ခန့်မှန်း၍မရသော ပြောင်းလဲမှု၊ ကိုယ့်အစွမ်းနှင့်ကိုယ်ပြန်ထိခြင်း
Vol. 33 Ch. 484
၎င်းသည် အလွန်အောင်မြင်သော ညီတူမျှတူ စာချုပ်ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ နှစ်ဖက်စလုံးက ဆန္ဒရှိသည့်အပြင် အခွင့်အရေး ကြီးကြီးမားမား ယူခဲ့သည် ဟူ၍လည်း နှစ်ယောက်လုံး ခံစားနေရသည်။
“ဟုတ်ပြီ။ အခု ငါတို့က ညီတူမျှတူစာချုပ် ချုပ်ပြီးပြီဆိုတော့ မင်းကို လျို့ဝှက်ချက် တချို့ ပြောပြမယ်။ ဒါပေမဲ့ မင်း ဘယ်သူ့ကိုမှ ပြောပြလို့မရဘူးဆိုတာ မမေ့နဲ့။ ငါ့နာမည်က ဆိုင်မွန် မဟုတ်ဘူး၊ ချန်လွေ့။ ငါက အမှောင်လမြို့တော်က ဘဏ္ဍာရေးအရာရှိ...” ချန်လွေ့နှင့် မစ်-နဂါးနက်တို့က ညီတူမျှတူစာချုပ် ချုပ်ဆိုထားကြသည့်အတွက် လျို့ဝှက်ချက် ပေါက်ကြားမည်ကို ချန်လွေ့ မကြောက်ပေ။
အိုလီဖီးရက်စ် အာရုံစိုက်သည်မှာ ချန်လွေ့၏ လျို့ဝှက်ချက်များနှင့် သတ်မှတ်ချက်များ အပေါ်၌ မဟုတ်ဘဲ အပြုအစု အပေါ်၌ အထူးသဖြင့် ချက်ချင်း ပေးအပ်ခဲ့သော ရေပုလဲအပေါ်၌ ဖြစ်သည်။ စာချုပ်ချုပ်ဆိုပြီးနောက် မစ်-နဂါးနက်က သူလိုချင်နေခဲ့သည့် ရတနာကို ရရှိသွားခဲ့သည်။ ၎င်းမှာ မျက်ရည်ကျလောက်ရသည်အထိ အခိုက်အတန့်တစ်ခုပင် ဖြစ်၏။
ဟော့ပေါ့စားသောက်ဆိုင်မှ ထွက်သွားပြီးနောက် ချန်လွေ့က မူလမျက်နှာသို့ ပြန်ပြောင်းကာ သူပြန်ပေးဆွဲလာသော သက်တော်စောင့်နှင့်အတူ သူ့အိမ်သို့ လမ်းလျှောက်ပြန်သွားလိုက်သည်။
လမ်းတစ်လျှောက်၌ ချန်လွေ့ကို လက်ညှိုးထိုနေသော နတ်ဆိုး အများအပြား ရှိကြသည်။ ဒီမြာပွေတဲ့ ငြိမ်ဝပ်ပိပြားရေးအရာရှိက နောက်ထပ် မိန်းမလှ တစ်ယောက်ကို သူ့စကားချိုချိုတွေနဲ့ လှည့်စားလိုက်ပြန်ပြီ။ နတ်ဆိုးဘုရားသခင်က တကယ့်ကို မျက်လုံးကန်းနေတာပဲ။ နတ်ဆိုးလူပျိုတွေ အများကြီး ရှိတာတောင် သူ ဂရုမစိုက်ဘူး။ ဒါပေမဲ့ သူက တကယ်ကြီး အိမ်ထောင်ရှိတဲ့ လူသားကိုတော့ ဂရုစိုက်ပေးတယ်။
ထိုတီးတိုးသံများက အိုလီဖီးရက်စ်၏ နားထဲမှ မလွတ်မြောက်ခဲ့ပေ။ သူက လမ်းတစ်လျှောက်၌ ချန်လွေ့အား မေးခွန်းများ အဆက်မပြတ် မေးနေခဲ့ပြီး ချန်လွေ့ကို အားအင်ကုန်ခမ်းလုနီးပါး ဖြစ်သွားစေသည်။
အိုလီဖီးရက်စ် “သူတို့က နင့်ရဲ့ရန်သူတွေလား။ သူတို့ရဲ့ မကျေနပ်မှုတွေက နက်ရှိုင်းတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ။”
အိုလီဖီးရက်စ် “နင့်မှာ ဏှာဘူး ဆိုတဲ့နာမည် ရှိသေးတာလား။”
အိုလီဖီးရက်စ် “တစ်ယောက်ယောက်က နင့် ငယ်ပါလေးကို မြေကြီးကိုပဲ အမြဲတမ်း ညွှန်ပြနေဖို့ ကျိန်စာတိုက်ခဲ့တယ်။ ဒါကို ဘာကို ဆိုလိုတာလဲ။ အထူးမှော်ပညာလား။ ငါသူ့ကို သွားသတ်လိုက်ရမလား။”
ချန်လွေ့ “...”
