← Chapters

ချောင်းမြောင်းတိုက်ခိုက်ခြင်း

Vol. 34 Ch. 498

ချောင်းမြောင်းတိုက်ခိုက်ခြင်း

Vol. 34 Ch. 498

မြင်းတပ်က အမြန်နှုန်း အားသာချက်ကို အသုံးချပြီး မြားမိုးအောက်မှ ဖောက်ထွက်ကာ တောင်ကြားမှ ထွက်ပြေးလွတ်မြောက်သွားကြသည်။

“ထရွိုင်။ မြန်မြန် လူစစ်လိုက်။ အပျက်အစီးတွေကို သတင်းပို့။” နက်စ်တာ အနည်းငယ် မောဟိုက်နေသည်။ ခုနက အခြေအနေ၌ သူသည် ပိုင်နက်စွမ်းအားကို ထိန်းသိမ်းထားပြီး အနီးအနားရှိ စစ်သည်များကို အကာအကွယ် ပေးနေခဲ့သည်။ ၎င်းသည် စွမ်းအင်အတော်များများကို ကုန်ဆုံးသွားစေသည်။

ထို့ကြောင့် မှော်အရိပ် မြင်းဗိုလ်ခြေ၌ နက်စ်တာ၏ ဂုဏ်သြဇာနှင့် အဆင့်အတန်းကို အစားထိုး၍ မရနိုင်ခြင်းပင်။

ခဏအကြာ၌ ထရွိုင်က သတင်းပို့လာသည်။ “မြင်းတပ်သား ၁၄၅၀၀ ကျန်နေသေးတယ်။ ၃၀၀၀က ဒဏ်ရာပြင်းထန်တယ်။ ၅၀၀၀က ဒဏ်ရာ အသေးစား ရထားကြတယ်။ ပြီးတော့ ဆာ-အန့်စ်ပူက ပြန်မရောက်လာသေးဘူး။”

“အန့်စ်ပူက နတ်ဆိုးအရှင်သခင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ရန်သူကို သူ အနိုင်မယူနိုင်ရင်တောင် ထွက်ပြေးဖို့ မခက်လောက်ဘူး။ ဒါပေမဲ့ ငါတို့က ရန်သူကို ထိတောင်မထိရသေးဘူး။ လူ ၅၀၀၀ကျော် ဆုံးရှုံးသွားရပြီ။”

ထိုအရေအတွက်မှာ နက်စ်တာ ထင်ထားသည်ထက် ပိုများနေသည်။ သူက လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်မိသည်။ ထောက်ခြောက်ထဲ ဝင်သွားမိတာကို ငါ ခပ်စောစော သတိမထားမိခဲ့ရင် အသေအကြေက ဒီထက်များလောက်တယ်။

ထရွိုင် မျက်မှောင်ကြုတ်ရင်း ပြောသည်။ “ဗိုလ်ချုပ်။ ရန်သူက အဆင့်မြင့် မှော်မြားတွေကို သုံးခဲ့တဲ့ပုံပဲ။ အဲဒါတွေက ချပ်ကာတွေကိုဖောက်နိုင်တဲ့စွမ်းရည် ရှိတယ်။ ကျုပ်တို့ရဲ့ ဒိုင်းကာအဝိုင်းတွေ ဖောက်ထွင်းခံခဲ့ရတယ်။”

“အကုန်လုံးက အဆင့်မြင့် ချပ်ကာဖောက် မှော်မြားတွေလား။” နက်စ်တာ ပင့်သက်ရှိုက်လိုက်သည်။ ဒါက သာမန်မြားလို မဟုတ်ဘူး။ ကုန်ကျစရိတ်က တော်တော်လေး မြင့်မားတာ။ မြို့တော်ရဲ့ လက်ရွေးစင် မြားတပ်ကို ဒီလိုအရည်အသွေး ရှိတဲ့ မြားတွေ သုံးခိုင်းတာ မဟုတ်ဘူး။ ဆရာကြီးအဆင့်တွေမှပဲ ဒီလိုမြားကိုသုံးဖို့ တတ်နိုင်တာ။ ရန်သူက ပိုက်ဆံနဲ့ လူသတ်နေတာပဲ။

“စစ်သည်တချို့ ဒဏ်ရာအပြင်းအထန် ရထားကြတယ်။ ဒီမှာပဲ နားကြမလား။”

“မနားဘူး။ ငါတို့ ဒီမှာ နေလို့ မရဘူး။” နက်စ်တာ ခေါင်းခါလိုက်သည်။ “လရောင် ခံတပ်ကို အမြန်ဆုံး ချီတက်။ အခြေအနေက ငါထင်ထားသလို မဆိုးပါစေနဲ့လို့ မျှော်လင့်တာပဲ။”

