နေရာလွတ်မျိုးစေ့။ လူသားလောကသို့ပြန်ရန်သော့ချက်
Vol. 33 Ch. 490
မြို့အပြင်ဘက် တောင်တန်းများ၌ တယ်ရီမိသားစု၏ စက်ရုံအဆောက်အအုံ တစ်ခုလုံး အပျက်အစီး ဖြစ်နေ၏။ မီတာ ၁၀၀ ပတ်လည်အတွင်း၌လည်း ကြောက်မက်ဖွယ်ရာ အားစက်ကွင်းများ ရှိနေသည်။ လူအများအပြားကလည်း အနီးအနားရှိ တောင်တန်းများသို့ အသည်းအသန်ပြေးသွားကြပြီး အဝေးမှနေ၍ အထိတ်တလန့် စိုက်ကြည့်နေကြသည်။
ရံဖန်ရံခါ ထိုနေရာမှ အပြာရောင်မြူများနှင့် အနက်ရောင်မီးတောက်များ ထွက်လာသည်။ ၎င်းတို့သည် စက်လုံးတစ်ခုအဖြစ် ရောယှက်သွားပြီးနောက် ထပ်တလဲလဲ ရစ်ပတ်သွားကာ မြင်ကွင်းကိုပင် ပျက်ယွင်းသွားစေခဲ့သည်။
“ဝုန်း..ဝုန်း..ဝုန်း..” နားလွဲလုမတတ် အသံများ ထွက်လာပြီးနောက် မြင်ကွင်းကို ပျက်ယွင်းသွားစေသော လှိုင်းများက အပြင်သို့ လျှံထွက်သွားကြောင်း လူတိုင်း ခံစားလိုက်ရပြီး နောက်ဆုံး၌ နေရာတစ်ခုလုံး ပြန်လည်တည်ငြိမ်သွားခဲ့သည်။
သိပ်သည်းသော မီးခိုးများ ဖုန်များကြား၌ သူတို့က အတွင်းထဲမှ မြင်ကွင်းကို မမြင်နိုင်သော်လည်း အထူးအမြင်အာရုံရှိသော နတ်ဆိုးအချို့က အတွင်းထဲ၌ ကြောက်မက်ဖွယ်ရာ စွမ်းအားများ သောင်းကြမ်းနေသည့် အရိပ်အယောင်များကို ယဲ့ယဲ့လေး မြင်တွေ့ခဲ့ရပေသည်။ ရုတ်တရက် မီးခိုးထူထူထဲမှ ပုံရိပ်တစ်ခု ပျံထွက်လာသည်။ သူက မျက်တွင်းချောင်နေပြီး ခန္ဓာကိုယ်ပေါ်၌ အစိမ်းရောင်မြူများ ရှိနေကာ သူ၏နောက်ဘက်၌လည်း ရယ်သံတစ်သံ ယဲ့ယဲ့လေး ထွက်ပေါ်လာ၏။
လူအုပ်ကြား၌ ပုန်းအောင်းနေသော ဂျာဆန်က ထိုပုံရိပ်မှာ မြို့တော်၏ အစွမ်းထက်ပုဂ္ဂိုလ် ဆာရန်ဒီဖြစ်ကြောင်း မှတ်မိသွားပြီး တိတ်တဆိတ် ထိတ်လန့်သွား၏။ ဆာရန်ဒီက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ရောက်နေတဲ့ တော်ဝင်မိသားစုဝင် မဟုတ်လား။ သူ ဘယ်လိုလုပ် ရှုံးနိမ့်သွားတာလဲ။
“ဆာ-ဆာရန်ဒီ။” ဂျာဆန်က ကြောက်လန့်တကြားနှင့် အော်ပြောလိုက်သည်။ ဆာရန်ဒီ ကျရှုံးသွားသည့်အတွက် အမှောင်လ၌ဆက်နေလျှင် သူလည်း ဒုက္ခရောက် ပေမည်။ သူက ပြတ်ပြတ်သားသား ဆောင်ရွက်ပြီး ဆာရန်ဒီနှင့်အတူ မြို့တော်သို့ ထွက်ပြေးကာ ရီဂျန့် အိုဆိုင်ဒန်ထံ အညံ့ခံရပေမည်။
