သူလျှိုနှင့် အကျပ်အတည်းအခြေအနေ
Vol. 33 Ch. 487
မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်ထပ် အချိန်၃ရက် ကုန်ဆုံးသွားခဲ့သည်။
အမှောင်လမြို့တော်သည် တော်ဝင်မင်းသမီး၏ မွေးနေ့ပွဲ နီးကပ်လာပြီ ဖြစ်သည့်အတွက် ပို၍ပို၍ စည်ကားနေ၏။
တော်ဝင်မင်းသမီးက ပွဲတော်တစ်ခုခု မကျင်းပခဲ့သော်လည်း ပြည်သူများ စုစည်းပြီး ပွဲတော်များ ကျင်းပကြသည်။ အမှောင်လစစ်တပ်မှလူများ၏ မျက်လုံးထဲ၌ အမှောင်လ၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝမှုတို့မှာ ချန်လွေ့၊ အက်ဂ်ယော နှင့် တင်မ်တို့၏ အကူအညီကြောင့် ဖြစ်သော်လည်း အရေးကြီးဆုံး ပုဂ္ဂိုလ်မှာ လော့ဒ်-ရှီရာပင် ဖြစ်သည်။
ရှီရာ၏ ဇွဲမလျှော့သော ထောက်ပံ့မှုကြောင့်သာ မဟုတ်လျှင် အိုဆိုင်ဒန်၏ ဖိအားနှင့် ထိန်းချုပ်မှုအောက်တွင် အမှောင်လသည် ယနေ့ကဲ့သို့ ဂုဏ်ကျက်သရေ ရှိလာမည် မဟုတ်ပေ။ ကံကောင်းစွာပင် ရှီရာ၏ ဇွဲမလျှော့ခြင်းနှင့် အလုပ်ကြိုးစားခြင်းတို့က နောက်ဆုံး၌ အရာထင်ခဲ့လေသည်။ အမှောင်လသည် ကြယ်ကြွေတမန် အင်ပါယာနှင့် နတ်ဆိုးဘုံးတစ်ခုလုံး၌ပင် အကြွယ်ဝဆုံး နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းသည် လုံးဝ အံ့သြဖွယ်ရာ ဖြစ်သော်လည်း အမှန်ပင် ဖြစ်ပွားခဲ့လေသည်။
ထိုကုန်သည်များက အပျော်ဆုံးဖြစ်သည်။ သူတို့က တော်ဝင်မင်းသမီး၏ မွေးနေ့ပွဲနှင့်တိုက်၍ လျှော့စျေးများ ပေးကြသည်။ ပြည်သူများကလည်း ပျော်ရွှင်စွာဖြင့် စျေးဝယ်ထွက်ကြလေသည်။ အမှောင်လနယ်မြေတစ်ခုလုံးက ပွဲတော်တစ်ခု ကျင်းပနေ သကဲ့သို့ပင် ဖြစ်နေ၏။ ၎င်းသည် ယခင် ကုန်စည်ပြပွဲမှ စည်းကားမှုနှင့်ပင် ယှဉ်၍ ရနိုင်သည်။
သို့သော်လည်း ထိုကဲ့သို့ စည်ကားမှုကို နှစ်သက်သော ခရိုဘဲလက်စ်က “တံခါးပိတ် လေ့ကျင့်”နေသည့်အတွက် ထိုမြင်ကွင်းများကို မမြင်နိုင်ခဲ့ပေ။ ယခင်တစ်ခေါက် ဇိုလာနှင့် အတူ ရွှေလူသားကို သုတေသနပြုလုပ်ခဲ့စဉ်က ပညာအတော်များများ ရရှိခဲ့သည်။ သူ၏ ရေဒြပ်စင် မှော်စွမ်းအားလည်း ပိုမိုသန့်စင်လာပြီး ပိုင်နက်စွမ်းအား တိုးတက်မည့် လက္ခဏာများ ရှိလာသည်။ “ချာလီစ်”ဟူသော သရုပ်မှန်က အစ်ဇဘယ်လာထံ ပေါက်ကြားသွားပြီ ဖြစ်သည့်အတွက် ခရိုဘဲလက်စ်ကို ဆေးရည်မည်းများအကြောင်း ဖုံးကွယ်ထားရန် မလိုတော့ပေ။ ချန်လွေ့က သူ့ကို ထာဝရဆေးရည်တစ်စုံ ပေးခဲ့သည်။ အလွန်ပျော်ရွှင်သွားသော မစ်-မြနဂါးက ရည်မှန်းချက်များ ပြည့်နှက်နေသည်။ ပါ့ဂ်လီအို၏ အားပေးမှုနှင့်အတူ ခရိုဘဲလက်စ်က နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်းသို့ တိုးတက်ရန်အတွက် တံခါးပိတ်လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။
ခရိုဘဲလက်စ်အား တံခါးပိတ်လေ့ကျင့်ရန်အတွက် ဘဲခေါင်းနဂါး အားပေးခဲ့သော အကြောင်းရင်းကို ချန်လွေ့ သိသည်။ ဒါက “လွတ်လပ်မှု” နောက်ကို လိုက်ဖို့မလား။
