နှစ်တစ်သောင်း လျို့ဝှက်ချက်
Vol. 32 Ch. 479
ဆရာသခင်နှစ်ယောက်က စိတ်စေတနာကောင်းများရှိကြောင်း ချန်လွေ့ သိသည်။ ထိုထယ်တင်းနစ်သည် သေချာပေါက် ယုံကြည်၍ ရနိုင်သည်။ ထို့ကြောင့်သာ စကိုင်းနှင့် ရှင်းရှင်းတို့က သုံးသွယ်-အထူးပြု ဆရာသခင်နှင့် အခြားလျို့ဝှက်ချက်များ ပြောပြခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ချန်လွေ့က ထို တစ်ဝက်-မဟာဆရာသခင်ထံမှ အမွေအနှစ်ကို ဆက်ခံပြီး အဂ္ဂိရတ်ပညာကို နောက်တစ်ဆင့် တက်လှမ်းနိုင်ပင်။
ချန်လွေ့ ခဏစဉ်းစားပြီး ထယ်တင်းနစ်ကို ပြောလိုက်သည်။ “ဆရာသခင်။ ကျုပ် ခင်ဗျားဆီကနေ သင်ယူနိုင်ပါတယ်။ ဒါပေမဲ့ ကျုပ်မှာ အမှောင်လကနေ ထွက်သွားလို့ မရမယ့် အကြောင်းရင်းတွေ ရှိတယ်....”
“မင်းအတွက် ရွေးစရာတွေကို နားထောင်ပြီးတဲ့အထိ စောင့်ဦး။ ပြီးမှ မင်း ဆုံးဖြတ်ချက် ချလို့ရတယ်။” ထယ်တင်းနစ်က လေးနက်နေ၏။ “မင်းမှာ ရွေးစရာ နှစ်ခု ရှိတယ်။ ပထမတစ်ခု အနေနဲ့ နောက်သုံးလေးရက်မှာ ငါမင်းကို ဆေးပညာနဲ့ ယန္တရားပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သင်ကြားပေးနိုင်တယ်။ အချိန်အကန့်အသတ် ရှိတဲ့အတွက် ငါမင်းကို အများဆုံး ၁နှစ်ပဲ သင်ပေးနိုင်မယ်။ မင်း ဘယ်လောင် သင်ယူနိုင်မလဲ ဆိုတာက မင်းရဲ့ နားလည်မှု အပေါ်မှာပဲ မူတည်တယ်။ ဒုတိယတစ်ခု အနေနဲ့ အထူးအမွေအနှစ် အမှတ်အသားတစ်ခုကို မင်း လက်ခံလို့ရတယ်။ ငါ သေတာနဲ့ အသိပညာတွေအားလုံးကို မင်း တစ်ခါတည်း ရသွားမယ်။ ဒီအမွေအနှစ်က မင်းကို ရှေ့ကြိုမြင်စေနိုင်ပြီးတော့ လမ်းကွေ့တွေကို ရှောင်နိုင်မယ်။ ဆိုးကျိုးလည်း မရှိဘူး။ အရင်လူရဲ့ အတွေ့အကြုံကပဲ မင်းရဲ့ အနာဂတ် တိုးတက်မှုကို ဟန့်တားနိုင်တဲ့ မူဘောင်တစ်ခု ဖြစ်ဖို့များတယ်။ အဲဒါကြောင့် အရေးကြီးဆုံးက အဲဒါတွေကို မင်း ထိန်းချုပ်နိုင်တဲ့ အသိပညာထဲ ပြောင်းလဲဖို့ပဲ။ ဒါပေမဲ့ ငါ သတိပေးရမယ်။ မင်း ဒုတိယ တစ်ခုကို ရွေးချယ်မယ်ဆိုရင် ငါမင်းကို ငါရဲ့မှတ်ဉာဏ်တွေ၊ ဗဟုသုတတွေအပြင်ကို ကံကြမ္မာမျိုးကိုပါ လွှဲပေးရမှာ။ ဒါကြောင့် အနာဂတ်မှာ မင်းက တော်တော်လေး ကြောက်စရာကောင်းတဲ့ အနာဂတ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ ဒါမှမဟုတ် မင်းက ငါ့လိုမျိုး လမ်းကြောင်းအတိုင်း လျှောက်ရနိုင်တယ်။ မင်း သေသေချာချာ စဉ်းစားရမယ်။”
