အခု ဘယ်သူ အကွက်ဆင်နေတာလဲ
Vol. 32 Ch. 477
စီကာလီ၏ လိုအပ်ချက်သုံးခုဖြစ်သော ပိုက်ဆံ၊ မြေတိုးမြှင့်မှု နှင့် ချန်လွေ့တို့မှာ အမှောင်လ၏ အရေးပါသော အရင်းအမြစ်များကို လုယူရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ အမှောင်လ၏ တုံ့ပြန်မှုသည် ငှက်တောင်ဖြူနယ်မြေနှင့် အနာဂတ် “သံတမန်ရေးရာ” အဆက်အဆံကို တိုက်ရိုက်သက်ရောက်မှု ရှိပေမည်။
ယခင်ပိုက်ဆံပြဿနာကို ချန်လွေ့၏ အကြောင်းပြချက်များဖြင့် ဖြေရှင်းနိုင်ခဲ့သည်။ သို့သော်လည်း မြေတိုးမြှင့်မှုကို ငြင်းပယ်ရန် ခက်ခဲလှပေသည်။ ချန်လွေ့ကို ဖိတ်ခေါ်ရန် အတွက်ကိုမူ.... တစ်ယောက်ယောက်က ဆန့်ကျင်ရန် ရှေ့သို့ တက်လာခဲ့လေသည်။ ၎င်းမှာ လျို့ဝှက်ဆန်းကြယ်သော “အက်ဂ်ယော”ပင် ဖြစ်၏။
“တော်ဝင်မင်းသမီး။ စီးပွားရေးနဲ့ မြေကိစ္စကို ကျုပ် နားမလည်ဘူး။ ဒါပေမဲ့ ဆာ-ချန်လွေ့က ငှက်တောင်ဖြူနယ်မြေကို သွားဖို့အတွက် မသင့်တော်ဘူး ထင်ပါတယ်။ ဆာ-ချန်လွေ့က ပါရမီရှိပေမဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်တဲ့စွမ်းအား မရှိဘူး။ အမှောင်လမှာတောင် သူက လုပ်ကြံမှုတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။ သူက ငှက်တောင်ဖြူနယ်မြေကို သွားမယ်ဆိုရင် အကာအကွယ်မရှိလို့ သေကြောင်းကြံတာနဲ့ တူနေမယ်။”
စီကာလီ မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘေးမှ အထက်တန်းလွှာတစ်ယောက် စကားပြောလိုက်သည်။ “ငါတို့ ငှက်တောင်ဖြူနယ်မြေက ဒီလူသားကို မကာကွယ် နိုင်ဘူးလို့ ပြောရအောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ။”
“ခွန်အားက အရည်အချင်းပဲ။” အက်ဂ်ယော ရုတ်တရက်ထပြီး ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု ထုတ်လွှတ်လိုက်သည်။ ဘေးမှလူသား ရုတ်တရက် သိမ့်သိမ့်တုန်သွားကြသည်။ ၎င်းကို အခံစားရဆုံးမှာ ထိုအဟုန်၏ တိုက်ရိုက် ပစ်မှတ်ထားခြင်းကို ခံရသော ငှက်တောင်ဖြူနယ်မြေမှ အထက်တန်းလွှာ တစ်ယောက် ဖြစ်သည်။ သူ၏ခြေထောက် ပျော့ခွေသွားပြီးနောက် အမှန်တကယ်ပင် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ တုန်လှုပ်နေရင်း မထနိုင်တော့ပေ။