အိုလီဖီးရက်စ်နှင့် ချန်လွေ့တို့က အလုပ်ရှင်-သက်တော်စောင့် ဆက်ဆံရေးသာ ရှိကြောင်း သိသည့်အခါ ပါ့ဂ်လီအိုက မစ်-နဂါးနက်အား ဖော်ရွေမှုများ ပြသခဲ့သည်။
သို့သော်လည်း မစ်-နဂါးနက်က မမြောက်ရုံသာမက မစ်-မြနဂါး အရှေ့၌ “ချိန်းတွေ့တာက ဘာလဲ၊ စားလို့ရလား”၊ “ရှင်က ချမ်းသာလား” ကဲ့သို့သော သေစေနိုင်လောက်သည့် မေးခွန်းများလည်း မေးသည့်အတွက် စိတ်မကောင်းစရာပင် ဖြစ်လေသည်။
ထိုအချိန်၌ ဆရာသခင် အဆိပ်နဂါး ကြက်သေသေသွားခဲ့သည်။ အရေးကြီးဆုံးမှာ ဘဏ္ဍာရေး ပြဿနာ ဖြစ်သည်။ သူ့တွင် ရတနာများနှင့် “ရန်ပုံငွေ” ရှယ်ယာ အပြင် သလင်းကျောက်တောင်ကြားရှိ သလင်းကျောက်မိုင်းတွင်းမှ ရှယ်ယာများလည်း ရှိသော်လည်း အားလုံး ချန်လွေ့နှင့် ရှိနေသည်။ ထိုလူသားသည် ဆရာသခင် အဆိပ်နဂါး၏ ရတနာများကို မစ်-မြနဂါးထံ ရောင်းခဲ့ဖူးသည်။ ယခုတွင် သူက သီးသန့် ရတနာသိုက် အသေးစား ထားထားရန် ဆုံးဖြတ်ထားသည့်အတွက် သူ မထုတ်ပြချင်သည်။ ထို့ကြောင့် သူက မစ်-နဂါးနက်၏ ဖြူစင်သော မျက်လုံးများထဲ၌ နောက်ဆုတ်ရုံသာ တတ်နိုင်တော့သည်။
ပါ့ဂ်လီအိုကို ဆွံ့အသွားစေသည်မှာ ထိုအဖြစ်အပျက်ကြောင့် မစ်-မြနဂါးကို သတိကြီးကြီး ထားသွားစေခြင်းပင် ဖြစ်သည်။ သူ တံခါးပိတ်မလေ့ကျင့်ခင် ပါ့ဂ်လီအိုထံမှ ပိုက်ဆံအားလုံး ယူသွား၏။ ရွှေသလင်းကျောက် ခုတင်ပင် ပါဝင်လေသည်။ မိန်းမများ၏ အာရုံခံမှုများ အမှန်ပင် မယုံနိုင်စရာ ကောင်းလှသည်။
ပါ့ဂ်လီအိုကို အပြင်ဘက်၌ မိန်းမမရှုပ်ရန်အတွက် ခရိုဘဲလက်စ်က ပိုက်ဆံသုံးပြီး ပါ့ဂ်လီအိုအား တိတ်တဆိတ် ထောက်လှမ်းရန် အိုလီဖီးရက်စ်ကို ငှားခဲ့သည်။
မစ်-ကပ်စေးနဲကလည်း ထိုကဲ့သို့ ပိုက်ဆံအလွယ်တကူရသည့် အလုပ်မျိုးကို အမြဲပင် လက်ခံချင်နေခဲ့သည်။ သူက နေ့စဉ်နေ့တိုင်း ပါ့ဂ်လီအိုနောက်လိုက်ပြီး လုပ်ရပ်တိုင်းကို သေသေချာချာ မှတ်တမ်းတင်ထားသည်။ ပါ့ဂ်လီအို ထွက်ပြေးသွားလျှင်ပင် သူပေါ်လာနိုင်သည့် နေရာတိုင်း၌ မစ်-နဂါးနက် ရပ်နေ၏။ တစ်ခါတစ်ရံ၌ သူက ဇိုလာကိုပင် အကူအညီတောင်းသည်။ အချိန်ကြာလာသောအခါ သူက အမှောင်လမြို့တော်ကို နှံ့စပ်သွားခဲ့သည်။ သို့သော်လည်း ဆရာသခင်အဆိပ်နဂါးက တစ်နေ့လုံး သက်ပြင်းချနေရသည်။ သူက အမှန်ပင် ကိုယ့်ထောင်ခြောက်နှင့်ကိုယ် မိနေလေသည်။
ချန်လွေ့တွင် ပါ့ဂ်လီအိုအကြောင်း ဂရုစိုက်ရန် အချိန်မရှိပေ။ ထိုအချိန်အတွင်း သူက ယန္တရားပညာများ လေ့လာပြီး ရွှေလူသား ထုတ်လုပ်ရေး နည်းလမ်းများဖြင့်သာ အလုပ်များနေခဲ့သည်။ ထုတ်လုပ်ရေးလမ်းကြောင်းမှာ အပိုင်းအမျိုးမျိုး ခွဲထား၏။ ချန်လွေ့က ပြိဿများနှင့် ဝတ်ရုံဂိုဏ်းကို အစီအစဉ်ချပေးခဲ့ပြီး ယခုတွင် သူသည် တယ်ရီမိသားစုကို ရှာနေ၏။
