောသည့်အခါ ယုံကြည်လေသည်။
ဆရာသခင် ထယ်တင်းနစ် ဘယ်ရောက်နေလဲဆိုတာက ပြောရခက်တယ်။ သူက ငှက်တောင်ဖြူနယ်မြေမှာ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။
ထိုစကား ထွက်လာသည့်အခါ မည်သူမှ မေးခွန်းမထုတ်ရဲတော့ပေ။ ပါလန်ဒိုက ပါးရိုက်ခံရသကဲ့သို့ဖြစ်သွားပြီး ခဏတာမျှ ပြောစရာစကားမဲ့သွားသည်။ အဲလစ်ကို ကြည့်သည့်အခါ သူ၏မျက်လုံးထဲ၌ မနာလိုမှုများ ပိုများလာသည်။ ဂါဝန်နှင့် လက်ပတ်တို့က်လည်း ထူးခြားပြီး ခေတ်ဆန်ကာ အဆင့်အတန်း မြင့်မားနေသည်။ ဒါတွေက တကယ့်ကို ဒဏ္ဍာရီလာ အဆင့်တွေပဲ။ ပြီးတော့ ဒါတွေက ထူးခြားပြီးတော့ လှပတယ်။
လိုလီလေး၏ မျက်လုံးများ တောက်ပသွားပြီး ပါလန်ဒို၏ အမူအရာက သူ့ကို ဂုဏ်ယူမိသွားစေသည်။ ထိုပစ္စည်းနှစ်ခုလုံးကို ခီရာက ပုံစံဖော်ပေးပြီး ချန်လွေ့က ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ အစကတော့ မှော်အကာအကွယ် နည်းနည်း ရှိမယ်လို့ပဲ သူပြောခဲ့တယ်။ ဒါတွေက ဒဏ္ဍာရီလာအဆင့် ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။
အစ်ကိုက တော်တော်လေး ကြင်နာတတ်တာပဲ။
ရှီရာက ပြောသည်။ “ဆရာသခင်ရဲ့ ကျော်ကြားတဲ့နာမည်ကို ကျွန်မကြားတာ တော်တော်ကြာပါပြီ....”
“ကျုပ်က မိတ်ဆွေတစ်ယောက်ဆီ လာလည်ဖို့ အမှောင်လကို ရောက်လာတာပါ။” ထယ်တင်းနစ်က ရှီရာပြောချင်နေသည်ကို ကြားဖြတ်ပြောလိုက်သည်။ “ဆရာသခင် ရှင်းရှင်းရဲ့ ဝတ်ရုံမှော်ဆိုင် ဘယ်မှာရှိလဲဆိုတာက ကျုပ်ကို ဘယ်သူပြောပြမလဲ။”
ထယ်တင်းနစ်သည် သန္ဓေပြောင်း မဟာနတ်ဆိုးဖြစ်ကြောင်း [ သရုပ်ခွဲမျက်လုံး ] မှ ချန်လွေ့ သိခဲ့ရသည်။ သူ၏စွမ်းအားမှာ အမှန်တကယ်ပင် နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။ ချန်လွေ့ စိတ်ထဲ၌ အံ့အားသင့်သွားမိသည်။ ကိုယ်မလုပ်သည့်အရာကို လူတိုင်းသိကြသည် ဟူသော ဆိုရိုးအတိုင်းပင် ဖြစ်သည်။ ပုံမှန်အားဖြင့် အဂ္ဂိရတ်ပညာကို အာရုံစိုက်သောသူများသည် လေ့ကျင့်ရန် အချိန်မရှိသလို စိတ်လည်း မဝင်စားကြပေ။ နိတ်ကဲ့သို့ မဟာနတ်ဆိုးဘုရင်အဆင့်သည်ပင် ရှားပါး၏။ နတ်ဆိုးအရှင်သခင်အဆင့်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သော ထယ်တင်းနစ် ကိုမူ ပြောစရာပင် မလိုတော့ပေ။