စီကာလီ၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ဒီအက်ဂ်ယောဆီက အဟုန်က တကယ်ကြီး နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ဖြစ်နေတာပဲ။ ဒါက အပြင်က ကောလာဟလတွေလိုမျိုး နတ်ဆိုးဧကရာဇ်အဆင့် ကနဦးပိုင်း၊ အလတ်ပိုင်း မဟုတ်ဘူး။ ပြင်းထန်တဲ့ သတ်ဖြတ်ချင်စိတ်က မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကနေ လေ့ကျင့်ထားတဲ့ပုံပဲ။ ငါ့ရဲ့ဖုံးကွယ်ထားတဲ့စွမ်းအားတွေ အားလုံးကို ဖောက်ခွဲပစ်ရင်တောင် သူ့ကို နိုင်လောက်မှာ မဟုတ်ဘူး။ ဂျို့ရှ် သူ့ကို ရှုံးနိမ့်သွားတာ ဒါကြောင့်ကိုး။ ဒီအချက်တစ်ခုတည်းကနေ အမှောင်လရဲ့ စွမ်းအားကို ငါပြန်ကြည့်ဖို့ လိုလောက်တယ်။
“အမှိုက်ပဲ။” အက်ဂ်ယောက ထိုယောက်ျားကို ရွံရှာလျက်ကြည့်ပြီး အဟုန်ကို ပြန်ရုတ်သိမ်းလိုက်သည်။ “တကယ်လို့ ငှက်တောင်ဖြူနယ်မြေမှာ ချန်လွေ့ကို ကာကွယ်ဖို့အတွက် နတ်ဆိုးအရှင်သခင်အဆင့် ၁၀ယောက် ရှိမယ်ဆိုရင် ကျုပ်ပြောတာ မေ့လိုက်။”
နတ်ဆိုးအရှင်သခင်အဆင့် ၁၀ယောက်လား။ ငှက်တောင်နယ်မြေသူ/သားများက အချင်းချင်း ကြည့်လိုက်ကြသည်။ နောက်နေတာလား။ ငှက်တောင်ဖြူနယ်မြေကို မြို့တော်လို့ ထင်နေတာလား။
“မရိုင်းနဲ့။” ရှီရာ ပြောလိုက်သည်။ ခုနက ရိုင်းပျဟန်တူသော အက်ဂ်ယောက ချက်ချင်းပင် တိတ်တိတ်နေပြီး ထိုင်ချလိုက်သည်။ စီကာလီက ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့သည်။
“အက်ဂ်ယောရဲ့ စကားတွေက နည်းနည်း လွန်ကဲတယ်။ ဒါပေမဲ့ အဲဒါတွေကလည်း မှန်တယ်။ ချန်လွေ့က အမှောင်လမှာ ၁၀ကြိမ်ထက်မနည်း လုပ်ကြံခံခဲ့ရတယ်။ နတ်ဆိုးအရှင်သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ရင် သူ သေသွားလောက်ပြီ။” လေလံအိမ်ရှိ တိုက်ပွဲက အမှောင်လ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ပေါ်သွားစေခဲ့သည်။ ထို့ပြင် ခရိုဘဲဘက်စ်ကဲ့သို့ နတ်ဆိုးအရှင်သခင်အဆင့် ပုဂ္ဂိုလ်များလည်း ရှိနေသည်။ ထို့ကြောင့် ရှီရာ၏ စကားများမှာ အမှောင်လ၏ နက်ရှိုင်းသော နောက်ခံကို ရည်ရွယ်၍သော်လည်းကောင်း၊ မရည်ရွယ်ဘဲနှင့်သော်လည်ကောင်း ဖော်ပြနေခြင်း ဖြစ်ပေသည်။
ထိုတောင်းဆိုချက် ငြင်းပယ်ခံရသည့်အတွက် စီကာလီက မျှော်လင့်ထားသည့် အတိုင်း သက်ပြင်းချလိုက်သည်။ “နားလည်ပါပြီ။ တော်ဝင်မင်းသမီး။ ကျုပ် စည်းကျော် မိသွားတယ်။ ဆာ-ချန်လွေ့ ကိစ္စကို မေ့လိုက်ပါ။ ဒါဆို မြေတိုးမြှင့်ဖို့က....”
