အလှမ်းဝေး စီးနင်းတိုက်ခိုက်ခြင်း
Vol. 34 Ch. 497
လိပ်ပြာနီနယ်မြေ၊ ချော်ရည်ပြာနယ်မြေနှင့် စစ်ဖြစ်ပြီးနောက် အမှောင်လ နယ်မြေက လိပ်ပြာနီနယ်မြေသို့သွားရာ တစ်ခုတည်းသော လမ်းတွင် ခံတပ်တစ်ခု ပြန်လည်တည်ဆောက်ခဲ့သည်။
ထိုခံတပ်မှာ လွန်ခဲ့သော နှစ်၄၀၀အကြာ ဘယ်ဇီဘတ် တော်ဝင်မိသားစု ပုန်ကန်မှုအတွင်း တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း၌ ၎င်းကို လော့ဒ် သန်းခေါင်နေက ဖျက်ဆီးခဲ့ပြီးနောက် စွန့်ပစ်ခံထားရခဲ့သည်။ ထို့နောက် လူသားလောက စစ်ပွဲတွင် လော့ဒ် သန်းခေါင်နေ သေဆုံးသွားခဲ့ပြီး ကြယ်ကြွေတမန်အင်ပါယာအား အိုဆိုင်ဒန် ထိန်းချုပ်ကာ အိမ်ရှေ့မင်းသား ဂါရမ်းအား အမှောင်လသို့ “နေရာချထား” ခဲ့သည်။ အိုဆိုင်ဒန်သည် အမှောင်လ၏ စီးပွားရေးအား လိပ်ပြာနီ လော့ဒ်-ဂျို့ရှ်မှတစ်ဆင့် ထိန်းချုပ်နေခဲ့သည်။ သူက အမှောင်လအား ထိုခံတပ်ကို ပြန်လည် မပြင်ဆင်နိုင်သည် အထိ အားနည်းစေချင်ခဲ့သည်။
လိုင်ရာမြို့တိုက်ပွဲအတွင်း ဂျို့ရှ်၏ ရှုံးနိမ့်မှုပြီးနောက်တွင် လိပ်ပြာနီနယ်မြေ တစ်ခုလုံး၏ ထိန်းချုပ်မှုက လျို့ဝှက်နည်းလမ်းအချို့ကြောင့် အမှောင်လလက်ထဲသို့ ကျရောက်သွားခဲ့သည်။ သို့သော်လည်း ရှီရာက ချန်လွေ့၏အမြင်ကို နားထောင်ခဲ့ပြီး ခံတပ်နှစ်ခုကို ပြန်လည်တည်ဆောက်ခဲ့သည်။ တစ်ခုမှာ ရေကန်ပြာတောင်တန်းမှ အနောက်ဘက်အထိ ရေကန်ပြာခံတပ်ဖြစ်သည်။ ၎င်းကို အရိပ်လဗိုလ်ခြေ၏တပ်မှူး တင်မ်က စောင့်ကြပ်သည်။ ဒုတိယ တစ်ခုမှာ “လရောင်”ဟု အမည်ရသော ထိုစွန့်ပစ်ခံထားရသည့် ခံတပ်ပင် ဖြစ်လေသည်။
လရောင်ခံတပ်မှာ သိပ်ပြီး မကြီးမားလှပေ။ သို့သော်လည်း ၎င်းမှာ ခံတပ်တစ်ခုသာ မဟုတ်ဘဲ တောင်တန်း၏ ကောက်ကွေ့နေသော နံရံကို အမှီပြုထားသော လမ်းကြောင်း တစ်ခုနှင့် ညီမျှနေသည်။
လရောင်ခံတပ်နောက်တွင် ဒီကိုမြို့ ရှိသည်။ ဒီကိုမြို့တစ်ဝိုက် မြေအခြေအနေမှာ ကြမ်းတမ်းပြီး အန္တရာယ်များသည်။ ခုခံရ လွယ်ကူပြီး တိုက်ခိုက်ခံရရန် ခက်ခဲ၏။ ၎င်းသည် ရှေးခေတ်ကတည်းက စစ်တပ်အတွက် အလိုချင်ဆုံးနေရာတစ်ခု ဖြစ်ခဲ့သည်။ တောင်ဘက်ရှိ လိုင်ရာမြို့မှာ အန္တရာယ်မရှိသော တောနက်တစ်ခုသာ ဖြစ်သည်။ ၎င်းကို စစ်တပ်အတွက် ချောမွေ့သော လမ်းကြောင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ လိုင်ရာမြို့တောင်ဘက်သည် အမှောင်လ၏ နောက်ဆုံး အကာအရံဖြစ်သော ဂျူမိုမြို့ ဖြစ်သည်။ ဒီကိုမြို့၏ အရေးပါပုံမှာ ထင်ရှားလှပေသည်။
မှော်အရိပ်ဗိုလ်ခြေ၏ တာဝန်မှာ လရောင်ခံတပ်ကို ဖောက်ထွင်းပြီး အမှောင်လ နယ်မြေ၏ ပထမ အရေးကြီးသော အခြေစိုက်စခန်း ဒီကိုမြို့ကို သိမ်းပိုက်ရန် ဖြစ်သည်။
ခရမ်းရောင်လအောက်၌ နက်စ်တာက မြင်း ဗိုလ်ခြေကို အမှောင်လ ပိုင်နက်ထဲသို့ ဦးဆောင်ပြီးနောက် လရောင်ခံတပ် ပတ်ဝန်းကျင်သို့ သေသေချာချာ ဆက်သွားကြသည်။
