နယ်ပယ်အားလုံး၌ တစ်ဝက်-မဟာဆရာသခင်
Vol. 32 Ch. 478
ဝတ်ရုံဂိုဏ်း အခြေစိုက်စခန်၏ ရှေးအိမ်သို့ ရောက်ပြီးနောက် ဝတ်ရုံနှင့် ချန်လွေ့က အိဗ်၊ အလျန်နှင့် မစ်-ဆာဆာတို့ အိမ်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ အလျန်က သူ့ကို မြင်သည့်အခါ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ရောက်လာပြီး ပြောသည်။ “ဆာ-အက်ဂ်ယောပဲ။”
“အလျန်။ မတွေ့ရတာ ကြာပြီနော်။” ချန်လွေ့က အကျင့်အတိုင်း အလျန်၏ ခေါင်းကို ပုတ်လိုက်သည်။ သူက ယခင်တစ်ခေါက် မှော်ဆိုင်၌ ပြဿနာ ဖြစ်နေသည့် အတွက်ကြောင့် ၎င်းကို မခံစားခဲ့ရပေ။ ယခု ထိုသို့ပြုလုပ်သည့်အခါ အလျန် အတော်လေး အရပ်မြင့်လာကြောင့် သိလိုက်ရသည်။
အလျန်သာမက အိဗ်သည်လည်း ပို၍လှပလာသည်။ သူက ပုံမှန်အတိုင်း ရှက်နေဆဲပင် ဖြစ်သည်။ သူက ရှက်နေသော မျက်နှာဖြင့် ချန်လွေ့ကို ဦးညွှတ်လိုက်ပြီး သူ၏မျက်လုံးထဲ၌ ပျော်ရွှင်မှု အလင်းရောင် လက်ခနဲ ဖြစ်သွား၏။
မစ်-ဆာဆာက ဆာ-ခေါင်းဆောင်ကို အမြဲပင် လေးစားနေခဲ့သည်။ သူက သူတို့ ၃ယောက်သည် မင်းသမီးလေးနှင့် ညစျေးသို့သွားရန် ချိန်းထားကြောင်း ပြောခဲ့သည်။ ယခု သူတို့က မင်းသမီး လက်လီစတိုးသို့သွားပြီး အဲလစ် “အလုပ်ဆင်း” မည်ကို သွားစောင့်ကြမည် ဖြစ်သည်။
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ ကြည့်ရတာ လိုလီလေးက ဒီ “ရန်သူ” သုံးယောက်ကို သူငယ်ချင်းအဖြစ် တကယ်ပြောင်းနိုင်ခဲ့တဲ့ပုံပဲ။ ဒီသူငယ်ချင်းတွေနဲ့ဆို အနည်းဆုံးတော့ သူ့ရဲ့ အနာဂတ်ဘဝနဲ့ ခံစားချက်တွေ တော်တော်များများ တိုးတက်သွားမှာပဲ။ တစ်နေ့လုံး အချစ်ဝတ္ထုတွေ ဖတ်ပြီးနောက် ဇနီးလောင်းဖြစ်ဖို့ စိတ်ကူးယဉ်နေတာထက် အများကြီး ပိုသာတယ်။
ချန်လွေ့က နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းဖြစ်သော ရုပ်သေးလိုကီကို အဲလစ်နှင့် ခီရာတို့အား လျို့ဝှက်စောင့်ရှောက်ရန် တာဝန်ပေးထားခဲ့သည်။ နန်းတော် အစောင့်များနှင့် အဲလစ်၏ ကိုယ်ပိုင်အကာအကွယ် အဆင်တန်ဆာများ ထပ်ပေါင်းလျှင် အန္တရာယ်အများအပြား မရှိနိုင်လောက်တော့ပေ။