ကြားထဲ၌ လျို့ဝှက်ကိစ္စများ ရှိနေဟန်တူကြောင်း ချန်လွေ့ကြားလိုက်ရပြီး မေးသည်။ “ဆရာသခင်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ မရွေးချယ်ခင်၊ ခင်ဗျားကို “ဆရာ”လို့ မခေါ်ခင် ဒုတိယတစ်ခုကိုရွေးရင် ကြုံတွေ့ရမယ့် ကံကြမ္မာကို ကျုပ် သိချင်တယ်။ ပြီးတော့ ဆရာသခင်ရဲ့ လက်ရှိအခြေအနေက သက်တမ်းကုန်တော့မယ့် အချိန် မရောက်လောက် သေးဘူး။ ဘာလို့ တစ်နှစ်ပဲ ကျန်တော့တယ်လို့ ပြောရာတာလဲ။”
ထယ်တင်းနစ် သက်ပြင်းချလိုက်သည်။ “မင်း ဒီမေးခွန်းကို မမေးရင်တောင် ငါ ပြောပြမှာပါ။ နောက်တစ်နှစ်ကြာရင် အလောင်းအစား ကစားပွဲမှာ ငါ့အသက်ကို တစ်စုံတစ်ယောက်ဆီ ဆုံးရှုံးရလိမ့်မယ်။ မင်း ဒုတိယတစ်ခုကို ရွေးချယ်မယ်ဆိုရင်တော့ မင်းက ဒီအလောင်းအစား ကစားပွဲကို ဆက်လုပ်မယ့် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာမယ်။”
ထိုအဖြေကို ချန်လွေ့ လုံးဝမမျှော်လင့်ထားခဲ့ပေ။ ချန်လွေ့က မေးသည်။ “အလောင်းအစား ကစားပွဲက ဘာလဲ။”
ထယ်တင်းနစ် သက်ပြင်းချလိုက်ပြန်သည်။ “ဒါက အဂ္ဂိရတ်ပညာရှင်ရဲ့ နှစ်တစ်သောင်း အလောင်းအစား ကစားပွဲပဲ။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၀ကျော်တုန်းက လျို့ဝှက်ချက်တွေ ပါဝင်နေတယ်။ ဒါက ဆေးပညာနဲ့ ယန္တရားပညာ နားလည်တတ်ကျွမ်းမှုကို စစ်ဆေးတာပဲ။ ပြိုင်ဘက်က ငါ့အနွယ်ရဲ့ ရန်သူပဲ။ ဒုတိယ နည်းလမ်းက ဆိုးကျိုးမရှိဘဲနဲ့ အမွေအနှစ်အားလုံးကို ရနိုင်ပေမယ့် မင်းက ပိုကြီးမားတဲ့ တာဝန်နဲ့ အန္တရာယ်တွေကို ထမ်းဆောင်ရမယ်။ အလောင်းအစား ကစားပွဲကို နှစ်၁၀၀ တိုင်းမှာ အသက်ကို လောင်းကြေးထပ်ပြီး ကျင်းပတယ်။ ရှုံးတဲ့သူ ချက်ချင်းသေပြီးတော့ နိုင်တဲ့သူက အသက်၁၀၀ကို ရတယ်။ ငါ့ဆရာက ပြိုင်ဘက်ရဲ့လက်ထဲမှာ အသက်ဆုံးရှုံး ခဲ့တယ်။ အခုတော့ ငါလည်း ဒီကံဆိုးမှုကနေ မလွတ်မြောက်နိုင်တော့ဘူး။ တကယ်လို့ မင်းက ငါ့ရဲ့ အမွေအနှစ်ကို