ဆေးရည်မည်းများနှင့် ပြုပြင်မွမ်းမံခြင်းပုံကြမ်းများ
Vol. 34 Ch. 496
ချဉ်းကပ်လာသော မုန်တိုင်းတစ်ခုနှင့် ရင်ဆိုင်နေရသည့်အတွက် ချန်လွေ့က တစ်နေ့လုံး အလုပ်မျိုးစုံဖြင့် အလုပ်များနေခဲ့ပြီး အိပ်ယာဝင်ရန်ပင် အချိန်မရှိလုနီးပါး ဖြစ်နေခဲ့သည်။ သူသည် အဲဒက်စ်နှင့် ဝတ်ရုံဂိုဏ်းသို့သွားပြီး ထယ်တင်းနစ်ထံမှ အဂ္ဂိရတ်ပညာ သင်ယူရန်အတွက်ပင် လုံးဝ မေ့လျော့နေခဲ့သည်။
ထို့ကြောင့် အဘိုးကြီး စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူက အဲဒက်စ်အား “အက်ဂ်ယော”ကိုခေါ်ရန် နားပူကပ်တော့သည်။ အဲဒက်စ်လည်း ရွေးစရာ မရှိတော့ဘဲ ချန်လွေ့ကိုရှာကာ ဆရာဖြစ်သူ၏ တောင်းဆိုချက်ကို ပြောရသည်။
ခဏကြာ စဉ်းစားပြီးနောက် ချန်လွေ့က အက်ဂ်ယော၏ ဝတ်ရုံအတိုင်း ပြောင်းလဲပြီး ဝတ်ရုံဂိုဏ်းသို့ ဦးတည်သွားသည်။
ချန်လွေ့က အရှေ့တောင်ဘလော့ရှိ နံပါတ်(၄)လမ်းသို့ လမ်းလျှောက်သွားရာ အလျန်နှင့် အခြားကောင်မလေးတို့ကို တွေ့ခဲ့သည်။ လိုလီလေးလည်း သူတို့အထဲတွင် ရှိနေသည်။
အိဗ်၏ မျက်လုံးများက စူးရှသည်။ သူက တစ်ချက်တည်းနှင့် ခေါင်းဆောင် “အက်ဂ်ယော”ကို မြင်သွားသည်။ သူ ရှက်နေပြီး နှုတ်ဆက်ရန် ပြင်လိုက်စဉ် အလျန်က အော်ခေါ်ပြီးသွားလေပြီ။ “ဆာ-အက်ဂ်ယော။”
“အလျန်။ မင်းတို့ မြို့ပြင်ထွက်ပြီး ကစားကြဦးမလို့လား။”
“ဟင်အင်း။ မြို့ပြင်မှာ အန္တရာယ်ရှိတယ်လို့ ကြားတယ်။ အဲဒါကြောင့် စျေးထဲမှာ တစ်ခုခု ဝယ်ဖို့အတွက် မင်းသမီးအဲလစ်ကို အဖော်လိုက်သွားပေးမလို့။”
“ဆာ-အက်ဂ်ယော။ ရှင်...ရှင်က လက်ထပ်တော့မှာလား။” အိဗ်က အားမွေးပြီး မေးလိုက်သည်။
“ဟုတ်တယ်။” ချန်လွေ့က အမှောင်နတ်သူငယ်မလေး၏ မျက်လုံး အရောင်မှိန် နေသည်ကို မြင်လိုက်ရပြီး အသာလေး မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမဲ့ လက်ထပ်ပွဲကို အမှောင်လရဲ့ ခက်ခဲတဲ့အချိန်ကို ကျော်လွှားပြီးတော့မှ ကျင်းပလိမ့်မယ်။ ဒီအခြေအနေက တကယ် တင်းမာနေတယ်။ မင်းတို့ အမှောင်လက ထွက်သွားမှာလား။”
“မသွားဘူး။” အလျန်က လက်သီးဆုပ်ရင်း ပြန်ဖြေသည်။ “ကျွန်မတို့ ဆက်နေပြီးတော့ ဆာ-အက်ဂ်ယောနဲ့အတူ တိုက်ခိုက်မယ်။”