တောင်နံဘေးအောက်မှ တောက်ပနေသော လရောင်ခံတပ်ကို ကြည့်ရင်း လက်ထောက်တပ်မှူး ထရွိုင်က တီးတိုးပြောသည်။ “ဗိုလ်ချုပ်။ စစ်တပ်တစ်ခုလုံး အဆင်သင့်ဖြစ်နေပြီ။ ချက်ချင်း တိုက်ခိုက်ရတော့မလား။”
“ခဏစောင့်ဦး။ စစ်သည်တွေကို တန်းစီထားခိုင်းလိုက်။ ထိရောက်မှုရှိတဲ့ အကွာအဝေးမှာ နေနေ။ ငါတို့ ဘယ်မှာလဲဆိုတာ မသိစေနဲ့။” နက်စ်တာက သူလျှိုထံမှ အချက်ပြကို စောင့်ဆိုင်းနေခဲ့သည်။
ခုခံမှုတင်းကြပ်သော ခံတပ်တစ်ခုကို ဦးရေ နှစ်သောင်းတည်းရှိသော မြင်းတပ်ဖြင့် တိုက်ခိုက်ရသည်မှာ အတော်လေး ခက်ခဲလှသည်။ သို့သော်လည်း လိပ်ပြာနီ လော့ဒ်-ဂျို့ရှ်က လရောင်ခံတပ်၌ သူလျှိုချထားသည့်အတွက်ကြောင့် ထိုတာဝန်ကို အောင်မြင်ရန် နက်စ်တာ အတော်လေး ယုံကြည်ချက် ရှိနေသည်။ ထို့အပြင် မြို့တော်၏ အတွင်းလူများလည်း ခံတပ်ထဲ၌ ရှိသည်။ အမှောင်လ၏ လျို့ဝှက်ကြံစည်မှု အတွက် အိုဆိုင်ဒန်က ပြင်ဆင်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ချထားသော သူလျှိုများကို အမှောင်နတ်ဆိုးက ရှင်းပစ်ခဲ့ပြီ ဖြစ်သော်လည်း မသိသေးသော လူအချို့ ရှိနေသေးသည်။
ထိုကြိုတင်ပြင်ဆင်မှု နှစ်ခုနှင့်အတူ အတွင်းရေး အင်အားစုများမှတစ်ဆင့် လရောင်ခံတပ်သို့ ဖောက်ထွင်းနိုင်လောက်ပေသည်။ လက်ရှိ၌ မြို့တော်၏ ညွန့်ပေါင်း စစ်တပ်က လမ်းပေါ်တွင် ရှိနေဆဲ ဖြစ်သည်။ အမှောင်လတွင် အစောင့်များ တင်းကြပ် ထားသော်လည်း အဓိကဗိုလ်ခြေကို ခပ်မြန်မြန် ရွှေ့ပြောင်းနိုင်မည် မဟုတ်သည်မှာ သေချာပေသည်။ ထို့ကြောင့် ဒီကိုမြို့ကို တစ်ခါတည်း သိမ်းပိုက်ရန် မခက်ခဲလောက်ပေ။
ဦးရေနှစ်သောင်းရှိသော လက်ရွေးစင် မြင်းတပ်၏ တိုက်ခိုက်ရေး စွမ်းအားနှင့် ရွှေ့ပြောင်းနိုင်မှုအရ ဒီကိုမြို့၏ နည်းဗျူဟာ တည်နေရာကို သိမ်းပိုက်နိုင်သည်နှင့် သွေးနီဗိုလ်ခြေနှင့် မီးလျှံဗိုလ်ခြေတို့ ရောက်လာမည်ကိုပင် ကြောက်နေစရာ မလိုတော့ပေ။ တည်နေရာကို သူတို့ မကာကွယ်နိုင်ခဲ့လျှင် နက်စ်တာ၌ နောက်ဆုတ်ရန် လုံးဝ ယုံကြည်ချက် ရှိသည်။ နောက်မဆုတ်ခင်တွင် သူက ရီဂျန့်ကို ဆန့်ကျင်သည့် ကံကြမ္မာကို အမှောင်လကဲ့သို့ သူပုန်များ သိနိုင်ရန်အတွက် ဒီကိုမြို့ကို လုယက်ကာ မီးရှို့ဖျက်ဆီး ပစ်ခဲ့မည် ဖြစ်သည်။
အမှောင်လ၏ လည်မျိုကို ဖြတ်တောက်မည့် ပထမဆုံးဓားမှာ ရီဂျန့်လက်အောက်ရှိ နက်စ်တာ ဦးဆောင်သော အစွမ်းအထက်ဆုံး မြင်းတပ် “မှော်အရိပ်”ပင် ဖြစ်လေသည်။
သူလျှို၏ သတင်းအချက်အလက်မှာ အတော်လေး တိကျပေသည်။ မှော်အရိပ် မြင်းတပ်က လမ်းတစ်လျှောက်ရှိ ကင်းလှည့်အမှတ်အချို့ကို ဖယ်ရှားကာ ရန်သူကို သတိထားစေနိုင်မည့် မှော်ထောင်ခြောက်များကို ရှောင်သွားပြီး လရိပ်ခံတပ်သို့ ချဉ်းကပ်လာတော့သည်။