လက်ခံပြီးတော့ ငါမင်းကို ဒီနှစ်သင်ကြားပေးမယ်ဆိုရင် စုစုပေါင်းက ၁၀၁နှစ်ပဲ။ ဒီအချိန်အတွင်း မင်း နည်းလမ်းအကုန်သုံးပြီးတော့ ဆက်ခံထားတဲ့ အသိပညာကို စုပ်ယူပြီး ခြေဖျက်ရမယ်။ ငါ့ရဲ့ မူလအဆင့်ကို မင်းကျော်ဖြတ်ပြီးတော့ မင်းကိုယ်ပိုင် အသုံးချနိုင်အောင် လုပ်ရမယ်။ မင်း တကယ့် မဟာဆရာသခင်အဆင့် ရောက်မှပဲ အဲဒီပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်နိုင်မယ်။”
ထိုအချိန်၌ ချန်လွေ့ အမှန်တကယ် ထိတ်လန့်သွားခဲ့သည်။ တကယ်ကြီး ဒီလိုမျိုး အလောင်းအစား ကစားပွဲ ရှိနေတာပဲ။ ထယ်တင်းနစ်ရဲ့ နယ်ပယ်အားလုံးမှာ ကျွမ်းကျင်ပြီးတော့ ဆေးဝါးပညာမှာ တစ်ဝက်-မဟာဆရာသခင်အဆင့် ရှိတာတောင် ရှုံးနိမ့်မှာ သေချာနေတယ်။ “မဟာဆရာသခင်အဆင့်ရောက်မှပဲ အဲဒီပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်နိုမယ်” ဆိုတဲ့စကားအတိုင်းဆိုရင် တစ်ဖက်လူက ယန္တရားပညာနဲ့ ဆေးရည်ပညာမှာ မဟာဆရာသခင်အဆင့် ရောက်နေပြီလို့ ပြောနေတာပဲ။
နတ်ဆိုးဘုံမှာ တကယ်ကြီး ဒီလိုမျိုးပုဂ္ဂိုလ် ရှိနေတာလား။ ပြီးတော့ သူ့ကို ဘယ်သူမှ မသိကြဘူး။
သုံးသွယ်-အသုံးပြု ပါရမီရှင် ဆရာသခင်ဆိုသည်မှာ တကယ့် မဟာဆရာသခင် အရှေ့၌ ဘာမျှမဟုတ်ပေ။ ထိုစဉ်က ဆက်ခ်ရက်တောင်၌ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း ခံစားခဲ့ရသော ချန်လွေ့သည်ပင် စိတ်ဓာတ်အနည်းငယ် ကျသွားသည်။ သို့သော်လည်း သူ အားမလျှော့ခဲ့ပေ။ ယခုတွင် ပိုရှေ့ဆက်ရန် အခွင့်အရေးတစ်ခု ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း သူ ရွေးချယ်မှုတစ်ခု ပြုလုပ်ရပေမည်။
“ဆရာသခင်။ ခင်ဗျားပြောချင်တာက နောက်နှစ် အလောင်းအစား ကစားပွဲကို ခင်ဗျား ယှဉ်ပြိုင်ရင် သေချာပေါက် ရှုံးနိမ့်မှာပေါ့။”
“ငါ့အခြေအနေကို ငါ ကောင်းကောင်းသိတယ်။ တစ်နှစ်မပြောနဲ့၊ ၁၀နှစ် ဆိုရင်တောင် မဟာဆရာသခင်အဆင့်ကို ငါ ရောက်နိုင်ဦးမှာ မဟုတ်ဘူး။ တစ်နှစ် ပြီးသွားရင် နိုင်နိုင်ချေက သုညပဲ။ ပြီးတော့ လမ်းဆုံးပဲ ရှိတယ်။ အဲဒါကြောင့် ငါ့ရဲ့ အသိပညာတွေကို လက်ဆင့်ကမ်းဖို့အတွက် တပည့်တစ်ယောက် ရှာချင်နေတာ။ မင်း ဘာကိုပဲ ရွေးချယ်ရွေးချယ်၊ လေ့လာဖို့ စိတ်နှစ်မြှုပ်ဖို့လိုတယ်။ အဲဒါကြောင့် မင်းကို အမှောင်လကနေ ထွက်သွားဖို့ ငါ အကြံပေးတာ။”