နောက်ဆုံး သူတို့နှစ်ယောက် အိမ်သို့ ပြန်ရောက်လာသောအခါ ဝင်းထဲ၌ သူတို့ကို စောင့်နေဟန်တူသော လူ၄ယောက်ကို မြင်လိုက်ရသည်။ ၃ယောက်က ထိုင်နေပြီး ၁ယောက်က မတ်တပ်ရပ်နေကာ တရားသူကြီးသုံးယောက် တရားစီရင်နေသည့်ပုံစံမျို ဖြစ်နေသည်။
ထိုင်နေသူသုံးယောက်မှာ မစ်-ဘက်တီနှင့်အတူ တံခါးပိတ်လေ့ကျင့်နေခဲ့သော နတ်မိမယ်နဂါး ဇိုလာ ဦးဆောင်သော မိန်းမသုံးယောက်ဖြစ်သည်။ ခရိုဘဲလက်စ်နှင့် ဒေလီယာတို့က ဘယ်ဖက်နှင့်ညာဘက်တွင် ရှိနေကြပြီး မတ်တပ်ရပ်နေသူမှာ ဝင့်ကြွားလျက် ပြုံးဖြီးဖြီးလုပ်နေသော ပါ့ဂ်လီအိုပင် ဖြစ်လေသည်။
ချန်လွေ့က အိုလီဖီးရက်စ်နှင့်အတူ ရောက်လာသည်နှင့် ဇိုလာ၏ လူသတ်ချင်သော အကြည့်ဖြင့် စိုက်ကြည့်ခံလိုက်ရသည်။ မစ်-ဘက်တီနှင့် လျို့ဝှက်သတင်းအချက်အလက် ဒုတိယခေါင်းဆောင်တို့ကလည်း “အင်အားကြီးမားသော” ပုံစံ၌ ရှိနေကြသည်။
မစ်-ဘက်တီက ပြောသည်။ “ချန်လွေ့။ ရှင်က တော်တော်စွမ်းတာပဲ။ သုံးလေးရက်နဲ့ နောက်ထပ် မိန်းမတစ်ယောက်ကို လိမ်ခေါ်လာခဲ့တယ်။ ဇိုလာ။ နင် ဒီတစ်ခေါက် သည်းခံလို့ မဖြစ်တော့ဘူး။”
ဇိုလာ ဘာမှမပြောဘဲ ချန်လွေ့ကို စိုက်ကြည့်နေလိုက်သည်။ ချန်လွေ့က မစ်-နတ်မိမယ်နဂါ အမှန်တကယ် ဒေါသထွက်နေကြောင်း ခံစားလိုက်ရသည်။ အမှန်တကယ်၌ သူက လိုရမည်ရအနေဖြင့် အသီနာနှင့် ခီရာတို့က မစ်-နဂါးနက်သည် သက်တော်စောင့် ဖြစ်လာမည့်အကြောင်း ကြိုတင်ပြောထားခဲ့သည်။ ဇိုလာသည် ခရိုဘဲလက်စ်နှင့်အတူ တံခါးပိတ်လေ့ကျင့်နေခဲ့သည့်အတွက် ထိုအချိန်က ချန်လွေ့ မပြောခဲ့ရပေ။ ချန်လွေ့ ပြန်ရောက်သည့်အခါ လေ့ကျင့်ရေးပြီးသွားသော ဇိုလာနှင့် တွေ့ရလိမ့်မည်ဟု မည်သူ သိမည်နည်း။
နေပါဦး။ သူတို့က စစ်ဆေးတဲ့ပုံစံကို ကြိုပြီးတော့ လုပ်ထားသလိုပဲ။ တစ်ယောက်ယောက်က သူတို့ကို ကြိုသတင်းပေးထားတာ ဖြစ်မယ်။ ချန်လွေ့က ချက်ချင်း တုံ့ပြန်ပြီး ပါ့ဂ်လီအိုကို စိုက်ကြည့်လိုက်သည်။ ခင်ဗျားက တော်တော်လေး အကြံပက်စက်တာပဲ။
ပါ့ဂ်လီအို အံ့အားသင့်သွားပြီး ချန်လွေ့ကို လက်ခါလိုက်သည်။ “ငါမဟုတ်ဘူး။ သူ။”
အဆိပ်နဂါးက ဒေလီယာကို လက်ညှိုးထိုးပြနေခြင်း ဖြစ်သည်။ သူ ခုနကတုန်းက တော်တော်လေး ခံစားခဲ့ရပေမဲ့ လက်စားချေတတ်တဲ့ ရွံစရာ လူဆိုးတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ငါ ကျေနပ်နေတယ်ဆိုတာတော့ အမှန်ပဲ။
လျို့ဝှက်သလင်းအချက်အလက် ဒုတိယခေါင်းဆောင်က ချန်လွေ့ထက် ပို၍ အရှိန်အဟုန်များပြီး ယုံကြည်ချက်ရှိရှိ ပြောသည်။ “ခေါင်းဆောင်။ ရှင့်ကိစ္စကို ကျွန်မ မထိန်းချုပ်ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်က ရှင် လွန်သွားပြီ။ ရှင့်ကို လက်ဆောင်တစ်ခုခု မပေးဘဲနဲ့ ရှင့်ဆီကနေ လက်ဆောင်တွေအများကြီး ရခဲ့တဲ့အကြောင်း အရင်နေ့တွေ တုန်းက ကျွန်မတို့ စနောက်ပြောခဲ့တယ်။ အဲဒါကို နားထောင်ပြီးတော့ ဇိုလာက ရှင့်အတွက် လက်ဆောင်တစ်ခု လုပ်ပေးချင်ခဲ့တယ်။ အဲဒါကြောင့် သူက ဘက်တီကို သက်တန့်တောင်ကြားမှာ တံခါးပိတ်လေ့ကျင့်ဖို့ အကူအညီတောင်းတာ။ ဒါပေမဲ့ ရှင်က သူစိမ်းမိန်းမတစ်ယောက်ကို ပြန်ခေါ်လာခဲ့တယ်။”