ဂျာဆန်၏အသံကို ကြားသည့်အခါ ဆာရန်ဒီ ပျံနေသော ဦးတည်ဘက် ပြောင်းလဲသွားပြီး နောက်ပြန်လှည့်လာသည်။ ဂျာဆန် အလွန်ပျော်ရွှင်သွားပြီး သူ့ကို အလောတကြီး နှုတ်ဆက်သည်။ ဆာရန်ဒီ ချက်ချင်း ရောက်လာသော်လည်း ဂျာဆန် မြင်ခဲ့သည်မှာ ဆာရန်ဒီ၏ သတ်ဖြတ်ချင်သော အကြည့်ကိုသာ ဖြစ်သည်။ တစ်ခုခု လွဲနေကြာင်း ဂျာဆန်သိလိုက်သည်။ “အသက်ချမ်းသာပေးပါ”ဟု မပြောနိုင်ခင်မှာပင် ဂျာဆန် သတိလစ်သွားခဲ့သည်။
အနီးအနားရှိလူများက လျင်မြန်သောပုံရိပ်တစ်ခု ဂျာဆန်နား ဖြတ်သွားသည် ကိုသာ မြင်ခဲ့ရသည်။ ဂျာဆန်၏ခန္ဓာကိုယ်က အစိမ်းရောင်အငွေ့တစ်မျိုး စွန်းထင် သွားပြီးနောက် ပြာအဖြစ် ပြောင်းလဲသွားသည်။
ဂျာဆန်က လျို့ဝှက်ချက် အတော်များများကို သိသည့်အတွက် ဆာရန်ဒီက ထိုရှင်ကျန်သူကို အမှောင်လလက်ထဲ၌ အရောက်မခံနိုင်ပေ။ ထို့ကြောင့် သူက ဂျာဆန်ကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် သူက မရပ်ဘဲ ရှေ့သို့ ဆက်ပြေးတော့သည်။
အချိန်တစ်ခုအထိ ပျံသန်းပြီးနောက် သူက တောနက်ထဲသို့ ရောက်လာသည်။ နောက်မှလိုက်လာသော ရန်သူကို မျက်ခြေဖြတ်သွားနိုင်ပြီဟု ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်မှ အဆိပ်ဝင်ရောက်မှုကလည်း ပို၍ ပြင်းထန်လာသည်။ ဆာရန်ဒီ တဖြည်းဖြည်း ရပ်တန့်သွားသည်။ ထို့နောက် သူက ရေကန်ပြာအကြီးကြီးအရှေ့ ကွယ်ဝှက်နေသော ကျောက်ပုံတစ်ခုကို ရှာတွေ့သွားပြီးနောက် ထိုင်ချလိုက်သည်။
ဆာရန်ဒီက အဆိပ်ကိုဖယ်ရှားရန် စွမ်းအား သုံးကြည့်ခဲ့သော်လည်း ထိုအဆိပ်များက သူ၏အရိုး၊အူနှင့် သွေးကြောတိုင်း၌ ကော်သဖွယ် စွဲကပ်နေဟန်တူသည်။ အချိန်တိုအတွင်း ၎င်းတို့ကို သူ မဖယ်ရှားနိုင်ခဲ့ပေ။
ဆာရန်ဒီ တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်လိုက်သည်။ သူက ယခုတစ်ခေါက် အမှောင်လသို့သွားရာ၌ ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ ရန်သူတစ်ယောက်နှင့် ရင်ဆိုင် ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထိုသူတွင် ကြီးမားသောစွမ်းအား ပိုင်ဆိုင်ရုံသာမက နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်း ခန္ဓာကိုယ်ပင် မခုခံနိုင်သော ကြောက်စရာ အဆိပ်ပညာရပ်လည်း ရှိနေသည်။