တယ်ရီမိသားစုမှာ အမှောင်လ၏ အဓိကမိသားစုများထဲမှ တစ်ခုဖြစ်ပြီး စိုင်ဖူမိသားစုပြီးလျှင် ဒုတိယ ဖြစ်သည်။ သူတို့သည် ယခင်က အမြဲပင် ရှီရာဘက်၌ ရှိနေခဲ့သည်။ ယခုတွင် သူတို့သည် အမှောင်လ၏ ထုတ်လုပ်ရေးစက်ရုံတစ်ဝက်ကို ထိန်းချုပ်ထားကြသည်။ သူတို့၏ လက်အောက်၌လည်း ကျွမ်းကျင်ပညာရှင် အများအပြား ရှိနေပြီး သူတို့မှာ ရွှေလူသား ထုတ်လုပ်ရေး၌ ကျောရိုးများပင် ဖြစ်လေသည်။
တယ်ရီမိသားစုက တော်ဝင်မင်းသမီး ရှီရာထံမှ အမိန့်တစ်ခု လက်ခံရရှိခဲ့သည်။ သူတို့က ၎င်းကို အရေးတကြီး တန်ဖိုးထားပြီး မိသားစု ထုတ်လုပ်ရေးစက်ရုံအား တာဝန်ယူရသည့် ဂျာဆန်ကိုလွှတ်ကာ ချန်လွေ့ကို ဆက်သွယ်ခိုင်းခဲ့သည်။
ဂျာဆန်မှာ လူစီဖာတော်ဝင်မိသားစုမှဖြစ်ပြီး သူ၏မိန်းမမှာ တယ်ရီမိသားစု ခေါင်းဆောင်၏ သမီးအကြီးဆုံး ဖြစ်သည်။ ၎င်းသည် မိန်းမဖြစ်သူ၏ မိသားစုကို လက်ထပ်ခြင်းနှင့် ညီမျှပေသည်။ ထိုကဲ့သို့ လက်ထပ်မှုမှာ နတ်ဆိုးဘုံ၌ သာမန်သာ ဖြစ်သည်။ ၎င်းမှာ အဆက်အသွယ်နှင့် ထိန်းချုပ်မှုများကို နက်ရှိုင်းသွားစေသည့် နိုင်ငံရေး လက်ထပ်မှုတစ်ခုသာ ဖြစ်သည်။ သူတို့သည် တော်ဝင်မိသားစုဝင်တစ်ယောက် မွေးထုတ်နိုင်သလို မိသားစုဆက်ခံသူ တစ်ယောက်ကိုလည်း မွေးထုတ်နိုင်ပေသည်။
ဂျာဆန်၏ အသွင်အပြင်မှာ အသက် ၃၀ အရွယ် ဖြစ်သည်။ သူ၏မျက်နှာ ပုံစံက အချိုးအစားညီပြီး မျက်ခုံးများလည်း အလိမ္မာဉာဏ်နှင့် စွမ်းဆောင်ရည်ကို ပြသနေ၏။ ချန်လွေ့က သူ့ကို ယခင်က တွေ့ခဲ့ဖူးသည်။ သို့သော်လည်း ယခုမှသာ သူ့ကို ချန်လွေ့ ပထမဆုံး ဆက်သွယ်ဖူးခြင်း ဖြစ်သည်။
ဂျာဆန်နောက်မှလိုက်၍ ချန်လွေ့သည် အမှောင်လမြို့တော် အပြင်က်ရှိ တောင်တန်းများထဲမှ တယ်ရီမိသားစု၏ သီးသန့်အလုပ်ရုံသို့ ရောက်လာခဲ့သည်။
“ဆာ-ချန်လွေ့။ ဒီတစ်ခေါက် ထုတ်လုပ်ဖို့အတွက် တာဝန်ပေးထားတဲ့ စီမံကိန်းက ဘာများလဲ။”
ချန်လွေ့ အသာလေး ပြုံးသည်။ “ဒါက အထူး အစိတ်အပိုင်း တစ်ခုပါ။ တော်ဝင်မင်းသမီးက ဒီကိစ္စကို အထူးလျို့ဝှက်ထားဖို့ အမိန့်ပေးထားတယ်။ အဲဒါကြောင့် ထပ်ပြီးတော့ မပြောနိုင်တာကို ခွင့်လွှတ်ပေးပါ။ ပြီးတော့ ပညာရှင်ကိုလည်း တင်းတင်းကြပ်ကြပ် လျို့ဝှက်ထားဖို့ ညွှန်ကြားခံထားရတယ်။”
ဂျာဆန် ခေါင်းညိတ်လိုက်သည်။ “သဘောပေါက်ပြီ။ တယ်ရီမိသားစုရဲ့ ပညာရှင် ညွှန်ကြားရေးမှူး ဆာရန်ဒီနဲ့ ဆာ တွေ့မလား။ ခင်ဗျား သူ့ကို နည်းပညာ လိုအပ်ချက်တွေ၊ မေးခွန်းတွေ မေးလို့ရတယ်။ ဆာရန်ဒီက တယ်ရီမိသားစုကို အလုပ်အကျွေးပြုနေတာ နှစ်ပေါင်း ၁၅၀ ရှိပြီ။ သူက လုံးဝ ယုံကြည်စိတ်ချရပါတယ်။”
“ကောင်းပြီ။”
ဂျာဆန်က ချက်ချင်းပင် အနီးအနားမှ လူများကို ထွက်သွားခိုင်းလိုက်သည်။ ခဏအကြာ မဟာနတ်ဆိုးတစ်ယောက် အခန်းထဲသို့ ဝင်လာသည်။
ထိုမဟာနတ်ဆိုးမှာ အရပ်မြင့်ပြီး မျက်နှာထားမာကာ မျက်လုံး၌ အမာရွတ်တစ်ခု ရှိသည်။ ချန်လွေ့က ထိုသူ့ကို ဖျပ်ခနဲ ကြည့်လိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ် လိုက်သည်။ သူ၏မျက်လုံးထဲ၌ ထူးဆန်းသော အမူအရာတစ်ခု လက်ခနဲ ဖြစ်သွားသည်။