လက်ဆောင်လား။ ချန်လွေ့ သိမ့်သိမ့်တုန်သွား၏။ မစ်-နတ်မိမယ်နဂါးအပေါ် သူ၏အကြည့် အလွန်အမင်း နူးညံ့သွားခဲ့ပြီး သူ၏နှလုံးသားလည်း နွေးထွေးမှုများနှင့် ပြည့်နှက်သွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ် မစ်-နဂါးနက်က မှားယွင်းသော အချိန်၌ ဘာမှမသိဘဲ မေးလိုက်သည်။ “အလယ်ကမိန်းမက စိတ်ရှုပ်စရာကောင်းတယ်။ သူ့ကို သတ်ပေးရမလား။”
ထိုစကားသံ ထွက်လာသည်နှင့် မောင်းခလုတ်ကို ဆွဲလိုက်သလို ဖြစ်သွားသည်။ အိုလီဖီးရက်စ်ထံသို့ များပြားလှသော သတ်ဖြတ်ချင်စိတ်က တဟုန်ထိုး ရောက်ရှိလာခဲ့သည်။
ချန်လွေ့လည်း ချွေးစေးများ ပြန်သွားတော့သည်။ “ပိုဆိုးအောင် မလုပ်နဲ့။ သူက ငါ့ရဲ့....”
“သတိထား။” ဇိုလာ၏ သတ်ဖြတ်ချင်စိတ်ကို ရင်ဆိုင်ရသည့်အခါ သက်တော်စောင့်က ချက်ချင်းပင် ကြီးမားလှသော အန္တရာယ်ကို ခံစားလိုက်မိပြီး ကာကွယ်သည့် အနေအထားဖြင့် ချန်လွေ့အား သူ့နောက်သို့ ဆွဲပို့လိုက်သည်။
ထိုလုပ်ရပ်က မီးစကို ဓာတ်ဆီလောင်းသလို ဖြစ်သွားသည်။ ဇိုလာ၏ ဖိနှိပ်ထားသော ဒေါသများ ရုတ်တရက် ပေါက်ကွဲထွက်ကုန်သည်။ သူ၏ မျက်မှန်လည်း အရောင်လက်သွားပြီး အိုလီဖီးရက်စ်အရှေ့တွင် ခရမ်းရောင် လျှပ်စီးကွေးတစ်ခု ပေါ်ထွက်လာကာ သက်ရှိမြွေတစ်ကောင်သဖွယ် သူ့ကို ဝိုင်းရံလိုက်သည်။
မူလက အိုလီဖီးရက်စ်သည် ခုခံသောအနေအထား ဖြစ်နေသော်လည်း ထို မှော်တိုက်ခိုက်မှုကို မြင်သည့်အခါ အတော်လေး စိတ်သက်သာသွားပုံရသည်။ သူက ၎င်းကို မရှောင်ဘဲ ရှေ့တက်ကာ ထိုခရမ်းရောင်မိုးကြိုးကို အထိခံလိုက်သည်။
မိုးကြိုးပေါက်ကွဲသံ ထွက်လာပြီးနောက် မြေပြင်ပေါ်မှ အကာအကွယ် မှော်စာများ အားလုံး တွန့်လိမ်ကာ ပုံပျက်သွားခဲ့သည်။ သို့သော်လည်း အိုလီဖီးရက်စ်က သူ၏ အနက်ရောင် ဆံပင်ရှည်ပေါ်မှ လျှပ်စီးကွေးကို ခါထုတ်ရုံသာ လုပ်လိုက်သည်။ သူက အမှန်တကယ်ပင် လုံးဝ မထိခိုက်ခဲ့ပေ။
ဒေလီယာမှလွဲ၍ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က ခရမ်းရောင် လျှပ်စီးကွေး၏ စွမ်းအားကို သေသေချာချာ သိကြသည်။ ပါ့ဂ်လီအိုပင် ထိုကဲ့သို့ သက်တောင့်သက်သာ မနေနိုင်ပေ။ ဝတ်စုံနက်နှင့် အမျိုးသမီးက ထိုဒြပ်ပေါင်း မှော်စွမ်းအားကို မည်သည်မှ အားမထုတ်ဘဲ အမှန်တကယ် ခုခံနိုင်ခဲ့လေသည်။
အိုလီဖီးရက်စ်က ခိုင်မာသော ယုံကြည်ချက်မျိုး ပြသသည်။ “မျက်မှန်နဲ့ မိန်းမ။ နင်က တော်တော်လေး အစွမ်းထက်တယ်။ ဒါပေမဲ့ နင်က နတ်ဆိုးအရှင်သခင်အဆင့် ဖြစ်တော့ ဘာဖြစ်လဲ။ နင်က မှော်ပညာနဲ့ပဲ တိုက်ခိုက်နိုင်တယ်ဆိုရင်တော့ ဘယ်လောက်ပဲများများ၊ ငါ့ပြိုင်ဘက် မဟုတ်ဘူး။”
“သလင်းကျောက်နဂါးမလား။” ပါ့ဂ်လီအိုက အနီးအနား နဂါးထွင်းစာများ၏ အကာအကွယ်များကို အလျင်အမြန် အားဖြည့်ပေးနေသည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ သူ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် သူ တုံ့ပြန်လိုက်သည်။ “မဟုတ်ဘူး။ သူက နဂါးနက်ပဲ။”