ထိုအချိန်၌ ခံတပ်၏ အလင်းရောင်များ တစ်ချိန်တည်း၌ ရုတ်တရက် ငြိမ်းကုန်ပြီး မီးခိုးထူထူနှင့် မီးတောက်များကို ဖျော့ဖျော့လေးသာ မြင်နိုင်တော့သည်။ ထို့နောက် ဖရိုဖရဲ ဖြစ်နေသော အသံတစ်သံ ထွက်ပေါ်လာ၏။
နက်စ်တာ သတိပြန်ဝင်လာသောအခါ ကောင်းကင်ထက်သို့ မြင့်တက်လာသော အချက်ပြတစ်ခုကို မြင်လိုက်ရသည်။ ထို့နောက် ချက်ချင်းပင် သူက စစ်တပ် တစ်ခုလုံးကို ချီတက်ခိုင်းလိုက်တော့သည်။
ခရာသံနှင့်အတူ မြင်းတပ်က လရိပ်ခံတပ်ထဲသို့ ဒလဟော ပြေးဝင်လာကြသည်။ ခဏအကြာ၌ သူတို့က ခံတပ်အရှေ့မှ မှော်စက်ဝိုင်းကို ဖောက်ထွင်းနိုင်သွားပြီး အရှေ့တံခါးကို စတင်ထုရိုက်တော့သည်။
ခံတပ်မှ ရန်သူတစ်ယောက်၏ သတိပေးသော အသံတစ်ခု ပေါ်ထွက်လာသည်။ အချို့စစ်သားများက တံတိုင်းအပေါ်၌ ပေါ်ထွက်လာပြီး မြင်းတပ်အား မြားများနှင့် တိုက်ခိုက်ကြသည်။ မှောင်လွန်းနေပြီး မှော်အရိပ်ဗိုလ်ခြေက ချပ်ကာ အပြည့်အစုံ ဖြစ်နေသည့်အတွက် ထိထိရောက်ရောက် ပစ်နိုင်ရန် ခက်ခဲပေသည်။
ခဏအကြာ၌ မြို့တံတိုင်းတွင် တိုက်ခိုက်သံများ ထွက်ပေါ်လာသည်။ သူလျှိုမှ တိုက်ခိုက်ခြင်း ဖြစ်ဟန်တူသည်။ မြားပစ်သော စစ်သည်များ နည်းလာသည်။ ဂိတ်တံခါး ပြိုသွားပြီးနောက် ခုခံသူများက အားကောင်းသော မှော်စက်ဝိုင်းများဖြင့် ခုခံနေသေးသည်။ နောက်ပိုင်း၌ အရှိန်အဟုန် မရှိတော့ဘဲ သူတို့အားလုံး ထွက်ပြေးသွားကြတော့သည်။ လရိပ်ခံတပ်ကို မှော်အရိပ်ဗိုလ်ခြေက အပျက်အစီး အနည်းဆုံးဖြင့် အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့လေည်။
မဟာနတ်ဆိုးတစ်ယောက်က လူဒါဇင်ခန့်ဖြင့် ရောက်လာသည်။ သူတို့ကို ချက်ချင်းပင် စစ်သည်များက ဝိုင်းရံလိုက်သည်။ မဟာနတ်ဆိုးက အလျင်အမြန် အော်ပြောသည်။ “ငါက မင်းတို့လူပဲ။ ဗိုလ်ချုပ် နက်စ်တာနဲ့ ငါ တွေ့ချင်တယ်။”
ထိုမဟာနတ်ဆိုးက ခံတပ်ကာကွယ်သူများကို သတ်ပစ်ရာ၌ ဦးဆောင်ခဲ့ကြောင်း ယခင်က နက်စ်တာ သတိထားမိခဲ့သည်။ ခံတပ်ထဲမှ အလောင်းအများစုမှာ ထိုသူလျှို၏ လုပ်ရပ်များကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် နက်စ်တာက စစ်သည်များအား ထိုမဟာနတ်ဆိုးကို လာခိုင်းရန် အချက်ပြလိုက်သည်။
မဟာနတ်ဆိုးက အလေးပြုလိုက်သည်။ “ဗိုလ်ချုပ်။ ကျုပ်က ဆာ-ဂျို့ရှ်ရဲ့ လက်အောက်ငယ်သား ဟာဒီပါ။ ခုနက ခံတပ်ရဲ့ အထောက်အပံ့တွေကို ကျုပ်တို့ မီးရှို့လိုက်တော့ ဖရိုဖရဲတွေ ဖြစ်ကုန်ပြီး ခံတပ်ရဲ့ မှော်သလင်းကျောက် အမြောက်လည်း ပျက်စီးသွားပြီ။ ဆာ-လော့ဒ်ရဲ့ အမိန့်ကို ကျုပ်တို့ အောင်အောင်မြင်မြင်နဲ့ ပြီးစီးသွားပါပြီ။”
