← Chapters

ဖျက်ဆီးခြင်းနှင့် တွင်းနက်

Vol. 33 Ch. 489

ဖျက်ဆီးခြင်းနှင့် တွင်းနက်

Vol. 33 Ch. 489

ထိုသို့တွေးမိပြီးသည်နှင့် နီရိုတွင် အချုပ်အနှောင် မရှိတော့ပေ။ သူက နတ်ဆိုး အရှင်သခင်အဆင့် စွမ်းအားကို အပြည့်အဝ ဖောက်ခွဲပစ်လိုက်သည်။ ချန်လွေ့က ဖိအား နှစ်ဆတိုးသွားကြောင်း ခံစားလိုက်ရသည်။ အစ်ဇဘယ်လာက ပြိုင်ဘက်ဖြစ်သူကို ဖိအားဖြင့် တွန်းပစ်ပြီး သူ၏ခန္ဓာကိုယ်မှ အလင်းရောင် ရုတ်တရက် တောက်လာသည်။ ခက်ရင်းခွက ကောင်းကင်ကို ချိန်လိုက်ရာ လနှစ်စင်း အမှန်တကယ် တဖြည်းဖြည်း ထပ်သွားကာ အလင်းရောင်လည်း ပို၍ပို၍ တောက်ပလာပြီး တည့်တည့် မကြည့်နိုင် လောက်အောင်ပင် ဖြစ်လာသည်။ ၎င်းသည် ..... နေတစ်စင်း ဖြစ်သွား၏။

ထိုအလင်းရောင် အတိုင်းအတာအတွင်း အပူချိန် ရုတ်တရက် ပိုတိုးသွားသည်။ နီရိုသည် ပိုင်နက်စွမ်းအားကို အသက်သွင်းလိုက်ကြောင်း ချန်လွေ့ သိသည်။ ထို့ကြောင့် သူ အရမ်းတိုးမဝင်ခဲ့ပေ။ သူက မြောက်အဏ္ဏဝါဓားနှင့် ခုခံလိုက်ပြီး စိတ်ကိုစုစည်းကာ စောင့်ဆိုင်းနေလိုက်သည်။

နတ်ဆိုးဧကရာဇ်အဆင့်နှင့် နတ်ဆိုးအရှင်သခင်အဆင့်အကြား အကြီးမားဆုံး ခြားနားချက်မှာ စွမ်းအားနားလည်မှုအပေါ်၌ ဖြစ်ပြီး ပိုင်နက်အတွင်း၌ သိသာပေသည်။ နတ်ဆိုးဧကရာဇ်အဆင့်သည် သဘာဝစွမ်းအားကို အတုခိုးရန် စွမ်းအားကို အသုံးပြု နိုင်ရုံသာရှိပြီး နတ်ဆိုးအရှင်သခင်အဆင့်က လောက၏ ကြီးမားလှသောစွမ်းအားကို အသုံးချရန်အတွက် ကိုယ့်ကိုယ်ကိုယ် လမ်းပြအနေနဖြင့် အသုံးပြုနိုင်သည်။ လနှစ်စင်း ပြောင်းလဲမှုသည်လည်း ပိုင်နက်အတွင်း ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။ ပိုင်နက်အပြင်ဘက်ရှိ အစ်ဇဘယ်လာက ချန်လွေ့နှင့် နီရိုတို့က ကြောက်မက်ဖွယ်ရာ စွမ်းအား ထုတ်လွှတ်နေသော နီရဲရဲ အလင်းရောင်တစ်ခု ဝန်းရံလိုက်သည်ကိုသာ မြင်ခဲ့ရသည်။ သူ့အပေါ် သက်ရောက်မှု မရှိခဲ့ပေ။

“မင်းက ငါ့အသက်ကို လိုချင်မှတော့ သေဖို့ပြင်ထားလိုက်တော့။” နီရို၏အသံ ထွက်ပေါ်လာ၏။ “မင်းကို သတ်ပြီးရင် ဒီဓားက ငါ့ဟာဖြစ်မယ်။ ပြီးတော့ အဲဒီမိန်းမလည်း ငါ့အပိုင်ဖြစ်မယ်။ ငါသူ့ကို မင်းရဲ့အလောင်းအရှေ့မှာ ရက်ရက်စက်စက် ပိုင်ဆိုင်ချင်တယ်။ သူ့ကို စော်ကားပစ်မယ်။”

ထိုစကားများက ချန်လွေ့၏ဒေါသနှင့် သတ်ဖြတ်ချင်စိတ်ကို အဆုံးစွန်အထိ ရောက်ရှိသွားစေသည်။ သို့သော်လည်း သူ၏အကြည့် တည်ငြိမ်နေကာ အေးစက်လုနီးပါး တည်ငြိမ်မှုကို ဖော်ပြနေသည်။ ၎င်းမှာ [တော်ဝင်ကြယ်အသွင်ပြောင်းခြင်း] ကို ကျွမ်းကျင်ပြီးနောက် တကယ့်နတ်ဆိုးအရှင်သခင်အဆင့်နှင့် ပထမဆုံး တိုက်ခိုက်ရခြင်း ဖြစ်သည်။ ထိုကဲ့သို့အချိန်၌ သွေးမဆူရန် အရေးကြီးလှပေသည်။