နဂါးနက်သည် အဆင့်နိမ့်မှော်ပညာအားလုံးကို ခုခံနိုင်သည်။ အဆင့်မြင့် မှော်ပညာ ထိခိုက်မှုမှာ အနည်းဆုံး ၉၀% မှ ၉၉% အထိ လျော့ကျသွား၏။ ပါရမီမြင့်လေလေ၊ ခုခံနှုန်း ပိုမြင့်လေလေပင် ဖြစ်သည်။ သူတို့ကို မှော်ဒြပ်စင်များ၏ ဝိပါက်ဟု သတ်မှတ်၍ ရနိုင်ပေသည်။
မိမိ၏ပါရမီဖြင့် ခုခံ၍ရသော မှော်ဒြပ်စင်အသုံးပြုသူ ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့် အခါ အိုလီဖီးရက်စ် ယုံကြည်ချက် ရရှိသွားပြီး လေထဲသို့ မြောက်တက်သွား၏။ သူက ညာလက်ညှိုးဖြင့် ဇိုလာကို လက်လက်ညှိုးထိုးလိုက်ပြီး ဘက်လက်ဖြင့် ညာလက်ကောက်ဝတ်ကို ကိုင်ထားသည်။ အနီးအနား ပတ်ဝန်းကျင်များက ကြောက်မက်ဖွယ်ရာ အမှောင်ထု အငွေ့အသက်များနှင့် ပြည့်နှက်သွားပြီး နေရာလွတ်လည်း ဖရိုဖရဲဖြစ်ကာ ယိုယွင်းသွားပုံရသည်။ ချန်လွေ့၏ စိုးရိမ်တကြီး အော်သံများကိုလည်း သီးသန့်ဖြစ်သွားစေခဲ့သည်။
“ငါ့ရဲ့ [ နဂါးနက်အမြောက် ] ကို မြည်းကြည့်လိုက်။”
အပြာရင့်ရောင် ဖျက်ဆီးခြင်း စွမ်းအင်များဖြင့် ရစ်ပတ်ထားသော အလွန် ကြီးမားသေည့် အနက်ရောင်စက်လုံးတစ်ခုက အိုလီဖီးရက်စ်၏ လက်ချောင်းထိပ်တွင် ပေါ်ထွက်လာသည်။ ၎င်းသည် အမြောက်ပစ်လိုက်သကဲ့သို့ပင် အောက်မှ ဇိုလာဆီသို့ အရှိန်ဖြင့် ရောက်ရှိသွားသည်။
“ချီး။ မင်းက ဒီအိမ်ကို ဖျက်ဆီးပစ်မလို့လား။” ပါ့ဂ်လီအို၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ခရိုဘဲလက်စ်နှင့် ဒေလီယာတို့ရှေ့၌ ကာလိုက်သည်။ သူ၏လက်နှစ်ဖက်က အိမ်ကို အနီးအနားရှိ နဂါးထွင်းစာများနှင့် အပြည့်အဝ ကာကွယ်ရန်အတွက် မန္တန်များ အဆက်မပြတ် အသုံးပြုနေခဲ့သည်။ သို့မဟုတ်ပါက ထိုမိန်းမနှစ်ယောက် စွမ်းအားအပြည့် အသုံးပြုခဲ့လျှင် အိမ်တစ်ခုလုံးသာမက ဘလော့တစ်ခုလုံးပင် အပျက်အစီးများ ဖြစ်သွားပေလိမ့်မည်။
ဆရာသခင် အဆိပ်နဂါး၏ မျက်လုံးထဲ၌ ထိုကောင်မလေးနှစ်ယောက်မှာ ချန်လွေ့၏ မိန်းမများ ဖြစ်ကြသည်။ ထို့ကြောင့် မည်သူ့ကိုမှ ကူညီပေးရန် မကောင်းပေ။ အပြောင်းအလဲများကို တိတ်တဆိတ် ကြည့်ရခြင်းက ပိုကောင်းပေသည်။ ပြောရမည် ဆိုလျှင် သူက အပျော်သာ ဆက်ကြည့်နေခြင်း ဖြစ်သည်။
ခုနက လျှပ်စီးကွေး၌ ဇိုလာသည် အမှန်တကယ် စွမ်းအား ချုပ်တည်းထားခဲ့သည်။ ယုတ်စွအဆုံး ၎င်းသည် နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းဖြစ်သော ထိုရွံစရာ မိန်းမကို သတိလစ်သွားရုံသာ ဖြစ်စေလိမ့်မည်။ သို့သော်လည်း ဇိုလာက ထိုမိန်းမသည် [မှော်-ဆန့်ကျင်] ပါရမီရှိသော နဂါးနက်တစ်ကောင် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သလင်းကျောက်နဂါးကဲ့သို့ ရန်သူများကြောင့် ဇိုလာသည် မှော်ခုခံမှု အားနည်းစေမည့် နည်းလမ်းများကို လေ့လာနေခဲ့သည်။ ထို့ကြောင့် သူက ထိုကဲ့သို့ ပြိုင်ဘက်များကို မကြောက်ပေ။ ခုနက မှော်ပညာသည် အိုလီဖီးရက်စ်အား သက်ရောက်မှု မရှိလုနီးပါး ဖြစ်ခဲ့သော်လည်း အိုလီဖီးရက်စ်၏ တိုက်ခိုက်မှုကို အလေးအနက် မထားခဲ့ပေ။ သူ၏စွမ်းရည်ဖြင့်ဆိုလျှင် အလွယ်တကူပင် ခုခံ၍ ရသလို၊ ရှောင်တိမ်း၍လည်း ရပေသည်။