ချန်လွေ့က အမှောင်နတ်သူငယ်မလေး၏ခေါင်းကို ပုတ်ပြီး ဘေးဖက်မှာ ပြင်းထန်သော ရန်လိုမှုကို သေသေချာချာ အာရုံခံလိုက်မိသည်။ ၎င်းမှာ အမှန်တကယ်ပင် အဲလစ်ထံမှ ဖြစ်နေသည်။
“ကျွန်မအစ်မက ရှင့်ကို လက်ထပ်မှာ မဟုတ်ဘူး။” လိုလီလေးက ပြောသည်။ သူ၏မျက်နှာ၌ “လူသားအစ်ကို”နှင့် ပုံမှန်ရှိနေကျအတိုင်း ချစ်စရာကောင်းမှုနှင့် အပြစ်ကင်းမှု တစ်စက်မျှ ရှိမနေပေ။
“မင်းသမီးလေး။ ငါ့ကို လက်ထပ်မှာက မင်းရဲ့အစ်မ မဟုတ်ဘူး။ ငါ့ကို သိမ်းလိုက်တာ။ ဆိုလိုတာကတော့ ငါ သူ့ကို “လက်ထပ်”တယ်ပေါ့။” ချန်လွေ့က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ ဒါက တကယ်ကြီး အိမ်ရှင်နဲ့ အတူနေတဲ့ အလုပ်သမား သမက်ပဲ။
“အဲဒါက ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ရှင့်ကို ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မရဲ့ အစ်မနဲ့ လက်ထပ်ခွင့် မပေးနိုင်ဘူး။” လိုလီလေးက ချန်လွေ့၏မျက်နှာဖုံးကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ “မြို့တော်ရဲ့ လက်ထပ်ခွင့်တောင်းတာကြောင့် မဟုတ်ရင် ကျွန်မရဲ့အစ်မက ဒီလိုဆုံးဖြတ်ချက်မျိုး သေချာပေါက်ချမှာ မဟုတ်ဘူး။ သူက ရှင့်ကို လုံးဝ သဘောမကျဘူး။”
“ဒါက နိုင်ငံရေးအရ လက်ထပ်တာဆိုတော့ ကိုယ်ပိုင်ခံစားချက်တွေနဲ့ မဆိုင်ဘူး။ အဲဒါကြောင့် တချို့စတေးရမှာတွေကိုတော့ ရှောင်လွှဲလို့ မရဘူး။” ယခုတွင် ချန်လွေ့သည် “အက်ဂ်ယော” သရုပ်၌ ဖြစ်သည့်အတွက် လူအများကြီးအရှေ့တွင် ရှင်းပြ၍ မရနိုင်ပေ။ သူ သက်ပြင်းသာ ချလိုက်သည်။ “မင်းသမီး အဲလစ် နောက်တော့ နားလည်လာမှာပါ။”
“ကျွန်မရဲ့ အစ်မကို အဲဒီလို မစတေးနိုင်ဘူး။” “စတေး”ဟူသော စကားလုံးကို ပြောသည့်အခါ လိုလီလေး၏မျက်လုံများ ရုတ်တရက် နီရဲသွားသည်။ သူက သတ်ဖြတ်ချင်သော အငွေ့အသက်ပါ ထုတ်လွှတ်ခဲ့သည်။ “အဲဒီ မဖြစ်နိုင်တဲ့ အတွေးတွေကို ဘေးဖယ်ထားကို ကောင်းမယ်။ မဟုတ်ရင် ကျွန်မ ရှင့်ကို သေချာပေါက် ခွင့်မလွှတ်ဘူး။”
လိုလီလေး၏ ထိုကဲ့သို့ အမူအရာမျိုးကို ချန်လွေ့ ယခုမှ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ ဘေးဖက်မှ အလျန်က ပြောလိုက်သည်။ “အဲလစ်....”