၎င်းမှာ ပိုက်ဆံချေးခြင်းအပြင် အဓိက တောင်းဆိုမှု ဖြစ်သည်။ ပထမနှစ်ခုကို ငြင်းပြီးသည့်အတွက် အကြောင်းရင်းမည်သို့ ရှိစေကာမူ နောက်ဆုံးတောင်းဆိုမှုကို ငြင်းပယ်ရန် အမှောင်လအတွက် ခက်ခဲလှပေသည်။
“ဆာ-စီကာလီ။ ကျုပ် ကြားဖြတ်ပြောရတာကို ခွင့်လွှတ်ပေးပါ။ တော်ဝင်မင်းသမီးကို သတင်းပို့ရမှာ တစ်ခုရှိပါတယ်။” ချန်လွေ့ မတ်တပ်ရပ်ပြီး လော့ဒ်နှစ်ယောက်ကို အရိုအသေ ပေးလိုက်သည်။ “မကြာခင်က သွေးနွယ်နယ်မြေနဲ့ ပူးပေါင်းမှုကြောင့် မှော်မြေသလင်းကျောက် ၂၃ခုပဲ ကျန်တော့တယ်။ အမှောင်လမှာတောင် အာမမခံနိုင်တဲ့ မြေနေရာတွေ အများကြီး ကျန်နေသေးတယ်..”
“၂၃ခုပဲလား။” ရှီရာ မျက်မှောင်ကြုတ်လိုက်သည်။
စီကာလီ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်သည့်အခါ ချန်လွေ့က မှော်မြေသလင်းကျောက်သည် ရေကန်ပြာတောင်တန်း ရတနာသိုက်မှ လျို့ဝှက် နည်းလမ်းတစ်ခုဖြင့် ပြုလုပ်ထားသော ရတနာတစ်ခုဖြစ်ကြောင်း ပြောပြခဲ့သည်။ ၎င်းကို မြေတိုးမြှင့်ရန်အတွက် တိုက်ရိုက် အသုံးပြု၍ရသည်။ သလင်းကျောက်တစ်ခုက မြေ၂ဧကကို ပြောင်းလဲနိုင်သည်။ ၎င်း၏ အရေးအကြီးဆုံး ကုန်ကြမ်းမှာ ရေကန်ပြာ တောင်တန်းရှိ ပြန်လည်ရှင်သန်ခြင်းဆေးရည်မှ အစိုင်အခဲအမြုတေပင် ဖြစ်သည်။ ထိုကဲ့သို့ သလင်းကျောက်များကို အားလုံး ရယူပြီးပြီ ဖြစ်ပြီး နောက်တစ်ကြိမ် ပြန်လည် ရရှိရန်အတွက် အနည်းဆုံး နှစ်၅၀ကြာဦးမည် ဖြစ်သည်။ ထို့ကြောင့် ၂၃ခုမှာ နောက်ဆုံး အရေအတွက် ဖြစ်သည်။
“ဆာ-စီကာလီက အဝေးကနေ ရောက်လာခဲ့တယ်။ ကျွန်မတို့က ခုနက ငွေချေးဖို့အတွက် မကူညီနိုင်ခဲ့ဘူး။ အဲဒါကြောင့် ငှက်တောင်ဖြူနယ်မြေကို ၁၅ခု ပေးပါ့မယ်။ အမှောင်လအတွက်ကိုတော့ ၈ခု သိမ်းထားမယ်။”
ထိုသို့ခွဲဝေမှုအတွက် စီကာလီက အများအပြား မပြောနိုင်ခဲ့ပေ။ သို့သော်လည်း သလင်းကျောက် ၁၅ခုသည် မြေဧက ၃၀ကို တိုးမြှင့်စေနိုင်သည်။ ငှက်တောင်ဖြူ နယ်မြေအတွက် မြေတိုးမြှင့်ရန်မှာ ၁၀ဧက၊ ဧက၁၀၀ဖြင့် တွက်ချက်သည် မဟုတ်ပေ။ အမှောင်လအတွက် ၎င်းမှာ အတော်လေး များနေပုံရသည်။ သို့သော်လည်း ငှက်တောင်ဖြူ နယ်မြေအတွက် ၎င်းမှာ ရေပုံးထဲမှ ရေတစ်စက်သာ ဖြစ်သည်။