သို့သော်လည်း ဇိုလာသည် ချန်လွေ့ကို ဖြားယောင်းပြီး မိမိကိုပင် သတ်ရန် ခြိမ်းခြောက်ခဲ့သော ထိုမိန်းမကို မုန်းသည်။ သူ၏လက်ထဲ၌ မှော်တုတ်တံ ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ သူ့ကို ချန်လွေ့ပေးခဲ့သည့် အဆောင်ပစ္စည်းတစ်ခုဖြစ်သော လျို့ဝှက်အရိပ်ပင် ဖြစ်သည်။ သူက [ နဂါးနက်အမြောက် ] အား တစ်ခါတည်း ဖျက်ဆီးပစ်ချင်ခဲ့သည်။ ဒီရွံစရာမိန်းမက သူ ဘယ်သူနဲ့ ရင်ဆိုင်နေရတာလဲဆိုတာ၊ စည်းမျဉ်းတွေက ဘယ်လိုရှိတယ်ဆိုတာ၊ ယဉ်ကျေးတာက ဘာလဲဆိုတာနဲ့ အငယ်၊အကြီးက ဘာလဲဆိုတာ သိသွားအောင် လုပ်ရမယ်။
ထိုအရေးကြီးအခိုက်အတန့်၌ ရင်းနှီးသော ပုံရိပ်တစ်ခုက [နဂါးနက်အမြောက်] အရှေ့၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ဒါက ငါတစ်နေ့လုံး တွေးနေတဲ့ မျိုးမစစ်ကောင်ပဲ။
ဇိုလာနှင့် အိုလီဖီးရက်စ်တို့က တစ်ချိန်တည်းမှာပင် အံ့အားသင့်သွားကြသည်။ [နဂါးနက်အမြောက်]၏ ကြောက်မက်ဖွယ်ရာ ဖျက်ဆီးမှုစွမ်းအားအပြင် နေရာလွတ်ကို ပျက်ယွင်းစေသည့် အိုလီဖီးရက်စ်၏ အမှောင်စွမ်းအားအရှေ့သို့ တယ်လီပို့ခုန်ရာ၌ သိသိသာသာ အန္တရာယ်တစ်ခု ရှိနေလေသည်။
ချန်လွေ့တွင် နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားသာ ရှိသည်။ အကယ်၍ သူသာ ထိသွားလျှင် သေချာပေါက် သေသွားပေမည်။ အိုလီဖီးရက်စ်က ကြောက်လန့်တကြားနှင့် စွမ်းအားကို ရုပ်သိမ်းချင်ခဲ့သော်လည်း နောက်ကျသွားလေပြီ။
နဂါးနက်မိန်းမနှင့် ချန်လွေ့၏ ဆက်ဆံရေး မည်သို့ပင် ရှိစေကာမူ ဇိုလာအရှေ့၌ ကာကွယ်ပေးသည့်လုပ်ရပ်က အရာအားလုံးကို ရှင်းပြခဲ့ပြီဖြစ်သည်။ ဇိုလာ၏ စိတ်ထဲရှိ ခါးသီးသောခံစားချက် ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း ချန်လွေ့ကို ကယ်တင်ရန် ခြေတစ်လှမ်း နောက်ကျသွားခဲ့သေးသည်။ [ နဂါးနက်အမြောက် ] က ချန်လွေ့ကို တန်းတန်းမတ်မတ် ထိသွားခဲ့သည်။
ထိုတိုက်ကွက်၏စွမ်းအားမှာ အတော်လေး မယုံနိုင်စရာ ကောင်းလှသည်။ နဂါးထွင်းစာများ၏ အကာအကွယ်ဖြင့်ပင် ပတ်ဝန်းကျင်မြေပြင်က ချက်ချင်း ပုံပျက်သွားခဲ့ပြီး ကြောက်မက်ဖွယ်ရာ လေစီးကြောင်းကြောင့် စားပွဲ၊ ကုလားထိုင်နှင့် အပင်များ ပြန့်ကျဲပြီး လွင့်ထွက်ကြကုန်သည်။
သို့ရာတွင် ချန်လွေ့၏ပုံရိပ်က ဖျက်ဆတီးခြင်း၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ဝါးမျိုမခံခဲ့ရပေ။ သူ၏လက်ထဲ၌ ကြီးမားသော ရွှေအိုရောင် ဒိုင်းကာအဝိုင်းတစ်ခု ရှိနေသည်။ ထိုဒိုင်းကာ၏ မျက်နှာပြင်တွင် ရှေးကျသော ပုံစံကွက်များ ရှိသည်။ [ နဂါးနက်အမြောက်က ] အမှန်တကယ်ပင် ထိုဒိုင်းကာ၏ ခုခံမှုကို မဖောက်ထွက် နိုင်ခဲ့ပေ။
၎င်းမှာ လီဗျာသန်တော်ဝင်မိသားစု၏ အဆောင်ပစ္စည်း နတ်ဆိုးဒိုင်းပင် ဖြစ်၏။