ပိုင်နက်ကို အသုံးပြုလိုက်သည်နှင့် အခြေအနေ ချက်ချင်း ပြောင်းပြန် ဖြစ်သွားသည်။ ချန်လွေ့က မိမိ၏စွမ်းအားသည် ထိုနေအလင်းရောင် “လောက”အတွင်း အနိမ့်ဆုံးအထိ ဖိနှိပ်ခံလိုက်ရကြောင်း ခံစားလိုက်ရပြီး အစွမ်းအသုံးပြုရန်ပင် အတော်လေး နှေးသွားခဲ့သည်။ နတ်ဆိုးအရှင်သခင်အဆင့် ပိုင်နက်နှင့် နတ်ဆိုးဧကရာဇ်အဆင့် ပိုင်နက်တို့အကြား အမှန်ပင် လောကခြားနားပေသည်။ ထို့ပြင် နီရိုသည် ပါ့ဂ်လီအိုနှင့် အခြားသူများနှင့် ချန်လွေ့ လေ့ကျင့်စဉ်ကကဲ့သို့ စွမ်းအား မထိန်ချန်ထားခဲ့ပေ။ နီရိုက ချက်ချင်းပင် စွမ်းအားအကုန်ဖြင့် သတ်ဖြတ်ခြင်းတိုက်ကွက်ကို အသုံးပြုခဲ့သည်။ ချန်လွေ့က အတော်ကြာသည်အထိ ဖိနှိပ်ခံနေရပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေအများအပြားပင် ရှိနေခဲ့သည်။

နီရိုက တရစပ် တိုက်ခိုက်နေပြီး ရန်သူကို တစ်ခါတည်း အနိုင်ယူချင်နေသည်။ သို့သော်လည်း သူ၏ခွန်အား အတော်‌လေး လျော့ကျနေပြီး ရန်သူ၏ဖိအား ကြီးကြီးမားမား လျော့ကျသွားကြောင်း ရုတ်တရက် ခံစားနေရသည်။ ရန်သူပတ်ပတ်လည်၌ ကြယ်များကို မြင်လိုက်ရင် နီရို ရုတ်တရက် အလန့်တကြား ဖြစ်သွားသည်။ သူက တစ်ကိုယ်လုံးကို ကာကွယ်ရန်အတွက် ဒိုင်းကာကို မြှောက်လိုက်ပြီး သူတို့နှစ်ဦးအကြား အကွာအဝေးကို ဆွဲဆန့်လိုက်သည်။

ချန်လွေ့က [ကြယ်စင်စုပိုင်နက်] စွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ [ကြယ်စင်စုပိုင်နက်] သည် တစ်နာရီကြာ သူ၏ဂုဏ်သတ္တိများကို ၅၀% တိုးမြှင့်နိုင်ပြီး ရန်သူ၏ ဂုဏ်သတ္တိများကို ၅၀% လျော့ကျသွားစေသည်။

နီရိုက စူပါစနစ်၏ လျို့ဝှက်ဆန်းကြယ်မှုကို မသိပေ။ ထိုနတ်ဆိုးဧကရာဇ်အဆင့်က မိမိ၏ပိုင်နက်အတွင်း ပိုင်နက်အသက်သွင်းနိုင်ခဲ့ကာ မိမိ၏နတ်ဆိုးအရှင်သခင်အဆင့် ပိုင်နက်ကြောင့် ဖိနှိပ်မခံရသည်ကို မြင်သည့်အခါ အံ့အားသင့်သွားခဲ့သည်။ သို့သော် သူ၏ သတ်ဖြတ်ချင်စိတ် အဆတိုးသွားခဲ့သည်။ အခြားပိုင်နက်ကို ဖိနှိပ်ခြင်းမှာ သာမန် သက်ရောက်မှုသာ ဖြစ်သော်လည်း [ မီးသင့်နေပိုင်နက် ] ၏ မှော်ဆန်သော သက်ရောက်မှုမှာ ထိုထက်ပိုသည်။ ကောင်းကင်ထက်၌ နေရောင်ခြည်များက တစ်ခုပြီးတစ်ခု လင်းလက်လာပြီး ခက်ရင်းခွနှင့် ဒိုင်းအဝိုင်းပေါ်တွင် ရောင်စုံအလင်းများ အရောင်ဖျော့ဖျော့တောက်လာသည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်၌ အလင်းရောင်စုံ လင်းလက်နေတော့သည်။

“အထွတ်အမြတ် လက်နက်။ အထွတ်အမြတ် မှော်ချပ်ကာ။ [ကောင်းကင်ကောင်းချီး။” ခဏကြာအောင် နီရို၏စွမ်းအား တိုးမြင့်သွားပြန်ပြီး [ကြယ်စင်စုပိုင်နက်]၏ အားနည်းခြင်း သက်ရောက်မှု ကြီးကြီးမားမား လျော့ကျသွားခဲ့သည်။ အမျိုးမျိုးသော တိုးမြှင့်မှုများက တိုက်ခိုက်မှုနှင့် ခုခံမှုများထံသို့ ထပ်ပေါင်းထည့်လိုက်သည်။ “မင်းရဲ့ပိုင်နက်က ထူးခြားပေမဲ့ ဒီ [မီးသင့်နေပိုင်နက်] ထဲမှာ ငါက အကန့်အသတ်မရှိတဲ့ တိုးမြှင့်မှုနဲ့ မသေနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်တယ်။ ဒီတော့ ဒီနေ့ မင်း သေချာပေါက် ရှုံးနိမ့်မှာပဲ။”