စီကာလီ မျက်လုံးလှန်လိုက်သည်။ “ပြန်လည်ရှင်သန်ခြင်းဆေးရည်အကြောင်း ကျုပ်ကြားတာ တော်တော်ကြာပြီ။ ကျုပ် ဆေးရည်ဆရာသခင် တစ်ယောက်အတွက် ရှာနေခဲ့တာ။ တော်ဝင်မင်းသမီး ကျုပ်ကို အသက်ဓာတ်ရေစင် နည်းနည်းလောက် ပေးနိုင်မလား မသိဘူး။”
“တော်ဝင်မင်းသမီး။ မဖြစ်ဘူး။” အက်ဂ်ယော ဆန့်ကျင်လာပြန်သည်။ “သွေးနွယ်နယ်မြေနဲ့ ပူးပေါင်းမှုတုန်းကတောင် အမှောင်လက သလင်းကျောက်တွေ သုံးဖို့အတွက် တစ်ယောက်ယောက် စေလွှတ်ခဲ့တာ။ သွေးနွယ်နယ်မြေကလူတွေကို မှော်သလင်းကျောက်တွေ ထိခွင့်မပေးခဲ့ဘူး။ တကယ်လို့ ပြန်လည်ရှင်သန်ခြင်း ရေစင်နှင့် မှော်မြေသလင်းကျောက်ကို ငှက်တောင်ဖြူနယ်မြေဆီ ပေးလိုက်ရင် .... ”
အက်ဂ်ယော ဆက်မပြောတော့သော်လည်း ရှိနေကြသူများက သူ ပြောချင်သည်ကို သိကြသည်။ အကယ်၍ မှော်သလင်းကျောက် ဖော်မြူလာကို ထုတ်ဖော်နိုင်သွားလျှင် အပြင်လူများထက် အမှောင်လ၏ အကြီးမားဆုံး အားသာချက် ရှိတော့မည် မဟုတ်ပေ။ ချန်လွေ့လည်း ၎င်းကို သဘောတူသည်။
“အရှင်မင်းသမီး။ ကျုပ်က ပြန်လည်ရှင်သန်ခြင်းရေစင်ကို အကြီးတန်း ဆရာသခင် တစ်ယောက်အတွက် လိုချင်တာပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး။ တကယ်လို့ မင်းသမီးက ငှက်တောင်ဖြူနယ်မြေရဲ့ ရင်းနှီးမှုကို သံသယ ရှိမယ်ဆိုရင် ကျုပ်တို့တွေ မှော်သလင်းကျောက်နဲ့ ရေစင်ကို မလိုတော့ပါဘူး။”
အက်ဂ်ယောက အေးစက်စက်နှင့် သရော်ပြုံးပြုံးလိုက်သည်။ “ဟမ့်။ ဒါက ခြိမ်းခြောက်တာလား။ အမှောင်လရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ဘယ်ခြိမ်းခြောက်မှုကိုမှ ကြောက်စရာ မလိုဘူး။ မြို့တော်ကိုတောင် ကြောက်စရာ မလိုဘူး။ လော့ဒ်-စီကာလီရဲ့ ထူးခြားတဲ့စွမ်းအားအကြောင်း ကျုပ်ကြားဖူးတာ တော်တော်လေး ကြာပြီ။ ခင်ဗျားက အတော်လေး အစွမ်းထက်တာ ကျုပ်မြင်ရတယ်။ ခင်ဗျားက ကျုပ်နဲ့ စွမ်းအား အတူတူ လောက်ပဲ။ ကျုပ် ဆာ-လော့ဒ်နဲ့ တစ်ပွဲတစ်လှမ်းလောက် အကဲစမ်းလို့ ရနိုင်မလား မသိဘူး။”
စီကာလီ မျက်ခုံးပင့်လိုက်သည်။ အက်ဂ်ယောက ငါ့ရဲ့ဖုံးကွယ်ထားတဲ့စွမ်းအားကို မြင်နိုင်မယ်လို့ မထင်ထားခဲ့ဘူး။