နတ်ဆိုးဒိုင်းသည် အတောင်ပစ္စည်း ၇ခုထဲမှ တစ်ခုဖြစ်သော ထင်ယောင်မှား နတ်ဆိုးဒိုင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ထိုစဉ်က ချန်လွေ့၊ ဒေလီယာနှင့် ရိုမန်တို့က အသံတိတ်ညစိမ့်မြေ ရတနာသိုက်ထဲ၌ ထင်ယောင်မှားဒိုင်းကာကို ရှာတွေ့ခဲ့ရသည်။ နတ်ဆိုးဒိုင်းကာကို ချန်လွေ့က “ဆရာသခင် အာသာ”ဟူသော သရုပ်ကို အသုံးပြုပြီး ဘရော့ခ်ထံမှ အကြံဖြင့် ယူခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ချန်လွေ့သည် ဘရော့ခ်၏ [သွေးမြစ်] ဓားတွင် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲသော မျိုးစေ့များ ထည့်ပေးခဲ့သည်။
သို့သော်လည်း နတ်ဆိုးဒိုင်းကာကို စူပါစနစ်က ဖောက်ထွင်းပြီးနောက် နတ်ဘုရား- ဝါးမျိုမျက်နှာဖုံးကဲ့သို့ ချန်လွေ့ထံမှ မဖယ်ရှားနိုင်တော့ပေ။ ၎င်းကို ဖယ်ရှားနိုင်ရန် အတွက် သူသည် စူပါစနစ်၏ မှော်သက်ရောက်မှုကို အတိုင်းအတာတစ်ခုအထိ သို့မဟုတ် အပြည့်အဝ ဆုပ်ကိုင်နိုင်သည်အထိ စောင့်ရပေမည်။
ဒေလီယာက ၎င်းကို စိတ်ထဲ၌ မရှိပေ။ သူက ထင်ယောင်မှားဒိုင်းကို ရရှိခဲ့သည့် အပြင် ချန်လွေ့က သူနှင့် ရိုမန်တို့ကို ကယ်တင်ခဲ့သည်။ ချန်လွေ့ တောင်းဆိုလျှင် ထင်ယောင်မှားဒိုင်းပင် ဖြစ်ပါစေ၊ ဒေလီယာ တွန့်တိုနေမည် မဟုတ်ပေ။
နတ်ဆိုးဒိုင်းကာ၏ အရေးပါမှုကြောင့် ဒေလီယာ၏ တည်နေရာကို မဖော်ပြမိ စေရန်အတွက် ချန်လွေ့က ၎င်းကို ပုံမှန်အားဖြင့် သုံးခဲသည်။ ထိုဒိုင်းကာ၏ အထူး ဂုဏ်သတ္တိမှာ အားကောင်းသော ခုခံရေးစွမ်းအားများကြောင့်သာမဟုတ်ဘဲ တိုက်ခိုက်ရေး စွမ်းအားကို စုပ်ယူပြီး ကိုယ်ပိုင်အသုံးပြုရန် ပြောင်းလဲနိုင်ခြင်းလည်း ပါဝင်သည်။ သို့သော်လည်း နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းဖြစ်သော အိုလီဖီးရက်စ်၏ တိုက်ခိုက်မှုမှာ လွန်စွာ အစွမ်းထက်လွန်းလှသည်။ ချန်လွေ့၏ ခန္ဓာကိုယ်က ကြီးမားလှသောအားကြောင့် နောက်သို့ဆုတ်သွားရပြီး ဒိုင်းကာကို ကိုင်ထားသော သူ၏ လက်များကလည်း အနည်းငယ် တုန်ခါလာသည်။ နဂါးထွင်းစာများဖြင့် ကာကွယ်ထားသော မာကြောလှသည့် မြေပြင်သည်လည်း နက်ရှိုင်းသော ချိုင့်နှစ်ခု ဖြစ်သွားခဲ့သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာဖိအားကို ရင်ဆိုင်နေရာ၌ မခံနိုင်သောသူက ပြိုလဲကျသွားမည် ဖြစ်သည်။ ကံကောင်းစွာပင် ချန်လွေ့သည် ခုနက သေသေချာချာ ပြင်ဆင်ထားခဲ့သည်။ သူ၏ခန္ဓာကိုယ်က တလက်လက် အလင်းရောင်များဖြင့် တောက်ပသွားသည်။
[ တော်ဝင်ကြယ် အသွင်ပြောင်းခြင်း ]
သို့သော်လည်း ထိုအချိန်၌ အချိန် ရုတ်တရက် နှေးကွေးသွားကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ သူ၏ပတ်ပတ်လည်မှ အရာအားလုံးလည်း နှေးကွေးသွား၏။ ၎င်းသည် နှေးသထက် နှေးလာပြီးနောက် ရပ်တန့်သွားခဲ့သည်။
