ရွှေလူသားနှင့် လက်ဖက်ရွက်
Vol. 33 Ch. 486
အိုလီဖီးရက်စ်နှင့် အထင်လွဲခြင်းကို ပြေလည်သွားပြီးနောက် အိမ်ထဲ၌ နောက်ထပ် အလုပ်အကိုင်တစ်ခု ထပ်ပေါင်းထည့်ခဲ့သည်။ မစ်-နဂါးနက်၏ စကားအတိုင်းဆိုလျှင် အောက်ပါအတိုင်း ဖြစ်သည်။ သက်တော်စောင့်က အလုပ်ရှင်နဲ့ ရှိမနေဘူးဆိုရင် ဘက်တော်စောင့် ဖြစ်နေဦးမှာလား။
အဓိကမှာ ထိုနေရာသည် အလကား စားသောက်ရသည့် ကွန်းခိုရာတစ်ခု ဖြစ်နေသည့် အတွက်ကြောင့်ပင် ဖြစ်သည်။ ပါ့ဂ်လီအို၏ လက်ထဲ၌ အနံ့ရရုံဖြင့် သွားရည်ကျနိုင်သော မြကျောက်စိမ်းဝိုင်ကဲ့သို့ အရသာရှိသည့် အရာများစွာလည်း ရှိသည်။ ထိုပစ္စည်းကောင်းများကို အပြင်၌ပင် ဝယ်၍ မရနိုင်ပေ။
ချန်လွေ့ ထပ်ကာထပ်ကာ စဉ်းစားပြီးနောက် အိုလီဖီးရက်စ်၏ တောင်းဆိုချက်ကို လက်ခံခဲ့သည်။ ဒီကောင်မလေးက ထူးဆန်းပြီးတော့ မယုံကြည်ရဘူး။ သူက အသားကင်နေတုန်း သစ်တောတစ်လုံးကို မီးလောက်စေခဲ့တယ်။ ကံဆိုးချင်တော့ သူ့စွမ်းအားက နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း ဖြစ်နေတယ်။ တကယ်လို့ သူက အပြင်မှာနေမယ်ဆိုရင် ပြဿနာကြီးတွေ ဖြစ်စေလိမ့်မယ်။ ငါ အမှောင်လမြို့တော်ကို အခက်အခဲတွေ အများကြီးနဲ့ စီမံခဲ့ရတာ။ မတော်တဆမှုတွေ မဖြစ်စေချင်ဘူး။
အသီနာနှင့် ခီရာတို့က မစ်-သက်တော်စောင့်အကြောင်းကို ချန်လွေ့ထံမှ သိနှင့်ထားပြီးသားဖြစ်သည့်အတွက် အထင်လွဲမှုများ မရှိခဲ့ပေ။ သို့သော် အိုလီဖီးရက်စ်၏ မထင်မှတ်ထားသော အလှကြောင့် သူတို့၏မျက်လုံးထဲ၌ သတိထားသော အရိပ်အယောင် တစ်ခု ရှိနေသည်။ ကံကောင်းစွာပင် ထိုကဲ့သို့ သတိထားမှုက ယခင်နေ့ရက်များ၌ သူတို့ အချင်းချင်း ဆက်သွယ်ပြောဆိုမှုများ ကြားထဲ၌ ပြေလျော့သွားခဲ့သည်။ အိုလီဖီးရက်စ်က အလွန်ရိုးရှင်းသော ကောင်မလေးတစ်ယောက်ဖြစ်ကြောင်း သူတို့ သိသွားကြသည်။ သူ့ကို အလွန်ရိုးရှင်းသော ကပ်စေးနဲဟု ပြော၍ရနိုင်ပေသည်။ မိန်းမနှင့် ယောက်ျားကြားမှ ပတ်သတ်မှုမှာ စာရွက်လွတ်တစ်ရွက်ကဲ့သို့ပင် သန့်ရှင်းနေသည်။ သူက ထိုအကြောင်း အများကြီး မတွေးပေ။
ကပ်စေးနဲ ဖြစ်ခြင်းအပြင် ထိုကောင်မလေးသည် ခရိုဘဲလက်စ်ကို ယှဉ်နိုင်သော အစားကြိုက်သူလည်း ဖြစ်သည်။ သူက စားနိုင်သည်အထိ စားသည်။ ထို့ပြင် “အမေက ပြောတယ်။ ဒါက အရွယ်ရောက်ဖို့အတွက်တဲ့” ဟူ၍လည်း ဆိုတတ်သည်။
ယခုတစ်ခေါက်၌ “ကြက်ဆင်” လည်ဆွဲအပြင် ဇိုလာက ချန်လွေ့အား သူပေးခဲ့သော ရုပ်သေးနှလုံးသား၏ အရေးကြီးသည့် သုတေသနတစ်ခုကိုလည်း ပေးခဲ့သည်။ ရုပ်သေး နှလုံးသားမှာ ဘယ်ဇီဘတ် တော်ဝင်မိသားစု၏ လျို့ဝှက်ရတနာ ဖြစ်သည်။ ၎င်းသည် ရုပ်သေးများ ပြုလုပ်ရာ၌ ကောင်းမွန်သော သက်ရောက်မှု ရှိသည်။ ယခင်က သလင်းကျောက် နဂါး ယာကော့ဗ်သည် ပိုမိုအစွမ်းထက်သော သလင်းကျောက် လူသားများကို ဖန်တီးရန်အတွက် အက်ဇ်ဂါလောထံမှ အတင်းရယူခဲ့သည်။ ထို့နောက် ချန်လွေ့က အကြံဖြင့် ၎င်းကို ရရှိခဲ့သည်။ ချန်လွေ့က ၎င်းကို သုတေသန ပြုလုပ်ရန်အတွက် ဇိုလာထံ ပေးခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး၌ ထိုသုတေသနက ကြီးမားသော အောင်မြင်မှု ရရှိခဲ့သည်။ ဇိုလာက ထူးခြားသော ရုပ်သေးတစ်ခုကို ဖန်တီးခဲ့လေသည်။