ဟာဒီက တစ်ခုခု မှားနေတာ ဖြစ်မယ်။ လရောင်ခံတပ်ကို လွယ်လွယ် သိမ်းယူ နိုင်ခဲ့တုန်းက တစ်ခုခု လွဲနေတယ်လို့ ငါ ခံစားမိနေခဲ့တာ။ ဒါပေမဲ့ အဲဒီတုန်းက အချိန် သိပ်မရဘဲနဲ့ ငါကလည်း ဒီကိုမြို့ကို တိုက်ခိုက်ချင်စိတ် ပြင်းပြနေတော့ စဉ်းစားဖို့ အချိန်မရခဲ့ဘူး။ ငါ လူတချို့ ချန်ထားရင်တောင် သိပ်ပြီး အသုံးမဝင်လောက်ဘူး။ အခုတော့ လရောင်ခံတပ်ဆီကို ငါ အမြန်ဆုံး သွားရမယ်။ ဒါမှမဟုတ် လိပ်ပြာနီနယ်မြေကိုတောင် ပြန်ရမယ်။

ထရွိုင်က တစ်ခုခု ပြောချင်ခဲ့သည်။ သို့သော်လည်း နက်စ်တာ၏ ပြတ်သား‌သော အကြည့်ကို မြင်သည့်အခါ သူ၏အကြံကို ချက်ချင်း လက်လျှော့လိုက်ပြီးနောက် စစ်သည်များအား အမြန်ဆုံး ချီတက်ရန် အမိန့်ပေးလိုက်သည်။

ခဏကြာပြီးနောက် မြင်းတပ်က အကွေ့အကောက်များသော တောင်လမ်းတစ်လျှောက်ကို ဖြတ်သွားခဲ့သည်။ ရှေ့မှ တောင်တန်းနှစ်ခုကို သူတို့ တက်ပြီးသည်နှင့် လရောင်ခံတပ်သို့ ချောချောမွေ့မွေ့ ရောက်နိုင်မည် ဖြစ်သည်။

သို့သော်လည်း ထိုအချိန်၌ ရှေ့တန်းမှ နက်စ်တာသည် ရုတ်တရက် အလွန်အမင်း အန္တရာယ်များသော နိမိတ်တစ်ခုကို ခံစားလိုက်မိသည်။ သဲလွန်စများ မရှိပေ။ အမြင့်လွှာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အလိုလိုသိနေသော အန္တရာယ်အချက်ပြ သက်သက်သာ ဖြစ်လေသည်။

“သတိထားကြ”ဟု သူ မပြောနိုင်ခင်မှာပင် ဘေးဖက် တစ်နေရာရာ၌ တလက်လက် ဖြစ်နေသော အလင်းရောင်တစ်ခုကို မြင်လိုက်ရသည်။

အစပိုင်း၌ ၎င်းမှာ အလင်းစက်သာ ဖြစ်သည်။ ထို့နောက် ၎င်းသည် မီးတောက်လုံးအဖြစ် ပြောင်းလဲသွားသည်။ မီးတောက်ကို ခရမ်းရောင်ဖျော့ဖျော့က ရစ်ပတ်လွှမ်းခြုံထား၏။ အလယ်၌ လျှပ်စီးများ တဝီဝီ ဖြစ်နေဟန်တူပြီး ထိုကဲ့သို့ ညနက်ထဲ၌ အထူးသဖြင့် မျက်စိကျိန်းလောက်အောင် ဖြစ်နေသည်။

ချက်ချင်းနီးပါးပင် ထိုကဲ့သို့မီးတောက်မျိုးက မြင်းတပ်အရှေ့၌ အဆတိုးသွားခဲ့သည်။ ဖျက်ဆီးနိုင်သော အငွေ့အသက်က အုံးခနဲအသံနှင့်အတူ ကြောက်မက်ဖွယ်ရာ စွမ်းအားဖြင့် ပေါက်ကွဲထွက်သွား၏။

တုန်ခါမှုများကြားထဲ၌ မီတာ၁၀၀အတွင်း တပ်သားရာနှင့်ချီ ချက်ချင်းပင် အမှုန့် ဖြစ်သွားသည်။ အနီးအနားရှိ မှော်မြင်းများနှင့် မြင်းစီးစစ်သည်များကလည်း ကြီးမားသော လေလှိုင်းထဲ၌ လွင့်စင်ကုန်ကာ ကြောက်မက်ဖွယ်ရာ ဧရာမတွင်းတစ်ခုသာ ကျန်ရစ်၏။ ကြွင်းကျန်သော စွမ်းအင်များကလည်း တဝီဝီ အသံထွက်နေသည်။

“မှော်သလင်းကျောက်အမြောက်တွေ...” နက်စ်တာက ကြောက်ရွံ့စွာဖြင့် အော်ပြောလိုက်သည်။

ထိုကဲ့သို့ ကြောက်စရာကောင်းသော မှော်သလင်းကျောက်အမြောက်များကို သူ တစ်ခါမျှ မတွေ့ဖူးပေ။

မူလက နက်စ်တာသည် လရောင်ခံတပ်သို့ ရောက်ပြီးနောက် မည်သို့ တန်ပြန် တိုက်ခိုက်ရမည်ကို စဉ်းစားနေဆဲ ဖြစ်သည်။ သို့သော်လည်း ထိုကြောက်မက်ဖွယ်ရာ မှော်သလင်းကျောက်အမြောက်များက သူ၏ယုံကြည်ချက်ကို လုံးဝ ပျက်စီးလုနီးပါး ဖြစ်သွားစေခဲ့သည်။