ခုနက သူသည် ဂျာဆန်ကို ရှင်းပစ်ခဲ့ခြင်းကို သတင်းမပေါက်ကြားရန်အပြင် နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ [ အလင်းအမှောင်နှလုံးသား ] စွမ်းအားကိုသုံး၍ သူ၏ခန္ဓာကိုယ်မှ အဆိပ်ကို ရွှေ့ပြောင်းပြီး သူ၏ဝန်ထုတ်ဝန်ပိုးကို လျှော့ချရန် ဖြစ်သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်မှ အဆိပ်ကို ထိုသို့ဖယ်ရှား၍ မရနိုင်ပေ။ သူ၏ခန္ဓာကိုယ်၌ အချိန်ကြာမြင့်စွာ ရှိနေလျှင် အတားအဆီး ကြီးကြီးမားမားတစ်ခု ဖြစ်သွားပေမည်။
ပိုပြီးတော့ အန္တရာယ်ကင်းတဲ့ နေရာတစ်ခုကို ငါအမြန်ဆုံး ရှာရမယ်။ [မီးတောက်နက်] ပါရမီနဲ့ ဒါကို လုံးဝဖယ်ရှားလို့ ရမရ ကြည့်မယ်။
ထိုအချိန်၌ ဆာရန်ဒီက မကောင်းသော နိမိတ်တစ်ခု ခံစားလိုက်ရသည်။ သူ ခေါင်းမော့လိုက်သည်နှင့် မျက်နှာချင်းဆိုင် ကောင်းကင်၌ ဧရာမ အနက်ရောင် အရိပ်တစ်ခု မြင်တွေ့သည်။
၎င်းမှာ ၁၀မီတာကျော်ရှည်လျားသော ဧရာမ နဂါးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ညိုဝါရောင်ပြေးနေပြီး ကြေးခွံများကလည်း သတ္တုရောင်လက်နေ၏။ ၎င်းတွင် ကြောက်မက်ဖွယ်ရာ အသွင်အပြင်ရှိပြီး ခေါင်းပေါ်၌ ချိုတစ်ချောင်း ရှိသည်။ ၎င်း၏ ပါးစုန့်၌ ပါးဟပ်ကဲ့သို့ အရာများ ရှိနေသည်။ ရွှေအိုရောင် မျက်လုံးကလည်း ကြောက်စရာ အေးစက်သော အလင်းရောင်များ လက်နေ၏။ ၎င်း၏ ကြီးမားလှသော တောင်ပံနှစ်ဖက်ကို ဖြန့်လိုက်ရာ လနှစ်စင်း၏ အလင်းရောင်ကိုပင် ဖုံးလွှမ်းလိုက်သည်။
ဆာရန်ဒီ အလွန် အံ့အားသင့်သွားသည်။ ဒီကြောက်စရာကောင်းတဲ့ နဂါးက ဘယ်ကနေ ရောက်လာတာလဲ။ ပျံတာကိုတောင် ငါ သတိမထားမိဘူး။ ထိုရင်းနှီးတဲ့ အငွေ့အသက် ...... ဒါက ခုနက ငါ့ကို ထိခိုက်အောင်လုပ်ခဲ့တဲ့ ရန်သူပဲ။
လက်စသတ်တော့ ဒါက နဂါးတွေထဲမှာတောင် တော်တော်လေး ရှားပါးတဲ့ အဆိပ်နဂါး ဖြစ်နေတာကိုး။
“ဟွန့်။ ငါ့အဆိပ်ကိုမိတာတောင် ပြေးချင်နေတုန်းလား။ ဒါက ငါ့အသိုက်ပဲ။ ငါ့မျက်လုံး ပိတ်ထားရင်တောင် မင်းဘယ်မှာလဲ ငါသိတယ်။” ရင်းနှီးသော အသံတစ်ခုက အဆိပ်နဂါး၏ ပါးစပ်ထဲမှ ထွက်လာသည်။ ၎င်းမှာ ပါ့ဂ်လီအို အမည်ရသော ရန်သူပင် ဖြစ်လေသည်။