“အက်ဂ်ယော။ အပြုအမူတွေကို ဂရုစိုက်။ ဆာ-စီကာလီက ငါ့တို့ရဲ့ အရေးကြီး မိတ်ဆွေတစ်ယောက်ပဲ။” ရှီရာက အက်ဂ်ယောကို အပြစ်တင်ပြီး ပြောလိုက်သည်။ “ငှက်တောင်ဖြူနယ်မြေနဲ့ အမှောင်လက မျိုးရိုစဉ်ဆက် မိတ်ဆွေတွေပဲ။ အသက်ဓာတ် ရေစင်က နည်းနည်း ထူးခြားတယ်။ ဒါက အချိန်တိုအတွင်း အာနိသင် ကုန်သွားတယ်။ ဆေးရည်အစည်းအရုံးက မှော်ထည့်စရာထဲမှာ ထည့်သိမ်းထားဖို့ လိုအပ်တယ်။ ကျွန်မ ဆာ့ကို ပြန်လည်ရှင်သန်ခြင်းဆေးရည် ၁၀ပုလင်း ပေးနိုင်ပါတယ်။”
“အရှင်မင်းသမီး။” ယခုတစ်ခေါက်၌ အက်ဂ်ယောနှင့် ချန်လွေ့တို့ တစ်ပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။
“မပြောနဲ့တော့။ ငါ ဆုံးဖြတ်ပြီးပြီ။” ရှီရာက စီကာလီအား ပြင်းထန်သော ယုံကြည်ချက်ပြည့်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။ “အက်ဂ်ယော ပြောတဲ့ အတိုင်းပဲ လက်ရှိအမှောင်လက ဘာခြိမ်းခြောက်မှုကိုမှ မကြောက်ဘူး။ ဒီတော့ ဘာစိုးရိမ်စရာ ရှိလို့လဲ။”
ထိုကဲ့သို့ အမူအကျင့်မျိုးက လူတိုင်း၏နှလုံးသားကို တုန်လှုပ်သွားစေသည်။ စီကာလီ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ သူ၏စိတ်ထဲ၌ ပို၍ အံ့အားသင့်သွား၏။ ရှီရာ၏ စကားလုံးများထဲ၌ သတိပေးချက် ရေးရေးလေး ရှိနေသည်ကို သူ ကြားနေရသည်။ ကျွန်မမှာ အကြွင်းမဲ့စွမ်းအား ရှိတယ်။ ရှင်တို့ လှည့်စားမှုကို မစိုးရိမ်ဘူး။ ရှင်တို့ မလှည့်စားမှုကိုပဲ စိုးရိမ်တာ။
ထိုခံစားချက်ကြောင့် စီကာလံက နောက်ပိုင်းလုပ်ရပ်များကို ပိုမို သတိထားနေခဲ့သည်။ ရှီရာက နှစ်ဖက်စလုံးအတွက် အရင်းအမြစ်များ အကောင်းဆုံး ပြုလုပ်ရန် အကြံပြုပြီးနောက် စီကာလီ မငြင်းတော့ဘဲ သဘောတူသော အပြအမူ ပြသလိုက်သည်။
အငြင်းပွားမှုများနှင့် အကွက်ဆင်ခြင်းများ ပြည့်နှက်နေသော ချစ်ကြည်ရေး အစည်းအဝေးမှ ရင်းနှီးဟန်တူသော အခြေအနေဖြင့် အဆုံးသတ်သွားခဲ့သည်။
ထိုအစည်းအဝေးပြီးနောက် စီကာလီက အမှောင်လ၌ ကြာကြာမနေခဲ့ပေ။ သူက မြို့တော်၌ ကိစ္စတချို့ရှိကြောင်း အကောင်းပြပြီး “မှော်မြေသလင်းကျောက်များ” နှင့် ပြန်လည်ရှင်သန်ခြင်း ရေစင်တို့ကိုယူကာ ပါလန်ဒိုနှင့် အခြားသူများနှင့်အတူ အမှောင်လမှ အလောတကြီး ထွက်သွားတော့သည်။