ထိုကဲ့သို့ရုပ်သေးမျိုးသည် သလင်းကျောက်နဂါး၏ ပါရမီနှင့် အခြားစွမ်းအားများဖြင့် ဖန်တီးထားသော သလင်းကျောက်လူသားများနှင့် အနည်းငယ် ဆင်တူသည်။ သို့သော် ကုန်ကြမ်းများမှာ သလင်းကျောက်များမဟုတ်ဘဲ သတ္တုစပ်နှင့် ရှေးမှော်စာ အများအပြား ပေါင်းထည့်ထားလေ၏။ ဇိုလာက ၎င်းကို ရွှေလူသားဟု အမည်ပေးခဲ့သည်။
ရွှေလူသား၏ ကုန်ကြမ်းများကပင် အလွန်အမင်း မာကြောလှသည်။ ၎င်းကို အတုံးများ တည်ဆောက်ခြင်းနှင့် ဆင်တူသော အစိတ်အပိုင်းငယ်များမှ စီစဉ်ထားခြင်း ဖြစ်သည်။ ၎င်းသည် လူသားများက ကြွက်သားကို ထိန်းချုပ်သကဲ့သို့ပင် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ထိန်းချုပ်နိုင်သည်။ ၎င်း၏ ဦးနှောက် “အမြုတေ”မှာ အမြင့်ဆုံး သန့်စင်မှုရှိသည့်အရာနှင့် ချန်လွေ့ ထောက်ပံ့ပေးသော ရုပ်သေးနှလုံးသား၏ စွမ်းအားကို အသုံးပြုထားလေသည်။ ၎င်းကို ရှေးမှော်စာနှင့် ဒြပ်ပေါင်းမှော်များမှတစ်ဆင့် ပြုလုပ်ထားခြင် ဖြစ်ပေသည်။
ရှေးမှော်စာများမှာ အလွန်ပင် မယုံနိုင်စရာကောင်းသည်။ အဆုံးသတ်ထုတ်ကုန် ရလာသည်နှင့် ရွှေလူသား၏ အစိတ်အပိုင်းနှင့် အမြုတေတို့ ပေါင်းစပ်သွားပေမည်။ ၎င်းသည် အလွန်အမင်း မာကြောလှပြီး အစွမ်းထက် မှော်ဒြပ်စင်များကို ၎င်းကို မပြောင်းလဲနိုင်၊ ပြောင်းပြန် မလုပ်နိုင်ပေ။ ထို့ကြောင့် ရွှေလူသား၏ ခုခံမှုစွမ်းအားနှင့် မှော်ခုခံမှုစွမ်းရည်တို့မှာ အတော်လေး အံ့အားသင့်စရာ ကောင်းပေသည်။ တိုက်ခိုက်ရေး၌ ၎င်းသည် နတ်ဆိုးဘုရင်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ရွှေလူသားများ ပြုလုပ်ရာ၌ ဇိုလာတွင် နောက်ထပ် အရေးကြီးသော ရည်ရွယ်ချက် တစ်ခု ရှိသည်။ ၎င်းကို အန္တရာယ်များသော စမ်းသပ်ချက်များနှင့် စူးစမ်းရှာဖွေရာ၌ လက်ထောက်အဖြစ် အသုံးပြုရန်အပြင် နောက်ထပ် အရေးကြီးသော လုပ်ဆောင်ချက် တစ်ခုလည်း ရှိနေသေးသည်။
ဤအိမ်တွင် လူသစ်ဖြစ်သော နဂါးနက်မလေးမှလွဲ၍ ( ဇိုလာအထင် ) အပြင်လူ မရှိပေ။ အစေခံများ၊ အိမ်ဖော်များလည်း မရှိကြပေ။ လူတိုင်းတွင် ကိုယ်ပိုင်ကိစ္စများ ရှိကြသည်။ သန့်ရှင်းရေးပြုလုပ်ရန် အဆင်မပြေကြပေ။ ထို့ကြောင့် ထိုရွှေလူသားများကို အစေခံအဖြစ် အသုံးပြု၍ ရနိုင်ပေသည်။
ရွှေလူသားများတွင် ကိုယ်ပိုင်အသိစိတ် မရှိကြပေ။ သီးသန့် မထိန်းချုပ်လျှင် သန့်ရှင်းရေးနှင့် စောင့်ကြပ်ခြင်း ကဲ့သို့သော “အစီအစဉ်များ” အတိုင်းသာ စက်ရုပ်သဖွယ် လုပ်နိုင်လေသည်။ ဇိုလာ၏ လျို့ဝှက်နည်းလမ်းအတိုင်း စိတ်ဝိညာဉ်အမှတ်အသားတစ်ခု ထည့်သွင်းပြီးနောက် ရွှေလူသားများကို လုပ်ရပ်အမျိုးမျိုး ပြုလုပ်ရန် ထိန်းချုပ်နိုင်သွား၏။ ရွှေလူသား ပေါ်ထွက်လာမှုသည် ပြဿနာကြီးတစ်ခုကို ဖြေရှင်းနိုင်လိုက်သော်လည်း ချန်လွေ့က ပို၍အရေးကြီးသော နည်းဗျူဟာ အရေးပါမှုကိုသာ တွေးနေလေသည်။