ချန်လွေ့သည် သူ့အရှေ့၌ ရပ်တန့်နေသော အပြာရင့်ရောင် ကြောက်မက်ဖွယ်ရာ စွမ်းအင်စက်လုံးကို သေသေချာချာ မြင်နေရသည်။ ထို့ပြင် သူက ဘေးဖက်မှ ဇိုလာ၏ စိုးရိမ်နေသောမျက်နှာကိုလည်း မြင်နေရသည်။ သို့သော် သူ မလှုပ်ရှားနိုင်ပေ။ တစ်ခုတည်းသော “လှုပ်ရှားနေသည့်”အရာမှာ သူ၏အသက်ရှူခြင်းသာ ဖြစ်သည်။ သူ၏ နှေးကွေးပြီး ပြင်းထန်သော အသက်ရှူသံများကသာ လောကထဲရှိ တစ်ခုတည်းသော အသံကဲ့သို့ပင် ဖြစ်နေသည်။ ၎င်းမှာ တိတ်ဆိတ်သော ပတ်ဝန်းကျင်တစ်ခု၌ နားကိုပိတ်ပြီး ကိုယ့်အသက်ရှူသံကို နားထောင်နေသကဲ့သို့ပင် ဖြစ်လေသည်။ ၎င်းသည် ထူးဆန်းပြီး အံ့အားသင့်ဖွယ်ပင် ဖြစ်၏။
တစ်ချိန်တည်းမှာပင် ထူးဆန်းသော စွမ်းအားတစ်ခုက ထိန်းချုပ်၍ မရဘဲ သူ၏ ခန္ဓာကိုယ်ကို ဖြည့်တင်းသွားခဲ့သည်။ ချန်လွေ့က ထိုအား၏ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ပေသည်။
ဇိုလာနှင့် အခြားသူများ၏ အမြင်၌ ချန်လွေ့သည် ထူးခြားနေဟန်တူသည်။ သူ၏ ခန္ဓာကိုယ်က ထူးဆန်းသော ဖျက်ဆီးခြင်း အငွေ့အသက်တစ်ခုဖြင့် ရုတ်တရက် ပြည့်နှက်သွားသည်။ ၎င်းမှာ [ နဂါးနက်အမြောက် ]၏ ဖျက်ဆီးခြင်းစွမ်းအားကြောင့် ဟုတ်မဟုတ် သူတို့ သေချာ မသိကြပေ။
ထို့နောက် ချက်ချင်းပင် ချန်လွေ့၏ ခန္ဓာကိုယ်ပေါ်မှ တလက်လက် အလင်းရောင်များ မှိန်သွားပြီး အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ အဟုန်နှင့် စွမ်းအားလည်း သိသိသာသာ မြင့်တက်လာသည်။ သူ့ကို အတွင်းထဲ၌ အနီရင့်ရောင် ရှိနေသော အနက်ရောင်တိမ်တိုက်တစ်ခု ဖုံးလွှမ်းလိုက်သလို ဖြစ်သွားသည်။ အနက်ရောင် တိမ်တိုက်က သူ၏ခန္ဓာကိုယ်ထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။
ချန်လွေ့၏ခန္ဓာကိုယ်က ချပ်ကာအပြည့် ဖြစ်နေသည်။ ထိုအနီရင့်ရောင် ချပ်ကာမှာ ကြောက်မက်ဖွယ်ရာပုံစံတစ်ခုဖြင့် မည်းနက်သွား၏။ ၎င်းသည် ငရဲရှိ အသူရာချောက်နက် မီးတောက်မှ ဖြစ်လာသော အနက်ရောင် ကျောက်မျက်တစ်ခုကဲ့သို့ပင် ထူးဆန်းသော အရောင်များဖြင့် လင်းလက်နေသည်။ ထို့အပြင် ချန်လွေ့၏ မျက်လုံးများလည်း အနီရောင် ပြောင်းလာသည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ဖျက်ဆီးခြင်းအငွေ့အသက် လှိုင်းများမှာ “အရေအတွက်”အရ [ နဂါးနက်အမြောက် ] ကဲ့သို့ အစွမ်းမထက်သော်လည်း “အရည်အသွေး” မှာ ပိုမိုကောင်းမွန်လှသည်။
ခုနက ပြောင်းလဲမှုမှာ တမုဟုတ်ချင်း ပြီးစီးသွားခဲ့သည်။ ကြောက်မက်ဖွယ်ရာ [ နဂါးနက်အမြောက် ] ကို ရင်ဆိုင်နေရင်း ချန်လွေ့က ထိတ်လန့်ဖွယ်ရာ လုပ်ရပ်တစ်ခု ရုတ်တရက် ပြုလုပ်ခဲ့သည်။ သူ၏လက်ထဲမှ နတ်ဆိုးဒိုင်း ရုတ်တရက် ပျောက်ကွယ်သွားပြီး ကြီးမားလှသော စွမ်းအင်စက်လုံးကို လက်ဖြင့် တည့်တည့် ခုခံလိုက်သည်။
အလင်းစက်လုံးကို ထိလိုက်သောအခါ ချန်လွေ့၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး မျက်လုံးများလည်း ပိုမိုနီရဲလာသည်။ သူ၏ခြေထောက်က နောက်သို့ဆုတ်လာသော်လည်း ယခင်ကဲ့သို့မဟုတ်ဘဲ တစ်လှမ်းချင်းဆုတ်သွားကာ ခြေလှမ်းတိုင်းက မြေထဲသို့ နစ်ဝင်သွား၏။
[ နဂါးနက်အမြောက် ] ၏ စွမ်းအားသည် တစ်နည်းနည်းဖြင့် ဝါးမျိုခံလိုက်ရပုံ ရသည်။ ၎င်းသည် အလျင်အမြန်ပင် အားနည်းသွားခဲ့သည်။ နောက်ဆုံး၌ ချန်လွေ့၏ ခြေလှမ်းများ ရပ်တန့်သွားပြီးနောက် အလွန်ကြီးမားသော [ နဂါးနက်အမြောက် ] က အစအနမကျန် ပျောက်ကွယ်သွားတော့သည်။