“တောင်းပန်ပါတယ်။ ရုတ်တရက်ကြီး ငါ မသွားချင်တော့ဘူး။” အဲလစ် နောက်လှည့်ပြီး ထွက်သွားလိုက်သည်။ သူက ဒေါသကို ဖွင့်ထုတ်နေသကဲ့သို့ပင် ရှေ့သို့ မြန်မြန်လျှောက်သွားလိုက်သည်။ ဘလော့တစ်ခုသို့ ချိုးသွားပြီးနောက် သူက လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
ချန်လွေ့၏မျက်လုံးများ နူးညံ့ပျော့ပျောင်းသွားသည်။ အဲလစ်ရဲ့ သူ့အစ်မအပေါ် ခံစားချက်တွေက တကယ့်စိတ်ရင်းနဲ့ပဲ။ ဒါကို မြင်ရရင် ရှီရာ စိတ်အေးရမှာ။
တစ်နေ့နေ့ သူ့ကို အမှန်အတိုင်း ပြောမှာပါ။ ဒါပေမဲ့ တကယ်လို့ သူ့အစ်မက တစ်ယောက်ယောက်နဲ့ အရင်လက်ထပ်ရမှာကို သိသွားရင် လိုလီလေး ဝုန်းဒိုင်းကြဲ လောက်တယ်...
ချန်လွေ့က အနည်းငယ် ပြောစရာစကားမဲ့နေသော အလျန်နှင့် အခြားသူများကို နှစ်သိမ့်ပေးပြီးနောက် ရှေးအိမ်ဆီသို့ လမ်းလျှောက်သွားလိုက်သည်။
သူ နောက်ဖေးသို့ သွားလိုက်သည့်အခါ ဆရာဖြစ်သူ ထယ်တင်းနစ်ကို တွေ့လိုက်ရသည်။
အဘိုးအိုက ကုလားထိုင်ပေါ်၌ ပျင်းရိလျက် ထိုင်နေသည်။ ချန်လွေ့ ဝင်လာသည်ကို မြင်သည့်အခါ သူ ခုန်ထပြီး ချန်လွေ့၏ မျက်နှာတည့်တည့်ကို အပြစ်တင်လိုက်သည်။ “ကောင်လေး။ မင်း လာဖို့ သတိရသေးတာလား။ ငါမင်းကို တစ်ရက် ပြင်ဆင်ဖို့ အချိန်ပေးမယ်။ အဲဒက်စ်ကိုခေါ်၊ အမှောင်လကနေ ငါနဲ့အတူတူ ထွက်သွားရမယ်။”
ချန်လွေ့ အံ့အားသင့်သွားသည်။ “ထွက်သွားရမယ်၊ ဟုတ်လား။”
“မသွားရင် ဒီမှာသေဖို့ စဉ်းစားထားတာလား။” အဘိုးအိုက ချန်လွေ့က မျှော်လင့်ချက်များနှင့် မကိုက်ညီသည့်အတွက် ဒေါသထွက်သွားဟန်တူသည်။ “ဒီနယ်မြေက ကြယ်ကြွေတမန်မြို့တော်ကို တကယ် ယှဉ်နိုင်မယ်လို့ မင်းထင်တာလား။”
“သေတော့ မသေချာပါဘူး...” ချန်လွေ့က သဘောမတူဘဲ ပုခုံးတွန့်လိုက်သည်။ “လောကကြီးက ခန့်မှန်းလို့ မရဘူး။ လိပ်ပြာနီနယ်မြေနဲ့ ချော်ရည်ပြာနယ်မြေက လော့ဒ်စစ်ပွဲခင်းပြီးတော့ အမှောင်လကို တိုက်ခိုက်ခဲ့တယ်။ အမှောင်လ အနိုင်ရမယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ လိပ်ပြာနီနယ်မြေ ရှုံးနိမ့်သွားပြီးတော့ ချော်ရည်ပြာနယ်မြေ သုတ်သင်ခံလိုက်ရတယ်။ ရန်သူက စွမ်းအားကြီးပေမဲ့ အံ့သြဖွယ်ရာတွေ ဖန်တီးဖို့ မဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ခံစားမိတယ်။”