နောက်ဆုံး၌ ချန်လွေ့ သဘောပေါက်သွား၏။ “ဆရာသခင်။ တစ်ဖက်လူရဲ့ ဇစ်မြစ်က ဘာလဲ။ အလောင်းအစားက ဘာလဲ။”
ထယ်တင်းနစ် ခဏ တိတ်ဆိတ်သွားပြီးနောက် ချန်လွေ့၏မျက်လုံးကို စိုက်ကြည့်လိုက်သည်။ “ငါ့ကို ဆရာလို့ခေါ်။”
ထိုကဲ့သို့ ပိုမိုနက်ရှိုင်းသော လျို့ဝှက်ချက်ကို ဆရာတပည့် ဆက်ဆံရေးမှသာ သိရှိ၍ ရနိုင်မည်ဟု ချန်လွေ့ သဘောပေါက်လိုက်သည်။ ထိုကဲ့သို့ တစ်ဝက်-မဟာဆရာသခင် အဖြစ် ဆရာတစ်ယောက် ရှိနေခြင်းမှာ အဂ္ဂိရတ်ပညာရှင်များအားလုံး စိတ်ကူးယဉ်ကြသော အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။ သူက အန္တရာယ်များသော အမွေအနှစ်ကို လက်မခံသည့်တိုင် ပထမတစ်ခုကို ရွေးချယ်ခြင်းအားဖြင့် ထယ်တင်းနစ်၏ သင်ကြားမှုမှ အကျိုးအမြတ်များ ရရှိလာနိုင်ပေသည်။
ထယ်တင်းနစ်၏ ရှက်တင်သော မျက်လုံးများကို ကြည့်ခြင်းအားဖြင့် သူ၏ ဆက်ခံသူ ဖြစ်လာခြင်းမှာ အဘိုးအို၏ အကြီးမားဆုံးနှင့် နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းခြင်းပင် ဖြစ်နိုင်လေသည်။
“ဆရာ။” ချန်လွေ့ စိတ်ပိုင်းဖြတ်လိုက်ပြီး ထယ်တင်းနစ်အား အရိုအသေ ပြုလိုက်သည်။
ထယ်တင်းနစ် စိတ်သက်သာရာ ရသွားဟန်တူပြီး ခေါင်းညိတ်လိုက်သည်။ “သိပ်ကောင်းတယ်။ ငါမင်းကို အရင်ဆုံး ဇာတ်လမ်းအစအဆုံး ပြောပြမယ်။ ရွေးချယ်ဖို့က မင်းအပေါ်မှာပဲ မူတည်တယ်။”
အဖြစ်အပျက်မှာ နတ်ဆိုးဘုံ၌ မဟာဆရာသခင် နှစ်ယောက် ရှိခဲ့သော လွန်ခဲ့သည့် နှစ်ပေါင်း ၉၀၀၀ခန့်က စပေသည်။ တစ်ယောက်မှာ ဆေးဝါးပညာ မဟာဆရာသခင် ရိုဆန်ဘာ့ဂျ် ဖြစ်ပြီး နောက်တစ်ယောက်မှာ ယန္တရားမဟာဆရာသခင် လိုလို ဖြစ်သည်။
ရိုဆန်ဘာ့ဂျ်သည် တပည့်များစွာရှိသော အမှောင်နတ်သူငယ်တစ်ယာက် ဖြစ်သည်။ လိုလိုမှာ အမှောင်လူပု ဖြစ်၏။ သူက မယုံနိုင်စရာကောင်းလောက်အောင် သုံးသွယ်- အထူးပြု ယန္တရားပညာရပ်များရှိသော မဟာဆရာသခင်တစ်ယောက် ဖြစ်သည့်အပြင် ရှေးမှော်စာများလည်း ကျွမ်းကျင်သည်။ သို့သော်လည်း သူက တစ်ဘဝလုံး တပည့် တစ်ယောက်မျှ လက်မခံခဲ့ပေ။