သလင်းကျောက်နဂါး ပြုလုပ်သော သလင်းကျောက်လူသားများနှင့် ယှဉ်လျှင် ရွှေလူသားများတွင် မှော်ခုခံမှု အားနည်းချက်မရှိဘဲ ၎င်းတို့ထက် မှော်ခုခံမှုနှင့် တိုက်ခိုက်ရေးစွမ်းအား ပိုသာသည်။ သို့သော်လည်း အမြန်နှုန်းမှာ အတော်လေး နှေးကွေးပေသည်။ အက်စ်မိုဒက်စ် တော်ဝင်မိသားစု၏ [ စစ်ရုပ်သေး ] ၏ စစ်မှန်သော တိုက်ခိုက်ရေးအသိစိတ်များနှင့်မူ ယှဉ်၍မရပေ။ သို့သော်လည်း ဇိုလာပြောသည့် အတိုင်းဆိုလျှင် ကုန်ကြမ်းလုံလောက်သရွေ့ အမြောက်အမြား ထုတ်လုပ်နိုင်ပေမည်။ သူသည် သုံးယောက် ထုတ်လုပ်ပြီးပြီ ဖြစ်သည်။
ချန်လွေ့က ထိုပေါင်းစည်းမှုများ ထုတ်လုပ်ရန်အတွက် တပ်ဆင်ရေးလမ်းကြောင်း လုပ်ငန်းစဉ်ကို အသုံးပြု၍ ရနိုင်မနိုင် မေးကြည့်သည်။ ၎င်းသည် ဇိုလာ၏ အလုပ်ဝန်ကို လျှော့ချနိုင်ရုံသာမက ထုတ်လုပ်ရေး အမြန်နှုန်းကိုလည်း အဆများစွာ တိုးစေနိုင်ငသည်။ ထိုအချိန်၌ ဇိုလာသည် ရုပ်သေးများ၊ သို့မဟုတ် အထူးဝန်ထမ်းများအား ၎င်းကို စီစဉ်ခိုင်းနိုင်သည်။ နောက်ဆုံး၌ ဇိုလာသည် အမြုတေ ထုတ်လုပ်ခြင်း အရေးကြီးဆုံး ဖြစ်သော အစပျိုးခြင်းကို ပြီးစီးဆောင်ရွက်နိုင်ပေသည်။
ဇိုလာ ခဏစဉ်းစားလိုက်သည်။ ထိုနည်းလမ်းမှာ အသုံးပြု၍ ရနိုင်သော်လည်း ထုတ်လုပ်ရေး၌ သူသည် ထူးခြားဆန်းကြယ်သော မှော်စွမ်းအားများ၌ အဘက်ဘက်၌ အသုံးပြုခဲ့သည်။ သာမန်ပညာရှင်များ ပြုလုပ်လျှင် နောက်ဆုံး အစပျိုးခြင်း အောင်မြင်သည့်တိုင် ရွှေလူသားများ၏ တိုက်ခိုက်ရေး သက်ရောက်မှုများ အတော်လေး ကျဆင်းသွားပေမည်။ နတ်ဆိုးဘုရင်အဆင့်ရောက်ရန် ခက်ခဲနိုင်လောက်ပေသည်။
ထိုအချိန်၌ အသီနာက ဝင်ပြောသည်။ ၎င်း၏စွမ်းအားမှာ အမြင့်ဆင့်နတ်ဆိုး ဖြစ်သည့်တိုင် ပမာဏတစ်ခုခုသို့ ရောက်လာသရွေ့ ရွှေလူသားများသည် ခုခံမှု မြင့်မားခြင်း၊ တိုက်ခိုက်ရေးမြင့်မားခြင်းနှင့် အကြောက်တရား ကင်းမဲ့ခြင်းတို့ကြောင့် စစ်မြေပြင်၌ ကြောက်မက်ဖွယ်ရာအကောင်းဆုံး အဖွဲ့တစ်ဖွဲ့ ဖြစ်လာမည်မှာ သေချာပေသည်။
ထိုညတွင် ချန်လွေ့က ရွှေလူသားကို နန်းတော်ဆီ ခေါ်ဆောင်လာပြီး အဖြစ်အပျက်အား ရှီရာထံ သတင်းပို့ခဲ့သည်။
ရှီရာက ချန်လွေ့ တင်ပြသော ရွှေလူသားကို တအံ့တသြနှင့် ကြည့်သည်။ ရွှေလူသားကို အမြောက်အမြား ထုတ်လုပ်ပြီး စစ်မြေပြင်၌ ထားနိုင်မည်လျှင် ဖန်တီးနိုင်မည့် တိုက်ခိုက်ရေးစွမ်းအားကို သူ ကောင်းကောင်း သိသည်။
ချန်လွေ့ တင်ပြသော တပ်ဆင်ရေးလမ်းကြောင်း ထုတ်လုပ်ရေး၌ ရှီရာကလည်း အတော်လေး စိတ်ဝင်စားကြောင်း ဖော်ပြသည်။ တပ်ဆင်ရေးလမ်းကြောင်း ဆိုသည်မှာ နောက်ဆုံး တပ်ဆင်ရေး မထုတ်လုပ်နိုင်ခင်အထိ အစိတ်အပိုင်းများကို တူညီသော အမြန်နှုန်းဖြင့် နည်းလမ်းတကျ ပေါင်းထည့်သော အလုပ်ရုံတစ်ခုစီသို့ ဖြတ်သန်းသွားသည့် ထုတ်လုပ်ရေး လုပ်ငန်းစဉ်ကို ဆိုလိုခြင်း ဖြစ်သည်။