ဆာရန်ဒီ သက်ပြင်းချလိုက်သည်။ ငါ့ရဲ့စွမ်းရည်တွေက တခြားသူလောက် မကောင်းဘူး။ ပြီးတော့ ငါက အဆိပ်မိထားတယ်။ တစ်ဖက်က ပျံတာတော်တဲ့ နဂါးတစ်ကောင်။ အခု ထွက်ပြေးဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ သူက ရိုးရှင်းစွာပင် ခုခံရန် လက်လျှော့လိုက်ပြီး ခန္ဓာကိုယ်မှဖုန်များကိုခါကာ ကျက်သရေရှိစွာဖြင့် မတ်မတတ်ရပ် လိုက်သည်။ သူ၏အမူအရာ အလွန် တည်ငြိမ်နေ၏။ “ကျုပ်ရဲ့ရှုံးနိမ့်မှုကို လက်ခံပါတယ်။ ကျုပ် မသေခင် အမှောင်လရဲ့ တော်ဝင်မင်းသမီးရှီရာနှင့် တွေ့ချင်တယ်။”
သူပြောပြီးသည်နှင့် ဧရာမနဂါးက ခန္ဓာကိုယ်ကို လှုပ်ရမ်းပြီး လူသားအသင် ပြောင်းကာ ပြေးဝင်လာသည်။ လက်သီးတစ်ချက်တည်းဖြင့် မခုခံနေသော ဆာရန်ဒီ သတိလစ်သွားခဲ့သည်။ ထို့နောက် ပါ့ဂ်လီအိုက ကျိန်ဆဲရင်း ပြောသည်။ “ရှုံးတယ်လို့ ဝန်ခံလိုက်ရုံပဲ။ ငါ့ရှေ့မှာ ဟန်လုပ်မနေနဲ့။”
ဆာရန်ဒီကို ပါ့ဂ်လီအို သတိလစ်အောင် ပြုလုပ်ပြီးစဉ် အခြားတစ်နေရာ၌ ချန်လွေ့ကလည်း နီရို၏ ဦးခေါင်းခွံကို ကြေအောင်ပြုလုပ်ခဲ့သော လက်ချောင်းများကို အားလျှော့လိုက်သည်။
ရှုံ့တွနေသော ခန္ဓာကိုယ်က ရုတ်တရက် မြေပြင်ပေါ်သို့ မာဆတ်ဆတ်ဖြင့် ပြန့်ကျဲသွားတော့သည်။ အလောင်းမှ အစိမ်းရောင်လျှံတစ်ခု ဖြည်းဖြည်း ပျံတက်လာ၏။ ချန်လွေ့၏ အနီရောင်မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ၎င်းကို ဖမ်းယူလိုက်သည်။
၎င်းမှာ စွန်ပလွံသီး အစေ့အရွယ်ရှိပြီး အစိမ်းရောင်လက်နေ၏။ ၎င်းသည် သူ၏ လက်ဝါးထဲ၌ ထူးဆန်းသော စွမ်းအင်လှည့်ပတ်မှုနှင့်အတူ စီးဆင်းနေလေသည်။
“ဒါက...” ချန်လွေ့၏စိတ်ထဲရှိ မှတ်ဉာဏ်အပိုင်းအစတစ်ခု ရုတ်တရက် ရှင်းလင်း သွားပြီး သူ၏သွေးနီရောင် မျက်လုံးများ အရောင်လက်သွားသည်။ “နေရာလွတ်မျိုးစေ့ပဲ။”
လူသားများက အတော်လေး အန္တရာယ်များသော နေရာလွတ်လမ်းကြောင်းကို ဖွင့်ပြီး နတ်ဆိုးဘုံသို့ လာရောက်ကြသည်။ ပြန်ရန်အတွက်မူ အန္တရာယ် မရှိပေ။ လူသားလောကမှ ခန္ဓာကိုယ်ထဲ၌ ကြိုတင်မြှုပ်နှံထားသော “မျိုးစေ့” တစ်ခုကို အမှီပြုရန်သာ လိုအပ်သည်။ ၎င်းမှာ ချန်လွေ့၏လက်ထဲရှိ နေရာလွတ်မျိုးစေ့ပင် ဖြစ်လေသည်။
နတ်ဆိုးဘုံသို့ ရောက်လာသော လူသားသည် အထူးအခြေအနေအချို့၌ နေရာလွတ်မျိုးစေ့ကို အသက်သွင်းပြီး လူသားလောက၌ မှတ်ထားသော နေရာသို့ ပြန်နိုင်သည်။ ၎င်းမှာ တစ်ခါသုံး နေရာအတိအကျ တယ်လီပို့ခုန်ခြင်းနှင့် ညီမျှပေသည်။