ကောင်မလေး ၃ယောက်ကို နှုတ်ဆက်ပြီးနောက် ချန်လွေ့က နောက်ဖေးသို့ ဝင်သွားခဲ့ပြီး သူ့ကို အချိန်အတော်ကြာ စောင့်နေကြသော ယန္တရာဆရာသခင် သုံးယောက်ဖြစ်သော ရှင်းရှင်း၊ စကိုင်းနှင့် ထယ်တင်းနစ်တို့ကို တွေ့ဆုံခဲ့သည်။
မတွေ့ရသည်မှာ ကြာပြီဖြစ်သော လျို့ဝှက်ဆန်းကြယ်သော ပုံရိပ်ကို မြင်သည့်အခါ ထိုသုံးယောက်က တစ်မျိုးစီ တုံ့ပြန်ကြသည်။ ဆရာသခင် ရှင်းရှင်း၏ မျက်နှာ တင်းမာနေသော်လည်း သူ၏မျက်လုံးထဲ၌ နွေးထွေးမှု အနည်းငယ် ရှိနေသည်။ စကိုင်း၏ မျက်နှာက ကျေးဇူးတင်ခြင်းနှင့် ရွှင်ပျမှုများ ပြည့်နှက်နေသည်။ ဆရာသခင် ထယ်တင်းနစ်မှာ ပို၍ပင် လွန်ကဲလှသည်။ သူကရှေ့သို့တက်လာပြီး သူ၏မျက်လုံးများ မှေးနေခဲ့သည်။ သူက မယုံနိုင်စရာ နဝီပီယံအချို့ကို မြင်လိုက်ရသလိုမျိုး ဖြစ်နေ၏။
ချန်လွေ့က မျက်နှာအမှန်ကို ဝတ်ရုံနှင့် မဖုံးကွယ်ထားခဲ့လျှင် ထိုဖန်ကဲ့သို့ အကြည့်ကြောင့် ရှုံးနိမ့်သွားရပေလိမ့်မည်။
“မင်းက နတ်ဆိုးဘုံကို အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့တဲ့ သုံးသွယ်-အထူးပြု ပါရမီရှင် ယန္တရား ဆရာသခင်လား။”
ထယ်တင်းနစ်၏ ပထမဆုံးစကားက ချန်လွေ့ကို အံ့အားသင့်သွားစေခဲ့သည်။ သူ၏ စိတ်ထဲ၌ ပြင်းထန်သော မသက်မသာမှု ခံစားလိုက်ရသည်။ ဒါက တော်တော်လေး အရေးကြီးတဲ့ လျို့ဝှက်ချက်တစ်ခုပဲ။ ရှင်းရှင်းနဲ့ စကိုင်းတို့က ငါတစ်ခုမှ မတွေ့ဖူးတဲ့ ထယ်တင်းနစ်ကို ငါ့ခွင့်ပြုချက် မရှိဘဲနဲ့ ပြောပြခဲ့တယ်။
“မင်းက မှော်စက်ဝိုင်းကိုလည်း ကျွမ်းကျင်တာလား။ ပြီးတော့ မင်းမှာ မှော်မျက်လုံး ပါရမီ ရှိတယ်ဆို။” ထယ်တင်းနစ်က ပြောရင်းပြောရင်း ပိုမို စိတ်လှုပ်ရှားလာခဲ့သည်။ ချန်လွေ့ စိတ်အေးအေး ထားပြီး ရှင်းရှင်းနှင့် စကိုင်းတို့ကို ဘာမှမပြောဘဲ အသာလေး ဖျပ်ခနဲ ကြည့်လိုက်သည်။ ဒါက သုံးသွယ်-အထူးပြု ဆရာသခင် လျို့ဝှက်ချက်ပဲ မဟုတ်တော့ဘူး။ “မှော်မျက်လုံး”က သွေးရောင်အင်ပါယာရဲ့ ယန္တရားအစည်းအရုံးက “ရစ်ချတ်” ဆိုတဲ့ သရုပ် ပါဝင်နေတယ်။ ရှင်းရှင်းနဲ့ စကိုင်းတို့က ဒါကို မှန်းဆမိ လောက်တယ်။ သူတို့က တကယ်ကြီး ဒါကိုလည်း ပြောပြခဲ့တာပဲ။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီအဖြစ်ဖြစ်အပျက် ပေါက်ကြားသွားလို့ မဖြစ်ဘူး။ ထယ်တင်းနစ်က နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း ဆိုရင်တော့ သူ့ကို သတ်ပစ်ရမယ်။
ချန်လွေ့ စဉ်းစားနေချိန်အတွင်း ထယ်တင်းနစ်၏ တတိယမြောက်စကား ထွက်ပေါ်လာသည်။ “မင်း ငါ့တပည့် ဖြစ်ချင်လား။”
ချန်လွေ့ ကြက်သေသေသွားပြန်သည်။ ရှင်းရှင်းနှင့် စကိုင်းတို့၏ အပြုံးကို မြင်သည့်အခါ သူ အနည်းငယ် သဘောပေါက်သွားဟန်တူသည်။ သူ၏စိတ်ဓာတ်ကျမှု ရုတ်တရက် ပြေလျော့သွား၏။ ဒါက သစ္စာဖောက်တာ မဟုတ်ဘူး။ စေတနာပဲ။
သို့သော်လည်း ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြန်သည်။ ငါက အနည်းဆုံးတော့ သုံးသွယ်-အထူးပြု ယန္တရားဆရာသခင်ပဲ။ အတွေ့အကြုံ အမျိုးမျိုးနဲ့ သန့်စင်ခြင်း စမ်းသပ်မှုတွေရဲ့ အကူအညီကြောင့် ငါ အခု အကြီးတန်း ဆရာသခင်အဆင့်ကို ရောက်သွားပြီ။ ငါ့ရဲ့ ယန္တရားပညာက နတ်ဆိုးဘုံမှာ ဘယ်သူ့ထက်မှ မနိမ့်ကျဘူး။ ငါ့အရှေ့မှာရှိတဲ့ ဒီ ထယ်တင်းနစ်ကို အဆင်တန်ဆာမှု အကျွမ်းကျင်ဆုံး ဆရာသခင်လို့ သိကြတယ်။ ငါသူနဲ့အတူ ဆွေးနွေးပြီးတော့ တိုးတက်လာအောင် လုပ်လို့ရရင် ရနိုင်တယ်။ ဒါပေမဲ့ သူ့တပည့်ဖြစ်ဖို့က ဒီအဘိုးကြီး အရည်အချင်း မပြည့်မီလောက်ဘူး။
ထယ်တင်းနစ်၏ ချန်လွေ့၏ မျက်နှာအမူအရာကို မမြင်နိုင်သော်လည်း သူ၏ အတွေးကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ခဲ့သည်။ ထယ်တင်းနစ်၏ မျက်လုံးများ ပြူးသွား၏။ “ဒီအဘိုးကြီးက မင်းကို သင်ပေးဖို့ အရည်အချင်း မပြည့်မီဘူး ထင်တာလား။”
ဒီအဘိုးအိုက အတော်လေး ပွင့်လင်းတာပဲ။ သူက အသိဖြစ်တဲ့ ထိုက်တန်တဲ့ ပွင့်လင်းတဲ့သူတစ်ယောက် ဖြစ်မယ်ထင်တယ်။ မဟုတ်ရင် ဆရာသခင် ရှင်းရှင်းနဲ့ စကိုင်းတို့၏ စရိုက်အတိုင်းဆို သူတို့က လွယ်လွယ်နဲ့ ဒီလိုအရေးကြီးတဲ့ လျို့ဝှက်ချက်တွေကို ထုတ်ပြမှာ မဟုတ်ဘူး။ ဒီဆရာသခင် ထယ်တင်းနစ်ဆီမှာ တကယ်ပဲ လျို့ဝှက်အစွမ်းတွေ ရှိနေတာများလား။