နက်စ်တာသည် မှော်သလင်းကျောက်အမြောက်များ၏ စွမ်းအားအဝန်းအဝိုင်း အပြင်ဘက်၌ ရှိနေသော်လည်း နတ်ဆိုးဧကရာဇ်အဆင့် အလတ်ပိုင်းဖြင့်ပင် ၎င်းကို ခံစားနေနိုင်ပြီး ထိုမှော်သလင်းကျောက်အမြာက်များဖြင့်ထိလျှင် ဒဏ်ရာ အပြင်းအထန် ရသွားလောက်ပေသည်။

နောက်ထက် အဖြူရောင်အလင်းတစ်ခု နောက်ဘက်မှတက်လာသည်။ ယခင် အမြောက်ဆန် ပေါက်ကွဲခြင်းကဲ့သို့ မဟုတ်ဘဲ ယခုတစ်ခေါက် အဖြူရောင်အလင်းမှာ ဖြောင့်တန်းသော ရောင်ခြည်တစ်ခု ဖြစ်နေသည်။ အချင်းမှာ အတော်လေးကြီးမားလှပြီး အဆက်မပြတ် စွမ်းအင်များ ရှိသည်။ “‌ရောင်ခြည်” ဖြတ်သွားသောနေရာတိုင်း သက်ရှိခန္ဓာကိုယ်များက အမှုန်အဖြစ် ပြောင်းသွားကာ ပျောက်ကွယ်သွား၏။ ရောင်ခြည်က ရန်သူများက ယပ်တောင်ပုံသဏ္ဌာန် ရှင်းပစ်ပြီးနောက် အားနည်းကာ ပျောက်ကွယ်သွားတော့သည်။

ယခုတွင် နက်စ်တာ လုံးဝ ပြန်မတိုက်ခိုက်ချင်တော့ပေ။ သူ့တွင် အတွေး တစ်ခုသာ ရှိတော့သည်။ ပြေး။

စစ်သည်တွေကို ဒီကြောက်စရာကောင်းတဲ့ မှော်သလင်းကျောက်အမြောက်တွေရဲ့ ပစ်နိုင်တဲ့ အကွာအဝေးကနေ ခေါ်ထုတ်သွား။ 

“[ မှော်အရိပ်ချီတက်ခြင်း ] ကို အသက်သွင်းလိုက်။ အတတ်နိုင်ဆုံး လူစုခွဲပြီးတော့ လရောင်ခံတပ်ကို အမြန်ပြန်ကြ။” နက်စ်တာ ‌အော်ပြောလိုက်ပြီးနောက် သူ၏ နောက်ဘက်တွင် တောင်ပံနှစ်ဖက် ပေါ်ထွက်လာသည်။ သူ၏လက်ထဲတွင် ဓားမောက်ရှည် တစ်လက်နှင့် အလွန်ကြီးမားသော လေးထောင့်ပုံဒိုင်းတစ်ခု ရှိနေပြီး မှော်သလင်းကျောက် အမြောက်ရှိရာဘက်သို့ ပျံသွားလိုက်သည်။ 

ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် သူက လွယ်လွယ် လှုပ်ရှား၍ မရပေ။ သို့သော် လက်ရှိအခြေအနေမှာ အရေးပေါ်ဖြစ်နေပြီး အန့်စ်ပူကလည်း ရှိမနေပေ။ နတ်ဆိုးဧကရာဇ် အဆင့်များသာ ပျံသန်းနိုင်သည့်အတွက် သူသည် အကြီးမားဆုံး ခြိမ်း‌ခြောက်မှုဖြစ်သည့် မှော်သလင်းကျောက်အမြောက်များကို ဖျက်ဆီးပစ်ရပေမည်။

[ မှော်အရိပ်ချီတက်ခြင်း ] ကို တစ်နေ့လျှင် တစ်ကြိမ်သာ အသုံးပြု၍ ရသည်။ သူတို့က ၎င်းကို ထပ်ပြီး အသုံးပြုချင်လျှင် မှော်စက်ဝိုင်းက မြင်းစီးစစ်သည်များနှင့် မြင်းများ၏ အသက်ဓာတ်ကို စုပ်ယူပေလိမ့်မည်။ သို့သော်လည်း အခြေအနေမှာ အရေးတကြီး ဖြစ်နေသည်။ သူ ပြတ်ပြတ်သားသား မဆောင်ရွက်လျှင် မြင်း ဗိုလ်ခြေတစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ မှော်သလင်းကျောက်အမြောက်များကြောင့် သုတ်သင်ခံလိုက်ရနိုင်ပေသည်။

မှော်သလင်းကျောက်အမြောက် နှစ်ခုမှာ အင်အားကြီးမားသော်လည်း ၎င်းတို့၏ ပုံမှန်ပြဿနာမှာ ပြန်ပစ်နိုင်သော အချိန်အတိုင်းအတာ ဖြစ်သည်။ ပစ်လွှတ်သည့် စွမ်းအင်မှာ ကြီးမားလွန်းလှသည့်အတွက် ၎င်းတို့ကို မှော်စက်ဝိုင်းဖြင့် အေးအောင် ပြုလုပ်ရသည်။ သို့မဟုတ်ပါက စွမ်းအားကို မခံနိုင်ဘဲ ပေါက်ကွဲသွားပေမည်။