အားလုံး အံ့အားသင့်သွားကြသည်။ အိုလီဖီးရက်စ်သည် နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းဖြစ်ပြီး ချန်လွေ့က နတ်ဆိုးဒိုင်း၏ ခုခံမှုကို အမှီမပြုဘဲ ထိုကဲ့သို့ ကြီးမားလှသော တိုက်ကွက်ကို အတင်းခုခံနိုင်ခဲ့လေသည်။
ထိုအချိန်၌ ချန်လွေ့က ပုံစံတစ်ခု၌ ရုတ်တရက် ရပ်နေသည်။ သူ၏ညာဘက်မှ လက်သုံးချာင်းကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး လက်မနှင့် လက်ညှိုးတိုးကို ဆန့်ထုတ်ထားသည်။ သူ၏ဘယ်လက်က ညာဘက်လက်ကောက်ဝတ်ကို တင်းတင်း ဆုပ်ကိုင်ထားပြီး လေထဲမှ အိုလီဖီးရက်စ်ကို ချိန်နေသည်။ သူ၏ခန္ဓာကိုယ်မှု ဖျက်ဆီးခြင်း အငွေ့အသက်မှာ အလွန်ပင် ပြင်းထန်လှပြီး ကြောက်မက်ဖွယ်ရာအဆင့်အထိ ချက်ချင်း မြင့်တက်သွား၏။ အပြာနက်ရောင် ဖျက်ဆီးခြင်းစွမ်းအားများ ရစ်ပတ်ထားသော အလွန်ကြီးမားသည့် အနက်ရောင်စက်လုံးတစ်ခုက သူ၏လက်ချောင်းထိပ်၌ ပေါ်ထွက်လာသည်။ အနီးအနားရှိ မြေပြင်ကလည်း ပြင်းထန်သောအားကို မခံနိုင်သည့် အတွက်ကြောင့် တုန်ခါပြီး အက်ကြောင်းများ စတင်ပေါ်ထွက်လာတော့သည်။
အနက်ရောက်စက်လုံးကို သိပ်သည်းအောင် ပြုလုပ်နေစဉ်အတွင်း ချန်လွေ့က အလွန်အမင်း ပင်ပန်းနေဟန်တူသည်။ သူ၏နား၊နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာ၏။
အိုလီဖီးရက်စ် ထို “အလုပ်ရှင်”၏ ကြီးမားလှသောစွမ်းအားကို အံ့အားမိသွားသည်။ သို့သော်လည်း ထိုအမူအရာကို ပို၍ပင် သူ အံ့သြမိသွားသည်။ ဒီပုံစံ..ဒီစွမ်းအားက...
ထိုသို့တွေးမိလိုက်သည်နှင့် ချန်လွေ့၏ လက်ချောင်းထိပ်မှ အလွန်ကြီးမားသော အနက်ရောင်စက်လုံးတစ်ခု ထွက်လာသည်။ ၎င်း၏အမြန်နှုန်းနှင့် အဟုန်မှာ မယုံကြည်နိုင်စရာ ကောင်းလှသည်။ အိုလီဖီးရက်စ်က အံ့အားသင့်ရန်ပင် အချိန်မရဘဲ လက်မောင်းကို ကြက်ခြေခတ်အနေအထား ပြုလုပ်၍ ခုခံလိုက်ရသည်။
ရောက်ရှိလာသော အနက်ရောင်စက်လုံးကို ချက်ချင်းကို အိုလီဖီးရက်စ်ကို ဝုန်းခနဲ ထိသွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မစ်-နဂါးနက်၏ ခန္ဓာကိုယ်ကို ဝါမျိုသွား၏။ အပြာနက်စွမ်းအင်ထဲမှ အနက်ရောင်စက်လုံးက ပြင်းပြင်းထန်ထန် တွန့်လိမ်သွားပြီး ခဏကြာသည်အထိ လေထဲ၌ လူးလွန့်သွားသည်။ လှုပ်ရှားမှု တဖြည်းဖြည်း လျော့ကျသွား၏။ ထို့နောက် ၎င်းသည် ရုတ်တရက် နှစ်ပိုင်းပြတ်ထွက်သွားပြီး အတွင်းထဲမှ သွယ်လျသော ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
အိုလီဖီးရက်စ်၏ လက်မောင်းပေါ်၌ မီးခိုးများ ထွက်နေပြီး သူ၏မျက်နှာကလည်း အလွန်ပင် လေးနက်နေ၏။ ဟုတ်တယ်။ ဒါက [ နဂါးနက်အမြောက် ] ပဲ။ စွမ်းအားက နည်းနည်း နိမ့်ကျပေမဲ့ အထူးလက္ခဏာတွေကတော့ လုံးဝ အတူတူပဲ။
၎င်းမှာ နတ်ဆိုးဘုံး၏ ရှေးဆိုရိုးစကားတစ်ခွန်းဖြစ်သော ကိုယ့်အစွမ်းနှင့်ကိုယ် ပြန်ထိခြင်းပင် ဖြစ်၏။