ချန်လွေ့ အမြန်တွေးလိုက်ပြီး ထိုအဘိုးအို နောက်ထပ် ပြောစရာရှိသည်ကို သိသည့်အတွက် ခေါင်းညိတ်လိုက်သည်။ ထယ်တင်းနစ်က အမှန်တကယ်ပင် “ငါသိသားပဲ” ဟူသော ပုံစံမျိုးရှိနေသော ယုံကြည်ချက်အပြည့်ဖြင့် ပြုံးနေလိုက်သ်ည။ “မင်းရဲ့ လျို့ဝှက်ချက်ကို ငါသိနေတယ်ဆိုတော့ ငါ့ရဲ့လျို့ဝှက်ချက် နှစ်ခုကို အခုပြောပြမယ်။ ပထမတစ်ခုက မင်းလုပ်နိုင်သမျှ ငါလုပ်နိုင်တယ်။ မင်းထက်တောင် ပိုသာအောင် လုပ်နိုင်တယ်။ ဒါပေမဲ့ ငါလုပ်နိုင်တာကို မင်းမလုပ်နိုင်ဘူး။ အဲဒါကြောင့် ငါက မင်းရဲ့ဆရာ ဖြစ်နိုင်တာပဲ။”
၎င်းမှာ အတော်လေး ကြီးမားသော ပြောဆိုမှုပင် ဖြစ်သည်။ “ပါရမီ” အရဆိုလျှင် ချန်လွေ့သည် သုံးသွယ်-အထူးပြု ဆရာသခင်၊ မှော်စက်ဝိုင်း ပါရမီရှင်နဲ့ မှော်မျက်လုံးအစွမ်းတို့ ရှိသည်။ အဆင်တန်ဆာကိုပဲ ကျွမ်းကျင်တဲ့ ဒီအဘိုးအိုက သုံးသွယ်-အထူးပြု ဆရာသခင်နှင့် မှော်စက်ဝိုင်း မဟာဆရာသခင်များလား။
ထယ်တင်းနစ်၏ မျက်လုံးထဲ၌ ဝမ်းနည်းမှုတစ်ခု လက်ခနဲ ဖြစ်သွားသည်။ “ဒုတိယ လျို့ဝှက်ချက်က ငါ့မှာ အသက်ရှင်ဖို့ တစ်နှစ်ပဲ အချိန်ကျန်တော့တာပဲ။ ငါမသေခင် ငါ့ရဲ့ အသိပညာတွေကို လက်ဆင့်ကမ်းပေးချင်တယ်။ ဒါက နတ်ဆိုးဘုံရဲ့ ရှေးဆိုရိုးထဲက “အသိပညာမီးတောက်ကို လက်ဆင့်ကမ်းရမယ်” ဆိုတဲ့အတိုင်း အတိအကျပဲ။ ငါ့ရဲ့ ကံကြမ္မာမရောက်လာဘူးဆိုရင် မင်းကို အရည်အချင်း ပြည့်မီတာတောင် ငါ စိတ်ဝင်စားမှာ မဟုတ်ဘူး။ မင်းရဲ့ ပါရမီနဲ့ အဆင့်နဲ့ဆိုရင် တစ်ခုခုတော့ ရနိုင်တယ်။ ဟုတ်ပြီ။ အပိုတွေ ပြောမနေတော့ဘူး။ ငါ့အချိန်က တဖြည်းဖြည်းနဲ့ နီးကပ်လာပြီ။ တပည့်အခမ်းအနားက အပေါ်ယံ လုပ်ရိုးလုပ်စဉ်တွေကို ကျော်လိုက်တော့။ မင်းငါ့ကို သုံးကြိမ် အရိုအသေပေး။”
သုံးကြိမ် အရိုအသေ ပေးရမှာလား။ ပြီးတော့ တစ်မိနစ် တိတ်နေရမှာလား။ ချန်လွေ့က တိတ်တိတ်လေး ရေရွတ်လိုက်သည်။ ဒီအဘိုးအိုက ငါ သဘောတူလား၊ မတူလား မမေးဘဲ ဘာလို့ သူ့ကိုယ်သူ ဆရာအဖြစ် တစ်ခါတည်း သတ်မှတ်လိုက်တာလဲ။