နက်စ်တာ၏ပုံရိပ်က မှော်သလင်းကျောက်အမြောက် အနားသို့ မကပ်နိုင်ခင်မှာပင် ထူးဆန်းသော စိတ်ဝိညာဉ်အားလှိုင်းတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ခေါင်း အလွန် နာကျင်သွားပြီး ပေါက်ကွဲမတတ် ဖြစ်သွား၏။ သူ၏ခန္ဓာကိုယ်က လေထဲ၌ ရပ်တန့်သွားသည်။ အနက်ရောင်ပုံရိပ်တစ်ခု သူ၏အရှေ့၌ ပေါ်ထွက်လာသည်။ ထိုပုံရိပ်၏ လက်ထဲ၌ အပြာဖျော့ရောင် အလင်းနှစ်ခုက နက်စ်တာကို လျှပ်စီးသဖွယ် ပစ်လွှတ်လိုက်သည်။

နက်စ်တာ အလောတကြီး ဖြစ်နေပြီး သူ၏ခန္ဓာကိုယ် ကျုံ့လိုက်ကာ လေးထောင့်ဒိုင်းကို သူ့အရှေ့၌ ထားလိုက်သည်။ သူက ချွမ်းခနဲ အသံတစ်သံကိုသာ ကြားလိုက်ရသည်။ ချက်ချင်းပင် သူက ရန်သူမှ တိုက်ခိုက်မှုတချို့ကို ခုခံလိုက်ရသည်။ သူသည် ဒိုင်းကို ကောင်းကောင်းပင် မကိုင်နိုင်တော့ပေ။

နက်စ်တာ စိတ်ထဲ၌ ကြောက်လန့်သွား၏။ ဒိုင်းကာ၏ ပြင်းထန်သော လှိုင်းတစ်ခုနှင့် အတူ ဒိုင်းကာ တိုက်ခိုက်မှုက ရန်သူကို နောက်ဆုတ်သွားစေသည်။ ထို့နောက် သူ၏ညာလက်မှ ဓားမောက်ရှည်ဖြင့် အနက်ရောင်ပုံရိပ်ကို ထိုးစိုက်လိုက်သည်။ ဓားမောက်ရှည်မှ ပြင်းထန်သော ဖျက်ဆီးခြင်း အငွေ့အသက် တစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ရာ အနက်ရောင်မီးတောက်တစ်ခုလည်း ထွက်ပေါ်လာသည်။ ၎င်းမှာ လူစီဖာ တော်ဝင်မိသားစု၏ အစွမ်းအထက်ဆုံး တိုက်ခိုက်ရေးပါရမီဖြစ်သည့် [ မီးတောက်နက် ] ပင် ဖြစ်လေသည်။

အနက်ရောင်ပုံရိပ် တဖျပ်ဖျပ် ပျံသွားပြီးနောက် သူ၏လက်ထဲမှ အပြာရောင် ဓားနှစ်လက် စတင်လှည့်ပတ်လာပြီး လေဟာနယ် အားစက်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။ ဓားမောက်ရှည်ပေါ်မှ [ မီးတောက်နက် ] ကို ထိုအားစက်ကွင်းက အမှန်တကယ် စုပ်ယူသွားခဲ့လေသည်။ အနက်ရောင်ပုံရိပ်က အလွန်လျင်မြန်စွာ လှုပ်ရှားနေသည်။ ရန်သူ၏ဓားပေါ်မှ အားကို အသုံးချပြီး အပြာရောင်အလင်းက ဓားမောက်ရှည်ကို ရစ်ပတ်ကာ နက်စ်တာ၏ လည်မျိုသို့ မြွေတစ်ကောင် သစ်ပင်ကို ရစ်ပတ်သလိုမျိုး ရောက်လာခဲ့သည်။ နက်စ်တာက အမြန်ခေါင်းမော့ပြီး ရှောင်ရုံသာ ရှောင်နိုင်ခဲ့သည်။ သူက အလျင်အမြန်ပင် သူ့အရှေ့၌ လေးထောင့်ဒိုင်းကာကို ထားလိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ဒိုင်းကာ ကာလိုက်သော အခိုက်အတန့်၌ သူ၏ နံရိုးများနှင့် ဝမ်းဗိုက်တို့ တပြိုင်နက်တည်း ထုံသွားပြီး ဓာတ်လိုက်သကဲ့သို့ ဖြစ်သွား၏။ ထို့နောက် ချက်ချင်းပင် ဆွဲဖြဲခံရသကဲ့သို့ စူးရှသော နာကျင်မှုတစ်ခု ဖြစ်ပေါ်လာသည်။