“ဒါနဲ့ဆိုရင် လူသားလောကလိုမျိုး စိတ်ဝင်စားစရာ နေရာတွေကို ငါသွားလို့ရပြီ။” ချန်လွေ့က အသံကျယ်ကျယ်နှင့် ရယ်လိုက်ပြီး သူ၏ရယ်သံမှာ ကောက်ကျစ်မှုများနှင့် ပြည့်နှက်နေသည်။ သူ၏စိတ် အနည်းငယ် ရွေ့လျားသွားပြီး မျိုးစေ့က သူ၏ခန္ဓာကိုယ်ထဲ ပေါင်းစည်းသွားသည်။ ထို့နောက် ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်ပြီး ဘေးနားမှ အစ်ဇဘယ်လာကို ငေးကြည့်လိုက်သည်။
ကြမ်းတမ်းပြီး သွေးဆာနေသော အနီရောင်မျက်လုံးများကို မြင်ရသည့်အခါ အစ်ဇဘယ်လာ မကြောက်သလို ရှောင်လည်း မရှောင်တိမ်းခဲ့ဘဲ ချန်လွေ့ကိုသာ တိတ်တိတ်လေး ကြည့်နေခဲ့သည်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက်နှင့် နှာမှုတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှ သွေးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မူလအတိုင်း အနက်ရောင် ပြန်ဖြစ်သွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ချပ်ကာမှ အနီရောင်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မူလပုံစံနှင့် အရောင်အတိုင်း ပြန်ပြောင်းသွားသည်။ သို့သော်လည်း သူက အတော်လေး စွမ်းအင် ကုန်ခမ်းနေဟန်တူပြီး မောဟိုက်နေခဲ့သည်။
ခုနက ချန်လွေ့က အလွန်အမင်း ဒေါသထွက်သွားစဉ် အသူရာ၏ ဖျက်ဆီးခြင်း စွမ်းအားကို [ ကြယ်ဝါးမျိုခြင်း ] ၏ တွင်းနက်ထဲသို့ မတော်တဆ ပေါင်းစပ်ခဲ့မိပြီးနောက် နီရို၏ အသွေးအသားများအားလုံးကို စုပ်ယူပစ်ခဲ့သည်။
နီရိုကို ရှင်းပစ်နိုင်ခဲ့သော်လည်း ရက်စက်ပြီး ပြင်းထန်သောစွမ်းအားနှင့် နည်းလမ်းများက သူ့ကို တုန်လှုပ်သွားစေသေးသည်။ ဒါက “ဖျက်ဆီးခြင်း” ပြယုဂ်လား။
စူပါစနစ် အချက်အလက်ပြာဇယား၌ အတွေ့အကြုံတန်ဖိုး ပြောင်းလဲသွားပြန်ပြီး ၂% ဖြစ်သွားသည်။
ဒါက ဖက်ဒါ အခြေအနေလား။ တကယ်ပဲ အနာဂတ်မှာ ငါ ဒီလိုလုပ်ဖို့ လိုတာလား။
လေ့ကျင့်ရေးနည်းလမ်းက အန္တရာယ်များပြီး စွန့်စားရတယ်။ အတားအဆီးတွေကို မကျော်ဖြတ်ဘဲနဲ့ ငါ ဘယ်လိုလုပ် အဆင့်တက်မှာလဲ။
ချန်လွေ့ ပင့်သက်ရှိုက်လိုက်ပြီး သူ၏ စိတ်စွမ်းအား ပြန်လည် ခိုင်မာသွားပြန်သည်။ သူ၏ခန္ဓာကိုယ်မှ ချပ်ကာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိုက်ကြည့်နေသော အစ်ဇဘယ်လာကို ကြည့်လိုက်သည်။ “အစ်ဇဘယ်လာ။ ဒဏ်ရာ ဘယ်လိုနေလဲ။”