“ကျုပ် သဘောမတူရင်ကော။”
“ဟမ့်။” ထယ်တင်းနစ်က မျက်လုံးလှန်လိုက်သည်။ “ငါ့မှာ နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းစွမ်းအား ရှိတယ်။ ဒါက မင်းထက် တစ်ဆင့်မြင့်တယ်။ ပြီးတော့ ငါ့မှာ မင်းရဲ့ လျို့ဝှက်ချက်တွေလည်း အများကြီး ရှိတယ်။ မင်း သဘောမတူရင် ငါ အဲဒါတွေကို နေရာအနှံ့ ဖြန့်ပစ်မယ်။”
ချန်လွေ့ အနည်းငယ် ပြောစရာစကား မဲ့သွား၏။ ဒါကို ဘယ်လိုခေါ်တာလဲ။ အတင်းဝယ်ခိုင်း၊ ရောင်းခိုင်းတဲ့ မသမာတဲ့ ခြိမ်းခြောက်မှုလား။ ဘယ်သူမှ ဒီလိုမျိုး တပည့်လက်ခံတာ ငါတစ်ခါမှ မတွေ့ဖူးဘူး။
အခြေအနေ အနည်းငယ် တင်းမာနေကြောင်း မြင်သည့်အခါ စကိုင်းက ပြောသည်။ “အက်ဂ်ယော။ လက်ခံလိုက်ပါ။ ဆရာသခင် ထယ်တင်းနစ်က သုံးသွယ်-အထူးပြု ယန္တရား တစ်ဝက်-မဟာဆရာသခင်ဆိုတာကို လွန်ခဲ့တဲ့ သုံးလေးရက်တုန်းကမှ ငါတို့သိခဲ့တာ။ ပြီးတော့လည်း သူက ဆေးပညာ တစ်ဝက်-မဟာဆရာသခင်လည်း ဟုတ်တယ်။ ဒါက မင်းအတွက် တကယ့်ကို ရွေးရောင်အခွင့်အရေး တစ်ခုပဲ။”
ချန်လွေ့က တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။ ငါ့ရဲ့ကျပန်းအထင်က အမှန်တရားနဲ့ သိပ်မကွာဘူးလို့ မထင်ထားခဲ့ဘူး။ နတ်ဆိုးဘုံမှာ နယ်ပယ်အားလုံးကို ကျွမ်းကျင်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက် ရှိနေမယ် မထင်ထားခဲ့ဘူး။ ပြီးတော့လည်း သူက တစ်ဝက်-မဟာဆရာသခင်အဆင့်ကိုတောင် ရောက်နေပြီ။
တစ်ဝက်-မဟာဆရာသခင်ဆိုတာက ဆရာသခင်နဲ့ မဟာဆရာသခင်ကြားက အဆင့်တစ်ခုပဲ။ ဒါက မဟာဆရာသခင်နဲ့ တော်တော်လေး နီးစပ်တယ်။ တစ်လှမ်းပဲ လိုတော့တာ။ သူ့ကို “ဆရာသခင်”လို့ ခေါ်လို့ ရနေသေးပေမဲ့ သူ့ရဲ့စံနှုန်းက အကြီးတန်း ဆရာသခင်တွေထက် အများကြီး ပိုသာတယ်။ အင်ပါယာသုံးခုရဲ့ ယန္တရား အစည်းအရုံးမှာ နယ်ပယ်တစ်ခုတည်းအတွက်တောင် တစ်ဝက်-မဟာဆရာသခင် မရှိဘူး။ ဘယ်လိုလုပ် နယ်ပယ်အားလုံး ကျွမ်းကျင်တဲ့ တစ်ဝက်-မဟာဆရာသခင်တစ်ယောက် ရုတ်တရက်ကြီး ပေါ်ထွက်လာရတာလဲ။