ရှီရာနှင့် ချန်လွေ့တို့က စီကာလီ အလောတကြီး ထွက်သွားရသည်မှာ “မှော်မြေသလင်းကျောက်များ” နှင့် ပြန်လည်ရှင်သန်ခြင်းရေစင်တို့၏ ကတိ ပြောင်းလဲသွားမည်ကို စိုးရိမ်၍ ဖြစ်ကြောင်း သိကြသည်။ သူက နယ်မြေသို့ပြန်ပြီး မြေတိုးမြှင့်မှု လျို့ဝှက်ဆန်းကြယ်မှုများကို အဖြေရှာကာ လေ့လာရန်အတွက် လူများခေါ်ရန်အတွက်သာ စိတ်အားထက်သန်နေခဲ့သည်။ သလင်းကျောက်အချို့နှင့် ပြန်လည်ရှင်သန်ခြင်းဆေးရည်တို့က အိုဆိုင်ဒန်လက်ထဲသို့ ရောက်သွားနိုင်ပေသည်။
သို့သော်လည်း အိုဆိုင်ဒန်နှင့် စီကာလီတို့ မည်သို့ပင် ဦးနှောက်ပူအောင် စဉ်းစားစေကာမူ “သလင်းကျောက်”၏ လျို့ဝှက်ဆန်းကြယ်မှုကို အဖြေရှာရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ ထိုသလင်းကျောက်၏ အမြုတေမှာ သန့်စင်ပြီး မှော်မှုန့်တစ်ခု ဖြစ်သောကြောင့်ပင်။ ကျန်သော ၉၉ % မှာ လူများကို စိတ်ရှုပ်ထွေးစေရန်အတွက် ရောနှောထားသော ပျော်ရည်တစ်ခုသာ ဖြစ်သည်။ ၎င်းတွင် ပေါက်ကရမျိုးစုံ ပါဝင်နေသည်။ လက်ဝါးတစ်ခုစာ သလင်းကျောက်က သန့်စင်ပြီး မှော်မှုန့်၏ အဆင့်အနိမ့်ဆုံး လက်တစ်ဆုပ်စာကိုပင် မယှဉ်နိုင်ပေ။ ထို့ကြောင့် တိုးမြှင့်မှု သက်ရောက်ခြင်းမှာ အတော်လေး အကန့်အသတ် ဖြစ်နေသည်။ ၎င်းမှာ “သလင်းကျောက် တစ်ခုလျှင် မြေ၂ဧက တိုးမြှင့်နိုင်သည်”ဟူသာ စကား၏ ဇစ်မြစ်လည်း ဖြစ်ပေသည်။
စီကာလီက သူ၏အကြံ အောင်မြင်သည်ဟု ထင်နေခဲ့သည်။ သို့သော်လည်း သူက အကွက်ဆင်ခံလိုက်ရသည်ကို မသိခဲ့ပေ။ တောင်းဆိုချက် ၃ခုလုံး လုံးဝ အချည်းနှီး ဖြစ်ခဲ့လေသည်။
အစည်းအဝေး၌ လူဆိုးနေရာ၌ အဆက်မပြတ် သရုပ်ဆောင်နေသော “အက်ဂ်ယော”မှာ ချန်လွေ့၏ရုပ်သေး လိုကီ ဖြစ်သည်။ အက်ဂ်ယော၏ ပုံစံမှာ ဝတ်ရုံနှင့်လူဖြစ်သည်။ သူက ထိုကဲ့သို့ အခြေအနေမျိုးသို့ တက်ရောက်နိုင်လျှင် မည်သူက သူ့ကို သံသယ ဝင်နိုင်မည်နည်း။ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော လိုကီက အမှန်တကယ်ပင် စီကာလီအပေါ်ံ၌ အဟန့်အတား ဖြစ်စေခဲ့လေသည်။
အခြေအနေကို ခြုံကြည့်လိုက်လျှင် “မှော်မြေသလင်းကျောက်” မှာ စီကာလီ အတွက် မမျှော်လင့်ထားသော ရရှိမှုတစ်ခုသာ ဖြစ်သည်။ ရှီရာ၏ မွေးနေ့၊ မြေတိုးမြှင့်ခြင်းနှင့် ချန်လွေ့အား ဖိတ်ခေါ်ခြင်းတို့မှာ ဟန်ပြသက်သက်သာ ဖြစ်သည်။ စီကာလီ၏ တကယ့် ရည်ရွယ်ချက်မှာ အမှောင်လကို စမ်းသပ်ရန်အတွက် ဖြစ်၏။