ချန်လွေ့၏လက်ထဲ၌ ဆေးရည်မည်း သုံးလေးပုလင်း ရှိနေသည်။ သူက လေကာကို ဖွင့်လိုက်ပြီး အကုန်သောက်လိုက်သည်။ ၎င်းတို့မှာ ခွန်အားနှင့် အခြားဂုဏ်သတ္တိများကို အချိန်တိုအတွင်း ကြီးကြီးမားမား တိုးပွားစေသော “စစ်မှန်သည့်” ဆေးရည်မည်း အစုံလိုက် ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးများ မရှိပေ။ နီရိုကို လုံးဝသတ်ပစ်ရန်အတွက် ချန်လွေ့ အစွမ်းကုန် ထုတ်ရတော့သည်။

လူသားလောက၌ ဆေးဝါးမဟာဆရာသခင်များ ရှိနေသည့်အတွက် နီရိုက အံ့အားမသင့်သလို စိုးရိမ်မှုလည်း မဖြစ်ခဲ့ပေ။ ဆေးရည်မည်းများမှာ အံ့အားသင့်စရာ မဟုတ်ပေ။ ထို့ပြင် အဆင့်နှင့် ပိုင်နက်အကြား ခြားနားချက်ကို ဆေးရည်သောက်ရုံဖြင့် မဖြေရှင်းနိုင်ပေ။ သို့သော်လည်း နီရိုက အချိန်မဖြုန်းချင်တော့ပေ။ အမှောင်လ၏ နတ်ဆိုးအရှင်သခင်အဆင့်တစ်ယောက် ရောက်လာလျှင် အခြေအနေ ဆိုးသွားပေမည်။ ထိုအချိန်၌ သူက ချန်လွေ့ ဆေးရည်သောက်ပြီးသည်အထိ မစောင့်ဘဲ အတင်းပြေးဝင် သွားတော့သည်။

ချန်လွေ့ တယ်လီပို့ခုန်လိုက်ပြန်ပြီး နောက်ထပ်တိုက်ခိုက်မှု မရောက်လာခင် ဆေးရည်အားလုံး သောက်ပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခြေထောက်အောက်၌ အနီရောင်ဖျော့ဖျော့ ပေါ်ထွက်လာသည်။ ထို့နောက် သူက နီရို၏ တိုက်ခိုက်မှုကို ပုလင်းအလွတ်များ ပစ်ထည့်လိုက်သည်။ နီရိုသည် အမှန်တကယ်ပင် မလိမ်ညာခဲ့ပေ။ ရောင်စုံအလင်းကြောင့် ယခုတစ်ခေါက်၌ မြောက်အဏ္ဏဝါဓားက ဒိုင်းကာပေါ်၌ အရာပါးပါးလေးသာ ဖြစ်စေခဲ့သည်။ သို့သော်လည်း ချန်လွေ့က စစ်မှန်သည့် ဆေးရည်မည်းများကို သောက်ပစ်ခဲ့ပြီး ဆန်းကြယ်ကျောက်စိမ်းချပ်ကာ၏ [ သွေးပူရောင်လျှံ ] ကိုလည်း အသုံးပြုခဲ့ရာ သူ၏ခွန်အားနှင့် အခြားဂုဏ်သတ္တိများ ကြီးကြီးမားမား တိုးတက်သွားခဲ့လေသည်။ တဖြည်းဖြည်းနှင့် သူက နီရို၏ ပိုင်နက် ဖိနှိပ်မှုကို ဖယ်ရှားနိုင်လာခဲ့သည်။

ပြောရမည်ဆိုရင် နှစ်ဖက်မျှသွားပြီ ဖြစ်သည်။

အချိန်တစ်ခုအထိ သူတို့နှစ်ယောက် မတိုးသာမဆုတ်သာသော အခြေအနေ၌ ရှိနေခဲ့သည်။ နီရိုက တိုက်ပွဲကို ဆက်လက်မရှည်ချင်တော့ပေ။ ထို့ကြောင့် သူက ခွန်အားကို အသုံးချပြီး လေထဲသို့ ပျံတက်သွားသည်။ ထို့နောက် ခန္ဓာကိုယ် ဖျပ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ချက်ချင်းပင် “နေ”က ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် တောက်ပလာသည်။ အနီးအနားရှိ မြေပြင်လည်း အလျင်အမြန်ပင် လောင်ကျွမ်းပြီး အက်ကွဲသွားသည်။ ပိုင်နက်အတွင်းမှ သတ္တဝါအများအပြားလည်း ချက်ချင်းပင် သေကြေပျက်စီးသွား၏။

ချန်လွေ့၏လက်ထဲမှ မြောက်အဏ္ဏဝါဓားက ခရမ်းရောင်တောက်လာပြီး သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။ သို့သော်လည်း ချန်လွေ့ မည်သို့ပင် ဓားကို ဝှေ့ရမ်းစေကာမူ အလင်းရောင်ကို မတားဆီးနိုင်ခဲ့ပေ။ ကံကောင်းစွာပင် နေရောင်ကို ကာကွယ်ရန်အတွက် သူက ချက်ချင်းပင် အကာအကွယ်ဒိုင်းတစ်ခု အသုံးပြုခဲ့သည်။