“ဟာဒီ။ မင်းတော်တယ်။” နက်စ်တာက ချီးမွမ်းလိုက်သည်။ သူလျှိုက အချိန်မီ မလှုပ်ရှားခဲ့လျှင် ခံတပ်ကို အနိုင်ရရှိသည့်တိုင် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရပေလိမ့်မည်။ ခံတပ်၏ အထောက်အပံ့များ လောင်ကျွမ်းသွားသည်မှာ ဝမ်းနည်းစရာ ဖြစ်သော်လည်း သူက လရောင်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့လေသည်။ လိပ်ပြာနီနယ်မြေမှ အထောက်အပံ့ ပို့ဆောင်ရေးကို မပိတ်ဆီးရတော့ပေ။
“ဗိုလ်ချုပ်။ တစ်ခုတော့ ရှိတယ်....။ မြို့တော်က လွှတ်လိုက်တဲ့ ဆိုလိုနဲ့ တခြားသူတွေရဲ့ သရုပ်မှန် ပေါ်သွားခဲ့တယ်။ မြို့စောင့်တပ်ရဲ့ ယုံကြည်မှုကို ရဖို့အတွက် သူတို့ကို ကျုပ်ကိုယ်တိုင် ခေါင်းဖြတ်ခဲ့တယ်။ ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ဆာ။”
နက်စ်တာက ဂရုမထားဘဲ ခေါင်းခါလိုက်သည်။ ခံတပ်ကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်သည်နှင့်ယှဉ်လျှင် ထိုပေးဆပ်ရမှုမှာ လျစ်လျူရှု၍ ရနိုင်လောက်သည်။ “မင်းက မှန်ကန်တာကို လုပ်ခဲ့တာပဲ။ စိတ်မပူပါနဲ့။ မင်းမှာ အပြစ်မရှိပါဘူး။ မင်းက ကြီးကြီးမားမား အကျိုးပြုခဲ့သည်။ အခုတော့ ငါ စစ်တပ်ကို ဦးဆောင်ပြီးတော့ ရှုံးနိမ့်သွားတဲ့ စစ်တပ်နောက်လိုက်ပြီးတော့ ဒီကိုမြို့ကို ချောင်းမြောင်းတိုက်ခိုက်ရမယ်။ ဒီကိုမြို့ အခြေအနေကို မင်းသိလား။”
“အဲဒီမှာ အခိုင်အမာပြုထားတဲ့ ခံစစ်တပ်ဖွဲ့ သုံးခု ရှိတယ်။ ဒါပေမဲ့ ဗိုလ်ခြေရဲ့ အဓိကအင်အားမရှိဘဲနဲ့ ဗိုလ်ချုပ်ကို သူတို့ သေချာပေါက် တားဆီးနိုင်မှာ မဟုတ်ဘူး။ အမှောင်လက ရီဂျန့်မလာခင် အလစ်တိုက်ခိုက်ခံရမယ်လို့ မထင်ထားဘူး။ အခု လရိပ် ဗိုလ်ခြေက ရှီလန်တောင်မှာပဲ ရှိနေသေးတယ်။ သွေးနီဗိုလ်ခြေက အမှောင်လမြို့တော်မှာ ရှိနေပြီးတော့ မီးလျှံဗိုလ်ခြေက ဂျူမိုမြို့မှာ ရှိနေတယ်။ ဒါပေမဲ့ ကျုပ်စိုးရိမ်တာကတော့ ဒီကိုမြို့ကို သိမ်းပိုက်ပြီးရင် အမှောင်လ၏ အဓိကအင်အားစု ဗိုလ်ခြေက လှုပ်ရှားမှာကိုပဲ။ ဒါပေမဲ့ ဒီကိုမြို့ကို သူတို့ အချိန်မီ မရောက်နိုင်တာတော့ သေချာတယ်။”
နက်စ်တာက အသာလေး ခေါင်းညိတ်ပြီး သူ၏စိတ်ထဲမှ နောက်ဆုံး သံသယကို ဘေးဖယ်ထားလိုက်သည်။ ထိုသတင်းမှာ သူ ရရှိထားသည်နှင့် အတူတူပင် ဖြစ်သည်။ လက်ရှိ၌ စစ်တပ်တစ်ခုလုံး စိတ်အားတက်ကြွနေသည့်အတွက် ဒီကိုမြို့ကို တိုက်ခိုက်ရန် အဆင်သင့်ပင် ဖြစ်သည်။ အမှောင်လ၏ မီးလျှံဗိုလ်ခြေအတွက်မူ သတင်းရရှိသည့်တိုင် အဝေးမှ ရောက်လာရန် နောက်ကျသွားပြီ ဖြစ်သည်။
“လရောင်ခံတပ်ကို ကာကွယ်ဖို့အတွက် ငါမင်းနဲ့အတူ အဖွဲ့တစ်ဖွဲ့ ချန်ထားမယ်။ ဆာ-ဂျို့ရှ်ရဲ့သား ခါနီတာက အခု သွေးမြူတောင်ကြားမှာ ရှိနေတယ်။ ငါ မှော်အချက်ပြ ပို့ထားပြီးပြီ။ သူက စစ်တပ်ကို ဦးဆောင်ပြီးတော့ ဒီကို အမြန်ဆုံး ရောက်လာလိမ့်မယ်။”