ထယ်တင်းနစ်သည် ငှက်တောင်ဖြူနယ်နှင့် တိုက်ရိုက်ပတ်သက်မှု မရှိဘဲ ရှင်းရှင်း၏ မိတ်ဆွေဟောင်းသာ ဖြစ်ပုံရသည်။ သူတို့သည် လမ်း၌တွေ့ဆုံခဲ့ကြပြီး အတူတူ ရောက်လာကြဟန်တူသည်။ သူ့တွင် အမှောင်လအပေါ် မကောင်းသောအကြံများ မရှိလောက်ပေ။
ရှီရာက ၎င်းသည် အသေအချာပင် သတိထားမိလိုက်သည်။ သူက ပြောသည်။ “ကောင်းပြီ။ ဆရာသခင်ကို အဲဒီပို့ပေးဖို့ ကျွန်မ လူလွှတ်လိုက်ပါ့မယ်။”
ထယ်တင်းနစ် ခေါင်းညိတ်ပြီးနောက် ရှီရာ၏အစောင့်နောက် လိုက်သွားခဲ့သည်။
“ဘာများကောင်းလို့လဲ။ ဒါက ခေတ်နောက်ကျတဲ့ သူဌေးလက်သစ်ပဲကို။” ပါလန်ဒိုက ဆရာသခင် ထယ်တင်းနစ်အကြောင်း ပြောနေဟန် တူသော်လည်း သူ၏ မျက်လုံးများက လိုလီလေးက ရွံရှာလျက် ကြည့်နေ၏။
၎င်းကို ကြားသည့်အခါ လိုလီလေး မျက်လုံးလှန်လိုက်သည်။ “သိပ်မကောင်းပါဘူး။ တကယ့်တော်ဝင်မျိုးနွယ်တွေက တလက်လက်တောက်နေတဲ့ ဇိမ်ခံပစ္စည်းတွေ၊ ပကာသနတွေ မလိုဘူးလေ။ တော်ဝင်အရည်အသွေးဖြစ်တဲ့ သတ္တိရှိတာ၊ ဖြောင့်မတ်တာ၊ အခက်အခဲတွေ အန္တရာယ်တွေကို မကြောက်တာ၊ တာဝန်ယူဖို့ မကြောက်တာ၊ ယုံကြည်မှု အတွက် အသက်ကို စတေးတာတွေပဲ လိုအပ်တာ။ တန်ဖိုးကြီး အဝတ်အစားတွေ၊ အဓိပ္ပာယ်မရှိတဲ့ ကပွဲတွေနဲ့ စားသောက်ပွဲတွေမှာ တစ်နေ့လုံး ပျော်မွေ့နေတာကမှ တကယ့်ကို ရှက်စရာကောင်းတဲ့ သူဌေးလက်သစ်တွေ။”
ထိုစကားများက ပါလန်ဒို၏မျက်လုံးများကို အစိမ်းရောင် ဖြစ်သွားစေသည်။ သို့သော်လည်း ပြန်ပြောရန် စကားလုံး ရှာမတွေ့ခဲ့ပေ။ ရှီရာနှင့် ချန်လွေ့တို့သည်ပင် အဲလစ်ကို လေးစားလျက် ကြည့်လိုက်ကြသည်။ သူ ဘယ်တုန်းက ဒီလိုစည်းမျဉ်းတွေကို လေ့လာခဲ့တာလဲ။
လိုလီလေးက ချန်လွေ့နှင့် အစ်မဖြစ်သူတို့၏ အံ့အားသင့်မှုကို သတိထားမိ သွားသည့်အခါ ပျော်ရွှင်လျက် ခေါင်းမော့နေလိုက်သည်။ အမှန်တကယ်၌ သူက ထိုစကားများကို လိုင်ရာမြို့၌ ဆယ်လင်းနှင့် အငြင်းအခုံပြုလုပ်စဉ် သိရှိခဲ့ခြင်း ဖြစ်သည်။ သူက ၎င်းကို ကူးယူခဲ့ခြင်း ဖြစ်သော်လည်း ပါလန်ဒိုကို ဆွံ့အသွားစေခဲ့သည်။
စီကာလီ မျက်မှောင်ကြုတ်လိုက်သည်။ “ပါလန်ဒို။ မင်းဘာလို့ ရိုင်းရတာလဲ။ မင်းသမီး အဲလစ်ကို မြန်မြန် တောင်းပန်လိုက်။”