မိမိ၏နာမည်ကို ကြားသည့်အခါ အစ်ဇဘယ်လာ၏အကြည့် ရုတ်တရက် အေးစက်သွားသည်။ “ရှင့်ရဲ့စွမ်းအားကို စိတ်ကူးလို့ မရနိုင်အောင်ပဲ။ ကြည့်ရတာ ခုနက ကျွန်မ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်သွားတဲ့ပုံပဲ။”
ထိုသို့ပြောပြီးနောက် အစ်ဇဘယ်လာက လှည့်ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်၌ သူ၏ခန္ဓာကိုယ် အခြေအနေက ပြင်းထန်သောဒဏ်ရာနှင့် ခွန်အား ကုန်ခမ်းမှုတို့ကြောင့် အလွန်အမင်း အားနည်းနေခဲ့သည်။ သူ ဒယီးဒယိုင် ဖြစ်နေပြီး ရှေ့သို့ လဲကျသွား၏။ ပုံရိပ်တစ်ခု အချိန်မီရောက်လာပြီး သူ့ကို ပွေ့ဖက်လိုက်သည်။
“သောက်လိုက်။” ချန်လွေ့၏လက်ထဲ၌ ဆေးရည်မည်း တစ်ပုလင်း ရှိနေသည်။
အစ်ဇဘယ်လာက ချန်လွေ့သည် ယခုတစ်ခေါက် မဖုံးကွယ်ဘဲ ဆေးရည်မည်းများ ထုတ်လိုက်သည်ကို မြင်သည့်အခါ အေးစက်စက်နှင့် ပြောသည်။ “ဒါက ဘယ်လို ဆေးရည်မျိုးလဲ။”
“အသက်ရှည်ဆေးရည်။ သက်တမ်းကို တိုးနိုင်တဲ့အပြင် ဒဏ်ရာပြန်ကောင်းစေတဲ့ မှော်ဆန်တဲ့သက်ရောက်မှုလည်း ရှိတယ်။” ချန်လွေ့ အစ်ဇဘယ်လာအား မြေပေါ်၌ ဖြည်းဖြည်းလေး ထိုင်ချရန်ကူညီပေးလိုက်သည်။ “နောက်ကျရင် အသက်ဓာတ်ကို လွယ်လွယ် မလောင်ကျွမ်းနဲ့။ ဒီဆေးရည်က တစ်ခါပဲ သုံးလို့ရတယ်။”
နတ်ဆိုးဘုံ၏ မြောက်မြားလှစွာသော အစွမ်းထက်ပုဂ္ဂိုလ်များကို ရူးသွားစေ နိုင်သော မဟာဆရာသခင်အဆင့်၏ အမြင့်ဆုံးအောင်မြင်မှုဖြစ်သည့် ဆေးရည်ပုလင်းကို ကြည့်နေရင်း အစ်ဇဘယ်လာက အေးစက်စက်နှင့် ပြန်ဖြေသည်။ “မသောက်ဘူး။ ကျွန်မ သေတာ မကောင်းဘူးလား။ သေတဲ့သူက လျို့ဝှက်ချက်တွေ ထုတ်ပြောမှာ မဟုတ်ဘူးလေ။”
“တကယ် မသောက်ချင်ဘူးလား။”
အစ်ဇဘယ်လာ ဘာမျှမပြောဘဲ ဘေးကိုသာ ငေးကြည့်နေသည်။
“စိတ်ကောက်တဲ့မိန်းမကို ကိုင်တွယ်ဖို့အတွက် ကျုပ်မှာ နည်းလမ်းတစ်ခုပဲ ရှိတယ်။” ချန်လွေ့က ပုလင်းကိုဖွင့်လိုက်ပြီး ပါးစပ်ထဲ၌ စွမ်းအားကို အာရုံစိုက်ကာ အသက်ရှည်ဆေးရည်အား တစ်ငုံတည်း သောက်လိုက်သည်။ ထို့နောက် စိတ်ကောက် နေသောမိန်းမ၏ မျက်နှာကိုကိုင်ကာ ပါးစပ်ချင်းတေ့ပြီး တိုက်လိုက်တော့သည်။
အစ်ဇဘယ်လာ အသည်းအသန် ရုန်းကန်သော်လည်း သူ့အတွင် အားအင် လုံးဝ မရှိပေ။ သူက ချန်လွေ့နှင့် အတင်းနမ်းလိုက်ရသည်။ တဖြည်းဖြည်းနှင့် သူ၏ ရုန်းကန်နေသော အားအင်များ ကွယ်ပျောက်သွားပြီးနောက် သူ၏ ထုရိုက်နေသော လက်က ချန်လွေ့၏လည်ပင်းကို သိုင်းဖက်လိုက်တော့သည်။ အသက်ရှည်ဆေးရည်အား “ကူးပြောင်း”ပေးပြီးသည့်တိုင် သူတို့၏နှုတ်ခမ်းများ မခွာသေးဘဲ တစ်ယောက်စီ၏ နှလုံးခုန်သံထဲ၌ နှုတ်ခမ်းများ၏ လောဘတကြီး ရှာဖွေနေခဲ့လေသည်။