“မမေးနဲ့။ ဆရာသခင် ထယ်တင်းနစ်က ငါတို့ကို အပြည့်အဝ သက်သေပြပြီးပြီ။” ဆရာသခင် ရှင်းရှင်းကလည်း အသံကျယ်ကျယ်နှင့် ပြောလိုက်သည်။ “အစကတော့ သူက သူ့စွမ်းရည်တွေကို ငါ့ဆီ လွှဲပေးချင်ခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ထက် ပိုသင့်တော်မယ် ထင်လို့ ဆရာသခင်အရှေ့မှာ ငါမင်းကို အကြံပြုခဲ့တာ။”
ထို့နောက်မှသာ ထယ်တင်းနစ်က ရှင်းရှင်းကို မည်သည့်အတွက်ကြောင့် ရှာနေကြောင်း သိသွားသည်။ ဆရာသခင်ရှင်းရှင်း၏ တင်းမာနေသော မျက်နှာကို ကြည့်ရင်း သူ၏နှလုံးသားထဲ၌ နွေးထွေးသွားခဲ့သည်။
စကိုင်းက ညည်းညူလိုက်သည်။ “နတ်ဆိုးဘုံမှာ ပုန်းကွယ်နေတဲ့ ပါရမီရှင်တွေ အများကြီး ရှိတယ်။ အဂ္ဂိရတ်ပညရှင်ဆိုင်းက အင်အားစု တစ်ခုတည်းအောက်မှာ မနေချင်ကြဘူး။ အထူးသဖြင့် အာဏာနဲ့ လိုအင်ဆန္ဒနဲ့ ဆက်နွှယ်နေတဲ့ ရုန်းကန်မှုတွေက လူတွေကို အလွယ်တကူ နှောင့်ယှက်နိုင်တယ်။ အဲဒါက စွမ်းရည်တွေကို အာရုံမစိုက်နိုင် ဖြစ်စေပြီးတော့ ပိုမြင့်တဲ့အဆင့်ကို မရောက်အောင် လုပ်နိုင်တယ်။ အရင်၂နှစ်မှာ ငါက ဝတ်ရုံဂိုဏ်းထဲမှာ လောကကြီးနဲ့ သီးခြားနေခဲ့တော့ ငါ့ရဲ့ စိတ်အခြေအနေက အရင်နဲ့ တော်တော်လေး ကွဲပြားသွားပြီ။ ငါ့ရဲ့ စိတ်အခြေအနေ တိုးတက်လာတာကို ခံစားရတယ်။ အရင်က မမြင်နိုင်ခဲ့တဲ့ ကိစ္စတွေကို ငါ သဘောပေါက်လာတယ်။”
ချန်လွေ့က ကျော်ကြားမှုနှင့် စည်းစိမ်းများကို ငမ်းငမ်းတက်ဖြစ်နေသော နတ်ဆိုးဘုံ၏ ထိပ်တန်းယန္တရားဆရာသခင် နိတ်က နောက်ဆုံး၌ မကောင်းသော လမ်းကြောင်းကို ရောက်သွားကြောင်း တွေးမိပြီး ခေါင်းညိတ်လိုက်သည်။
“ဆရာသခင် ဖွန်ဆက်ပြောတာ မှန်တယ်။ ဆရာသခင်ပြိုင်ပွဲက ဒုတိယဆုလာဒ် ကုန်ကြမ်းတွေကြောင့်သာ မဟုတ်ရင် ငါ ဒီလိုမျိုး မလိုအပ်တဲ့ ကျော်ကြားမှုတွေကို လုပ်မှာမဟုတ်ဘူး။ တကယ်တော့ ထယ်တင်းနစ်က နာမည်ဝှက်တစ်ခုပဲ။ ငါ့မှာ နာမည်တွေ အများကြီး ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒါက ကိုယ်စားပြုတာပါပဲ။”