“ဂျာဆန်။ ဒါက ညွှန်ကြားရေးမှူး ဆာရန်ဒီလား။”
ဂျာဆန် ခေါင်းညိတ်သည်။ “ဆာရန်ဒီ။ ဒါက ဆာ-ချန်လွေ့။ ခင်ဗျား လေးစားနေခဲ့တဲ့ နတ်ဆိုးဘုံရဲ့ ထိပ်တန်း ဝန်ကြီးတစ်ယောက်ပဲ။ အခုကစပြီးတော့ သူ့ရဲ့ အမိန့်တွေအားလုံးကို ခင်ဗျား လုံးဝ နာခံရမယ်။”
“ဂျာဆန်။ အောက်ကို အရင်ဆင်းသွားလိုက်။ လျို့ဝှက်ချက်အတွက် မဆိုင်တဲ့ သူတွေကို ဒီနေရာကနေ ထွက်သွားခိုင်း။ ဒါနဲ့ မီးလျှံဗိုလ်ခြေဆီ ထပ်သွားပြီးတော့ ဗိုလ်ခြေတပ်မှူး အသီနာကို ဒီစာ အမြန်ဆုံး သွားပေးလိုက်။ ပြီးတော့လည်း ဒီနေ့ ကျုပ် နောက်ကျမှ ပြန်လာမယ်လို့ သူ့ကိုပြောလိုက်။” ချန်လွေ့က စာအိပ်တစ်ခု ထုတ်ပြီး ဂျာဆန်ကို ကမ်းပေးသည်။
မမျှော်လင့်ဘဲနှင့် ဆာရန်ဒီက ဂျာဆန်ကို တားပြီး ပြောလိုက်သည်။ “နေဦး။ အဲဒီစာ ငါ့ကိုပြ။”
ဂျာဆန် ရပ်တန့်သွား၏။ သူက အမှန်ပင် မနာခံ မလုပ်ရဲဘဲ ရိုရိုသေသေနှင့် ဆာရန်ဒီထံ ကမ်းပေးသည်။ ချန်လွေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ပင် လက်နောက်ပစ်လိုက်သည်။
ဆာရန်ဒီက စာအိပ်ကို ဖွင့်ကြည့်လိုက်ရာ အထဲ၌ မည်သည်မျှ မရေးထားသည်ကို တွေ့လိုက်ရသည်။ စာအလွတ်တစ်စောင်သာ ရှိနေ၏။
“ဒါက အန္တရာယ်တစ်ခုခုကို သတိပေးတာလား။” ဆာရန်ဒီက ယဲ့ယဲ့လေး ပြုံးသည်။ “ဆာ-ချန်လွေ့က ဟာကွက်တစ်ခုခုကို ရှာတွေ့သွားတာ ထင်တယ်။ တကယ့်ကို အံ့အားသင့်စရာပဲ။ မင်းက နတ်ဆိုးဘုံရဲ့ ရှားပါးတဲ့ ပဏ္ဍိတ ဝန်ကြီးတစ်ယောက် ဖြစ်ထိုက်တယ်။ ကံဆိုးချင်တော့ ဒီစာမှာ ပြဿနာ တစ်ခုခု မရှိရင်တောင် ကျုပ် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ကျုပ်ရဲ့ခရီးက အောင်မြင်မှရတယ်။ အမှားအယွင်း ဖြစ်လို့မရဘူး။ ကျုပ် ဆာ့ကို ယုတ္တိမရှိတဲ့ လှည့်စားမှုတွေကို လက်လျှော့လိုက်ဖို့ အကြံပေးတယ်။ အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရတဲ့အခါ ဉာဏ်ပညာတွေ၊ နည်းဗျူဟာတွေက ဘာမှ အသုံးမဝင်ဘူး။”
“ဟုတ်လား။” ချန်လွေ့ ဟာကွက်ကို ရှာတွေ့သွားသည့် အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ အလိုလို သိနေခြင်းကြောင့်ပင်။ ဆာရန်ဒီက ချန်လွေ့ ပထမဆုံး ရောက်လာခဲ့စဉ်က အန္တရာယ်တစ်မျိုးမျိုးကို ခံစားရစေခဲ့သည်။ [ သရုပ်ခွဲမျက်လုံး ] ကလည်း ထိုအန္တရာယ်၏ အကြောင်းရင်းကို သေသေချာချာ ရှင်းပြခဲ့၏။
မျိုးနွယ် - မာနတော်ဝင်မိသားစု(သန္ဓေပြောင်း)
စွမ်းအားအကဲဖြတ်မှု - C (S+)
သူက တကယ်ပဲ လူစီဖာ တော်ဝင်မိသားစုက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ဖြစ်နေတာပဲ။ ကြယ်ကြွေတမန်မြို့တော်မှလွဲ၍ ထိပ်တန်းအဆင့် လူစီဖာ တော်ဝင်မိသားစုကို စေလွှတ်နိုင်သောနေရာမျိုး ချန်လွေ့ စဉ်းစားမရပေ။ သူက ယခင် နေ့ရက်များက အစ်ဇဘယ်လာ ပြောခဲ့သော သတင်းအချက်အလက်ကို တွေးမိပြီး ထိုနတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းကို မိမိအတွက် ရောက်လာကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ သူသည် ချန်လွေ့ထင်ထားသည်ထက် အတော်လေး အမြန် ရောက်လာခဲ့လေသည်။