အဝေးတွင်ရှိသော မှော်သလင်းကျောက်အမြောက်များက ကြောက်မက်ဖွယ်ရာ အလင်းရောင်တစ်ခု ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။ အမြောက် ၂လက်ထက် ပိုရှိနေ၏။ အအေးခံသော အချိန်မှာ ပြဿနာ တစ်ခု ဖြစ်သော်လည်း အကျိုးသက်ရောက်မှုမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ ၎င်းတို့ ဖြတ်သွားသော နေရာတိုင်း မှော်အရိပ် ဗိုလ်ခြေမှ စစ်သည်များ၏အသက်ကို သိမ်းယူသွားသည်။ ကံကောင်းစွာပင် စစ်သည် အများအပြားက တောင်လမ်းသို့ အမြန်ပြေးသွားကြသည်။ ထို့ကြောင့် မြေနေရာ အကာအကွယ်ဖြင့် လွတ်လမ်းအသေးလေးတစ်ခု ရရှိသွားခဲ့သည်။

စစ်သည်များ သေဆုံးခြင်းက နက်စ်တာကို စိတ်ပျံ့လွင့်သွားစေသည်။ သို့သော် သူ့ရှေ့မှ ရန်သူသည် သူ့ထက် ပိုအစွမ်းထက်နေသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားနဲ့ အမြန်နှုန်း အပြင်ကို သူ့မှာ ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းရည်လည်း ရှိနေတယ်။ ငါ ဆက်ပြီးတော့ တိုက်ခိုက်မယ်ဆိုရင် ထွက်ပြေးဖို့တောင် ခက်ခဲသွားမှာ စိုးရိမ်ရတယ်။

ဒီတစ်ခေါက် အလစ်တိုက်ခိုက်တာက လုံးဝ မအောင်မြင်ခဲ့ဘူး။ မြင်း ဗိုလ်ခြေက ကြီးကြီးမားမား ဆုံးရှုံးခဲ့တယ်။ ပြီးတော့ ရှေ့မှာရှိတဲ့ လရောင်ခံတပ်လည်း အန္တရာယ် ရှိနေလောက်သေးတယ်။ ကျန်တဲ့စစ်သည်တွေကို အန္တရာယ်မဖြစ်အောင် ငါ ဦးဆောင်ရမယ်။ 

ထိုသို့တွေးပြီးနောက် သူက အစွမ်းကုန် တိုက်ခိုက်တော့မည် ကဲ့သို့ပင် အံ့အားသင့်ဖွယ်ရာ အဟုန်တစ်ခုကို ဖောက်ခွဲပစ်လိုက်ပြီး တဖျပ်ဖျပ်လှုပ်သွားသည်။ သူ၏ကျောဘက်မှ တောင်ပံတွင် မီးတောက်များ တောက်လောင်လာ၏။ နက်စ်တာ၏ လက်ရှိစွမ်းအားဖြင့် [ မီးတောက်နက် ] နှင့် [ အထွတ်အမြတ်တောင်ပံ ] ကို အတင်း ပေါင်းစပ်ခြင်းမှာ အန္တရာယ်များပြီး တန်ပြန်စွမ်းအားကြောင့် ထိခိုက်မှု အတော်လေး ရရှိနေသော်လည်း သက်ရောက်မှုများမှာ သိသာလှပေသည်။ တောင်ပံ တစ်ချက် ခတ်လိုက်ရုံဖြင့် သူက အဝေးသို့ ရောက်သွားခဲ့သည်။

နက်စ်တာ၏ ပျံသန်းသော အမြန်နှုန်းက သုံးလေးဆ ရုတ်တရက် တိုးသွားသည်။ အပြာရောင် ဓားနှစ်လက်ကို ကိုင်ထားသော အနက်ရောင်ပုံရိပ်က မလိုက်နိုင်တော့ပေ။ သူ၏ ဘယ်မျက်လုံး ရုတ်တရက် ရွှေရောင်ပြောင်းသွားပြီး ရွှေရောင်အလင်းတန်း ပေါက်ကွဲထွက်သွားကာ အဝေးမှ နက်စ်တာကို ထိသွားသည်။ နက်စ်တာ ညည်းညူရင်း ဒဏ်ရာကို လျစ်လျူရှုထားလိုက်သည်။ သူက ထိုအားကို အသုံးချပြီး မျက်စိ တစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။

“မြေပေါ်မှာဆိုရင် အဲဒီလူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။” အနက်ရောင်ပုံရိပ်က လက်ထဲမှ အပြာရောင်ဓားကို ဒေါသတကြီး ဝှေ့ရမ်းလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ပြောသည်။

တောင်တန်း မြေအနေအထားကြောင့် နက်စ်တာက လက်ကျန်အင်အားများ စုစည်းပြီး လရောင်ခံတပ်သို့ အပြေးသွားခဲ့သည်။ သူက ဒဏ်ရာအပြင်းအထန် ရထားသော ထရွိုင်ကို အပျက်အစီးများ သတင်းမပို့ခိုင်းခဲ့ပေ။ သူ့နောက်သို့လိုက်နေသော စစ်သည်များမှာ ၅၀၀၀ ထက်မကျော်သည်ကို သူမြင်နိုင်ပေသည်။