ရှီရာသည် ပါးနပ်၏။ ထို့ကြောင့် ထုတ်လုပ်ရေးနည်းလမ်း၏ အကျိုးကျေးဇူးများကို ရုတ်တရက် တွေးမိလိုက်သည်။ “ဒါက ခရီးပေါက်စေနိုင်သလို လျို့ဝှက်ချက်အတွက်လည်း အတော်လေး ထိရောက်တယ်။ အဖွဲ့တိုင်းက အစိတ်အပိုင်းတွေကို ထုတ်လုပ်ပြီးတော့ သီးခြားအဖွဲ့တစ်ဖွဲ့က တပ်ဆင်ရတယ်။ တစ်ယောက်ယောက်က လျို့ဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်လိုက်မယ်ဆိုရင်တောင် ပြီးပြည့်စုံတဲ့ ရွှေလူသား ထုပ်လုပ်ရေး နည်းလမ်းကို ရမှာ မဟုတ်ဘူး။”
“ဟုတ်တယ်။ ရွှေလူသား သတ္တုစပ် ထုပ်လုပ်ဖို့နဲ့ အရေးအကြီးဆုံး အပိုင်းတွေကို ပြိဿတွေဆီ လက်လွှဲဖို့ ကြံထားတယ်။ ဒါမှပဲ စိတ်ချရမှာ။”
ရှီရာလည်း ထောက်ခံသည်။ “ဒီတပ်ဆင်ရေးလမ်းကြောင်း ထုတ်လုပ်ရေးကို မယုံနိုင်စရာပဲ။ ဒါကို ထုတ်လုပ်ရေးစက်ရုံတွေ အများကြီးမှာ ကြော်ငြာလို့ ရတယ်။ ရွှေလူသားရဲ့ ထုတ်လုပ်ရေး ကုန်ကြမ်းတွေကို ဝယ်ဖို့အတွက် အခုချက်ချင်း လူလွှတ်လို့ ရတယ်။ ဒါပေမဲ့ မင်းရဲ့ မနေ့က အစီရင်ခံစာ အရဆိုရင် ငါတို့ရဲ့ လက်တလော မြို့တော် အသုံးစရိတ်က အထူးသဖြင့် စစ်ရေးမှာ အတော်လေး ကြီးမားနေတယ်။ အရင်ဆုံး စျေးသက်သာမယ့် အစီအစဉ်တစ်ခု လုပ်ကြတာပေါ့။ ”
“ပိုက်ဆံက ပြဿနာ မဟုတ်ပါဘူး။” ချန်လွေ့က ကလူကျီစယ်လျက် ပြုံးသည်။ “ဒါပေမဲ့ အဲဒါက ကျုပ်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေ။ အနာဂတ်မှာ ကျုပ်မိန်းမကို လက်ထပ်ရင် သုံးဖို့ စီစဉ်ထားတာ။ အခု အကုန်သုံးလိုက်မယ်ဆိုရင် နောက်တော့ ဘယ်သူကမှ ကျုပ်ကို လက်မထပ်ချင်တော့ရင် ဘယ်လိုလုပ်မလဲ။”
ရှီရာ၏မျက်နှာ အနည်းငယ် နီမြန်းသွားခဲ့သည်။ “မင်းမှာ အသီနာနဲ့ တခြားသူတွေ ရှိတယ်မဟုတ်လား။ မင်းရဲ့ ဉာဏ်များပုံနဲ့ လှည့်ကွက်တွေနဲ့ဆို မင်းမှာ ဘာမှမရှိတော့ရင်တောင် သူတို့တွေက မင်းဘေးနားမှာ ရှိနေဦးမှာပဲ။”
ချန်လွေ့ အနားကပ်လာပြီး ရှီရာ၏ လှပသောမျက်လုံးများကို တည့်တည့် စိုက်ကြည့်သည်။ “ခင်ဗျားကရော။”
ရှီရာ၏လေသံ အနည်းငယ် အေးစက်သွား၏။ “လော့ဒ်တစ်ယောက်အနေနဲ့ အသုံးမဝင်တဲ့သူတွေက တန်ဖိုး ဆုံးရှုံးသွားမှာပဲ။”
“တကယ်လား။” ချန်လွေ့ ခေါင်းကုတ်ပြီး မေးလိုက်ပြန်သည်။ “ဒါဆို မိန်းမတစ်ယောက် အနေနဲ့ကရော။”
“ဆင်းရဲပါစေ၊ မြင့်မားပါစေ၊ နိမ့်ကျပါစေ၊ အသက်ကြီးပါစေ၊ နေမကောင်းဖြစ်ပါစေ၊ သေပါစေ၊ သူ့ဘေးမှာပဲ ငါရှိနေမယ်။” ရှီရာ၏ ခရမ်းရောင် မျက်လုံးများက ညင်သာမှုများ၊ ခိုင်မာမှုများနှင့် ရောယှက်နေသည်။ “ငါက နယ်မြေတစ်ခုက လူတွေအားလုံးရဲ့ ကံကြမ္မာကို ပုခုံးထမ်းတင်ထားတယ်။ ဒါမှမဟုတ် အနာဂတ်မှာ အင်ပါယာကိုတောင် ပုခုံးထမ်းထားရနိုင်တယ်။ ဒီလိုလေးလံတဲ့ ဝန်ထုတ်ဝန်ပိုးကို ငါ ဖယ်ရှားနိုင်ခဲ့ရင် သေခြင်း၊ရှင်ခြင်းကတောင် သူနဲ့ငါ့ကြားကို ခွဲခြားနိုင်တော့မှာ မဟုတ်ဘူး။ တကယ်လို့ ဒီတာဝန်ကို ငါ လက်မလွှတ်နိုင်ဘူးဆိုရင် ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုအတွက်နဲ့ နယ်မြေတစ်ခုလုံး၊ အင်ပါယာတစ်ခုလုံးကို မစတေးနိုင်ဘူး။ ဒါပေမဲ့ အဲဒီအချိန်ကစပြီး ငါ့ရဲ့ ဝိညာဉ်နှင့် ခံစားချက်တွေက သူ့ရဲ့ သေဆုံးမှုနဲ့အတူ လုံးဝ ပျောက်ကွယ်သွားမှာ။”