ယခုမှာ ချန်လွေ့က အစ်ဇဘယ်လာအား ရဲရဲတင်းတင်း နမ်းရှိုက်သည့် ပထမဆုံးအကြိမ် ဖြစ်ရာ ယခင်ကဲ့သို့ “အတင်းအကျပ်” မဟုတ်ခဲ့ပေ။ ထိုအနမ်းမှာ မရေမတွက်နိုသော ပြဿနာများကို ဖြစ်စေနိုင်ချေများသည်။ သို့သော်လည်း မည်သို့ပင် ဆိုစေကာမူ ထိုအမျိုးသမီးက သူ့အတွက် ရန်သူကို လမ်းကြောင်းပြောင်းပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန်ပင် ကြိုးစားခဲ့သည့်အတွက် ထိုက်တန်ပေသည်။
အချိန်အတော်ကြာပြီးနောက် သူတို့နှစ်ဦး ခွဲခွာလိုက်ကြသည်။
အစ်ဇဘယ်လာက ချန်လွေ့ကို စိုက်ကြည့်ရင်း နှလုံးသားထဲမှ မေ့လုနီးပါး ဖြစ်နေသော မယုံနိုင်စရာ ခံစားချက်ကို ခံစားနေလိုက်သည်။ ရုတ်တရက် သူက မျက်လုံးထဲမှ ညင်သာမှုများကို ဘေးဖယ်ပြီး ရက်ရက်စက်စက် ပြောသည်။ “ခုနကကိစ္စကို ဘယ်သူ့ကိုမှ မပြောနဲ့။”
ချန်လွေ့က ခါးသက်သက်နှင့် ပြုံးသည်။ “ဒီလို ခြိမ်းခြောက်မှုမျိုးပဲ....ကျုပ်မှာ တခြားရွေးစရာ ရှိမယ်မထင်ပါဘူး။ မဒမ်-ရင်းနီ။”
ကျေနပ်လောက်စရာ ခေါ်ဝေါ်မှုကို ကြားသည့်အခါ အစ်ဇဘယ်လာ၏ မျက်နှာ ရုတ်တရက် နီမြန်းသွား၏။ ရှက်၍လား၊ ဆေးရည်အစွမ်းကြောင့်လား မသေချာပေ။ သူက အေးစက်စက်နှင့် နှာမှုတ်ပြီး ပြောသည်။ “ဒီည ရှင် နန်းတော်ကို သွားမှာလား။”
“နန်းတော်”သည် သူတို့နှစ်ဦးအကြားရှိ လျို့ဝှက်သင်္ကေတကဲ့သို့ပင် ဖြစ်လုနီးပါး ဖြစ်နေခဲ့သည်။ ချန်လွေ့က အလွန်အမင်း ပင်ပန်းနေသော မျက်နှာဖြင့် ခေါင်းခါသည်။ “သွားချင်ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ကျုပ် ခုနက လျို့ဝှက်ပညာရပ်တချို့ကို သုံးခဲ့တဲ့အတွက် မသွားနိုင်တော့ဘူး။ သိပ်မကြာခင် ကျုပ်က အိပ်ပျော်တော့မှာ။ ဒီတစ်ခေါက် အမှောင်နတ်ဆိုးက ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ရတယ်။ မြို့တော်ရဲ့ အချိန်းအချက် နေရာကို ထိန်းသိမ်းထားဖို့လည်း ခက်လောက်တယ်။ ကျုပ်တို့ ရှုံးနိမ့်သွားခဲ့ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားရဲ့ဒဏ်ရာကို အရင်ဆုံး ကုသသင့်တယ်...”