ဒီတစ်ခေါက် ဆုံးရှုံးမှုက ငါထင်ထားတာထက် ကျော်လွန်နေတယ်။ ပြီးတော့ ပိုပြီး ဒေါသထွက်စရာကောင်းတာက အန့်စ်ပူ ရှင်းပစ်လိုက်တဲ့ လက်တစ်ဆုပ်စရာအပြင်ကို ရန်သူ့မှာ အသေအကြေ လုံးဝ မရှိတာပဲ။ တောင်ကြားမှာ မြားနဲ့ ချောင်းမြောင်း တိုက်ခိုက်တာကနေ မှော်သလင်းကျောက်အမြောက်အထိ အမှောင်လရဲ့ ပြောက်ကျား စစ်တပ်က မြေအနေအထားနဲ့ အလင်းရောင် အားသာချက်ကို ကောင်းကောင်းကြီး အသုံးချခဲ့တယ်။ မြင်းတပ်က အင်အားကြီးတဲ့ ရွှေ့ပြောင်းနိုင်မှု ရှိတယ်။ ဒါပေမဲ့ အားသာချက်တွေကို လုံးဝ အသုံးမချနိုင်ခဲ့ဘူး။ ငါတို့က အောက်ကနေပဲ ခံခဲ့ရတယ်။ အထူးသဖြင့် ကြောက်စရာ စွမ်းအားရှိတဲ့ မှော်သလင်းကျောက်အမြောက်တွေကို ရီဂျန့်ဆီ ငါ သတင်းပို့ရမယ်။

ခုနက ရန်သူ၏ တိုက်ခိုက်မှုမှာ အလွန်ထူးဆန်းလှသည်။ နောက်ဆုံး တိုက်ကွက်က သူ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်ကို တစ်ချိန်တည်းမှာပင် ပြင်းထန်သော ထိခိုက်မှု ဖြစ်စေခဲ့သည်။ နက်စ်တာက ကုသဆေးရည် တစ်ပုလင်းကို သောက်လိုက်ပြီးနောက် ခန္ဓာကိုယ်မှ ဒဏ်ရာများကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ နောက်ဆုံး၌ သူ စစ်သည်များကို တောင်တန်းနှစ်ခုအား ဖြတ်သွားရန် ဦးဆောင်ခဲ့ပြီးနောက် အရှေ့တွင် လမ်းကျယ်တစ်ခုကို တွေ့လိုက်ရသည်။ သူက အရုဏ်မတိုင်ခင် အနက်မှောင်ဆုံး အချိန်၌ အဝေးမှ လရောင်ခံတပ် အလင်းရောင်တောက်ပနေသည်ကို မြင်လိုက်ရသည်။

ယခင် ချောင်းမြောင်းတိုက်ခိုက်ခံရသည့် အတွေ့အကြုံကြောင့် နက်စ်တာက ရန်သူကို အထင်မသေးရဲတော့ပေ။ သူက စစ်သည်များအား သတိမလွတ်ရန်နှင့် အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ခိုင်းထားသည်။

“မှော်အရိပ်ဗိုလ်ခြေရဲ့ ဗိုလ်ချုပ်လား။” မြင်းတပ် ရောက်ရှိလာခြင်းကို သတိထားမိသွားသော ခံတပ်အစောင့်က အဝေးမှ သတိထားလျက်ကြည့်ရင်း အော်ပြောလိုက်သည်။

ထိုမေးခွန်းကြောင့် နက်စ်တာ စိတ်သက်သာရာ မရသွားခဲ့ဘဲ ပို၍ပင် သံသယ ဝင်သွားစေ၏။ ငါ သိပ်မကြာခင်ကပဲ ဒီကိုမြို့ကို စစ်တပ် ဦးဆောင်ပြီး သွားခဲ့တာ။ ဒါပေမဲ့ အခု ငါက ရှုံးနိမ့်ပြီးတော့ ပြန်ဆုတ်လာရတယ်။ လရောင်ခံတပ်က ဘယ်လိုလုပ် ဒီသတင်းကို မြန်မြန်ရသွားတာလဲ။ ပြီးတော့ ဒီလူတွေက ငါချန်ထားတဲ့အဖွဲ့ကလူတွေ မဟုတ်ဘူး။

“ငါက နက်စ်တာပဲ။” နက်စ်တာက အသံကျယ်ကျယ်နှင့် ပြန်ဖြေသည်။ တစ်ချိန်တည်းမှာပင် သူက စစ်သည်များအား တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားရန် အချက်ပြနေသည်။ ထိုနေရာမှာ ခံတပ်၏ နောက်ဘက် ဖြစ်သည်။ ခုခံမှုများမှာ အရှေ့ဘက်ထက် အားနည်းသည်။ သူသည် ရန်သူ၏ ပိတ်ဆို့မှုကို အသေအကြေ အနည်းဆုံးဖြင့် ဖောက်ထွက်နိုင်ပြီး လိပ်ပြာနီနယ်မြေသို့ ထွက်ပြေးလွတ်မြောက် နိုင်ပေသည်။

“ဗိုလ်ချုပ် နက်စ်တာ။ ခဏစောင့်ပါ။ ကျုပ် အခုပဲ ဆာ-ခါနီတာကို သတင်းသွားပို့ လိုက်ပါ့မယ်။”