ချန်လွေ့က ရှေ့နှစ်လမ်းလှမ်းပြီး ရှီရာအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက် တော့သည်။
အကြင်နာအနမ်းများ၊ စကားချိုချိုများ မပါဝင်ပေ။ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ ပေါင်းစည်းသော ပွေ့ဖက်ခြင်းတစ်ခုသာ ဖြစ်၏။
ဘယ်တော့မှ မခွဲဘူးဟူ၍ သဘောတူညီထားသည့် အတိုင်းပင်။
အချိန်အတော်ကြာပြီးနောက် -
“ဟုတ်ပြီ။ မင်း အခု သွားသင့်ပြီ။ ညစျေးကနေ အဲလစ် ပြန်လာနေပြီ။”
“အင်း။ ရွှေလူသားကိစ္စကို ကျုပ် ချက်ချင်း စီစဉ်လိုက်မယ်။ ခင်ဗျားရဲ့ မွေးနေ့က သုံးလေးရက်ပဲ လိုတော့တာ။ ဒါပေမဲ့ ဒါက ကျုပ်ရဲ့ မွေးနေ့လက်ဆောင် မဟုတ်ဘူး။ ကျုပ် ခင်ဗျားကို ပေးမယ့် မွေးနေ့လက်ဆောင်ငက သိပ်ပြီးတော့ အဖိုးမတန်ဘူး။”
ရှီရာက ချန်လွေ့ကို ကြည့်ပြီး “မင်းဆီကနေဆိုရင် ဘာပဲဖြစ်ဖြစ် သဘောကျတယ်” ဟူ၍ မပြောခဲ့ပေ။ သူက အရည်ပျော်တော့မည့် နှင်းကဲ့သို့ပင် အသာလေး ပြုံးနေ၏။
နန်းတော်မှ ထွက်သွားပြီးနောက် ချန်လွေ့က မသိလိုက်ဘဲနှင့် အရှေ့မြောက် ဘလော့သို့ လှည့်သွားလိုက်မိသည်။
ဒီကိုလာတာ ငါ အကျင့်ဖြစ်နေပြီလား။ ချန်လွေ့က အိမ်ရှေ့သို့ ရောက်သောအခါ ခါးသက်သက် ပြုံးလိုက်မိသည်။
ယခင်ကကဲ့သို့ပင် တံခါးအလိုလိုပွင့်သွားပြီး သူ၏ခြေထောက်က မသိလိုက်ဘဲ လမ်းလျှောက်သွားခဲ့သည်။
ခြံဝင်းသည် ယနေ့တွင် သန့်ရှင်းပြီး သပ်ရပ်နေပုံရသည်။ ဘေးထောင့်နားမှ မီးတောက်ပန်းနှစ်ပွင့်လည်း အရောင်တောက်ပနေပြီး ခြံဝင်းကို နွေးထွေးမှုများဖြင့် ပြည့်လျှံသွားစေသည်။ မည်သည့် နောက်ထပ်အလင်းရောင်ကိုမျှ မလိုအပ်ပေ။
အစ်ဇဘယ်လာက ခြံဝင်းအလယ်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ သူက ဂါဝန်အတို ဝတ်ဆင်ထားပြီး အနည်းငယ် ပျင်းရိနေဟန်တူသည်။ သူ၏ရင်ဘတ်ပေါ်မှ နှင်းဖြူအလုံးနှစ်လုံး ပေါ်လွင်နေပြီး ပြည့်ဝမှုအကြားမှ အက်ကြောင်းသည် ချန်လွေ့၏ နှလုံးသားကို လှုပ်ရှားသွားစေသည်။ ချန်လွေ့ ဆက်မကြည့်ရဲတော့ပေ။ ထို့နောက် သူက မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်ပြီး ရှေ့တည့်တည့် ကြည့်နေလိုက်သည်။
အစ်ဇဘယ်လာ၏ မိမိ၏ခန္ဓာကိုယ် ပေါ်လွင်နေသည်ကို ဂရုမစိုက်ခဲ့ပေ။ သူ၏လက်ထဲ၌လည်း တစ်စုံတစ်ခု ရှိနေသည်။ ချန်လွေ့သည် နတ်ဆိုးဘုံသို့ ရောက်ခါစ ဖြစ်သော လူသစ်တစ်ယောက် မဟုတ်တော့ပေ။ ၎င်းကို ဗျတ်စောင်းဟုခေါ်ကြောင်း သူသိသည်။ တီးခတ်သော နည်းလမ်းနှင့် အသံမှာ ဘာဂျာနှင့် အလွန်ဆင်တူသည်။
“ဒီနေ့ ကျွန်မ ပျင်းနေတယ်။ အဲဒါနဲ့ အရင်က ဝါသနာလေးတစ်ခုကို ရှာတွေ့သွား ခဲ့တယ်။ ကျွန်မ သီချင်းတစ်ပုဒ် တီးတာကို အရင် နားထောင်လိုက်ဦး။”