အဘိုးအိုက လွန်စွာစိုးရိမ်လျက် ရှိနေပြီး သူ၏အသံ ရုတ်တရက် ကျယ်လာသည်။ “မင်းရဲ့ ဦးနှောက်က အဲဒီမင်းသမီးကြောင့် ယစ်မူးသွားပြီလို့ ငါထင်တယ်။ မင်းကို ဘာလို့ သိမ်းလိုက်လဲဆိုတာ မသိဘူးလား။ ဒါက တန်ဖိုးထက် မပိုဘူး။ အဲဒီမိန်းမက မြို့တော်ရဲ့ ရည်ရွယ်ချက်ကို အစကတည်းက သိနေတာ ထင်တယ်။ အဲဒါကြောင့် သူက မင်းလို ငတုံးမျိုးကို ဒိုင်းကာအနေနဲ့ အသုံးချပြီးတော့ လက်ထပ်ပွဲ ကြေညာခဲ့တာ။”
သူ တကယ်ပဲ မှန်အောင် ခန့်မှန်းနိုင်ခဲ့တာပဲ။ ချန်လွေ့က အဘိုးအိုအား လေးစားသွား၏။ ချန်လွေ့ တိတ်ဆိတ်သွားသည်ကို မြင်သည့်အခါ အဘိုးအိုက ချန်လွေ့ စိတ်ယိုင်သွားကြောင်း ထင်လိုက်မိသည်။ “မင်းရဲ့ပါရမီက အတော်လေးကောင်းတယ်။ အဲဒက်စ်ထက် အများကြီး သာတယ်။ မင်း အချိန်တစ်ခုအထိ လေ့လာမယ်ဆိုရင် ဆေးဝါးပညာ တစ်ခုတည်းကိုတောင် ဆရာသခင်အဆင့် ရောက်နိုင်တယ်။ ယန္တရားပညာကိုတောင် တစ်ဝက်-မဟာဆရာသခင်အဆင့်ထိ ရောက်နိုင်တာတော့ ထားလိုက်တော့။ မင်းရဲ့ ပါရမီတွေကို အလကား မဖြစ်စေနဲ့။ မိန်းမလှတွေက နေရာတိုင်းမှာ ရှိတယ်။ ဒီမှာဆက်နေရင် မင်းရဲ့အသက်ကိုပဲ ဆုံးရှုံးရလိမ့်မယ်။ ဆာမန်နဲ့ ယှဉ်ပြိုင်မှု ပြိုင်ပွဲကို မင်း ဆက်ခံဖို့ မလိုပါဘူး။ မင်းတို့နှစ်ယောက် ဒီအန္တရာယ်များတဲ့ နေရာကနေ ငါနဲ့အတူတူ ထွက်သွားဖို့ပဲ လိုတယ်။ မင်း ငြင်းမယ်ဆိုရင် ဒီအဘိုးကြီး အားသုံးမှာကို အပြစ်မတင်နဲ့။”
အဘိုးအိုက စိတ်ရင်းနှင့် မိမိအား ဂရုစိုက်နေကြောင်း ချန်လွေ့ သိသည်။ သူ မရှင်းပြဘဲ ခေါင်းကိုသာ ခါလိုက်သည်။ “ဆရာ သွားချင်တယ်ဆိုရင် အဲဒက်စ်ကို ခေါ်သွားလို့ ရပါတယ်။ ဆရာ ဘယ်နည်းလမ်းပဲသုံးသုံး၊ အမှောင်လကနေ ကျုပ် ထွက်သွားမှာ မဟုတ်ဘူး။”
အဘိုးအိုက အေးစက်စက်နှင့် ပြောသည်။ “သူက မင်းလိုပဲ ရူးမိုက်တယ်။ သူက တော်ဝင်မင်းသမီးဆီကနေ ကြီးမားတဲ့ မျက်နှာသာပေးမှု ရရှိခဲ့လို့ ဘယ်တော့မှ ထွက်မသွားဘူးလို့ ပြောတယ်။ အခု တော်ဝင်မင်းသမီးကို ငါ တော်တော် လေးစားသွားပြီ။ မင်းတို့နှစ်ယောက် ဒီလောက်စိတ်ပြတ်သားနေမှတော့ ငါ ဒီမှာနေပြီးတော့ မင်းတို့ ဘယ်လောက် ရူးမိုက်လဲ ကြည့်ဦးမယ်။”
ချန်လွေ့က အဘိုးအိုသည် မိမိနှင့် အဲဒက်စ်အား ကာကွယ်ရန်အတွက် နေနေချင်ကြောင်း သိလိုက်ပြီး ရင်ထဲထိသွားကာ ပြောသည်။ “ဆရာ စိတ်ချပါ။ ကျုပ်တို့ အဆင်ပြေမှာပါ။ ကျုပ် ဒီနေ့ ဆရာ့အတွက် လက်ဆောင် ယူလာတယ်။ ဆရာ ဒီလက်ဆောင်ကိုယူပြီးတော့ အမှောင်လကနေ ထွက်သွားပြီး အန္တရာယ်ပိုကင်းတဲ့ နေရာတစ်ခုမှာ လေ့လာဖို့ မျှော်လင့်ပါတယ်။ ဒါက နောက်နှစ် ပြိုင်ပွဲအတွက် အကူအညီ ဖြစ်လောက်မှာပါ။”