ထိုအဖြေက နက်စ်တာကို ကြက်သေသေသွားစေသည်။ ခဏအကြာ၌ ခါနီတာ၏ ရင်းနှီးသော ပုံရိပ်က အရှေ့ဘက်၌ ပေါ်ထွက်လာသည်။ “ဗိုလ်ချုပ် နက်စ်တာလား။”

“ဆာ-ခါနီတာ။ ကျုပ်ပါ။” နက်စ်တာ သက်ပြင်းချလိုက်ပြီး စစ်သည်များအား တန်းဖြုတ်ရန် အမိန့်ပေးလိုက်သည်။

“အတားအဆီးကို အမြန်ဖယ်ရှားပြီးတော့ ဗိုလ်ချုပ်တို့အဖွဲ့ကို ပေးဝင်လိုက်။” ခါနီတာ ခပ်မြန်မြန် အမိန့်ပေးသည်။

နက်စ်တာက ပင်ပန်းနေသော မြင်းတပ်အား ခံတပ်ထဲသို့ ဦးဆောင်သွားသည်။ တပ်ထဲ၌ မြားအများအပြား စိုက်ဝင်နေသည်ကို အလင်းရောင် အောက်တွင် သေသေချာချာ မြင်လိုက်ရသည်။ အများစုမှာ ဒဏ်ရာရနေ၏။

ခါနီတာ မျက်မှောင်ကြုတ်ကာ ပြောသည်။ “ဗိုလ်ချုပ်။ တောင်ဘက်ခြမ်းမှာ မှော်သလင်းကျောက်အမြောက် အလင်းရောင်တွေနဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်နေတယ်လို့ ကင်းထောက်တစ်ယောက် သတင်းပို့တာကို ရထားတယ်။ အဲဒါကြောင့် ဗိုလ်ချုပ်က ရန်သူကို တိုက်ခိုက်နေမယ်လို့ ကျုပ် ခန့်မှန်းမိလိုက်တာ...”

“ဟား...” နက်စ်တာက စိတ်မကောင်းလျက် သက်ပြင်းချလိုက်သည်။ “ကျုပ် သတိလက်လွတ် ဖြစ်သွားပြီးတော့ ဒီကိုမြို့ကို သွားချင်စိတ် ပြင်းပြနေခဲ့တာ။ ရန်သူတွေ ချောင်းတိုက်တာကို ခံခဲ့ရတယ်။ စစ်သည်တွေလည်း ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ ရီဂျန့်ဆီကနေ ခွင့်လွှတ်မှုရရှိဖို့ ကျုပ် တောင်းခံရမယ်။”

“နတ်ဆိုးဘုံမှာ ဆိုးရိုးတစ်ခု ရှိတယ်။ စစ်တပ်မှာ အောင်နိုင်မှုနဲ့ ရှုံးနိမ့်မှုက ပုံမှန်ပါပဲ။ ဗိုလ်ချုပ် သိပ်ပြီးတော့ စိတ်ဓာတ်ကျ မနေသင့်ဘူး။ ဗိုလ်ချုပ်က အရှက်ကို သွေးတွေ၊ အောင်နိုင်မှုတွေနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်တယ်။”

နက်စ်တာက ခါနီတာ၏ မျက်လုံးများကို ကျေးဇူးတင်စိတ်ဖြင့် ကြည့်လိုက်သည်။ “ဟုတ်တယ်။ ဒီတစ်ခေါက်က မင်းရဲ့ ကျေးဇူးကြောင့်ပါပဲ။ ဆာ-ခါနီတာ။ မင်း ရောက်လာတော့ ဆာ-ဂျို့ရှ် စီစဉ်ထားတဲ့ သူလျှို ဟာဒီနဲ့ ကျုပ်ချန်ထားတဲ့ မြင်းစီးစစ်သည် အဖွဲ့ကို တွေ့ခဲ့လား။”

“ကျုပ်က ဗိုလ်ချုပ်ကို ဒီအကြောင်း သတင်းပို့တော့မလို့ပဲ။ ဗိုလ်ချုပ်ကနေ ကျုပ် အချက်ပြ ရပြီးတော့ လရောင်ခံတပ်ကို ပြေးဝင်လာတော့ ဟာဒီက မှော်အရိပ်ဗိုလ်ခြေရဲ့ မြင်းတပ်တွေနဲ့ တိုက်ခိုက်နေတာကို တွေ့ခဲ့တယ်။ အဲဒီမြင်းစီးစစ်သည်တွေ အားလုံးက သူရဲကောင်းဆန်ဆန်နဲ့ သေခဲ့ကြတာ။ ကျုပ် ဟာဒီကို ဖမ်းပြီးသွားတော့ သူက တကယ် အယောင်ဆောင်ဆိုတာကို ရှာတွေ့သွားခဲ့တယ်။ မြို့တော်နဲ့ ကျုပ်အဖေရဲ့ သူလျှိုတွေကို ရန်သူက သိသွားလောက်ပြီ။ ဒါက အမှောင်လ ချထားတဲ့ ထောင်ခြောက် ဆိုတာ သေချာတယ်။ ကျုပ် နောက်ကျမှ ရောက်လာတာ စိတ်မကောင်းစရာပဲ။ ဗိုလ်ချုပ်ရဲ့ မြင်းတပ်က မြန်လွန်းတယ်။ ကင်းထောက်က မလိုက်မီခဲ့ဘူး....”