မဟာဆရာသခင် နှစ်ယောက်က တောင်နှင့်မြောက်တွင် အသီးသီး နေထိုင်ကြသည်။ တစ်ယောက်မှာ ဆေးပညာ မဟာဆရာသခင်ဖြစ်ပြီး အခြားသူမှာ ယန္တရားပညာ မဟာဆရာသခင် ဖြစ်သည်။ အဆက်မသွယ်မရှိဟု ထင်ရသော်လည်း ထို မဟာဆရာသခင်နှစ်ယောက်က သေခြင်းရှင်ခြင်းကို ဖြတ်သန်းခဲ့ကြသော ရင်းနှီးမှု ရှိခဲ့ကြောင်း မည်သူမှ မသိခဲ့ကြပေ။ လိုလိုက အစောပိုင်းနှစ်များ၌ ဒဏ်ရာအပြင်းအထန် ရခဲ့သည်။ ရိုဆန်ဘာ့ဂျ်က သူ့ကို ကယ်တင်ရန် အကြောင်းဆုံ ကြိုးစားခဲ့သော်လည်း လိုလိုက ကုသ၍မရသော ဘေးထွက်ဆိုးကျိုးများနှင့် ကျန်ရစ်နေခဲ့သည်။
နောက်ပိုင်းနှစ်များ၌ လိုလိုက သူအသက်ရှင်ရန် အချိန်အနည်းငယ်သာ ကျန်တော့ကြောင်း သိသွားသည့်အခါ ရိုဆန်ဘာ့ဂျ်ဆီ သွားခဲ့သည်။ ရိုဆန်ဘာ့ဂျ်ကလည်း နေဝင်ချန်နှစ်များသို့ ရောက်နေပြီး နောက်ဆုံး ဆက်ခံသူကို ဆုံးဖြတ်ရန် ကြိုးစားနေ၏။ ဤသို့နှင့် မဟာဆရာသခင်နှစ်ယောက်က အတူတူ ကြိုးစားပြီး သူတို့တစ်ဘဝလုံး သင်ယူထားခဲ့သမျှ ပါဝင်သည့် အမွေအနှစ် သလင်းကျောက်တစ်ခုကို ပြုလုပ်ခဲ့ကြသည်။
အမွေအနှစ်သလင်းကျောက်ကို ဖန်တီးမှုနောက် လိုလို၏ဒဏ်ရာများ ပြန်ထလာပြီး စွမ်းအင်ကုန်ခမ်းမှုကြောင့် သေဆုံးသွားခဲ့သည်။ ရိုဆန်ဘာ့ဂျ်၏ အသက်ဓာတ်လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ သိပ်မကြာငခ်က ထူးချွန်သောအရည်အချင်းရှိသည့် တပည့်များကို ဆက်ခံသူ ရွေးချယ်ရန်အတွက် ပြိုင်ပွဲပြုလုပ်ခဲ့သည်။
နောက်ဆုံး၌ ဒါဝေါ်ဟု အမည်ရသည့် တပည့်တစ်ယောက် အနိုင်ရရခဲ့သည်။ သို့သော် ထိုအချိန်၌ ပြိုင်ပွဲကို ရှုံးနိမ့်ခဲ့သည့် တပည့်ကြီးတစ်ယောက်ဖြစ်သော ဆာမန်က ရုတ်တရက် လှုပ်ရှားခဲ့သည်။ သူက လှည့်ကွက်တစ်ခုသုံး၍ ဒါဝေါ်နှင့် ရိုဆန်ဘာ့ဂျ်ကို အပြင်းအထန် ဒဏ်ရာရစေခဲ့ကာ အမွေအနှစ်သလင်းကျောက်ကို လုယူပြီး သူတို့ နှစ်ယောက်ကို သတ်ပစ်ရန် ကြိုးစားခဲ့ရသည်။