ယခင်လုပ်ကြံသူများမှာ မဟာနတ်ဆိုးဘုရင် နှင့် နတ်ဆိုးဧကရာဇ်များသာ ဖြစ်သည်။ ယခုတွင် သူတို့သည် အစွမ်းအထက်ဆုံး နတ်ဆိုးအရှင်သခင်ကို စေလွှတ်ခဲ့သည်။ ကြည့်ရသည်မှာ “နတ်ဆိုးဘုံ၏ နံပါတ်၁ အတွင်းရေးဝန်ကြီး” သည် အမှန်တကယ်ပင် အတော်လေး ဂုဏ်သတင်းကြီးမားပုံရသည်။
ထိုစာမှာ အမှန်တကယ်ပင် သူနှင့် အသီနာသာ နားလည်သော သတိပေးခြင်းပင် ဖြစ်သည်။ သို့သော်လည်း အံ့အားသင့်စွာပင် ရှီရာ အမြဲပင် တန်ဖိုးထားခဲ့ရသော တော်ဝင်မိသားစုဝင် ဂျာဆန်မှာ အမှန်ပင် သူလျှိုတစ်ယောက် ဖြစ်နေလေသည်။
“ဆာ-ချန်လွေ့က အတွေးလွန်နေတာပဲ။ ဆာကလွဲရင် ကျုပ်တို့ ဒီတစ်ခေါက် အမှောင်လကိုလာရတာက မစ်-အသီနာကို ဘာမှလုပ်ဖို့ မရည်ရွယ်ထားပါဘူး။ ဗိုလ်ချုပ် ဂျော့ချ်က စစ်တပ်ကို ကြီးကြီးမားမား ထိန်းချုပ်ထားပြီးတော့ စစ်တပ်ရဲ့ ဂုဏ်သြဇာ အကြီးမားဆုံး ဗိုလ်ချုပ်လည်း ဟုတ်တယ်။ မြို့တော်ကတောင် သူ့ကို ကြောက်ရတယ်။”
ကျုပ်တို့ ဟုတ်လား။ ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားခဲ့သည်။ ဒီကိုလာတာ ဆာရန်ဒီ တစ်ယောက်တည်း မဟုတ်ဘူးပဲ။
“ဂျာဆန်။ ငါ့ကို မသတ်ခင် နောက်ဆုံးအနေနဲ့ မေးချင်တာတွေကို ဖြေပေးပါ။” ချန်လွေ့သည် သေခြင်းတရားကို တည်တည်ငြိမ်ငြိမ်နှင့် ပြောနေသကဲ့သို့ပင် ဖြစ်နေသည်။ “တော်ဝင်မိသားစုကို သစ္စာဖောက်ခဲ့တာက ခင်ဗျား တစ်ယောက်တည်းလား။ ဒါမှမဟုတ် တယ်ရီမိသားစု တစ်ခုလုံးလား။”
“သစ္စာဖောက်တာ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး။ ဒါပေမဲ့ တစ်မိသားစုလုံးလည်း မဟုတ်လား။ ဒါပေမဲ့ ကျုပ်လိုမျိုး ရှိတာက တယ်ရီမိသားစု တစ်ခုတည်း မဟုတ်ဘူး။” ဂျာဆန်၏ ကျောချမ်းစရာ သရော်ပြုံးက ချန်လွေ့ကို တိတ်တိတ်လေး ထိတ်လန့်သွားစေသည်။ “ကျုပ်က တော်ဝင်မိသားစုဝင်ပဲ။ ကျုပ်က နဂိုက နယ်မြေတစ်ခုကို ဆက်ခံဖို့ အရည်အချင်းရှိတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျုပ်ကို အိမ်ရှေ့မင်းသား ဂါရမ်း ဖိနှိပ်ခဲ့တယ်။ အဲဒါကြောင့် ကျုပ်က လွှမ်းမိုးမှုသိပ်မရှိတဲ့ မိသားစုထဲကို လက်ထပ်ခဲ့တယ်။ သွေးမျိုးဆက်ကြောင့် ကျုပ်ရဲ့ ထူးချွန်တဲ့ပါရမီနဲ့ ဒီမိသားစုကိုတောင် ဆက်ခံလို့ မရခဲ့ဘူး။ ပြီးတော့လည်း အခု အမှောင်လက ပိုပြီးတော့ အစွမ်းထက်လာသည်။ ဒါပေမဲ့ ပိုအစွမ်းထက်လာလေလေ၊ ဖျက်ဆီးခံရဖို့ ပိုနီးကပ်လာ လေလေပဲ။ မြို့တော်ရဲ့ သည်းခံနိုင်မှုကို ကျော်လွန်သွားတာနဲ့ အမှောင်လက ကြယ်ကြွေအင်ပါယာ တစ်ခုလုံးကို ယှဉ်နိုင်မယ်လို့ ထင်ထား။”