နက်စ်တာက စစ်တပ်ကို နှစ်ပေါင်းများစွာ ဦးဆောင်နေခဲ့သူ တစ်ယောက် ဖြစ်သည်။ သူက သာမန်မျှ မဟုတ်ပေ။ ထိုဟာဒီမှာ ထူးချွန်သော လိပ်ပြာနီလော့ဒ်၏ သူလျှိုတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ပြဿနာ မရှိလောက်ပေ။ သို့သော်လည်း သူက “နောက်ဘက်”တွင် “သူစိမ်းများ” ချန်ထားလေ့မရှိပေ။ ထို့ပြင် လရိပ်ခံတပ်ကို သိမ်းပိုက်သော တိုက်ပွဲတစ်ခုလုံးမှာ လွယ်ကူလွန်းနေသည်။ လိုရမည်ရ သူက အဖွဲ့တစ်ဖွဲ့ ချန်ထားခဲ့သည်။ ဟာဒီ တစ်ခုခု လုပ်သည့်တိုင် သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်ပေသည်။ ထို့ပြင် ဂျို့၏သား ခါနီတာက အခြေချထားသော သွေးမြူတောင်ကြားမှ ထွက်လာပြီ ဖြစ်သည်။ လရောင်ခံတပ်သို့ ရောက်လာရန် သိပ်မကြာတော့ပေ။
ဟာဒီက ချက်ချင်းပင် အလေးပြုလိုက်သည်။ “ဟုတ်ကဲ့ပါ။ ဗိုလ်ချုပ်။”
နက်စ်တာက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ဒုတိယတပ်မှူး ထရွိုင်ကို အမိန့်ပေးသည်။ “အဖွဲ့ကို ပြန်စုစည်းပြီးတော့ ဒီကိုမြို့ကို အရှိန်ကုန် ချီတက်ကြ။ ရန်သူတွေ မတုံ့ပြန်နိုင်ခင်မှာ ဒီကိုမြို့ကို ငါတို့ တစ်ခါတည်း သိမ်းပိုက်ရမယ်။”
ညအမှောင်ထဲ ပျောက်ကွယ်သွားသော မြင်းတပ်ကို ကြည့်ရင်း “ကြီးကြီးမားမားအကျိုးပြု”ခဲ့သော မဟာနတ်ဆိုး၏ မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
နက်စ်တာက လက်ရွေးစင် မြင်းတပ်ဖွဲ့အား ဒီကိုမြို့သို့ ဦးဆောင်သွားသည်။ ညအတော်လေး နက်နေပြီ ဖြစ်သည်။ လေညင်းများက အေးစက်နေပြီး ခြောက်ခြားစရာ မြူများကလည်း အနီးအနား၌ ပျံဝဲနေလေသည်။
မြေနေရာက မြင်းတပ်အတွက် ခရီးသွားရန် မသင့်တော်သော်လည်း ထိုအမြန်နှုန်းဖြင့် လိုင်ရာမြို့သို့ အရုဏ်မတက်ခင် ရောက်နိုင်ကြောင်း နက်စ်တာ တိတ်တဆိတ် တွက်ချက်လိုက်သည်။
အကြောင်းရင်းတချို့ကြောင့် သူ၏စိတ်ထဲ၌ တထင့်ထင့် ဖြစ်နေ၏။ ငါ အရေးကြီးတာ တစ်ခုခုကို မမြင်လိုက်မိတာလား။
သြော်။ ရှုံးနိမ့်သွားတဲ့ စစ်တပ်။
လရိပ်ခံတပ်မှာ အလောင်းတွေ အများကြီး မရှိဘူး။ ရန်သူရဲ့ အဓိက အစောင့်တွေ ထွက်ပြေးသွားတာ ဖြစ်ရမယ်။ မြင်းတပ်ရဲ့ အမြန်နှုန်းနဲ့ဆိုရင် လရိပ်ခံတပ်မှာ ငါတို့ ခဏလောက်နေရင်တော့ ရှုံးနိမ့်သွားတဲ့ စစ်တပ်ရဲ့ အဓိက အင်အားစုကို သေချာပေါက်မီမှာ။ ခံတပ်ကနေ ထွက်လာကတည်းက ဘာလို့ ငါ ကွက်တိကွက်ကျား စစ်တပ်တွေကိုပဲ တွေ့နေရပြီးတော့ အဓိကအား အင်အားစုရဲ့ တပ်သားတစ်ယောက်ကိုမှ မတွေ့ရသေးတာလဲ။
နက်စ်တာ တွေးလေလေ တစ်ခုခုလွဲနေကြောင်း ခံစားရလာလေလေပင် ဖြစ်သည်။ သူ ချက်ချင်းပင် အမိန့်ပေးလိုက်။ “အားလုံး အရှိန်လျှော့ကြ။ ရှေ့ဆက် မသွားနဲ့တော့။”
စစ်သည် နှစ်သောင်းမှာ နည်းပါးသော ပမာဏ မဟုတ်ပေ။ ထိုကဲ့သို့ အရှိန်မြန် ပြေးနေချိန်၌ အရှိန်မလျှော့ဘဲ ချက်ချင်း ရပ်လိုက်လျှင် ဒိုးဇက်ကဲ့သို့ အားလုံး လဲကျသွားပေလိမ့်မည်။