မူလက ရိုဆန်ဘာ့ဂျ်သည် ဒဏ်ရာအပြင်းအထန် ရနေခဲ့ပြီး ယခုတွင် ဒဏ်ရာ ပိုပြင်းထန်သွားကာ သေလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူက မဟာဆရာသခင် တစ်ယောက်ဖြစ်ပြီး သလင်းကျောက်ဖန်တီးသူတစ်ယောက် ဖြစ်သည်။ သူက ချက်ချင်းပင် အမွေအနှစ် သလင်းကျောက်မှာ အထူးစာချုပ်ကို အသက်သွင်းပြီး အမွေအနှစ် အမှတ်အသားကို နှစ်ပိုင်းပိုင်းကာ ဒါဝေါ်နှင့် ဆာမန်တို့ထံ အသီးသီး ခွဲပေးလိုက်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးက တစ်ချိန်တည်းမှာပင် သလင်းကျောက်၏ ဆက်ခံသူများ ဖြစ်သွားကြသည်။
သူတို့နှစ်ယောက် ရရှိခဲ့သော အမွေအနှစ်မှာ မပြည့်စုံပေ။ သူတို့သည် တစ်ဖက်လူကို စည်းမျဉ်းဖြင့် အနိုင်ယူမှသာ အမွေအနှစ်အားလုံးကို ရရှိပြီး စာချုပ်ကို လုံးဝဖယ်ရှားနိုင်မည် ဖြစ်သည်။ သူတို့က အခြားနည်းလမ်းများဖြင့် အချင်းချင်း သတ်ဖြတ်ကြမည်ဆိုလျှင် ပြီးပြည့်စုံသော အမွေအနှစ်ကို ရရှိလိမ့်မည် မဟုတ်ဘဲ ကြောက်မက်ဖွယ်ရာကောင်းသော တန်ပြန်မှုတစ်ခုကိုပင် ခံစားရပေလိမ့်မည်။
ထို့ကြောင့် ဆာမန်က ဒါဝေါ်ကို မသတ်နိုင်တော့သည့်အပြင် အခြားသူများကိုလည်း သတ်ခိုင်း၍ မရတော့ပေ။ သို့မဟုတ်ပါက သူက အမွေအနှစ် အပြည့်အစုံကို ရရှိတော့မည် မဟုတ်ပေ။ ထိုကဲ့သို့ အမှတ်အသားမှာ အလွန်ပင် အံ့သြဖွယ်ရာကောင်းပြီး စာချုပ်ကာလ နှစ်တစ်သောင်းအတွင်း အမွေအနှစ် ဆက်ခံသည့်နည်းလမ်းဖြင့် မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း နိုင်ပေသည်။
ထို့အပြင် သစ္စာဖောက် ဆမန်ကို မုန်းတီးသော ရိုဆန်ဘာ့ဂျ်က ဆာမန်၏ အမှတ်အသားအား လက်ဆင့်မကမ်းနိုင်ရန်အတွက် ကျိန်စာတစ်ခု မန်းမှုန်ရန် သူ၏ အသက်ကိုပင် မတုံ့မဆိုင်းဘဲ စတေးခဲ့သည်။ ဆိုလိုသည်မှာ ဆာမန် တစ်ခေါက် ရှုံးနိမ့်သွားလျှင် အမှန်တကယ် သေဆုံးသွားမည် ဖြစ်ပေသည်။
သို့သော်လည်း အဓိကမှာ ဆာမန်က လျို့ဝှက်ဆန်းကြယ်မှုအချို့နှင့် တွေ့ကြုံခဲ့ပြီး လက်ရှိအထိ အံ့သြဖွယ်ကောင်းလောက်အောင် မရှုံးနိမ့်ဘဲ အသက်ရှင်နေနိုင်ခြင်းပင် ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူက အမှန်တကယ်ပင် မဟာဆရာသခင် အဆင့်သို့ ရောက်ရှိခဲ့သည်။ နောက်ဆုံးပြိုင်ပွဲ၌လည်း သူက ထာဝရဆေးရည် တစ်စုံအပြည့်ကို ထုတ်လုပ်နိုင်ခဲ့သည်။ သူ၏ အောင်မြင်မှုများမှာ ထိုစဉ်က ရိုဆန်ဘာ့ဂျ် ထက်ပင် သာလွန်သွားခဲ့သည်။ ပြီးပြည့်စုံသော အမွေအနှစ် အမှတ်အသားကို ပူးပေါင်းရန်မှာ သူ့အတွက် အဓိပ္ပာယ် သိပ်မရှိတော့ပေ။ ပြောရမည်ဆိုလျှင် ထို အလောင်းအစား ကစားပွဲမှာ သူ၏အသက်ကို ဆန့်တန်းရန် နည်းလမ်းတစ်မျိုးပင် ဖြစ်နေသည်။