“မြို့တော်က ကြယ်ကြွေတမန် အင်ပါယာတစ်ခုလုံးကို ကိုယ်စားမပြုဘူး။ အဓိက နယ်မြေတစ်ခုဖြစ်တဲ့ ချော်ရည်ပြာနယ်မြေက အမှောင်လရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။အမှောင်လက ငှက်တောင်ဖြူနယ်မြေနဲ့ လျို့ဝှက်သဘောတူညီမှု တစ်ခုလည်း ရှိတယ်။ ကြီးကြီးမားမား ထိခိုက်သွားတဲ့ လိပ်ပြာနီနယ်မြေတစ်ခုပဲ ကျန်တော့တယ်။” ချန်လွေ့က ဆာရန်ဒီကို ထပ်ခါထပ်ခါ စိတ်ရှုပ်ထွေးစေရန်အတွက် ငှက်တောင်ဖြူ နယ်မြေကို တမင်တကာပင် ဂုဏ်သိက္ခာ ထိခိုက်စေခဲ့သည်။ ထင်ထားသည့်အတိုင်းပင် ဆာရန်ဒီက စိတ်ရှုပ်ထွေးမှုပြသပြီး ချန်လွေ့ ဆက်ပြောသည်ကို မတားဆီးခဲ့ပေ။
“ပြီးတော့ မစမ်းကြည့်ရင် အလုပ်ဖြစ်မဖြစ် ဘယ်လို သိနိုင်မှာပဲ။ ဖြစ်နိုင်ချေ အားလုံးက မဖြစ်နိုင်တာကနေပဲ လာတာလေ။” ချန်လွေ့ ခေါင်းခါသည်။ “သစ္စာမဖောက် ခင်တုန်းက အင်ပါယာရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့တာ သေချာလား။ အခု ကျုပ်တို့က အလျင်အမြန်နဲ့ တိုးတက်နေပြီ။ မြို့တော်ကတော့ အကျပ်အတည်းကြားမှာ ရုန်းကန်နေရတယ်။ တစ်ခုက ထိုးကျနေပြီးတော့ တစ်ခုက အစွမ်းပိုထက်လာနေတယ်။ တစ်ချက်ကြည့်လိုက်ရင်တောင် ရှင်းပါတယ်။ အမှောင်လမှာက စီးပွားရေးတင်မကဘဲ စစ်ရေးမှာပဲ အဆုံးမရှိတဲ့ အလားအလာတွေ ရှိနေတယ်။ မြို့တော်မှာ နတ်ဆိုးအရှင်သခင် အဆင့် ထိပ်သီးပိုင်းတွေရှိတယ်။ ကျုပ်တို့မှာရောပဲ။ ပြီးတော့လည်း မြို့တော်ရဲ့ နတ်ဆိုးအရှင်သခင်တွေက အိုဆိုင်ဒန်နားမှာပဲ သစ္စာရှိရှိ နေမယ်လို့ ခင်ဗျားထင်လား။ အိုဆိုင်ဒန်က အကြီးအကဲ မိသားစုတွေက နတ်ဆိုးအရှင်သခင်အဆင့်တွေကို အမိန့်ပေးနိုင်မယ် ထင်လား။ ဆာ-ဆာရန်ဒီကို ဒီလာခိုင်းဖို့တောင် အိုဆိုင်ဒန် တော်တော်လေး ကြိုးစားလိုက်ရလောက်တယ်။ ပြီးတော့ အိုဆိုင်ဒန်က အမှောင်လကို အနိုင်ယူခဲ့ရင်တောင် ခင်ဗျားက အာဏာတွေရလာပြီး တန်ဖိုးထားခံရမယ် ထင်လား။ ခင်ဗျားက ခဏတာပဲ တန်ဖိုးရှိတဲ့ နယ်ရုပ်တစ်ရုပ်ပဲ။ ခင်ဗျားက ဒီတစ်ခေါက် အကျိုးအမြတ်အတွက် ရှီရာကို သစ္စာဖောက်ခဲ့တယ်။ အကျိုးအမြတ်အတွက် အိုဆိုင်ဒန်ကို ခင်ဗျား သစ္စာဖောက်မှာလည်း ဖြစ်နိုင်တာပဲ။ ပိုင်ရှင်ကို အချိန်မရွေး ကိုက်နိုင်တဲ့ ခွေးတစ်ကောင်ကို ဘယ်သူက မွေးထားမှာလဲ။”
နောက်ဆုံးစကားကြောင့် ဂျာဆန်၏မျက်နှာ ဖြူဖျော့သွားခဲ့သည်။ ဆာရာဒီက ပြောသည်။ “ဆာ-ချန်လွေ့ ဆိုတဲ့အတိုင်းပဲ စကားသုံးလေးခွန်းနဲ့ ဒီသစ္စာဖောက်ကို တုံ့ဆိုင်းသွားအောင်လုပ်နိုင်ခဲ့တယ်။ ပြီးတော့ မင်းက အမှောင်လမှာ နေနေတယ်ဆိုတော့ မြို့တော်ရဲ့ အကျိုးကျေးဇူးနဲ့ အခြေအနေတွေကို ကောင်းကောင်း သိမှာပဲ။ မင်းက ငါ့ရဲ့ စွမ်းအားကိုတောင် မြင်နိုင်ခဲ့တယ်။ ဒါပေမဲ့ စိတ်ချပါ။ ကျုပ်က မင်းကို သတ်ဖို့လာတာ မဟုတ်ဘူး။ မင်းကို ဘဏ္ဍာရေးအရာရှိအနေနဲ့ မြို့တော်ဆီ ဖိတ်ခေါ်ဖို့ပဲ။”
ဆာရန်ဒီ၏ရည်ရွယ်ချက်မှာ မိမိကို မြို့တော်ထံ ဖမ်းခေါ်သွားရန် ဖြစ်ကြောင်းကို ချန်လွေ့ မှန်းဆမိခဲ့ပြီးသား ဖြစ်သည်။ သို့မဟတု်ပါက သူက အချိန်အကြာကြီး အပိုပြောနေမည် မဟုတ်ပေ။