“မဖြစ်စလောက် လက်ဆောင်တွေ ငါ မလိုချင်ဘူး....” စကားပြော မပြီးသေးခင်မှာပင် ချန်လွေ့၏ လက်ထဲ၌ ဆေးရည်မည်း တစ်ပုလင်း ပေါ်ထွက်လာသည်ကို မြင်သည့်အခါ အဘိုးကြီး၏ မျက်လုံးများ ရုတ်တရက် ပြူးသွားခဲ့သည်။
“ဒါက....” အဘိုးအို၏အသံ အနည်းငယ် တုန်ခါသွားသည်။
“ဒါက ဆရာ့ကို ပေးမယ့် လက်ဆောင်တွေထဲက တစ်ခုပါ။” ချန်လွေ့က သိုလှောင်လက်စွပ်တစ်ကွင်းထုတ်ပြီး ဆေးရည်မည်းကို ထိုအထဲ သိမ်းထားကာ အဘိုးအိုအား ကမ်းပေးလိုက်သည်။ “ဒီထဲမှာ စစ်မှန်တဲ့ ဆေးရည်တွေ၊ ထာဝရ ဆေးရည်တွေ၊ ပြန်လည်ရှင်သန်ခြင်းဆေးရည်တွေနဲ့ အသက်ရှည်ဆေးရည်တွေ အပါအဝင် ဆေးရည်မည်း တစ်စုံအပြည့် ရှိတယ်။”
အဘိုးအို ထိတ်လန့်သွားပြန်သည်။ ပြန်လည်ရှင်သန်ခြင်းဆေးရည်။ အသက်ရှည် ဆေးရည်။ ဒါက ဆေးဝါးပညာ မဟာဆရာသခင်တစ်ယောက်ရဲ့ အမြင့်ဆုံး အောင်မြင်မှု သင်္ကေတပဲ။ ဆိုးယုတ်တဲ့ ပါရမီရှင် ဆာမန်တောင် ထာဝရဆေးရည်တွေပဲ ဖန်တီးနိုင်တာ။
အဘိုးအိုက အသက်သုံးလေးခေါက် ရှူသွင်းပြီးနောက် သူ့ကို ကမ်းလာသော လက်စွပ်ကို ကြည့်လိုက်သည်။ သူက အနီးအနားရှိ ဆေးရည်များကိုပင် မယူခဲ့ပေ။ “ဒါကို ဘယ်ကရတာလဲ။ ငါ့ကို မြန်မြန်ပြော။ မင်းငါ့ကို ဖုံးကွယ်ထားတာတွေ အများကြီး ရှိတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ဒီအကြောင်းကိုတော့ အမှန်အတိုင်း မင်းငါ့ကို ပြောပြဖို့လိုတယ်။”
“မဟာဆရာသခင် အမွေအနှစ်ရဲ့ အကြောင်းက ဒီလိုမျိုးပါ။ အခုမှ ဆရာ့ကို ပြောပြမိတဲ့အတွက် ခွင့်လွှတ်ပေးပါ...”
ဟုတ်ပါတယ်။ ဒါက အလိမ်အညာ ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ စူပါစနစ် ဆိုတာထက်တော့ ပိုမှန်ပါတယ်။
“မဟာဆရာသခင်ရဲ့ အသိစိတ်က ဒီလိုမျိုးဆေးရည်ကို ဖန်တီးဖို့အတွက် မင်းကို အမိန့်ပေးခဲ့တာလား။” အဘိုးအိုက မယုံကြည်နိုင် ဖြစ်သွားပုံရသည်။ “မင်း ငါ့အတွက် အခု လုပ်ပြကြည့်။”
အဘိုးအိုက တစ်ဝက်-မဟာဆရာသခင်ဖြစ်ပြီး အလိမ်အညာတချို့ ပေါ်သွားနိုင်ကြောင်း ချန်လွေ့ သိသည့်အတွက် ခေါင်းခါလိုက်သည်။ “ဒီလိုအသိစိတ်ကို ကျုပ် မထိန်းချုပ်နိုင်သေးဘူး။ ဒါတွေကို ကျုပ် အသိစိတ် မရှိနေတုန်း ဖန်တီးခဲ့တာ။ ဆေးဖုံညွှန်းတွေနဲ့ အဆင့်တွေကို ကျုပ် မမှတ်မိဘူး။ ကျုပ် နိုးလာမှပဲ ပြီးသွားတဲ့ ရလာဒ်ကို မြင်ရတာ။ ဆရာ မယုံဘူးဆိုရင် ဒါကို ကြည့်လို့ရတယ်...”