ချန်လွေ့က စိတ်ထဲ၌ အံ့အားသင့်သွားသည်။ လက်စသတ်တော့ ဒီလိုမျိုး လျို့ဝှက်ချက် ရှိနေတာကိုး။ ပြိုင်ဘက်က တကယ်ကြီး နှစ်ပေါင်း တစ်သောင်းနီးပါး အသက်ရှင်ခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီးပဲ။ ခဏစဉ်းစားပြီးနောက် ချန်လွေ့ မေးသည်။ “ဒီနှစ်တစ်သောင်း အမွေအနှစ် စာချုပ်အတွက် အချိန် ဘယ်လောက် ကျန်သေးလဲ။”
“မင်း ဒီအမွေအနှစ်ကို လက်ခံမယ်ဆိုရင် မင်းရဲ့ အသက်၁၀၀က နောက်ဆုံး အချိန်ပဲ။” ထယ်တင်းနစ် သက်ပြင်းချလိုက်သည်။ “အမှန်အတိုင်းပြောရရင် ဆာမန်ရဲ့ စွမ်းအားထက် ရိုဆန်ဘာ့ဂျ်ထက် မြင့်နေပြီ။ အံ့ဖွယ်တစ်ခုခု မဖြစ်ဘူးဆိုရင် မင်းက မဟာဆရာသခင်အဆင့် ရောက်တာတောင် အနိုင်ရနိုင်ချေ တော်တော်လေး နည်းတယ်။ အဲဒါကြောင့် ငါမင်းကို ရွေးစရာနှစ်ခု ပေးတာ။ မင်း ပထမတစ်ခုကို ရွေးရင်တောင် ကိစ္စမရှိဘူး။ အဆုံးသတ်မှာ ဆာမန် အနိုင်ရတာနဲ့ သူက နတ်ဆိုးဘုံမှာ ပေါ်ပေါ်လွင်လွင် နေနိုင်ဖို့အတွက် စာချုပ်ရဲ့ ကန့်သတ်မှုအမျိုးမျိုးကို ဖယ်ရှားမှာပဲ။ သူ့ရဲ့ နှစ်သွယ်- မဟာဆရာသခင် ဂုဏ်ပုဒ်နဲ့ဆိုရင် သူ့ကို အစွမ်းအထက်ဆုံး အင်အားစုတွေက ကာကွယ်ပေးမှာ သေချာတယ်။ အဲဒီအချိန်ကျရင် အခြားနည်းလမ်းနဲ့ သူ့ကို လက်စားချေဖို့ မဖြစ်နိုင်တော့ဘူး။”
“ဆရာ။ ကျုပ် ဒုတိယနည်းလမ်းကို ရွေးချယ်မယ် ထင်တယ်။” ချန်လွေ့က ခဏ စဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်သည်။ “ကျုပ်ရဲ့ပန်းတိုင်က ဆရာ့ဆီကနေ ယန္တရား ပညာတွေကို သင်ယူဖို့ပဲ။ ဆေးပညာအတွက်ကတော့ ဆေးရည်ပညာရှင် မိတ်ဆွေ တစ်ယောက်နဲ့အတူ သင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲ...ကျုပ် သူ့ကို ဆရာရဲ့ တပည့်ဖြစ်ဖို့ ပြောလို့ရပါတယ်။”