ချန်လွေ့ ခုန်တက်လိုက်ပြီးနောက် လေထဲမှ “နေ”ဆီသို့ အလောတကြီး ပြေးသွားသည်။ သူ၏လက်ထဲရှိ အလင်းစက်လုံးများ သုံးလေးလုံးထွက်လာပြီး “နေ”ဆီသို့ အလျင်အမြန် ရောက်ရှိသွား၏။ သို့သော်လည်း ၎င်းတို့သည် အစအနမကျန် ပျောက်ကွယ် သွားလေသည်။

“နေ”က ခမ်းနားသော အားစက်ကွင်းတစ်ခု ထုတ်လွှတ်ပြီးနောက် မမြင်နိုင်သော အားစက်ကွင်းက လေထဲမှ ချန်လွေ့၏ပုံရိပ်ကို မြေပေါ်သို့ တွန်းချသည်။ ၎င်းသည် မြေပြင်ပေါ်မှသာ မော့ကြည့်၍ရသော တကယ့်နေသဖွယ် ဖြစ်နေသည်။

ထိုအချိန်၌ အကာအကွယ်ဒိုင်း အလွန်ပါးလာကြောင်း ချန်လွေ့ သတိထားမိသည်။ သိပ်ပြီးကြာကြာခံတော့မည် မဟုတ်ပေ။ အကာအကွယ်ဒိုင်း ပျောက်ကွယ်သွားသော အချိန်၌ သူ၏မျက်နှာပင် မျက်နှာဖုံးတစ်ခု ရုတ်တရက်‌ ပေါ်ထွက်လာသည်။ ထိုမျက်နှာလုံး ပေါ်ထွက်လာသည်နှင့် အနီးအနားရှိ ခမ်းနားသော စိတ်ဝိညာဉ်စွမ်းအားက ၎င်းထံ အလျင်အမြန် ရွေ့လာကြသည်။ “နေရောင်”သည်လည်း အလျင်အမြန် အားနည်းလာ၏။ နီရို၏ပုံရိပ်သည်ပင် တဖြည်းဖြည် ပေါ်ထွက်လာခဲ့လေသည်။

“ဒါက ဘာလျို့ဝှက်ပညာရပ်လဲ။ ငါ့ရဲ့မှော်ပညာနဲ့ စိတ်ဝိညာဉ်စွမ်းအားကိုတောင် တကယ်ကြီး ဝါးမျိုနိုင်နေတယ်။” နီရို၏အသံက အံ့အားသင့်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောနှောနေ၏။ “ကံဆိုးချင်တော့ ငါ့ရဲ့ပိုင်နက်က စိတ်ဝိညာဉ်စွမ်းအားကို အခြေခံထားတာ မဟုတ်ဘူး။ ဒီအစွမ်းထက်ဆုံးအကွက် [အလင်းရောင်အရိပ်ကိုယ်ပွား] ကို မြည်းကြည့်။”

မြောက်မြားလှစွာသော ပုံရိပ်များက နေထဲမှ ခုန်ထွက်လာပြီး အားလုံး စွမ်းအားတိုးထားကြသည်။ ချန်လွေ့၏ [ သရုပ်ခွဲမျက်လုံး ] ထဲ၌ တစ်ယောက်စီတိုင်းက အမှန်တကယ် ဖြစ်နေသည်။ ကိုယ်ပွားများ၏စွမ်းအားမှာ တကယ့်လူထက် များစွာ နိမ့်ကျပြီး ကြာချိန်မှာ အကန့်အသတ်ရှိသော်လည်း အရေအတွက်မှာ အလွန်ပင် စိုးရိမ်စရာ ဖြစ်သည်။

ချန်လွေ့က [ အရှိန်အဝါဓား ] ဖြင့် ခုတ်ပိုင်းလိုက်ရာ ကိုယ်ပွားတစ်ကောင် နှစ်ပိုင်း ပြတ်သွား၏။ သို့သော်လည်း ကိုယ်ပွားနှစ်ကောင် ပေါက်ကွဲထွက်သွားပြီး အားအလွန် ပြင်းထန်လှသည်။ ကြယ်ချပ်ကာသည်ပင် ပြင်းပြင်းထန်ထန် တုန်ခါသွား၏။ ပေါက်ကွဲမှုကြောင့် ချန်လွေ့၏ ချီစွမ်းအင်နှင့် သွေးများပင် ရိုက်ခတ်လှုပ်ရှား သွားကြသည်။ သူ ချင်ချင်းပင် နောက်ဆုတ်လိုက်ရသည်။

“သူတို့က ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်နိုင်တာ ပြောဖို့ မေ့သွားတယ်။” နီရို၏ မောက်မာသောအသံ ထွက်ပေါ်လာသည်။

“နီရို” အများအပြားနှင့်အတူ ပူး‌ပေါင်းတိုက်ခိုက်ခံရပြီး အတူတကွ ဖောက်ခွဲလိုက်ပါက ချန်လွေ့၌ နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားရှိသည့်တိုင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားမည်မှာ မလွဲနိုင်ပေ။