ဂီတသံက ညင်ညင်သာသာ ထွက်ပေါ်လာပြီး လှပသော တေးသွားသံကို ခြံဝင်းထဲ၌ ရောင်စုံအိပ်မက်သဖွယ် ပျံ့လွင့်နေလေသည်။ ထိုအိပ်မက်၏ မူလဇစ်မြစ်မှာ ကျက်သရေရှိပြီး ပျင်းရိသော မိန်းမလှတစ်ယောက် ဖြစ်နေပြီး တူညီစွာပင် စွဲမက်ဖွယ် ကောင်းလှပေသည်။
“သိပ်ကိုလှပတဲ့ တေးသွားပဲ။” ချန်လွေ့က စိတ်ရင်းနှင့် ချီးမွမ်းလိုက်သည်။
ထိုအပြာရောင် မျက်လုံးများက ချန်လွေ့အား ဖျော့ဖျော့လေး ကြည့်လိုက်ပြီးနောက် ဗျတ်စောင်းကို ပစ်ပေးလိုက်သည်။
“ကျွန်မအတွက် သီချင်းတစ်ပုဒ် တီးပေး။”
“ကျုပ်လား။” ချန်လွေ့ ဗျတ်စောင်းကို ဖမ်းလိုက်ပြီးနောက် ၎င်းကိုကြားသည့်အခါ အံ့အားသင့်သွားခဲ့သည်။ ထို့နောက် ခေါင်းခါသည်။ “ကျုပ် တကယ် မတီးတတ်ပါဘူး။”
“ဒါဆို ရှင်သင်ပြီးတဲ့အထိ ကျွန်မ စောင့်မယ်။” အစ်ဇဘယ်လာက တည့်တည့် ပြောလိုက်သည်။ “လူလိမ်လုပ်ရတာက ပိုခက်တယ်။ ဒါပေမဲ့ ရှင်က ကောင်းကောင်း သင်ယူခဲ့တာပဲ။”
“…” ချန်လွေ့ ပြောစရာစကားမဲ့သွား၏။ သူက နွေးနေသေးသော ဗျတ်စောင်းကို သိမ်းထားလိုက်ရသည်။
သူတို့နှစ်ယောက် ခဏလောက် စကားပြောနေခဲ့ကြသည်။ ချန်လွေ့က ရွှေလူသား အကြောင်းကို အစ်ဇဘယ်လာအား ပြောပြသည်။ အစ်ဇဘယ်က ၎င်းကို တန်ဖိုးကို သေသေချာချာ သိသည်။ ထို့ကြောင့် သူက အသားလေး ခေါင်းညိတ်ခဲ့သည်။
“ရှင် အိုလီဖီးရက်စ်ကို လိမ်ညာပြီးသော ရခဲ့တာလား။”
“အဲလို ပြောလို့တော့ ရပါတယ်။” မတော်တဆမှုများ မရှိလျှင် မစ်-ရင်းနီအရှေ့၌ “လူလိမ်” ဦးထုပ်ကို တစ်သက်လုံး ချွတ်နိုင်တော့မည်မဟုတ်ကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် သူက ကူကယ်ရာမဲ့စွာဖြင့် ပြောသည်။ “သူက ကျုပ်နဲ့ ညီတူမျှတူ စာချုပ် ချုပ်ထားတယ်။ လက်ရှိတော့ အမှောင်လမှာ နတ်ဆိုးအရှင်သခင်အဆင့် အလတ်ပိုင်း စွမ်းအားရှိတဲ့သူတစ်ယောက် အပိုရှိနေပြီ။”
“ရှင့်အတွက် မိန်းမနောက်ထပ်တစ်ယောက် ရှိနေပြီလို့ ပြောမယ် ထင်ထားတာ။”
“ခင်ဗျား အထင်လွဲနေပြီ....” ချန်လွေ့ ရှက်သွားသည်။ ငါက တကယ့်ကို မတရား ခံနေရတာပဲ။
“အထင်လွဲတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ရှင့်ရဲ့ သက်တော်စောင့်ကို ဒီရက်ပိုင်း ရှင့်နောက် သေသေချာချာ လိုက်ခိုင်းထား။ မြို့တော်က ရှင့်ကို ထိခိုက်အောင် လုပ်ဖို့အတွက် တစ်ယောက်ယောက် လွှတ်နိုင်တယ်လို့ သတင်းရထားတယ်။”
“ကျုပ်ကိုလား။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း ၎င်းသည် မြို့တော်က သူ့ကို ထိခိုက်ရန်ကြိုးစားခဲ့သော ပထမဆုံးအကြိမ် မဟုတ်ပေ။ သူသည် ယခင်က အကြိမ်များစွာ လုပ်ကြံခံခဲ့ရဖူးသည်။ သူ၏ သရုပ်မှာ ရှီရာနှင့် မတူပေ။ ရှီရာနှင့် အဲလစ်တို့သည် သန်းခေါင်နေအရှင်၏ မျိုးဆက်သစ်များ ဖြစ်ကြသည်။ ရှီရာ တစ်ခုခု ဖြစ်သွားသည်နှင့် ဗိုလ်ချုပ်ဂျော့ချ် ဦးဆောင်သော အဓိက စစ်အင်အားစုက ကြီးကြီးမားမား သောင်းကြမ်းပြီး ကြယ်ကြွေတမန်အင်ပါယာကိုပင် သစ္စာဖောက်ကာ အခြား အင်ပါယာ နှစ်ခုထံ ရောက်ရှိသွားနိုင်သည်။ ထို့ကြောင့် အိုဆိုင်ဒန်က အခြေအနေကို မထိန်းချုပ်နိုင်ခင် ရှီရာကို မလုပ်ကြံနိုင်ရုံသာမက အသက်ကောင်းကောင်းရှင်နိုင်ရန်ပင် ဆုတောင်း ပေးရပေမည်။ အထူးသဖြင့် မြို့တော်သည် ယခုတွင် ရန်ပုံငွေ အလွဲသုံးစားလုပ်မှုကြောင့် အကူကပ်နေသည်။ ထို့ကြောင့် ထိုပြောင်းလဲမှုမျိုး သူ အဖြစ်မခံနိုင်ပေ။