သို့သော် ဆာရန်ဒီ၏ နောက်ထပ်စကားက ချန်လွေ့၏ အမူအရာကို ရုတ်တရက် ပြောင်းလဲသွားစေသည်။ “မင်းရဲ့ ဉာဏ်ပညာက ထူးချွန်တယ်။ ကျုပ်ရဲ့ ခရီးက အလကား မဖြစ်ခဲ့ဘူး။ ကံဆိုးချင်တော့ အချိန်ဆွဲဖို့က အသုံးဝင်မှာ မဟုတ်ဘူး။ မင်းကို ကယ်ဖို့ အမှောင်နတ်ဆိုးက အမှောင်လဆီ စာပို့ပြီးတော့ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် လွှတ်လိုက်မယ်လို့ မထင်ထားနဲ့။ မြို့တော်က အမှောင်လရဲ့ ခြိမ်းခြောက်မှုကို အာရုံခံမိတာ ကြာနေပြီ။ ဒီတစ်ခေါက် ကျုပ်တို့ရဲ့ ရည်ရွယ်ချက်က မင်းကို ခေါ်သွားဖို့အတွက်လည်း ပါတယ်။ ပြီးတော့ အဲဒီစိတ်ရှုပ်စရာ အမှောင်နတ်ဆိုးကိုလည်း အမြစ်ကနေ လှန်ပစ်မယ်။”
ချန်လွေ့၏အတွေးများ အလျင်အမြန် လှုပ်ရှားသွားခဲ့သည်။ အမှောင်နတ်ဆိုးရဲ့ အချိန်းအချက်နေရာက အတော်လေး လျို့ဝှက်တယ်။ ပြီးတော့ မှော်စက်ဝိုင်းတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ခုနက ဂျာဆန် ပြောတယ်။ “တယ်ရီမိသားစုမှာပဲ ငါ့လိုလူ ရှိတာ မဟုတ်ဘူး။” ဒါဆိုရင် အမှောင်နတ်ဆိုးမှာလည်း ဂျာဆန်နဲ့ လမ်းကြောင်းတူတဲ့ လူတစ်ယောက် ရှိရမယ်။
ဒေလီယာ အန္တရာယ် ရောက်နေပြီ။ အစ်ဇဘယ်လာရောပဲ။
အမှန်အတိုင်းပြောရရင် အမှောင်လက မြို့တော်ဘက်က မိသားစုတွေကို ဒီနှစ်ပိုင်းမှာ ရှင်းပစ်နေခဲ့တာ။ အင်အား အလျင်အမြန် တိုးတက်မှုတွေနဲ့အတူ အထက်တန်း စီမံခန့်ခွဲမှုတွေကလည်း သဟဇာတ ဖြစ်နေပြီ။ ဒါပေမဲ့ ဒီလိုအခြေအနေ ဖြစ်သွားခဲ့တယ်။ ဒါက ငါ့ရဲ့ ဂရုမစိုက်မှုကြောင့်ပဲ။
လူတွေရဲ့စိတ်က ခန့်မှန်းလို့မရဆုံး အရာဆိုတာ အမှန်ပဲ။
ချန်လွေ့၏ဦးနှောက် မည်မျှပင် လျှင်မြန်စေကာမူ၊ အခြားလောကမှ အသိပညာများ မည်မျှပင် ရှိစေမူ၊ သူ၏အသိဉာဏ်နှင့် စွမ်းအင်တို့မှာ အကန့်အသတ် ရှိပေသည်။ အဘက်ဘက်၌ ကျွမ်းကျင်ရန် မဖြစ်နိုင်ပေ။ နောက်ဆုံး၌ ၎င်းတို့သည် ဤကဲ့သို့ အမှားအယွင်းများ ဖြစ်သွားစေခဲ့ခြင်းပင် ဖြစ်လေသည်။
ထိုအချိန်၌ ဆာရန်ဒီ၏ မျက်နှာ ရုတ်တရက် ပြောင်းလဲသွား၏။ နောက်ထပ် လူတစ်ယောက် ဘယ်ကမှန်းမသိ အခန်းထဲ၌ ပေါ်ထွက်လာခြင်းပင်။
ထိုသူမှာ ဆံပင်တိုတိုနှင့် ညိုဝါမှိုင်းသော အသားအရေ ရှိသည်။ ထိုသူ ပေါ်လာသည်နှင့် ဆာရန်ဒီက ချက်ချင်းပင် သတိထားလိုက်သည်။ ထိုသူ၏စွမ်းအားမှာ သေချာပေါက် မရိုးရှင်းပေ။ သူ၏ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းသည်ပင် ရင်ထဲ၌ တလှပ်လှပ် ခံစားနေရ၏။
ဒါက အမှောင်လရဲ့ ပုန်းကွယ်နေတဲ့ အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်ရမယ်။ သူက ငါ့ရဲ့ စွမ်းအားအဆင့်ကိုတောင် ယှဉ်နိုင်နေတယ်။ အမှောင်လမှာ တကယ်ပဲ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း အစွမ်းထက်ပုဂ္ဂိုလ် ရှိနေတာပဲ။ ဒီလူက ဒီနေရာကို ဘယ်လို ရှာတွေ့သွားတာလဲ။ သူက ချန်လွေ့ကို အနီးကပ် ကာကွယ်ပေးနေတာလား။