ထိုစမ်းသပ်ချက်မှာ မြို့တော်မှ အိုဆိုင်ဒန် အတွက်သာမက စီကာလီ ကိုယ်တိုင်အတွက်လည်း ဖြစ်သည်။ ငှက်တောင်ဖြူနယ်က နှစ်ဖက်ချွန် ဖြစ်နေသည်မှာ အသေအချာပင် ဖြစ်သည်။ ချန်လွေ့နှင့် ရှီရာတို့၏ အကြံမှာ ဖိအားနှင့် အကူအညီကို တစ်ပြိုင်နက်တည်း အသုံးပြုရန် ဖြစ်သည်။ သူတို့သည် ငှက်တောင်ဖြူနယ်မြေနှင့် ပြဿနာမဖြစ်ဘဲ အကျိုးအမြတ်အချို့ ရရှိနိုင်ပေသည်။ သို့သော်လည်း ၎င်းတို့မှာ သူတို့၏ ကြံ့ခိုင်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပေါ်၌ အခြေခံထားခြင်း ဖြစ်သည်။ အကယ်၍ အမှောင်လနှင့် မြို့တော်အကြား တိုက်ပွဲဖြစ်လာသောအချိန်၌ သူတို့က ငှက်တောင်ဖြူ နယ်မြေကို နှစ်ဖက်ချွန် ဆက်ဖြစ်အောင် ပြုလုပ်နိုင်မည်ဆိုလျှင် အောင်မြင်မှု တစ်ခုပင် ဖြစ်လေသည်။
လည်ပတ်ခြင်းဘက်မှကြည့်လျှင် နှစ်ဖက်စလုံးက အနိုင်ရသည်ဟု ယူဆ၍ ရနိုင်ပေသည်။
မူလက ချန်လွေ့သည် လမ်းတွင် စီကာလီကို သတ်ပစ်ရန် အကြံရှိခဲ့သည်။ သို့သော် စီကာလီက မြို့တော်သို့သွားပြီး အိုဆိုင်ဒန်နှင့် အရင်တွေ့လောက်သည်။ သူ့ကို လျို့ဝှက်၍ နှုတ်ဆက်ပြီး ကာကွယ်ပေးမည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ရှိနိုင်လောက်ပေသည်။ သူ့ကို သတ်ပစ်ပြီး မြို့တော်ကို လုံးဝနာခံသည့် လော့ဒ်တစ်ဦးနှင့် အစားထိုးခံလိုက်ရလျှင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်သွားပေမည်။
နတ်ဘုရား-ဝါးမျိုမျက်နှာဖုံး၏ ရုပ်သေးနှစ်ခု ပြည့်သွားပြီ ဖြစ်သည်။ တစ်ခုကို ဖျက်ဆီးပစ်ပြီး စီကာလီအား ရုပ်သေးအဖြစ် ပြုလုပ်လိုက်လျှင် မြို့တော်က မသိရှိနိုင်ဟု အာမခံရန် ခက်ခဲပေသည်။ မည်သို့ပင်ဆိုစေကာမူ နတ်ဘုရား-ဝါးမျိုမျက်နှာဖုံးမှာ အကြွင်းမဲ့ မဟုတ်ပေ။ အခြေအနေအားလုံး ပြင်ဆင်ပြီးသည်နှင့် ချန်လွေ့ သုတ်သင်မည့် ပထမဆုံးသူမှာ နှစ်ဖက်ချွန် ငှက်တောင်ဖြူနယ်မြေကိုပင် ဖြစ်သည်။ ၎င်းမှာ တရားဝင် အကြောင်းအရာအတွက်သာမက ကိုယ်ရေးကိုယ်တာ အကြောင်းရင်းအတွက်လည်း ပါဝင်သည်။ စီကာလီသာက ခီရာအပေါ် ရက်စက်သော ရည်ရွယ်ချက်များ ရှိခဲ့သည် ပါလန်ဒိုလည်း ပါသည်။ သူက သူတို့အားလုံးကို လုံးဝချေမှုန်းပစ်ချင်သည်။ သို့သော်လည်း ၎င်းတို့မှာ နောက်ပိုင်းအချိန်များအတွက်သာ ဖြစ်ပေသည်။