ထယ်တင်းနစ်၏ စကားကို ကြည့်ခြင်းအားဖြင့် သူသည် တမင်တကာပင် ဒုတိယ ယူလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် စကိုင်းကလည်း သူ၏သရုပ်မှန်နှင့် အတွေ့အကြုံကို ဖော်ပြခဲ့လေသည်။
တစ်ဝက်-မဟာဆရာသခင် အဘိုးအိုက ချန်လွေ့က မဖုံးကွယ်ထားသော သဘောကျမှုဖြင့် ကြည့်နေလိုက်သည်။ “မင်းရဲ့ အထုံပါရမီက ထူးချွန်တယ်။ ပိုပြီး တန်ဖိုးရှိတာက မင်းရဲ့စရိုက်ပဲ။ မင်းက အန္တရာယ်အခြေအနေမှာတောင် မတုံ့မဆိုင်းဘဲနဲ့ အန္တရာယ်တွင်းထဲ ဝင်ပြီးတော့ ဆရာသခင် ဖွန်ဆက်အတွက် လက်စားချေပေးခဲ့တယ်။ ဒီအတွက် ငါမင်းကို လေးစားတယ်။”
ချန်လွေ့က ခါးသက်သက် ပြုံးလိုက်သည်။ “အမှန်အတိုင်းပြောရရင် ကျုပ်က တခြားတာဝန်တွေလုပ်နေတုန်း ဆရာသခင် ဖွန်ဆက်ကို လမ်းကြုံ ကူညီပေးခဲ့တာပါ။ ဒီအတိုင်း သက်သက်ကြီး မဟုတ်ပါဘူး။”
စကိုင်းနှင့် ရှင်းရှင်းတို့က အချင်းချင်းကြည့်ပြီး ပြုံးလိုက်ကြသည်။
“အင်း။ ရိုးသားမှုကိုလည်း မင်းရဲ့အရည်အသွေးထဲ ထပ်ထည့်ရမယ်။” အဘိုးအိုက ချန်လွေ့ကို ကြည့်လေလေ၊ ကျေနပ်လာလေလေပင် ဖြစ်နေသည်။ သူ့တွင် သမီး တစ်ယောက် ရှိမည်ဆိုလျှင် ယခုတွင် ချန်လွေ့အား အတင်းပေးစားမည်မှာ သေချာပေသည်။
ရိုးသားမှုတဲ့လား။ ငါ့ရဲ့ အကြီးမားဆုံး အရည်အချင်းက လှည့်စားတာပဲ။ ဒါက ငါ့ကို စွပ်စွဲတာ မဟုတ်လား။ အဲ...ဒါက လှပတဲ့ အထင်လွဲမှုပဲ။ ချန်လွေ့က ထိုအဘိုးအို၏ စိတ်အားထက်သန်သော မျက်လုံးများကို မြင်လိုက်ရသည်။ သူထပ်ရှင်းပြလေလေ၊ အခြေအနေ ပိုဆိုးသွားလေလေ ဖြစ်မည်ကို သိသည့်အတွက် ချန်လွေ့ မရှင်းပြတော့ပေ။
“ဒါပေမဲ့ မင်းက မင်းရဲ့စရိုက်ကို ထက်မြက်အောင် လုပ်ဖို့ လိုသေးတယ်။ ငါမင်းကို ဝတ်ရုံဂိုဏ်းခေါင်းဆောင်ရာထူးနဲ့ အဲဒီ ဗိုလ်ခြေတပ်မှူးကို ချက်ချင်း လက်လွှတ်လိုက်ဖို့ အကြံပေးတယ်။ ပြီးရင် အမှောင်လကနေ ထွက်သွားပြီးတော့ ငါနဲ့တူတူ တစ်နှစ် ပညာသင်။ လိုချင်မှုတွေ ပြည့်နှက်နေတဲ့ မင်းရဲ့နှလုံးသားကို ဘေးဖယ်ထားမယ်ဆိုရင် မင်းက အနာဂတ်မှာ ငါ့ကို သေချာပေါက် ကျော်ပြီးတော့ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်သွားလိမ့်မယ်။ ကောင်းပြီ။ လေရှည်နေမိပြီ။ အဓိကကို ပြောရအောင်။ မင်းရဲ့ ဆရာကို မြန်မြန် အရိုအသေပေးလိုက်။”