ပါလန်ဒိုတွင် မောက်မာသော စရိုက်ရှိသည်။ သူက ယခင်၌ အထက်စီးဆန်ပြီး အဲလစ်အား စနောက်ခြင်းကို အကျင့်ဖြစ်နေခဲ့သည်။ ယခုတွင် သူက တစ်ဖက်လူ၏ ထေ့လုံးကြောင့် ပြောစရာစကား မရှိတော့သည့်အတွင် တောင်းပန်ရပေတော့သည်။ ထို့ကြောင့် သူ၏မျက်နှာ ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။
ရှီရာက အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “ဒါက မိန်းကလေးတွေ အချင်းချင်းကြားက ပိုရင်းနှီးဖို့အတွက် စကားစမည်ပြောနေကြတာပါပဲ။ အလေးအနက် ထားဖို့ မလိုပါဘူး။ တော်ဝင်တည်းခိုခန်းက အကောင်းဆုံးအခန်းကို ကျွန်မ ပြင်ဆင်ထားပါတယ်။ အနားယူဖို့အတွက် ကျွန်မနောက် လိုက်ခဲ့ပေးပါ။ ညစာစားပြီးရင် ငှက်တောင်ဖြူနယ်မြေကို ကြိုဆိုတဲ့ ကပွဲတစ်ခု ရှိပါမယ်။”
စီကာလီ အသားလေး ပြုံးလိုက်သည်။ “ကျေးဇူးပါပဲ။ မင်းသမီး။”
“ဒါက အရင်က လေလံပွဲကျင်းပခဲ့တဲ့ တောနယ်လေးတစ်ခုပဲ။ ဘယ်လောက်များ အထက်တန်းဆန်နိုင်မှာလဲ။” ပါလန်ဒို ရေရွတ်လိုက်သည်။
မြို့ထဲ ဝင်သွားပြီး ခဏအကြာ၌ ပါလန်ဒို မျက်စိကျိန်းသွားခဲ့သည်။ ပြန့်ပြူးပြီး ကျယ်ဝန်းသောလမ်းများ၊ မြင့်မားပြီး ခမ်းနားသော အဆောက်အအုံများ၊ စျေးဆိုင် အမျိုးမျိုးနှင့် အဆုံးမရှိသော လမ်းသွားလမ်းလာများ ရှိနေ၏။ ထို “တောနယ်လေး” သည် မြို့တော်ကိုပင် ယှဉ်နိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ ၎င်းမှာ ငှက်တောင်ဖြူနယ်မြေ လုံးဝ ယှဉ်နိုင်သောအရာမျိုး မဟုတ်ပေ။
“ဒါက အရိပ်နက်အင်ပါယာက ထိပ်တန်းစီးပွားရေးမိသားစု ကတ်စတာရဲ့ ပူးတွဲ ကုန်သည်ကြီးများအသင်းပဲ။ ဒါကို ကုန်သည်ကြီးများအသင်း လက်အောက်က စတိုးဆိုင်တွေ ဝိုင်းရံထားပြီးနောက် အရိပ်နက်အင်ပါယာ အပါအဝင် နတ်ဆိုးဘုံရှိ အထူးထုတ်ကုန်တွေကို ရောင်းချတယ်။ တခြားတစ်ဖက်မှာတော့ ဆေးရည်ပညာရှင် အစည်းအရုံး ရှိတယ်။ ဥက္ကဋ္ဌဖြစ်တဲ့ ဆရာသခင်အဲဒက်စ်က လွဲပြီးတော့ ဒီမှာ ဆရာသခင် လေးယောက် ရှိတယ်။ နောက်တစ်ခုက ညစျေးပဲ။ ညပိုင်းမှာ အခုထက် လူဦးရေ သုံးဆလောက် ရှိတယ်။ သွားရည်စာတွေ၊ အထူးကုန်ပစ္စည်းတွေနဲ့ ဖျော်ဖြေရေးတွေ အများကြီး ရှိတယ်။ အကြီးမားဆုံးနဲ့ အထင်ရှားဆုံး စတိုးဆိုင်ကတော့ မင်းသမီးအဲလစ် တည်ထောင်ထားတဲ့ မင်းသမီး လက်လီစတိုးဆိုင်ပဲ။ အခု အဲဒါက အမှောင်လရဲ့ ဘလော့၄ခုမှာ ဆိုင်ခွဲ၄ခု ရှိနေပြီ။ ပြီးတော့လည်း နတ်ဆိုးဘုံရဲ့ အဓိက မြို့တော်တွေနဲ့ နယ်မြေကြီးတွေမှာလည်း ဆိုင်ခွဲတွေ ဖွင့်ထားတယ်။ ဒါက အခုလက်ရှိ နတ်ဆိုးဘုံ တော်ဝင်မျိုးနွယ်တွေကြားမှာ နံပါတ်တစ် အမှတ်တံဆိပ် ဖြစ်နေပြီ.... ”
အမှောင်လရဲ့ တိုးတက်မှုများကို ပျူပျူငှာငှာနှင့် ရှင်းပြနေသည်မှာ ဘဏ္ဍာရေး အရာရှိ ချန်လွေ့ပင် ဖြစ်သည်။ ပါလန်ဒိုသာမက စီကာလီပင် အံ့အားသင့် သွားခဲ့သည်။ အမှောင်လသို့ သူတရားဝင် လာရောက်သည်မှာ ပထမဆုံး အကြိမ်ဖြစ်သော်လည်း ရှီရာ လော့ဒ်မဖြစ်ခင်က အမှောင်လသို့ သူ သုံးလေးကြိမ် လာရောက်ခဲ့ဖူးသည်။ အမှောင်လကို ရှီရာ အုပ်ချုပ်သောအချိန်၌ မြို့တော်၏ ဖိနှိပ်ထိန်းချုပ်မှု ခံရကြောင်းကို သူ သိသည်။ နှစ်အနည်းငယ်အတွင်း ၎င်းကို ဖယ်ရှားခံရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
မြင်မှယုံရတာပဲ။ အမှောင်လ အလျင်အမြန် တိုးတက်နေတဲ့အကြောင်းကို ငါ ကြားခဲ့တယ်။ ဒါက အလွန်ဆုံး နလန်ထူရုံလောက်ပဲလို့ ငါတွေးထားခဲ့တာ။ နှစ်အနည်းငယ် အတွင်းနဲ့ ဒီလောက်အတိ တိုးတက်လာခဲ့တာပဲ။ လွန်ခဲ့တဲ့ နှစ်၄၀၀တုန်းက ကြွယ်ဝ ချမ်းသာမှုကတောင် ဒါတောင် မယှဉ်နိုင်ဘူး။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အနှေးနဲ့အမြန် မြို့တော်ကို ကျော်တက်သွားမှာပဲ။ စီကာလီက ရှင်းပြနေသော ချန်လွေ့ကို ကြည့်ပြီး စိတ်ထဲ၌ တွေးလိုက်သည်။ စစ်တပ်ဖယ်ရှားတာက အရိပ်နက်အင်ပါယာရဲ့ လျို့ဝှက်အကူအညီနဲ့ ရှီရာရဲ့ ဖုံးကွယ်မှုကြောင့်ဆိုရင် စီးပွားရေး အရည်အသွေးအရ ပြောင်းလဲလာတာက ဒီစွမ်းအားမဲ့တဲ့လူသား စီစဉ်ထားတာပဲ။
ဒီလူသားက နာမည်ကျော်လာပြီးတော့ နတ်ဆိုးတွေက သူ့အကြောင်း ပိုပိုပြီးတော့ ပြောလာကြတယ်။ သူက နတ်ဆိုးဘုံရဲ့ ပထမဆုံး အတွင်းရေးဝန်ကြီးလို့ ပြောကြတယ်။ ကြည့်ရတာ သူက ဒီဂုဏ်ပုဒ်နဲ့ ထိုက်တန်တာပဲ။ ဒီလိုလူကို ငါ့အတွက် အသုံးချနိုင်ခဲ့ရင်....