ချန်လွေ့ ကြောက်မနေပေ။ သူ၏ပုံရိပ် လေထဲ၌ ချက်ချင်း ပေါ်ထွက်လာပြီး သူ့နောက်လိုက်နေသော ကိုယ်ပွားများကို ဆွဲဆောင်လိုက်သည်။ ထို့နောက် ရုတ်တရက် [အသံဗုံး]ကို အသုံးပြုပြီး မြေပြင်ပေါ်သို့ ပျံသန်းသွားသည်။ သူ ဆင်းသက်တော့မည့် အချိန်၌ ခန္ဓာကိုယ်ကို နောက်ပြန်လှည့်ကာ ကိုယ်ပွားများအား ဓားဖြင့် ချိန်လိုက်သည်။ ခရမ်းရောင် ဓားကိုယ်ထည်က တလက်လက် အရောင်များ တောက်လာပြီးနောက် မြောက်မြားလှစွာသော ဥက္ကာပျံကဲ့သို့ ရောင်ခြည်များက ယပ်တောင်သဏ္ဍာန်ဖြင့် အလျင်အမြန် ပျံ့နှံ့သွားခဲ့လေသည်။

၎င်းမှာ မြောက်အဏ္ဏဝါဓား၏ အစွမ်းထက် စုစည်းမှုအစွမ်း ဖြစ်သော [မူလသို့ပြန်] ဖြစ်သည်။

ယခင်က ချန်လွေ့သည် စုစည်းမှုကို ပြည့်စေရန်အတွက် နေစွမ်းအားကို ခုခံရန် မြောက်အဏ္ဏဝါဓားကို တမင်တကာ သုံးခဲ့သည်။ သူ၏ နဂိုရည်ရွယ်ချက်မှာ အခွင့်အရေးကို အသုံးချပြီး “နေ”ကိုထိရန် တိုက်ခိုက်ကြီးတစ်ခု ပြုလုပ်မည် ဖြစ်သည်။ သို့သော်လည်း မမျှော်လင့်ဘဲနှင့် နီရိုက ထိုကိုယ်ပွားပညာရပ်ကို အသုံးပြုခဲ့လေသည်။ [ မူလသို့ပြန် ] တိုက်ကွက်မှာလည်း ထိုပညာရပ်၏ ဝိပါက် ဖြစ်နေ၏။

ထိုတိုက်ခိုက်မှု အကျယ်အဝန်းမှာ အလွန်အမင်း ကြီးမားလှပြီး စွမ်းအားလည်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ၎င်းတို့သွားသောနေရာတိုင်း “နီရို(များ)”ကို ဖောက်ထွင်းကာ ပွင့်ထွက်သွားပြီး တစ်ယောက်မျှ မကျန်ရစ်ခဲ့ပေ။

ကိုယ်ပွားများကို သုတ်သင်ပြီးနောက် [ မူလသို့ပြန် ] ၏ စွမ်းအား အားမနည်းသွား သေးပေ။ မြောက်မြားလှစွာသော ဥက္ကာပျံများက အလွန်ကြီးမားသော ဓားတစ်လက်ပုံစံ စုစည်းသွားကာ “နေ”ဆီသို့ ပျံသန်းသွားခဲ့လေသည်။

“အား...” အော်သံတစ်သံ ထွက်လာပြီးနောက် ကောင်းကင်ထက်မှ “နေ”လည်း ထက်ပိုင်းဖြစ်သွားခဲ့သည်။ သို့သော်လည်း နှစ်ပိုင်းပြတ်သွားသော နေမှာ မပျောက်ကွယ် သွားပေ။ ထိုအစား ပြောင်းလဲမှုများ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် တစ်ဖန် သီးခြားဖြစ်သွားပြန်ပြီး နေနှစ်စင်း ဖြစ်သွားတော့သည်။

နီရို၏ မုန်းစရာကောင်းသော လေသံက ပိုင်နက်ထဲ၌ ပဲ့တင်ထပ်နေသည်။ “ဒီကြောက်စရာဓားက တကယ်ကြီး အလင်းဒြပ်စင်နဲ့ ရေဒြပ်စင်ရဲ့ နှစ်ဆထိခိုက်မှု ပါဝင်နေတာပဲ။ မင်းက ငါ့ကို ဒီလိုဒဏ်ရာမျိုး ဖြစ်အောင် လုပ်ခဲ့တယ်။ မင်းရဲ့နောက်မှာ ဘယ်သူပဲရှိရှိ၊ ဒီနေ့ ငါမင်းကို အပိုင်းပိုင်းလုပ်ပစ်မယ်။ [မဟာပျက်သုဉ်းအလင်းရောင်]။” နေနှစ်စင်းက တစ်ချိန်တည်းမှာပင် အားကောင်းသော ‌ရောင်ခြည်များ ထုတ်လွှတ်ပြီး ချန်လွေ့ဆီသို့ ကျရောက်လာသည်။ ချန်လွေ့၏ပုံရိပ်က မြောက်မြားလှစွာသော ယင်‌ကောင်များအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ထိုယင်ကောင်များပေါ်သို့ အလင်းရောင် ကျရောက်လာသောအခါ ထိခိုက်မှု မပြုလုပ်နိုင်တော့ပေ။ သို့သော်လည်း [နတ်ဆိုးယင်ကောင်အသွင်ပြောင်း] အချိန်မှာ အကန့်အသတ်ရှိနေပြီး အလင်းရောင်လည်း အချိန်အတော်ကြာသည်အထိ တောက်ပနေမည် ဖြစ်သည်။ ယင်ကောင်များ လူအဖြစ်သို့ ပေါင်းစည်းသွားချိန်၌ သူ မလွတ်မြောက်နိုင်တော့ဘဲ အလင်းရောင်၏ တိုက်ရိုက် ထိတွေ့ခြင်းကို ခံရပေတော့မည်။