“မင်းလည်း အတော်လေး မြန်ပါတယ်။ မင်းကြောင့်သာ မဟုတ်ရင် မှော်အရိပ် ဗိုလ်ခြေက ပိုပြီးတော့ ဆုံးရှုံးမှုတွေ ဖြစ်သွားမှာ။”

အစပိုင်း၌ နက်စ်တာ၏ မျက်လုံးထဲ၌ ခါနီတာမှာ လော့ဒ်တစ်ယောက်၏ သားသာ ဖြစ်သည်။ ယခုတွင်တော့ သူက အမှန်တကယ် တာဝန်ယူတတ်ပြီး စွမ်းဆောင်ရည် ရှိဟန်တူသည်။ “အမှောင်လရဲ့ ပြင်ဆင်မှုနဲ့ သလင်းအချက်အလက် စွမ်းဆောင်ရည်က ထင်ထားတာထက် ကျော်လွန်နေပြီးတော့ သူတို့မှာ ကြောက်စရာကောင်းတဲ့ လက်နက်တွေလည်း ရှိနေတယ်။ ငါတို့တွေ ဒီခံတပ်မှာ အကြာကြီး နေလို့ မဖြစ်ဘူး။ ရန်သူတွေ သိပ်မကြာခင် ရောက်လာလိုက်တယ်။ ငါတို့ အမြန်ဆုံး ထွက်ခွာရမယ်။”

“ဗိုလ်ချုပ်ပြောတာ မှန်တယ်။ ခုနကပဲ ကင်းထောက် သတင်းပို့ထားတာ ကျုပ် ရထားတယ်။ ရန်သူက ဒီဖက်ကို လာနေကြပြီ။ ဒါပေမဲ့ ခင်ဗျားဗိုလ်ခြေက စစ်သည်တွေရဲ့ ဒဏ်ရာက အသေးလေးတွေ မဟုတ်ဘူး။ မော်ဒိုမြို့ကလည်း ဝေးလွန်းတယ်။ အဲဒီကို အမြန်ဆုံးသွားရင် ခက်ခဲလောက်မယ်။ ကျုပ် စခန်းချထားတဲ့ သွေးမြူတောင်ကြားကို အရင်ဆုံး သွားကြရအောင်။ အဲဒီမှာ အထောက်အပံ့တွေ လုံလုံလောက်လောက် ရှိတယ်။ ကျုပ်တို့ ကောင်းကောင်း အနားယူလို့ ရတယ်။ အမှောင်လရဲ့စစ်တပ်က အလွန်ဆုံး လရောင်ခံတပ်ကိုပဲ ပြန်သိမ်းလောက်တယ်။ လိပ်ပြာနီနယ်မြေရဲ့ နယ်စပ်ကိုတော့ လုံးဝ ဝင်ရောက်မှာ မဟုတ်ဘူး။”

နက်စ်တာက ဒဏ်ရာရနေပြီး မောပန်းနေသော စစ်သည်များနှင့် မြင်းများကို ကြည့်ရင်း သဘောတူလိုက်သည်။ “အရင်ဆုံး လရောင်ခံတပ်ရဲ့ မှော်စက်ဝိုင်းနဲ့ ခံစစ်တွေကို တတ်နိုင်သလောက် ဖျက်ဆီးပစ်တာ အကောင်းဆုံးပဲ။”

“စိတ်မပူပါနဲ့။ ဗိုလ်ချုပ်။ ကျုပ် ပြင်ဆင်ထားပြီးပါပြီ။” ခါနီတာက ယုံကြည်ချက်ရှိစွာ ပြုံးလိုက်သည်။ “ဒါနဲ့ သွေးမြူတောင်ကြားကို ပြန်ရောက်ရင် ဖမ်းထားတဲ့ ဟာဒီကို ဗိုလ်ချုပ် သေသေချာချာ စစ်မေးလို့ရတယ်။ အဲဒီကနေ မမျှော်လင့်ထားတာတွေ ရလာနိုင်တယ်။”

ဟာဒီအကြောင်းပြောနေရင်း နက်စ်တာ၏အကြည့်၌ သတ်ဖြတ်ချင်စိတ် လက်ခနဲ ပေါ်လာပြီး ခေါင်းညိတ်လိုက်သည်။ “ဒါဆိုလည်း အချိန်မဆွဲတော့ဘဲနဲ့ လရောင်ခံတပ် ကနေ အမြန်ဆုံး ထွက်သွားပြီးတော့ သွေးမြေတောင်ကြားကို သွားကြတာပေါ့။”

သိပ်မကြာခင်၌ နက်စ်တာက လိပ်ပြာနီနယ်မြေမှလူများနှင့် လက်ကျန် စစ်သည်များနှင့်အတူ လရောင်ခံတပ်မှ အလျင်အမြန် ထွက်သွားကာ လိပ်ပြာနီနယ်မြေသို့ ဦးတည်သွားတော့သည်။

All Chapters