စစ်တပ် အရှိန်လျှော့လိုက်ရာ ထူးဆန်းသော အသံတချို့ကို နက်စ်တာ ရုတ်တရက် ကြားလိုက်ရပြီး သူ၏စိတ်ထဲ၌ ရှင်းပြ၍မရသော အေးစက်မှုတစ်ခု ပေါ်ထွက်လာသည်။
မြားပစ်သံများ တရစပ် ထွက်ပေါ်လာ၏။ “ရွှီး..ရွှီး...ရွှီး...” မြားများက နေရာအနှံ့မှ ထိုးဖောက်ဝင်ရောက်လာတော့သည်။
“ရန်သူတွေ ခြုံခိုတိုက်ခိုက်နေပြီ။ ပြန်တိုက်ဖို့ ပြင်ကြ။”
“ရန်သူရဲ့ လေးသမားတွေကို သတိထားကြ။”
“အား..သွားပြီ။ ငါတို့နောက်မှာလည်း ရှိနေတယ်။”
တောင်ကြား အပေါ်နှစ်ဖက်များ မြားမိုးရွာလာသည်။ ညပိုင်းဖြစ်သည့်အတွက် ရန်သူမည်မျှရှိနေသည်ကို မသိရပေ။
နက်စ်က ထောင်ခြောက်ထဲ ရောက်သွားကြောင်း သိသွားသည်။ သူက ဒေါသနှင့် အော်ဟစ်လိုက်ပြီး နတ်ဆိုးဧကရာဇ်အဆင့် ပိုင်နက်စွမ်းအားကို ဖြန့်ကျက်ကာ အလွန်ကြီးမားသော တောင်ပံနှစ်ဖက်အဖြစ် ပြောင်းလဲကာ အနီးအနားရှိ စစ်သည်များကို အုပ်မိုးလိုက်သည်။ တောင်ပံပေါ်သို့ မြားများ ရောက်လာသောအခါ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားတော့သည်။
လူအများအပြားကလည်း ထိရောက်သော ခုခံရေးများ စတင်ပြုလုပ်တော့သည်။ သို့သော်လည်း ၎င်းတို့မှာ ကိုယ်ပိုင်အင်အားများသာ ဖြစ်သည်။ နက်စ်တာ၏ တောင်ပံများသည်ပင် အနီးအနားရှိ မြင်းစီးစစ်သည် ရာချီခန့်ကိုသာ ကာကွယ်နိုင်ခဲ့သည်။ အနီးအနားရှိ တောင်ကြားမှာ ကျဉ်းမြောင်းလှသည့်အတွက် မြင်း တပ်ဖွဲ့အတွက် တိုက်ခိုက်ရန် အခွင့်မသာပေ။ နဂါးရှည်ကြီးတစ်ကောင် မတ်မတ်ကြီး ရပ်နေသကဲ့သို့ ဖြစ်နေသည်။ မြားများတွင် ချပ်ကာကို ဖောက်ထွင်းသော မှော်ဂုဏ်သတ္တိများ ပါဝင်ဟန်တူသည်။ ၎င်းသည် မြင်းတပ်၏ သားရေချပ်ကာကို အလွယ်တကူ ဖောက်ထွင်းနိုင်နေသည်။ ဒိုင်းကာအဝိုင်းများကလည်း များပြားလှသော ပစ်ခတ်ခြင်းများကို ထိထိရောက်ရောက် မကာကွယ်နိုင်ခဲ့ပေ။ နေရာအနှံ့၌ မြင်းအသံများနှင့် အော်သံများ ပြည့်နှက်နေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် စစ်သည်အများအပြား သေဆုံးကုန်ကြသည်။
“အန့်စ်ပူ..” နက်စ်တာ အော်ခေါ်လိုက်ရာ အနီရောင်အလင်းတစ်ခုက တောင်ကြား ထိပ်ပေါ်သို့ မြင့်တက်သွားခဲ့သည်။ အတော်လေး မြန်ဆန်လှပြီး ထင်းခနဲ ဖြစ်နေသည်။
အန့်စ်ပူ ဂရီတာမှာ ဂရီတာမိသားစု အကြီးအကဲဖြစ်ပြီး နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းစွမ်းအား ရှိသည်။ သူက နက်စ်တာအား ကာကွယ်ရန် အိုဆိုင်ဒန် အထူးစီစဉ်ထားသော အစွမ်းအထက်ဆုံး အစောင့် ဖြစ်သည်။ သူက နက်စ်တာ၏ အမိန့်များကိုသာ နာခံသည်။ နတ်ဆိုးဘုံထဲ၌ စစ်တပ်၏ အမြင့်ဆုံးတပ်မှူးမှာ အစွမ်းထက်ဆုံး မဟုတ်ပေ။ နတ်ဆိုးဘုံရှိ နာမည်ကျော် ဗိုလ်ချုပ်များ၌ နတ်ဆိုးအရှင်သခင်အဆင့်သို့ ရောက်ရှိသူ အနည်းငယ်သာ ရှိသည်။ သို့သော်လည်း သူတို့အားလုံးမှာ နည်းဗျူဟာနှင့် အမိန့်ပေးခြင်း၌ ခြွင်းချက်မရှိ ထူးချွန်ပေသည်။