ချန်လွေ့၏လက်ထဲ၌ ဦးခေါင်းနှင့် အခြား အရေးပါသော နေရာများကို ကာကွယ်ရန် ဒိုင်းကာတစ်ခု ပေါ်ထွက်လာသည်။ ရုတ်တရက် အလင်းရောင်များ တောက်ပနေသော အခြားအစိတ်အပိုင်းများ ထူးဆန်းနေကြောင်း နီရို ခံစားလိုက်ရသည်။ ချန်လွေ့၏ ခန္ဓာကိုယ်က အမှန်တကယ်ပင် သူ၏တိုက်ခိုက်မှုစွမ်းအား အများစုကို စုပ်ယူပြီး ကိုယ်ပိုင် စွမ်းအားအဖြစ် အသွင်ပြောင်းခဲ့လေသည်။ ကျန်ရှိသော ဖျက်ဆီးမှုစွမ်းအားက ဆန်းကြယ် ကျောက်ဆုံးချပ်ကာ၏ ကြယ်ချပ်ကာကို လုံးဝ မဖောက်ထွင်းနိုင်ခဲ့ပေ။

“ဒါက ဘယ်လိုဒိုင်းမျိုးလဲ။” နီရို ထိတ်လန့်သွားပြီး ချက်ချင်း တုံ့ပြန်လိုက်သည်။ “မဟုတ်ဘူး။ ဒိုင်းရဲ့စွမ်းအား မဟုတ်ဘူး။ ဒါက [ ကောင်းချီးအလင်း ခန္ဓာကိုယ် ] ပဲ။ [ ကောင်းချီးအလင်း ခန္ဓာကိုယ် ] ရှိတဲ့ အထွတ်အမြတ် သံတမန်။ ဒါက အလင်းရောင် သူတော်စင်လား။ မဖြစ်နိုင်တာပဲ။”

အလင်းရောင်သူတော်စင်ကို နတ်ဘုရားရဲ့ ရွေးချယ်မှုခံရသူလို့ သိကြတယ်။ စုစုပေါင်း ၁၂ယောက် ရှိပြီးတော့ အလင်းနတ်ဘုရားကျောင်းရဲ့ ကိုယ်စားလှယ်တွေပဲ။ အသိသာဆုံး လက္ခဏာတွေကတော့ အစွမ်းအထက်ဆုံး [ ယုံကြည်မှုချပ်ကာ ] နဲ့ [ ကောင်းချီးအလင်း ခန္ဓာကိုယ် ] ပဲ။ ငါ့ရှေ့မှာရှိတဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ ချန်လွေ့က ဒီလက္ခဏာနှစ်ရပ်နဲ့ ပြည့်စုံနေတယ်။ ဧကန္တ...

ဒါကြောင့် သူ့မှာ ရတနာအားလုံး ရှိနေတာကိုး။ သူက သူတော်စင် ၁၂ယောက်ထဲက တစ်ယောက် ဖြစ်နေတာကိုး။

အလင်းရောင်သူတော်စင်က ဒီလိုတိုက်ပွဲမျိုးမှာ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်တဲ့ [ ကောင်းချီးအလင်း ခန္ဓာကိုယ် ] ရှိလို့ သာမန်သူတော်စင်တွေထက် သာတယ်။ ပြီးတော့ သူ့မှာက ခုနက သတ်ဖြတ်ခြင်းတိုက်ကွက်လည်း ရှိနေတယ်။ ဘုရားကျောင်းမှလူများ၏ အရှိန်အဝါအကြောင်း တွေးမိသည့်အခါ နီရို ကြောက်သွားမိသည်။ သူက ဆက်၍ မတိုက်ခိုက်ရဲတော့ဘဲ အဝေးမှ အစ်ဇဘယ်လာကို ငေးကြည့်လိုက်သည်။ သူ၏စိတ်ကို အလျင်အမြန် ရွေ့လျားလိုက်ရာ [ မီးသင့်နေပိုင်နက် ] လျင်မြန်စွာ ပျံ့နှံ့သွားပြီး အလင်းရောင်ကလည်း အစ်ဇဘယ်လာနေရာထံသို့ ချက်ချင်း ပျံ့နှံ့သွား၏။ အစ်ဇဘယ်လာ သတိရှိနေသော်လည်း ထိုအချိန်၌ သူက ဒဏ်ရာရကာ ပင်ပန်းနေပြီ ဖြစ်သည့်အတွက် ရှောင်တိမ်းရန် နောက်ကျသွားလေပြီ။ သူက အလင်းရောင်အကာထဲ၌ ပိတ်မိနေပြီး မလှုပ်ရှားနိုင်တော့ပေ။