ရီဂျန့် အိုဆိုင်ဒန်က အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရပြီ ဖြစ်သည်။ အချိန်ကြာသွားလျှင် ထိုအကျပ်အတည်း ပိုမိုသိသာလာပေမည်။ တစ်ခုခု မဖြစ်ခဲ့လျှင် အမှောင်လသည် မြို့တော်နှင့် တိုက်ရိုက် ပဋိပက္ခဖြစ်ရန် မလိုအပ်တော့ဘဲ သူတို့က ပြိုင်ဘက်ကို တစ်ဆင့်ချင်း ဆွဲချသွားနိုင်ပေသည်။ ထို့ကြောင့် ယခုအချိန်၌ ပြဿနာ ပိုမိုရှာခြင်းမှာ မသင့်တော်ပေ။
ထိုအချိန်၌ “အက်ဂ်ယော”အဖြစ် ဟန်ဆောင်ထားသော လိုကီက ဆရာသခင် ရှင်းရှင်းသည် အက်ဂ်ယောနှင့် အရေးတကြီး တွေ့စရာရှိကြောင်း ရုတ်တရက် သတင်းပို့လာသည်။
နိတ်ကိုအနိုင်ယူပြီးနောက် သွေးရောင်အင်ပါယာမှ အမှောင်လနယ်မြေသို့ ပြန်ရောက်ပြီးကတည်းက ချန်လွေ့သည် “အက်ဂ်ယော” အဖြစ် မပေါ်ထွက်လာခဲ့ရပေ။ အရေးအကြီးဆုံးမှာ ကတ်သရင်း၏ အာရုံစိုက်မှုကို ရှောင်ရှားရန် ဖြစ်သည်။ လိုကီ အဖြစ်အပျက်အပြင် ဧကရီ၏ “အက်ဂ်ယော”အကြောင်း သံသယများက ပိုမို တိုးပွားလာမည် ဖြစ်သည်။ ထို့ကြောင့် သူ့ကို လျို့ဝှက်ဆန်းကြယ်အောင် ထားထားသည်မှာ ပိုကောင်းပေသည်။ သို့သော်လည်း အမှောင်လနှင့် ငှက်တောင်ဖြူ နယ်မြေသို့ ဆုံတွေ့ချိန်၌ အက်ဂ်ယော ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။ ၎င်းသည် အဖက်ဖက်မှ အာရုံစိုက်မှုကို သေချာပေါက် ခံရမည် ဖြစ်သည်။ သို့သော်လည်း သူ့ကို ဆရာသခင် ရှင်းရှင်းက အသည်းအသန် တွေ့ချင်နေလိမ့်မည်ဟု မတွေးထားမိခဲ့ပေ။
ချန်လွေ့က ငှက်တောင်ဖြူနယ်မြေလော့ဒ် စီကာလီနှင့်အတူ ရောက်လာသော နာမည်ကျော် ယန္တရားဆရာသခင် ထယ်တင်းနစ် ရှိကြောင်း သတိရလိုက်သည်။ ထယ်တင်းနစ်က ရှင်းရှင်းရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်မယ်ထင်တယ်။ “အရေးတကြီး” ဆိုတာက ဒီဆရာသခင်နဲ့ ဆက်နွှယ်နေမလား မသိဘူး။
အမှန်တကယ်၌ ရှင်းရှင်းသည် “တကယ့်” အက်ဂ်ယောအား ယခင်တစ်ခေါက် အဲလစ်နှင့် အိဗ်တို့ညီအစ်မ ရန်ဖြစ်သောအချိန်၌ မြင်ခဲ့ဖူးကြောင်း မသိခဲ့ပေ။
ချန်လွေ့ ခဏစဉ်းစားပြီး ဝတ်ရုံဂိုဏ်းသို့သွားရန် ဆုံးဖြတ်လိုက်သည်။