ချန်လွေ့က အဲဒက်စ်အကြောင်း ပြောနေခြင်း ဖြစ်သည်။ လက်ရှိ၌ အဲဒက်စ်သည် အကြီးတန်း ဆရာသခင်အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုတစ်ဝက်-မဟာဆရာသခင်၏ လမ်းညွှန်မှုနှင့်ဆိုလျှင် နောက်တစ်ဆင့် တက်လှမ်းသွားနိုင်ရန် အခွင့်အရေး များပေသည်။ ချန်လွေ့သည် လက်ရှိ၌ ဆေးရည်မည်းများအကြောင်းကို ထုတ်ပြရန် မရည်ရွယ်ထားပေ။ သူက ထယ်တင်းနစ်ထံ၌ သင်ယူနေရင်း အချိန်တစ်ခုအထိ စောင့်ကြည့်ချင်နေသည်။
ထိုရွေးချယ်မှုကို ထယ်တင်းနစ် မျှော်လင့်ထားပြီးသား ဖြစ်သည်။ ဒါက နည်းနည်း ဝမ်းနည်းစရာကောင်းပေမဲ့ နားလည်နိုင်ပါတယ်။ ဘယ်သူက နှစ်တစ်သောင်း အသက်ရှင်ခဲ့တဲ့ အစွမ်းအထက်ဆုံး မဟာဆရာသခင်နဲ့ လောင်းကြေးထပ်ချင်မှာလဲ။ အဘိုးအိုက ခဏကြာ စဉ်းစားနေလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ငါက အသက်ရှင်ဖို့ တစ်နှစ်ပဲ ကျန်တော့တယ်။ အက်ဂ်ယောက ယန္တရားပညာကိုပဲ အထူးပြုနေတဲ့ပုံပဲ။ ဒါကြောင့် ဆေးပညာကို တခြားဆေးရည်ဆရာသခင်ဆီ လွှဲပြောင်းပေးရမယ်။ သူက ငါ့တပည့်ရဲ့ မိတ်ဆွေကောင်းဆိုတော့ သူ့ရဲ့စရိုက်ကို သိပ်ပြီး စိုးရိမ်စရာ မလိုဘူး။
“ဟုတ်ပြီ။ အခု ငါတို့စပြီးတော့ လေ့လာလို့ရပြီ....”
“ခဏနေပါဦး။ ဆရာ။ အခုက နောက်ကျနေပြီ။ ကျုပ် နန်းတော်ကို သွားပြီးတော့ ဆေးရည်ဆရာသခင်ကို အကြောင်းကြားရဦးမယ်။ ပြီးရင် တော်ဝင်မင်းသမီးကို ကိစ္စတချို့ သတင်းပို့ရဦးမယ်။ မနက်ဖြန်မှ စကြတာပေါ့။ မနက်ဖြန်ကျရင် ကျုပ်ရဲ့မိတ်ဆွေကို တပည့်အဖြစ် တရားဝင်အသိအမှတ်ပြုဖို့ ခေါ်လာခဲ့ပါမယ်။”
“သတင်းပို့ရမယ် ဟုတ်လား။ အဲဒီ ပျင်းစရာ နိုင်ငံရေးကိစ္စတွေ လာပြန်ပြီ။” အဘိုးအိုက မကျေမနပ်နှင့် ပြောလိုက်သည်။ “မင်းရဲ့စွမ်းရည်တွေကို အထူးပြုရမှာ မသိဘူးလား။ မင်းရဲ့ပါရမီကို အလကား မဖြစ်စေနဲ့။”
“ဆရာ။ စိတ်မပူပါနဲ့။ ဘာလုပ်ရမလဲဆိုတာ ကျုပ်သိပါတယ်။ ကျုပ်ရဲ့ပါရမီနဲ့ စွမ်းရည်က ဆရာစိတ်ကူးနိုင်တာထက် ကျော်လွန်နေနိုင်တယ်။ အဲဒီအချိန်ကျရင် သိပ်ပြီးတော့ မအံ့သြသွားနဲ့ဦး။”
“ချီးကို အံ့သြရမှာလား။ မင်း အခု ထွက်သွားလိုက်တော့။” အဘိုးအို ကဲ့ရဲ့လိုက်ပြီး ချန်လွေ့ကို ဂရုမစိုက်တော့ပေ။ ချန်လွေ့ ပြုံးပြီး ထွက်သွားလိုက်၏။