ထို “ဆရာ”က သူ့အတွက် အနာဂတ်ကိုပင် စီစဉ်ထားပုံရသည်။ ချန်လွေ့ တိတ်တိတ်လေး ခေါင်းခါပြီး ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “လက်ရှိ အခြေအနေနဲ့ ဆိုရင် အမှောင်လကနေ ထွက်သွားဖို့ မဖြစ်နိုင်ဘူး။ ကျုပ်မှာ အခွင့်အရေးရှိရင် ဆရာသခင်အတွက် အရည်အချင်း ပိုပြည့်မီတဲ့ တပည့်တစ်ယောက် ရှာပေးမယ်လေ။”
အဘိုးအို ရုတ်တရက် ဒေါသထွက်သွား၏။ “ဟမ့်။ မင်းက ငါ့အဆင့်ကို သိတာတောင် ဆင်ခြေဆင်လက်နဲ့ ငြင်းချင်နေသေးတယ်။ နတ်ဆိုးဘုံမှာ မင်းထက် ဘယ်သူက သာလို့လဲ။ ငါ့မှာ အချိန်သိပ်မရှိဘူး။ အဲဒါကြောင့် အကြာကြီး စောင့်လို့ မရဘူး။ မင်း ဒီနေ့ သဘောတူတူ၊ မတူတူ၊ လက်ခံရမယ်။ ဒါက အလုပ်ရှုပ်တယ်ထင်ရင် လုပ်ရိုးလုပ်စဉ်တွေကို ကျော်လိုက်။ အတိုချုပ်ပြောရရင် အခုကစပြီးတော့ မင်းက ငါ့ရဲ့တပည့် ဖြစ်သွားပြီ။”
ဟုတ်ပြီလေ။ အခု သူက ဘာမှအပြစ်မရှိတဲ့သူကို အတင်း ဖိအားပေးနေပြီ.... ချန်လွေ့ မျက်လုံးလှန်လိုက်သည်။ သို့သော်လည်း ထိုအဘိုးအိုတွင် စိတ်ကောင်းများ ရှိကြောင်နှင့် ၎င်းမှာ မလွဲချော်သင့်သော ရှားပါးအခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း သိသည်။ သို့သော်လည်း အမှောင်လမှ ထွက်သွားရန် တောင်းဆိုချက်မှာ လွန်ကဲလှ၏။ ချန်လွေ့ အလျင်အမြန် စဉ်းစားနေလိုက်သည်။
“အမ်...ဆရာသခင် ထယ်တင်းနစ်။ ခင်ဗျားတို့ ဆရာတပည့်နှစ်ယောက် အေးအေးဆေးဆေး စကားပြောလိုက်ဦး။ ရှင်းရှင်းနဲ့ကျုပ် လမ်းလျှောက်ထွက် လိုက်ဦးမယ်။” စကိုင်း၏အတွေးများ ပြောင်းလဲသွားသည်။ သူ မတ်တပ်ရပ်ပြီး ရှင်းရှင်းကို ဆွဲခေါ်သွား၏။
ရှင်းရှင်း မျက်လုံးလှန်လိုက်ပြီး ချန်လွေ့ကို စကားတစ်ခွန်း ဆိုလိုက်သည်။ “ကောင်လေး။ ငါ့ရဲ့စေတနာကို အလကားဖြစ်အောင်လုပ်ရင် မင်းနဲ့ငါ တွေ့မယ်။”
ထိုသို့ပြောပြီးနောက် သူက အမှောင်နတ်သူငယ် ဆရာသခင်နှင့်အတူ ထွက်သွားလိုက်လေသည်။ ( ဆက်ရန်... )