ဤလောက၏ စစ်ပွဲ၌ နတ်ဆိုးဧကရာဇ်အဆင့်နှင့် နတ်ဆိုးအရှင်သခင်အဆင့်တို့မှာ လက်နက်ကြီးများနှင့် ညီမျှပြီး စစ်တပ်မှာ သမားရိုးကျ လက်နက်တစ်ခုနှင့် ညီမျှသည်။ တစ်ကိုယ်တော်အင်အားမှာ အရေးကြီးသော်လည်း အသင်းအဖွဲ့အင်အား၊ အထူးသဖြင့် သေချာလေ့ကျင့်ထားသော ဗိုလ်ခြေကို အထင်သေး၍ မရနိုင်ပေ။ အင်အားစု လုံးဝ ခြားနားမှုမရှိလျှင် မည်သည့် ခြင်္သေ့ကမှ သေရန်မကြောက်သော ဝံပုလွေအုပ်စုကို မရင်ဆိုင်ချင်ပေ။ အထူးသဖြင့် တစ်ဖက်မှ ခြင်္သေ့ကို တိုက်ခိုက်ပြီးနောက် အင်အား ကြီးကြီးမားမား ကုန်ဆုံးသွားချိန်၌ ဖြစ်သည်။
နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားမှာ အမှန်တကယ် ကြီးမားလွန်းလှသည်။ အန့်စ်ပူက မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ကြားအပေါ်၌ ပေါ်ထွက်လာသည်။ သူက လက်နှစ်ဖက်ကို အဆက်မပြတ် ဝှေ့ရမ်းလိုက်ရာ မီးတောက် အများအပြား ပေါ်ထွက်လာ၏။ မီးတောက် တိမ်တောက်နှစ်ခုက ကျောက်တုံးများကို ထိသွားသောအခါ ချက်ချင်းပင် အရည်ပျော်သွား၏။ နောက်ဘက်မှ လေးသမားများအားလုံး မီးသွေးတုံးအဖြစ်သို့ လောင်ကျွမ်းသွားခဲ့လေသည်။
ထိုအချိန်၌ ကောင်းကင်ထက်မှ မိုးဖွဲဖွဲရွာလာပြီး ကျောက်တုံးများကိုပင် အရည်ပျော်စေနိုင်သော မီးတောက်က ၎င်း၏ဝိပါက်နှင့် တွေ့လိုက်ရဟန် တူသည်။ ၎င်းသည် မိုးဖွဲဖွဲထဲ၌ အလျင်အမြန် ကျုံ့သွားပြီး နောက်ဆုံး၌ လုံးဝ ပျောက်ကွယ် သွားတော့သည်။
အန့်စ်ပူ အံ့အားသင့်သွား၏။ အမျိုးသမီးတစ်ယောက်၏ အော်သံထွက်လာပြီး အစိမ်းရောင် အလင်းတစ်ခုက ထိုဖက်သို့ ပျံသန်းသွားနေသည်။ ပြိုင်ဘက်ဖြစ်သူက မာန်ပါပါနှင့် ရောက်လာပြီး မိမိထက် စွမ်းအားမနိမ့်ကြောင်း တွေ့သည့်အခါ အန့်စ်ပူ အထင်မသေးရဲတော့ပေ။ သူက အနီရောင် အလင်းအဖြစ် ပြောင်းသွားပြီး ထိုအမျိုးသမီးထံ ပြေးဝင်သွားတော့သည်။
အုန်းခနဲ အသံတစ်ခု ထွက်လာပြီးနောက် တိုက်ခိုက်နေသော အလင်းရောင်ခြည်များ ပျံ့နှံ့ကုန်သည်။ အစိမ်းရောင်အလင်းက အလျင်အမြန် တည်ငြိမ်သွားပြီး အနီရောင်အလင်းက အခြေအနေ သိပ်မကောင်းပေ။ အန့်စ်ပူ စိတ်ထဲ၌ ထိတ်လန့်သွား၏။ ဒီမိန်းမရဲ့ အငွေ့အသက်က ငါ့လိုမျိုး နတ်ဆိုးအရှင်သခင်အဆင့် ကနဦးပိုင်းပဲဆိုတာ သေချာတယ်။ ဒါပေမဲ့ သူ့စွမ်းအားက ငါ့ထက်သာနေတယ်။
ခဏအကြာ၌ ထိုအမျိုးသမီး ပျံသန်းလာပြန်သည်။ အလင်းရောင်ခြည်နှစ်ခု ရစ်ပတ်သွား၏။ အန့်စ်ပူက ခဏတာ မလွတ်မြောက်နိုင်တော့ပေ။ ထို့ပြင် သူက ချောင်းမြောင်းတိုက်ခိုက်နေသော မြားသမားများကိုလည်း ရင်ဆိုင်နေရသည်။ သူ အော်ပြောလိုက်တော့သည်။ “ပြေးတော့။”