ချန်လွေ့က လှဲလှယ်ဌာနမှ သာမန်ဆေးဝါးအချို့ ထုတ်လိုက်သည်။ “အသိစိတ် စပြီးတော့ “လွှမ်းမိုး”လိုက်တဲ့အခါ ဆေးရည်တွေအများကြီးကို ဖန်တီးပေးတတ်တယ်။ ဆေးရည်အဖြူတွေရှိတယ်။ သာမန်ဆေးရည်တွေ ရှိတယ်။ ဆေးရည်မည်းကတော့ အနည်းဆုံးပဲ။ တစ်ခါတလေ ရှိတယ်။ တစ်ခါတလေ မရှိဘူး။”
ထယ်တင်းနစ်က ကုသဆေးရည် တစ်ပုလင်းကို ကောက်ယူပြီး အဆို့ဖြုတ်ကာ အနံ့ခံကြည့်သည်။ ရုတ်တရက် သူက အံ့အားသင့်သွားသော မျက်နှာ ပြသလိုက်သည်။ “ဒီလို သန့်စင်မှုမျိုးက....နတ်ဆိုးဘုရားသခင် တကယ်ပဲ ၁၀၀% သန့်စင်တဲ့ ဆေးရည်တွေ ရှိနေတာပဲ။ ဆာမန်တောင် ဒါက ဖန်တီးနိုင်မှာ မဟုတ်ဘူး။ သေချာတယ်။ ဒါက အထူး မဟာဆရာသခင်တစ်ယောက်ရဲ့ လက်ရာမြောက်ပစ္စည်းတစ်ခု ဖြစ်ရမယ်။”
ချန်လွေ့၏ အကြောင်းပြချက်များ မည်မျှပင် မဖြစ်နိုင်စရာ ကောင်းစေကာမူ အမှန်တရားများမှာ သူတို့၏အရှေ့၌ ရှိနေလေသည်။
ထယ်တင်းနစ် စိတ်ခံစားချက်ပြင်းထန်သွားပြီး မယုံကြည်နိုင်ဖြစ်သွားကာ အံ့အားသင့်ရင်း ခဏကြာ အလုပ်များနေခဲ့သည်။ နောက်ဆုံး၌ သူက ချန်လွေ့ထံ လှည့်ကြည့်လိုက်သည်။ “မင်းမှာ တကယ်တမ်း လျို့ဝှက်ချက်တွေ ဘယ်လောက်တောင် ရှိတာလဲ။ ငါ့ကို အမှန်အတိုင်းပြော။ ငါမင်းကို နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်း စွမ်းအားကို အတင်းခေါ်သွားလို့ ရနိုင်လား၊ မရနိုင်ဘူးလား။”
ချန်လွေ့က မျက်နှာဖုံးနောက်မှ ပြုံးရင်း ပြန်ဖြေသည်။ “နတ်ဆိုးဧကရာဇ်အဆင့် ထိပ်သီးပိုင်းတော့ မရဘူး။ နတ်ဆိုးအရှင်သခင်အဆင့် ထိပ်သီးပိုင်းမှရမယ်။”
အဘိုးအိုက ချန်လွေ့က လေးလေးနက်နက် ကြည့်လိုက်သည်။ “ဟမ့်။ ငါမင်းကို ခေါ်သွားလို့ မရမှတော့ ဒီမှာပဲ နေလိုက်မယ်။ ငါ့ကို ဆေးရည်အကုန်ပေး။ ဒီမှာ မှော်သလင်းကျောက်အမြောက်ရဲ့ ပြုပြင်မွမ်းမံထားတဲ့ ပုံကြမ်းတွေ။ အလဲအလှယ် အနေနဲ့ သဘောထားလိုက်။”