“မလှုပ်နဲ့။ မဟုတ်ရင် ဒီမိန်းမကို ငါ သတ်ပစ်မယ်။”

ချန်လွေ့၏ပုံရိပ် ရပ်တန့်သွားပြီး နီရိုကလည်း ချန်လွေ့နှင့် အစ်ဇဘယ်လာတို့ ပတ်သက်မှုမှာ မရိုးရှင်းကြောင်း ပိုမိုသေချာသွားသည်။ သူက ပိုင်နက်စွမ်းအားကို လည်ပတ်စေလိုက်ပြီးနောက် မီးသင့်နေက အစ်ဇဘယ်လာကို အသေမှတ်လိုက်သည်။ “မင်းသူ့ကို အသက်ရှင်စေချင်ရင် ဓားကို အရင်ပေး။”

ချန်လွေ့၏ အင်အားအကြီးဆုံးမ မှီခိုရာမှာ အလင်းရောင်ဒြပ်စင်စွမ်းအားနှင့် ရေဒြပ်စင်စွမ်းအား ထုတ်လွှတ်နေသည့်ဓားဖြစ်သည်ဟု နီရို ယုံကြည်သည်။ ထို့ကြောင့် သူက ချန်လွေ့အား အစွမ်းအထက်ဆုံး လက်နက်ကို အရင်ပေးခိုင်းခဲ့သည်။

“ကောင်းပြီ။ သူ့ကို အရင်လွှတ်လိုက်။”

အစ်ဇဘယ်လာက “ကျွန်မကိုထားထားလိုက်” ကဲ့သို့သော စကားများ မပြောဘဲ ချန်လွေ့ကိုသာ ငေးကြည့်လိုက်သည်။ ထိုအကြည့်မှ ချန်လွေ့သည် ပြင်းထန်သော ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် သေချင်စိတ်အပြင် နှုတ်မဆက်ခင် နူးညံ့မှု အထိအတွေ့ ကိုလည်း မြင်တွေ့ခဲ့ရသည်။

“မလုပ်နဲ့။” အစ်ဇဘယ်လာ လုပ်တော့မည့်အရာကို ချန်လွေ့ သိလိုက်ပြီးနောက် ဆူနေသော သွေးများက ချက်ချင်းပင် သူ၏ဦးနှောက်ထဲ စုစည်းသွားသည်။ အဆုံးစွန်အထိ ရောက်ရှိနေခဲ့သော ပိုင်နက်စွမ်းအား ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။ ချက်ချင်းပင် သူမှလွဲ၍ အရာအားလုံး ရပ်တန့်သွား၏။ မည်သည့်ကြောင့် ထိုသို့ဖြစ်သွားကြောင်း ချန်လွေ့ မသိပေ။ သို့သော်လည်း ပိုင်နက်စွမ်းအားမှာ လွန်လွန်ကဲကဲ ကုန်ခမ်းလာကြောင်း ခံစားမိလိုက်သည်။ ချန်လွေ့တွင် ၎င်းကို အများကြီးစဉ်းစားရန် အချိန်မရှိပေ။ သူက ခြေထောက်ကို အသာအယာ ဆောင့်နင်းလိုက်ပြီး အစ်ဇဘယ်လာဖက်သို့ ရောက်သွားကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်လေသည်။

ချက်ချင်းပင် တည်ငြိမ်နေသော အချိန်က စီးဆင်းသွားပြန်သည်။ အစ်ဇဘယ်လာနှင့် နီရိုတို့သည် ခုနက တစ်ခုခုကိုမျှ ခံစားမိခဲ့ဟန် မတူပေ။ ချန်လွေ့က မီတာရာနှင့်ချီကို “ဖြတ်”သွားပြီး အစ်ဇဘယ်လာကို ပွေ့ဖက်ထားနေသည်မှာ ရှင်းပြ၍ မရနိုင်အောင်ပင် ဖြစ်သည်။ အစ်ဇဘယ်လာ ကိုယ်တိုင်ပင် ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မိနေခဲ့သည်။

နီရိုလည်း အံ့အားသင့်သွားသည်။ ထိုခြိမ်းခြောက်မှုတွင် ရည်ရွယ်ချက် မရှိတော့ပေ။ သူက ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ဒီနေ့ ငါမင်းကို မသတ်နိုင်ပေမဲ့ မင်းလည်း ငါ့ကို သတ်လို့မရဘူး။ [ မီးသင့်နေပိုင်နက် ] ထဲမှာ မင်းငါ့ကို သေအောင် မသတ်နိုင်ဘူး။ မင်းက အလင်းရောင်သူတော်စင်ဆိုတာကို နတ်ဆိုးဘုံမှာ ငါသေချာပေါက် ကြေညာပစ်မယ်။ အဲဒီအချိန် ငါမင်းကို ဘာမှလုပ်စရာ မလိုတော့ဘူး။ မင်းကို နတ်ဆိုးဘုံရဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေက သတ်ပစ်မှာ။ မင်း မသေရင်တောင် အလင်းရောင်သူတော်စင်က နတ်ဆိုးဘုံရဲ့ နတ်ဆိုးမတစ်ယောက်နဲ့ ပတ်သက်နေတယ်လို့ လူသားလောကကို ပြန်ရောက်တဲ့အခါ သတင်းဖြန့်ပစ်မယ်။ မင်း ဘယ်ပဲရောက်ရောက် နေစရာ ရှိတော့မှာ မဟုတ်ဘူး။”