နက်စ်တာ စိတ်ဓာတ်ကျသွားခဲ့သည်။ တစ်ဖက်မှာလည်း နတ်ဆိုးအရှင်သခင် အဆင့် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့ အန့်စ်ပူတောင် ပြိုင်ဘက် မဟုတ်ဘူး။ သေချာတာကတော့ ဒါ ထောင်ခြောက်တစ်ခုပဲ။ တကယ်လို့ ငါက ဒီကိုမြို့ကို ရောက်ဖို့ ကြိုးစားဦးမယ်ဆိုရင် စစ်တပ်တစ်ခုလုံး သုတ်သင်ခံရနိုင်တဲ့ အန္တရာယ် ရှိတယ်။ ပြီးတော့ ဒီမှာနေနေတာက အန့်စ်ပူကို စိတ်အနှောင့်အယှက် ဖြစ်စေရုံပဲ ရှိတယ်။ သူက ချက်ချင်းပင် စစ်တပ်အား နောက်ဆုတ်ရန် အမိန့်ပေးလိုက်သည်။
“မြင်းကိုပြန်လှည့်ပြီး နောက်ဆုတ်တော့။”
သိပ်သည်းလှသော မြားများက မြင်းတပ်အား ထိခိုက်မှုများ ဖြစ်စေနိုင်ခဲ့ပြီး မြားမိုး၏ ကြားဖြတ်တိုက်ခိုက်ခြင်း ခံခဲ့ရသော်လည်း မြင်းတပ်၏ ချီတက်အင်အားဖြင့် ဆိုလျှင် အမြန်သွားနိုင်လောက်သည်။
နက်စ်တာ၏ အမိန့်အောက်တွင် မြင်းတပ်က တစ်ယောက်ပြီး တစ်ယောက် နောက်ပြန်လှည့်လိုက်ကြသည်။ ထို့နောက် နက်စ်တာက အသံကျယ်ကျယ်နှင့် အော်ပြောသည်။ “နားထောင်ကြ။ [ မှော်အရိပ်ချီတက်ခြင်း ] ကို အသက်သွင်းလိုက်တော့။”
ချက်ချင်းပင် မြင်းတပ်သား တစ်ယောက်၏ ခန္ဓာကိုယ်ပေါ်၌ အနီရင့်ရောင် အလင်းများ တောက်လာသည်။ ပြေးနေသော အမြန်နှုန်းမှာ နှစ်ဆတိုးသွားပြီးနောက် သူတို့က လရောင်ခံတပ်ဆီသို့ အသည်းအသန် ပြေးသွားတော့သည်။
၎င်းမှာ မြင်းကုန်းနှီးများ၏ မှော်စက်ဝိုင်းကို အသက်သွင်းသော မှော်ပစ္စည်းများ အသုံးပြုသည် မှော်အရိပ်ဗိုလ်ခြေ၏ အထူးစွမ်းရည်တစ်ခု ဖြစ်သည်။ ၎င်းသည် လူအားနှင့် မြင်းအားကို ပေါင်းစပ်သော အစွမ်းထက် တိုက်ကွက်တစ်မျိုး ဖြစ်သည်။ ထိုအခြေအနေ၌ အမြန်နှုန်း၊ တိုက်ခိုက်မှု နှင့် ခုခံမှုတို့ အတော်လေး တိုးပွားလာမည်ဖြစ်သော်လည်း အချိန်အကန့်အသတ် ရှိပေသည်။
[ မှော်အရိပ်ချီတက်ခြင်း ] သည် မြင်း ဗိုလ်ခြေအတွက် ရန်သူကို အနိုင်ယူရန် အကောင်းဆုံး ရတနာ ဖြစ်သည်။ ၎င်းကို ထွက်ပြေးရန် အသုံးပြုရသည်မှာ ယခုမှ ပထမဆုံး ဖြစ်သည်။ သွေးရောင်များ တောက်ပနေသော လေကဲ့သို့ မြင်းဗိုလ်ခြေက မြားမိုးထဲ၌ ဒုန်းစိုင်း ပြေးသွားကြသည်။
ချောင်းမြောင်းတိုက်ခိုက်မှုမှ မဖောက်ထွက်နိုင်ခင် နက်စ်တာက လေထဲ၌ အစိမ်းရောင်နှင့်အတူ တိုက်ခိုက်နေသော အန့်စ်ပူကို ကြည့်လိုက်သည်။ မြင်းတပ်ရဲ့ ဝန်ထုတ်ဝန်ပိုး မရှိတော့ဘူးဆိုတော့ ဒီနတ်ဆိုးအရှင်သခင်အဆင့် ရဲဘော်ရဲဘက်က အေးအေးဆေးဆေး ထွက်ပြေးနိုင်လောက်တယ် မဟုတ်လား။
သို့သော်လည်း နက်စ်တာက မြားသံနှင့် အော်သံများအကြား သူ့နောက်မှ မိန်းကလေးတစ်ယောက်၏ အသံကို မကြားခဲ့ရပေ။
“အိုလီဖီးရက်စ်....”
“ငါနင့်ကို ကောင်းကောင်း ဝင်ပါစေချင်တယ်။ အဲဒီလူကို တားလိုက်။ ဒါဆိုရင် သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀က နင့်အတွက်ပဲ။”
“အမ်...အင်း..”