ပြုပြင်မွမ်းမံထားတဲ့ မှော်သလင်းကျောက် အမြောက်လား။ ချန်လွေ့က ထိုကဲ့သို့ အကျိုးအမြတ်မျိုးကို မမျှော်လင့်ထားခဲ့ပေ။ သူ၏မျက်လုံးများ ရုတ်တရက် အရောင်တောက် သွားခဲ့သည်။ သူက ယန္တရားပညာ၌ ပညာရှင်တစ်ယောက် ဖြစ်သည်။ သူသည် မှော်သလင်းကျောက်အမြောက်ကဲ့သို့သော မှော်လက်နက်ကြီးများကို ပုံစံဖော်ခဲ့သူ မဟုတ်သော်လည်း ထယ်တင်းနစ်ပေးသော ပုံကြမ်းများမှာ မရိုးရှင်းကြောင်း တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည်။ ပြုပြင်မွမ်းမံထားသော မှော်သလင်းကျောက် အမြောက်သည် ပို၍ကြောက်မက်ဖွယ်ကောင်းသော အကွာအဝေးနှင့် ပေါက်ကွဲအား ရှိသည်။ အမြင့်လွှာ အစွမ်းထက်ပုဂ္ဂိုလ်များပင် အနည်းငယ် ကြောက်ရွံ့လောက်သည်။ ထိုကဲ့သို့ လက်နက်မျိုးမှာ တားမြစ်အဆင့် ဖြစ်နိုင်သော်လည်း ထိုအဘိုးအိုက ရှင်းပြရန် စိတ်မဝင်စားဘဲ ပစ်ပေးခဲ့သည်။ သူက အိမ်ပြန်ပြီး ဆေးရည်မည်းများကို လေ့လာနိုင်ရန် ချန်လွေ့အား လက်ဝှေ့ရမ်းကာ ထွက်သွားရန် အချက်ပြလိုက်သည်။
မှော်သလင်းကျောက် အမြောက်အသစ်ကို ထုတ်လုပ်ရမည်ဆိုလျှင် သေချာပေါက် နောက်ကျသွားမည် ဖြစ်သည်။ သို့သော်လည်း ထိုပြုပြင်မွမ်းမံထားသော မှော်သလင်းကျောက် အမြောက်မှာ မူရင်းကို အခြေခံထားသည်။ ၎င်းသည် သာမန် အလုပ် မဟုတ်သော်လည်း ထိုနေရာ၌ ကျွမ်းကျင်သော လက်ရွေးစင် မှင်စာစစ်သည်တစ်ဖွဲ့ ရှိနေသည်။ အချိန်တိုအတွင်း ပြုပြင်မွမ်းမံခြင်းနှင့် စမ်းသပ်ခြင်းများ ပြီးစီးရန် ဖြစ်နိုင်လောက်ပေသည်။
တစ်ရက်ပြီးတစ်ရက် အချိန်ကုန်ဆုံးသွား၏။ နောက်ဆုံး၌ မြို့တော်မှ သတင်းတစ်ခု ရရှိလာသည်။ အိုဆိုင်ဒန်က စစ်သည် ၈သိန်းရှိသော နတ်ဆိုးနီနှင့် ဆန်းကြယ်ငှက်တောင်ဟူသော အဓိကဗိုလ်ခြေနှစ်ခုကို စုစည်းခဲ့သည်။ အမျိုးမျိုးသော နယ်မြေအသီးသီးမှ ညွန့်ပေါင်းစစ်တပ်ကလည်း ဦးရေ၄သိန်းရှိကာ စုစုပေါင်း ၁၂သိန်း ဖြစ်သည်။ အိုဆိုင်ဒန်သည် အင်ပါယာ အနောက်မြောက်ဘက်ရှိ တဲခုလာခံတပ်မှ တတိယဗိုလ်ချုပ် ဂရန့်ဘရိုင်ယန်ကို ညွန့်ပေါင်းစစ်တပ်၏ ဒုတိယတပ်မှူးအဖြစ် ရွှေ့ပြောင်းခဲ့သည်။ မည်သည်မှ မလှုပ်ရှားခင်မှာပင် ထိုစစ်တပ်က အမှောင်လအား အရှိန်အဟုန်၌ လွှမ်းမိုးသွားခဲ့လေသည်။