အမှောင်နတ်ဆိုးအကြောင်း ပြောနေစဉ် အစ်ဇဘယ်လာ၏မျက်လုံးများ ရုတ်တရက် အရောင်မှိန်သွားခဲ့သည်။
ချန်လွေ့၏ မျက်တောင်များ ပိတ်လာသည်။ [ တော်ဝင်ကြယ်အသွင်ပြောင်းခြင်း ] ကို အပြည့်အဝ အသက်သွင်းပြီးနောက် အားအင်ကုန်ခမ်းခြင်းမှာ ခုခံရခက်သည်။ ထို့ပြင် သူက အသူရာ၏ ဖျက်ဆီးခြင်းစွမ်းအားနှင့်လည်း ပေါင်းစပ်ထားခဲ့သေးသည်။ သူ၏ ခန္ဓာကိုယ် တဖြည်းဖြည်း ပျော့ပျောင်းလာပြီးနောက် အစ်ဇဘယ်လာကလည်း သူ့ကို အလျင်အမြန်အောက်ချကာ ပေါင်ပေါ်၌ ပေးနားလိုက်သည်။
ချန်လွေ့ လက်ဆန့်ထုတ်ပြီး အစ်ဇဘယ်လာ၏ မျက်နှာကို ထိကြည့်သည်။ သို့သော်လည်း သူ၏အမြင်များ ဝေဝါးနေခဲ့သည်။ သူက လက်တစ်ဝက် ဆန့်ထုတ်ပြီးစဉ် အားကုန်သွားခဲ့သည်။ သူ မအိပ်ပျော်ခင်၌ နောက်ဆုံးလက်ကျန်အသိစိတ်ကို ဆွဲကိုင်ပြီး ပြောလိုက်သည်။ “ကျုပ် ပန်းပွင့်တွေကို သဘောကျတယ်...”
နောက်ဆုံးစကားဆိုပြီးနောက် သူ အိပ်ပျော်သွားတော့သည်။
ထိုစကားမှာ ရေးရေးလေးသာ ဖြစ်သော်လည်း အစ်ဇဘယ်လာ ကြားခဲ့သည်။
ကလေးတစ်ယောက်သဖွယ် အိပ်စက်နေသော ထိုသူ၏မျက်နှာကို စိုက်ကြည့်ရင်း အစ်ဇဘယ်လာ၏ အပြာရောင်မျက်လုံးများမှ မျက်ရည်တစ်စက် ဖြည်းဖြည်းချင်း စီးကျလာပြီး ထိုသူ၏မျက်နှာပေါ် ကျသွားသည်။ အစ်ဇဘယ်လာ၏ ခရမ်းဖျော့ရောင် နှုတ်ခမ်းက တိတ်တိတ်လေး ဖူးပွင့်နေသော ပန်းပွင့်သဖွယ် ယဲ့ယဲ့လေး ပြုံးသွားခဲ့သည်။ အလွန်ပင် လှပပြီး စွဲမက်ဖွယ်ရာ ကောင်းလှ၏။