သို့သော်လည်း ထိုအကြံမှာ တစ်ခဏသာ ဖြစ်သည်။ အမှောင်လနှင့်ယှဉ်လျှင် ငှက်တောင်ဖြူနယ်မြေသည် အားသားချက် မရှိပေ။ ဒီလူသားက တော်ဝင်မင်းသမီး ရှီရာကို သဘောကျနေတယ်လို့ ငါကြားတယ်။ အင်ပါယာ ပထမဗိုလ်ချုပ်ရဲ့သမီး အသီနာရဲ့ အချစ်ကို ရပြီးတာတောင် သူက အရင်အတိုင်းပဲ။ အဲဒီနောက် မြို့တော်က ဒီလူသားကို ဖမ်းဆီးဖို့ လုပ်ကြံဖို့ လုပ်ကြံသူတွေအများကြီး စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ အမှောင်လမှာ လျို့ဝှက်ဆန်း ကြယ်တဲ့ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ် ရှိနေတယ်။ ပြီးတော့လည်း တစ်ယောက်ထက် ပိုတယ်။
ချန်လွေ့လည်း စီကာလီကို တိတ်တိတ်လေး ကြည့်လိုက်သည်။ အမှောင်လ မတိုးတက်ခင် ငှက်တောင်ဖြူနယ်မြေသည် လိပ်ပြာနီနယ်မြေပြီးလျှင် ဒုတိယ ဖြစ်သည်။ သို့သော်လည်း အမှောင်နတ်ဆိုး၏ သတင်းအချက်အလက်များအရ ငှက်တောင်ဖြူ နယ်မြေ၏ စီးပွားရေးနှင့်စစ်ရေးမှာ လိပ်ပြာနီနယ်မြေထက် အမှန်တကယ် သာလွန်၏။ စီကာလီ ကိုယ်တိုင်သည်ပင် အပေါ်ယံ၌ နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း ဖြစ်သော်လည်း အမှန်တကယ်၌ သူက လျို့ဝှက်နည်းလမ်းတစ်ခု အသုံးပြုပြီး ဖုံးကွယ်ထားခြင်း ဖြစ်သည်။ သူ၏စွမ်းအားအမှန်မှာ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းသို့ ရောက်နေလေပြီ။ ၎င်းကို [ သရုပ်ခွဲမျက်လုံး ] မှ မဖုံးကွယ်နိုင်ပေ။
စီကာလီရဲ့ လျို့ဝှက်ကြံစည်မှုက ဂျို့ရှ်ထက် မနှိမ့်ဘူး။ သူက နှစ်ဖက်လုံးနဲ့ အမြဲတမ်း ရင်းနှီးအောင်နေတာ။ သူက လက်ရှိမှာ အိုဆိုင်ဒန်ဘက်ကို ပိုပြီးတော့ ယိမ်းနေလောက်တယ်။ တကယ်လို့ အမှောင်လက မြို့တော်ကို ကျော်လွန်ပြီးတော့ အစားထိုးနိုင်မယ့် အဟုန်ကို ပြသတာနဲ့ စီကာလီက အခြေအနေအရ ပထမဆုံး ပုန်ကန်မှာ သေချာတယ်။
ဒီလိုနှစ်ဖက်ချွန်မျိုးအတွက် စိတ်ဓာတ်ခိုင်မာမှုကို ကောင်းကောင်းပြသဖို့ လိုအပ်တယ်။ ပြီးတော့ လုံးဝရန်လိုလို့ မဖြစ်ဘူး။ လက်ရှိမှာတော့ “တည်ငြိမ်တဲ့” ဆက်ဆံရေးကို ထိန်းသိမ်းထားရမယ်။ ၎င်းမှာ ရှီရာနှင့် ချန်လွေ့တို့ ယမန်ညက သဘောတူညီမှု ရရှိခဲ့သောအရာ ဖြစ်သည်။
စီကာလီ ရုတ်တရက် မေးလိုက်ုသည်။ “ဒါနဲ့ တော်ဝင်မင်းသမီး။ ခီရာကို ဘာလို့ ကျုပ် မတွေ့ရတာလဲ။”
ချန်လွေ့ အသာလေး မျက်မှောင်ကြုတ်လိုက်သည်။ သူ၏စိတ်ထဲ၌ သတ်ဖြတ်ချင်စိတ် ပေါ်ထွက်လာခဲ့သည်။ ယခင်တစ်ခေါက် ငှက်တောင်ဖြူနယ်မြေသို့ ရှီရာလည်ပတ်ခဲ့စဉ် လီကာလီသည် ရှီရာကို အဖော်ပြုပေးခဲ့သော ခီရာအပေါ် ပြင်းထန်သော “စိတ်ဝင်စားမှု” ဖော်ပြခဲ့သည်။ ထိုစဉ်က ရှီရာသည် ခီရာအား ချန်လွေ့ထံ ပေးအပ်ထားသည့်အထိ ထိုအကြောင်းကို ရှောင်ခဲ့သည်။