“သူတို့က ရှင့်ကို ဒီတစ်ခေါက် မသတ်လောက်သေးဘူး။ ဒါပေမဲ့ ရှင့်ကို အသက်ရှင်ရက်နဲ့ ခေါ်သွားနိုင်တယ်။ ဒီတစ်ခေါက်လာမယ့် အစွမ်းထက်ပုဂ္ဂိုလ်က မရိုးရှင်းလောက်ဘူး။” အစ်ဇဘယ်လာ၏ နှုတ်ခမ်းများ ကော့တက်သွားသည်။ “”ငှက်တောင်ဖြူနယ်မြေနဲ့ တွေ့တုန်းက ရှင့်လုပ်ခဲ့တာအတွက် ကျေးဇူးတင်သင့်တယ်။ ဒီလိုလူတော်မျိုးက အသက်ရှင်နေရင် ပိုအသုံးဝင်တယ်။ ရှင် တမင်အဖမ်းခံပြီးတော့ မြို့တော်ကို ထပ်ပြီး လျို့ဝှက်ကြံစည်လို့ ရနိုင်လောက်တယ်။”
“ကျုပ် အခု မအားဘူး။ အဖမ်းမခံနိုင်သေးဘူး။” ချန်လွေ့က ခါးသက်သက် ပြုံးလိုက်သည်။ “ကျုပ် သတိထားမှာပါ။ သတင်းအတွက် ကျေးဇူးပါပဲ။”
အစ်ဇဘယ်လာ ခေါင်းညိတ်လိုက်ပြီး ထိုကိစ္စကို ထပ်မပြောတော့ပေ။ သူက သိုလှောင်လက်စွပ်ထဲမှ အိတ်သေးသေးလေ တစ်အိတ်ကို ထုတ်လိုက်သည်။ “ဒါက အရင်တစ်ခေါက် ရှင်ပြန်ယူလာတဲ့ အရွက်ပဲ။ ဒေလီယာ အခေါက်ခေါက် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ကျွန်မ ပျင်းတာနဲ့ သူ့ဆီကနေ ယူလာခဲ့တာ။ ဒါကို ရှင်ပြောတဲ့အတိုင်း ကျွန်မ လုပ်ခဲ့တယ်။ ဒါက ရှင်ပြောတဲ့အဆင့်ကို ရောက်မရောက်တော့ မသိဘူး။”
ချန်လွေ့ အံ့အားသင့်သွားသည်။ အစ်ဇဘယ်လာပြောသော “အရွက်”ကို ယခင်တစ်ခေါက် အရိပ်နက်အင်ပါယာရှိ လိုင်ရာမြို့ အပင်ကုန်စည်ပြပွဲ၌ အဲလစ်အား ခေါ်သွားခဲ့သောအချိန်၌ မတော်တဆ ရှာတွေခဲ့ခြင်း ဖြစ်သည်။ ထိုစိတ်ဝိညာဉ် သန့်စင်ခြင်း အရွက်များမှာ အဆိပ်ဖြေနိုင်သော၊ စိတ်သန့်စင်နိုင်သော၊ စိတ်ငြိမ်စေနိုင်သော ဆေးကုန်ကြမ်းတစ်မျိုး ဖြစ်သည်။ ၎င်းတို့သည် မှော်စွမ်းအား လေ့ကျင့်ရာ၌ အကျိုးရှိသော်လည်း ချန်လွေ့ တန်ဖိုးထားသည်မှာ ၎င်းတို့၏ လုပ်ဆောင်ချက်ကို မဟုတ်ဘဲ ..... အရသာကိုသာ ဖြစ်ပေသည်။
ထိုကဲ့သို့ စိတ်ဝိညာဉ်သန့်စင်ခြင်း အရွက်မှာ ယခင်ဘဝက သူကြိုက်ခဲ့သော လက်ဖက်ရွက်မျိုးနှင့် ဆင်တူသည်။ သို့သော်လည်း နတ်ဆိုးဘုံသားများက ၎င်းကို ပါးစပ်ထဲ၌သာထားပြီး ယုတ်စွအဆုံး သောက်ရန်အတွက်သာ ရေတစ်ခါတည်း စိမ်တတ်ကြသည်။ ၎င်းကို လက်ဖက်နည်းအတိုင်း ပြုလုပ်လျှင် ထိုကဲ့သို့ အရသာနှင့် ခံစားချက်မျိုး လုပ်နိုင်မနိုင်ကို သူ သိချင်နေခဲ့မိသည်။
ချန်လွေ့က လောက မကူးပြောင်းခင်၌ ဝိုင်ကို သိပ်မကြိုက်ခဲ့ပေ။ သို့သော် သူက လက်ဖက်ရည်ကို အတော်လေး သဘောကျခဲ့သည်။ စီးပွားရေး အကန့်အသတ်များကြောင့် သူက အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် လက်ဖက်ရည်များကိုသာ သောက်ခဲ့ရသည်။ သူက ထောင်ပေ၌ လက်ဖက်ရောင်းချင်ခဲ့ဖူးသည်။ သို့သော်လည်း စိတ်ကူးယဉ်နှင့် လက်တွေ့အကြား၌ အမြဲပင် ခြားနားချက်တစ်ခု ရှိနေခဲ့သည်။ နောက်ဆုံး၌ သူက အတော်လေး အရင်းနည်းပါးသော အဝတ်အစားများ ရောင်းချရန်ကိုသာ ရွေးချယ်ခဲ့ရသည်။