သို့သော်လည်း ထိုသူသည် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ အမူအကျင့် လုံးဝ ရှိမနေပေ။ သူက ဝိုင်တစ်ငုံသောက်လိုက်ပြီးတော့ နှာမှုတ်လိုက်သည်။ “အဲဒီကောင်မက တကယ် အနံ့ခံကောင်းတာပဲ။ နောက်ဆုံးတော့ သူ နောက်ယောင်ခံလိုက်တာကနေ ငါ လွတ်သွားပြီ။ ဒါပေမဲ့ ငါထိုင်တောင် မထိုင်ရသေးဘူး။ ဆင့်ခေါ်ခံလိုက်ရတယ်။ ငါ့ရဲ့ အားလပ်ချိန်ကို ဘယ်ငကန်းက နှောင့်ယှက်တာလဲဆိုတာ မြင်ချင်တယ်။”
“ချီးကို အားတာလား။ ဒေလီယာ တစ်ခုခု ဖြစ်တော့မယ်။” ချန်လွေ့တွင် ထိုသူ၏ အပြစ်တင်ချက်များကို ဖြေရှင်းရန် အချိန်မရှိပေ။
အရှင်ဖမ်းရမှာလား။ သတ်ပစ်ရမှာလား။ ဆာရန်ဒီ၏ မျက်လုံးထဲ၌ ရန်လိုခြင်း လက်ခနဲ ဖြစ်သွားသည်။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းစွမ်းအားကို အလျင်အမြန် စုစည်းလိုက်ရသည်။ သူက ချန်လွေ့ကို အရင်ဖမ်းရန် ပြင်လိုက်စဉ် ထိုသူက သူ့အရှေ့၌ ချက်ချင်း တားဆီးလိုက်သည်။ ထိုသူ၏ မျက်လုံးထဲရှိ ကြောက်မက်ဖွယ်ရာ အလင်းက ဆာရန်ဒီကို သိမ့်သိမ့်တုန်သွားစေသည်။ သူ အစွမ်းကုန် သုံးရပေတော့မည်။
ဆာရန်ဒီက ပါ့ဂ်လီအိုကို လုံးဝ အာရုံစိုက်နေစဉ် နောက်ဘက်၌ အလင်းရောင် ဖျော့ဖျော့တစ်ခု လင်းလက်သွားသည်။ သူ ပြန်ကြည့်လိုက်ရာ လူသား အမှန်တကယ်ပင် ပျောက်ဆုံးသွားခဲ့သည်။
ဆာရန်ဒီ အံ့အားသင့်သွား၏။ သူက ထိုလူသား၏ တည်နေရာကို စုံစမ်းရန် အချိန်မရခင်မှာပင် သူ့အရှေ့မှလူက သူအာရုံပျံ့လွင့်နေသည်ကို အခွင့်ကောင်း ယူခဲ့သည်။ ချက်ချင်းပင် သူ၏လက်သီးက ရာပေါင်းများစွာသော အနက်ရောင်အရိပ်များအဖြစ် ပြောင်းလဲသွားကာ အရေးကြီးသော အစိတ်အပိုင်းများကို ထိုးနှက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ဝါးမျိုခံလိုက်ရသည်။ ထိုကဲ့သို့ ပြင်းထန်သောစွမ်းအားသည် အင်အားစုစည်းထားခဲ့သော ဆာရန်ဒီကို တင်းတင်းကြပ်ကြပ် ဖိနှိပ်သွားခဲ့သည်။ ခဏကြာသည်အထိ သူသည် အရေးနိမ့်သော အခြေအနေ၌ ရှိနေခဲ့သည်။
ချန်လွေ့သည် ခုနက လက်နောက်ပစ်ထားစဉ် ပါ့ဂ်လီအို၏ နဂါးကြေးခွံကို ဖိခြေလိုက်သည်။ ထို့ကြောင့် အဆိပ်နဂါးက သက်ရောက်မှုရှိသော အဝန်းအဝိုင်းအတွင်း အမြန်ရောက်လာနိုင်ခဲ့သည်။ ထို့ကြောင့်ပင် ချန်လွေ့က ဆာရန်ဒီကို အချိန်ဆွဲနေခြင်း ဖြစ်သည်။ သူက ယခင်နေ့ရက်များက အစ်ဇဘယ်လာ၏ သတိပေးချက်ကို လျစ်လျူရှု မထားခဲ့ဘဲ ကြိုတင်ပြင်ဆင်ထားခဲ့သည်။ ယခုတွင် အမှန်ပင် အသုံးဝင်လာခဲ့လေပြီ။
ခုနက ချန်လွေ့သည် [ ကြယ်ဂိတ် ] ကို သုံးပြီး ထွက်သွားရခြင်းမှာ [ ကြယ်ဂိတ် ] နေရာမှတ်ထားသော နေရာသည် အမှောင်နတ်ဆိုး၏ အချိန်းအချက်နေရနှင့် ပိုနီး၍ ဖြစ်သည်။ ၎င်းကို ဆာရန်ဒီ မြင်သွားနိုင်သော်လည်း ချန်လွေ့သည် ယခုတွင် ၎င်းကို ဂရုမစိုက်နိုင်တော့ပေ။
ငါ အမှောင်နတ်ဆိုး ဌာနချုပ်ကို အမြန်ဆုံး သွားရမယ်။