ချန်လွေ့က အစ်ဇဘယ်လာကို နောက်ဘက်တွင် ထားထားပြီး ကောင်းကင်ထက်မှ တလက်လက်တောက်နေသော “နေ”ကို တည့်တည့်စိုက်ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က လောင်ကျွမ်းနေသောစွမ်းအား မလျော့ကျသွားဘဲ ပို၍ပင် ပြင်းထန်လာ၏။ ထို့နောက် စကားနှစ်လုံးကို ရေရွတ်လိုက်သည်။ “[ကြယ်ဝါးမျိုခြင်း]”

လေထဲ၌ ဧရာမတွင်းနက်ကြီးတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာ ပေါ်လာသည်နှင့် ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းအားကြောင့် ယိုယွင်းနေသော “နေ”နှစ်စင်း၏ ရောင်ခြည်များ အပါအဝင် ပိုင်နက်ထဲမှအရာလုံးကို ၎င်းထံ ပြေးဝင်သွားကြသည်။

အစ်ဇဘယ်လာ ထိတ်လန့်သွားသည်။ အကယ်၍ ချန်လွေ့က သူ့ကို မကာကွယ်ထားလျှင် ထိုကြောက်မက်ဖွယ်ရာ “တွင်းနက်”ကြောင့် ဝါးမျိုခံလိုက်ရပေမည်။

ချန်လွေ့၏အကြည့် တဖြည်းဖြည်း ပြောင်းလဲသွားပြီးနောက် ဖျက်ဆီးခြင်းနှင့် ခက်ထန်မှု အရိပ်အယောင် ထုတ်လွှတ်နေသည်။ သူ၏အနက်ရောင်မျက်လုံးက အနီရောင် ဖြစ်သွားပြီး တွင်းနက်၏စွမ်းအားလည်း သုံးလေးဆ ရုတ်တရက် တိုးမြင့်သွားသည်။ အလင်းရောင်သာမက “နေ”နှစ်စင်း ကိုယ်တိုင်သည်ပင် တွင်းနက်ဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားကြသည်။

နီရိုက မြေပွေးတစ်ကောင် စိုက်ကြည့်ခံနေရသော ဖားသဖွယ် ခံစားနေရသည်။ သူက ဖျက်ဆီးခြင်းအငွေ့အသက် အပြည့်အဝ ဖြစ်နေသော တွင်းနက်ကို ခုခံရန် အကောင်းဆုံး ကြိုးစားသည်။ ရုတ်တရက် ချန်လွေ့က ရှေ့သို့ယိမ်းပြီး တွင်းနက်ထဲသို့ အမှန်တကယ် ခုန်ဝင်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်က အနက်ရောင်အငွေ့အဖြစ် ပြောင်းလဲသွားပြီး တွင်းနက်နှင့် ပေါင်းစည်းသွားတော့သည်။ ကြောက်မက်ဖွယ်ရာ ဝါးမျိုခြင်းစွမ်းအား တိုးမြင့်သွားပြန်ပြီး “နေ”နှစ်စင်းလည်း မခုခံနိုင်တော့ပေ။ ၎င်းတို့သည် တွင်းနက်ထဲသို့ တစ်ဆင့်ချင်း ဆွဲခေါ်ခံလိုက်ရလေသည်။

ခဏကြာပြီးနောက် အစ်ဇဘယ်လာ မူးဝေသွား၏။ အရောင်တောက်နေသော ရောင်ခြည်၊ နေနှစ်စင်းနှင့် တွင်းနက်တို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား ကြသည်။ လနှစ်စင်းကလည်း မည်သည်မှ မဖြစ်ခဲ့သလိုပင် ကောင်းကင်ထက်၌ ရှိနေလေသည်။

ကွင်းထဲ၌ လူနှစ်ယောက် ရှိနေသည်။

အနက်ရောင်ချပ်ကာနှင့်လူမှာ ချန်လွေ့ ဖြစ်သည်။ သူ၏ လက်၅ချောင်းက နီရို၏ ခေါင်းကို ကိုင်ထားပြီး နီရို၏မျက်လုံးများ လှန်နေ၏။ သူ၏ခန္ဓာကိုယ်က သွေးနှင့်စွမ်းအား အကုန် စုပ်ယူခံထားရသကဲ့သို့ပင် အမှန်တကယ် အရိုးထိအောင် ရှုံ့တွနေသည်။ သူ၏ ပါးစပ်ကလည်း တုန်လှုပ်နေသော အသံတစ်သံ ထွက်လာသည်။

“ငါ့ကို မသတ်နဲ့။ ငါက ကျက်သရေပြာ အင်ပါယာရဲ့ တော်ဝင်မိသားစုက....”

သွေးနီရောင် မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီးနောက် တုံ့ဆိုင်းမှုမရှိဘဲ လက်ချောင်း ၅ချောင်းကို အားထည့်လိုက်၏။ နီရို၏ခေါင်း “ခွက်”ခနဲ ကြေသွားတော့သည်။

All Chapters