ချန်လွေ့က လက်ဖက် ကစော်ဖောက်ခြင်းနှင့် အခြောက်ခံခြင်းအကြောင်း လုပ်ငန်းစဉ်များကို အတော်လေး သေသေချာချာ သိသည်။ သို့သော်လည်း ယခု နေ့ရက်များ၌ ၎င်းတို့ကို တစ်ဆင့်ချင်း ပြုလုပ်ရန်အတွက် သူ့တွင် အချိန်မရပေ။ အသီနာက ဓားနှင် သေနတ်များကိုသာ ကိုင်တွယ်သော ဗိုလ်ခြေတပ်မှူးတစ်ဦး ဖြစ်သည်။ ခီရာက ဝတ်စုံပုံစံများ၌ ထက်မြက်သည်။ ဇိုလာက သိပ္ပံ သုတေသနများ၌သာ ရူးသွပ်ပြီး ခရိုဘဲလက်စ်က ဝိုင်ပြုလုပ်ခြင်းဖြင့်သာ အလုပ်များနေခဲ့သည်။ ထို့ကြောင့် ချန်လွေ့က ၎င်းကို အနည်းငယ် စိတ်ဝင်စားသော ဒေလီယာထံသို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်းကို အစ်ဇဘယ်လာက လက်လွှဲယူခဲ့မည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ ထို့ပြင် သူက အချိန်တိုအတွင်းမှာပင် အပြီးသတ် ထုတ်ကုန်များကို အမှန်တကယ် ထုတ်နိုင်ခဲ့လေသည်။
“ကျုပ် လုပ်လိုက်မယ်။” ချန်လွေ့က ရုတ်တရက် စိတ်ပါသွားသည်။ သူက ပုံမှန်သုံးနေကျ အပြင်အသုံးအဆောင်များ ထုတ်လိုက်ပြီး မှော်မီးဖိုနှင့်အတူ ရေနွေးအိုး တည်ကာ သိုလှောင်ဂိုဒေါင်ရှိ ရတနာများမှ ခွက်အသေးလေးနှစ်ခွက် ထုတ်သည်။ “လက်ဖက်ရွက် လုပ်တာက နက်ရှိုင်းတဲ့ အသိပညာတစ်ခုပဲ။ ရေ၊ အသုံးအဆောင်နဲ့ လက်ဖက်လုပ်တဲ့ နည်းလမ်းတွေက တော်တော်လေး အရေးကြီးတယ်။ ကံဆိုးချင်တော့ အခုက ပစ္စည်း နည်းနည်းပဲ ရှိသေးတယ်။ ပထမဆုံး လက်ဖက်ရည်ကို မသောက်သင့်ဘူး။ ဒီအရွက်တွေက စိုက်ပျိုးပြီး ခူးဆွတ်တဲ့အချိန်အတွင်း အပေါ်ယံမှာ အစအနတွေ နည်းနည်းရှိတတ်တယ်။ သူတို့ကို မီးမကင်မှာ ဆေးကျောလို့လည်း မရဘူး။ အဲဒါကြောင့် ဒါက လက်ဖက်ဆေးတဲ့ နည်းလမ်းပဲ။ ဒါတွေက တော်တော်လေး နူးညံ့တဲ့ လက်ဖက်ရွက်တွေ၊ အဲဒါကြောင့် အပူချိန်က သိပ်ပြီးတော့ မမြင့်သင့်ဘူး...”
ချန်လွေ့က လက်ဖက်လုပ်နေရင်း တရစပ်စကားပြောနေသည်ကို အစ်ဇဘယ်လာ ဂရုစိုက်ကြည့်နေရင်း သူ၏စိတ်ထဲ၌ ထူးဆန်းသော ခံစားချက်တစ်ခု ရုတ်တရက် လှိမ်တက်လာခဲ့သည်။ သိပ်ကိုနွေးထွေးပြီးတော့ အေးချမ်းတယ်။
ချန်လွေ့က လက်ဖက်ရည်တစ်ခွက်လုပ်ပြီး အရသာ ခံကြည့်သည်။ သူ၏မျက်လုံးများ အနည်းငယ် အရောင်တောက်သွားပြီး အရသာတွေ့စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ “သိပ်ကောင်းတယ်။ လာမြည်းကြည့်။”
“အင်း။ ဒါက တကယ်ပဲ ငါလုပ်တာနဲ့ မတူဘူး။” အမှန်တကယ်၌ အစ်ဇဘယ်လာ ပြောနေသော “ခံစားချက်”မှာ အရသာ တစ်ခုတည်းသာ မဟုတ်ပေ။
လရောင်အောက်၌ -
အမျိုးသမီးနှင့် အမျိုးသားတို့က ငြိမ်းချမ်းသော သဘာဝပုံရိပ်တစ်ခုသဖွယ် အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေကြတော့သည်။