စီကာလီသည် ရှီရာကို အမြဲပင် သဘောကျနေခဲ့သည်။ သို့သော်လည်း ရှီရာ၏ အဆင့်အတန်းမှာ ထူးခြားသည်။ သူတို့နှစ်ယောက် အမှန်တကယ် အချင်းချင်း သဘာကျသည့်တိုင် အိုဆိုင်ဒန်သည် နယ်မြေနှစ်ခု ပူးပေါင်းမည်ကို ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် ထို “သဘောကျခြင်း”သည် အပေါ်ယံသာ ဖြစ်၏။ သို့သော်လည်း ခီရာမှာ ထိုသို့ မဟုတ်ပေ။ သူက မပြောပလောက်သော အစေခံဖြစ်နေသည်ကို အသာထား။ သူက မိသားစုကြီးတစ်ခု၏ သမီးတစ်ယောက် ဖြစ်နေလျှင်ပင် နိုင်ငံရေးအတွက် စတေးခံသာ ဖြစ်ရပေလိမ့်မည်။
စီကာလီ ပြန်လည်လာရောက်လည်ပတ် ရသည့်အကြောင်းရင်းမှာ ခီရာ၏ အလှတရားကို အမှန်တကယ် တပ်မက်သည့်အတွက် ဖြစ်သည်။ အခြားတစ်ဖက်၌လည်း ငှက်တောင်ဖြူနယ်မြေအပေါ် ရှီရာ၏ အပြုအမူကို စမ်းသပ်ချင်နေခြင်း ဖြစ်သည်။
ရှီရာက ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ ၁နှစ်လောက်တုန်းက ခီရာကို ဘဏ္ဍာရေးအရာရှိ ချန်လွေ့ဆီ ကျွန်မ အပ်နှင်းခဲ့ပြီးပြီ။”
စီကာလီ ခဏလောက် ကြက်သေသေသွားခဲ့ပြီး ချန်လွေ့ထံ ခေါင်းလှည့်လိုက်၏။ သူ အမြန်စဉ်းစားလိုက်သည်။ “ဆာ-ချန်လွေ့။ ခင်ဗျားရဲ့နာမည်ကို ကျုပ်ကြားဖူးတာ ကြာပါပြီ။ ရိုင်းပျမိရင် ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ်က ခီရာကို အမြဲတမ်း သဘောကျနေခဲ့တာ။ သူ့ကို လက်လျှော့ပေးနိုင်မလား မသိဘူး။ မိတ်ဖြစ်ဆွေဖြစ် ဆာ့ကို ကျုပ် မိန်းမလှ၁၀ယောက် ပေးမှာပါ။”
တော်ဝင်မိသားစုလော့ဒ်တစ်ယောက် အနေနဖြင့် သူက ဘဏ္ဍာရေးအရာရှိ တစ်ယောက်အား အစေခံမတစ်ယောက်လွှဲပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် သူက မိန်းမလှ၁၀ယောက် ပေးမည်ဟုလည်း ပြောခဲ့သည်။ သူက “မိတ်ဆွေ” ဟူသော စကားလုံးကို သိက္ခာရှိရှိနှင့် ပြောခဲ့သည်။ ၎င်းမှာ ဘဏ္ဍာရေးအရာရှိအတွက် ဂုဏ်ယူစရာပင် ဖြစ်လေသည်။
“ခီရာက ကျုပ်ရဲ့မိန်းမ ဖြစ်နေပြီ။” ချန်လွေ့အဖြေက စီကာလီ၏ မျက်နှာ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေသည်။ လူသား ဘဏ္ဍာရေးအရာရှိက ဆက်ပြောသည်။ “ကျုပ်တို့လူသားတွေမှာ ဆိုရိုးတစ်ခုရှိတယ်။ မိတ်ဆွေတွေက ညီအစ်ကိုလိုပဲ။ မိန်းမတွေက အဝတ်အစားတွေလိုပဲ ....”
စီကာလီ၏ အမူအရော ပြေလျော့သွားတော့မည့်အချိန်၌ လူသားက ထပ်ပြောသည်။ “ဒါပေမဲ့ ကျုပ်တို့ လူသားတွေမှာ ပိုပြီးတော့ အရေးကြီးတဲ့ ဆိုရိုးတစ်ခု ရှိတယ်......”
“အဝတ်အစားကို လုယူရဲတဲ့ ဘယ်သူ့ကိုမဆို ခြေထောက်တွေ၊လက်တွေ ရိုက်ချိုးပစ်မယ်။” လိုလီလေးက မြူးတူးလျက် စကားဖြတ်ပြောလိုက်သည်။