အမှောင်လနယ်မြေ၏ အင်အားမှာ ယခင်လော့ဒ်စစ်ပွဲနှင့် ယှဉ်လျှင် ကြီးကြီးမားမား ကျယ်ပြန့်လာခဲ့သည်။ စုစုပေါင်း အရေအတွက် နှစ်သိန်းထက် ပို၏။ ချော်ရည်ပြာနယ်မြေ၏ စစ်ကူများ ပေါင်းလိုက်လျှင် သုံးသိန်းနီးပါး ဖြစ်သွားပြီး မဟာမိတ်စစ်တပ်၏ လေးပုံတစ်ပုံခန့် ဖြစ်သည်။ အပေါ်ယံ၌ နှစ်ဖက်အင်အားမှာ ကမ္ဘာခြားပေသည်။ စိတ်ထင့်စရာ မရှိလုနီးပါး ဖြစ်နေသော စစ်ပွဲတစ်ပွဲ ဖြစ်နေ၏။
သန်းနှင့်ချီသော စစ်တပ်၏ လှုပ်ရှားမှုများနှင့် ချီတက်မှုများမှာ ရိုးရှင်းသော ကိစ္စများ မဟုတ်ပေ။ ချော်ရည်ပြာနယ်မြေသို့ ရောက်ရှိရန် အတော်လေး ကြာ၏။ သို့သော်လည်း အိုဆိုင်ဒန်က အမှောင်လအား ပြင်ဆင်ချိန် ပိုမပေးချင်ပေ။ လိပ်ပြာနီနယ်မြေသို့ မရောက်ခင် အလစ်တိုက်ခိုက်ရန်အတွက် ထိုနေရာရှိ အယောက်နှစ်သောင်းရှိသော လက်ရွေးစင် မြင်းတပ်ကို အမိန့်ပေးခဲ့သည်။
အယောက်နှစ်သောင်း မြင်းတပ်မှာ လိပ်ပြာနီနယ်မြေသို့ မြို့တော်၏ လက်ထပ်ခွင့်တောင်းခံသော သံတမန်အား “လိုက်ပို့သည်” ဟူသော ခေါင်းစဉ်ဖြင့် ရောက်လာသော အိုဆိုင်ဒန်၏ ဝှက်ဖဲများ ဖြစ်ကြသည်။ သူတို့က အခွင့်အရေးများကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ လက်ရှိ၌ မြို့တော်စစ်တပ်က လိပ်ပြာနီနယ်မြေသို့ ရောက်ရှိရန် အချိန်တချို့ ကြာမြင့်ဦးမည် ဖြစ်သည်။ လိပ်ပြာနီနယ်မြေက ထိုအချိန်၌ သီးခြား အလစ်တိုက်ခိုက်မည်ဟု အမှောင်လ ထင်ထားမည် မဟုတ်သည်မှာ သေချာ၏။ ၎င်းသည် အမှောင်၏ ခံစစ်ပြင်ဆင်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ရုံသာမက အမှောင်လ တောင်ပိုင်းရှိ ဒီကိုမြို့ကို သူတို့ သိမ်းပိုက်နိုင်သည်နှင့် အမှောင်လတစ်ခုလုံးကို ခြိမ်းခြောက်ရန်အတွက် စတင်တက်လှမ်းရာအဖြစ် အသုံးချ၍ ရနိုင်ပေသည်။
ဒီကိုမြို့ကို မသိမ်းပိုက်နိုင်သည့်တိုင် မြင်းတပ်၏ ထူးချွန်သော ရွေ့လျားနိုင်မှုကြောင့် သိပ်ပြီး ဆုံးရှုံးရမည် မဟုတ်ပေ။ ယုတ်စွအဆုံး ရန်သူ၏ စိတ်ဓာတ်ကို အဓိကအင်အားစု မရောက်လာခင် ဖြိုခွဲနိုင်ပေမည်။ အိုဆိုင်ဒန်၏ အမိန့်ကို လက်ခံရရှိပြီးနောက် “မှော်အရိပ်” မြင်းတပ်၏ တပ်မှူး နက်စ်တာက စစ်တပ်ကို လိပ်ပြာနီနယ်မြေမြို့တော်မှ ချက်ချင်း ဦးဆောင်ပြီး အမှောင်လသို့ မရပ်မနားဘဲ တည့်တည့်ချီတက်ကြတော့သည်။
(မှတ်ချက်။ ။ သံချပ်ကာယန္တရားတပ် -------- မြင်းတပ်)